အပိုင်း ၃၀
Viewers 26k

Part 30



တင်းရိကျွင်း ခဏလောက် ထိတ်လန့်သွားပြီး သူမမျက်နှာရှိ ဝမ်းနည်းနေမှုများသည် တွေဝေမှုအဖြစ်သို့ပြောင်းလဲသွားသည်။ သူမ သမီးဘာတွေတွေးနေလဲဆိုတာကို သူမနားမလည်နိုင်တော့ပေ။ ‘ကျန်းကျန်းက ဘာလို့ဒီလိုသဘောထားနဲ့ ပြောနေရတာလဲ’


ချီကျန်းကျန်း တင်းရိကျွင်းကိုမကြည့်ဘဲ မတ်တပ်ရပ်ကာ ‘’ အမေ့ဆီမှာ ပုံကြီးတစ်ပုံရှိနေတာပဲ….(အကြီးကြီးတွေးထားတာ အဲ့လိုမျိုး ရွဲ့ပြောတာ) အန်းချင်ယုက ဝမ်ရိရန်နဲ့ လက်မထပ်ရသေးတာတောင်မှ သူမကို စိတ်ကျေနပ်စေချင်နေတာလား… အန်းချင်ယုက သူ့အစ်မဝမ်းကွဲရဲ့ စေ့စပ်ထားတဲ့သူကို တွယ်ကပ်နေတာတောင်မှလေ…. ဝမ်အိမ်မပါဘဲ သမီးဘာသာသမီး အနာဂတ်မှာ ကောင်းကောင်းကြီးပြင်းနိုင်ပါတယ်… တကယ်လို့ သမီးဆီမှာ ဘာမှမရှိဘူးဆိုရင်တောင် အန်းချင်ယု လိုလူမျိုးကို ခယနေမှာမဟုတ်ဘူး’’


ချီကျန်းကျန်း ပြောပြီးသည့်နောက် ခြေနှစ်လှမ်းခန့်လှမ်းလိုက်ပြီး လှောင်ပြောင်သည့်လေသံဖြင့် ‘’ အမေ… သမီးနဲ့ အန်းချင်ယု မွေးတုန်းက လူမှားသွားသေးလား…. ဘာလို့များ သူမက အမေ့သမီးအရင်းလို့ သမီး ထင်နေမိပါလိမ့်’’


သူမ မူလကိုယ်မေးချင်သော မေးခွန်းကို မေးလိုက်ခြင်းပင်


တင်းရိကျွင်း အေးခဲသွားသည်။


ချီကျန်းကျန်း ထွက်ခွာသွားပြီဖြစ်ပြီး သူမ အခန်းရှိရာ အပေါ်ထပ်သို့ တက်သွားပြီဖြစ်သည်။


တင်းရိကျွင်း အနည်းငယ်တုန်လှုပ်သွားပြီး သူမမျက်ဝန်းထဲမှ မျက်ရည်များကျလာတော့သည်။


သူမ အမှန်တကယ်ပင် အန်းချင်ယုကို သဘောကျသည်။ ဘာပဲဖြစ်ဖြစ် အန်းချင်ယုသည် နာခံမှုရှိပြီး ညဏ်ကောင်းကာ သူမ အပေါ်တွင်အလွန်တွယ်တာလေသည်။ အန်းချင်ယုကို ငယ်စဉ်ကတည်း ကြီးပြင်းလာသည်အထိ သူမ ကြည့်ရှု့စောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။


သို့သော်လည်း အန်းချင်ယုသည် သူမ သမီးထက် ပိုအရေးမကြီးပေ။


ကျန်းကျန်း ထိုကဲ့သို့ပြောသည်မှာ အတော်လေးနာကျင်ရပေသည်။ သူမ ကလေးနှစ်ယောက်လုံးကို သင့်သင့်မြတ်မြတ်ဖြစ်စေချင်ပြီး ထိုအရာအားလုံးသည် ချီကျန်းကျန်းအတွက်ပင် မဟုတ်ပါလား….


ချီကျန်းကျန်းသည် သူမတို့အသိုင်းအဝိုင်းအတော်လေးဆိုးသည့် ဂုဏ်သတင်းရှိပြီး အန်းချင်ယုတွင် သူငယ်ချင်း များစွာရှိသည်။


 ယခု ဝမ်ရိရန်သည်လည်း ချီကျန်းကျန်း၏ စေ့စပ်ထားသူ မဟုတ်တော့ပေ။ ထို့ကြောင့် အနာဂတ်တွင် အန်းချင်ယုအနေဖြင့် ဝမ်ရိရန်နှင့် လက်ထပ်ရန်ဖြစ်နိုင်သည်။


သူမအတွေးက သူမ ချီကျန်းကျန်းအတွက် လုပ်ပေးနိုင်သည့် အရာပင်။


ချင်ယုသည် သဘောထားကြီးပြီး ကျန်းကျန်းသာ ချင်ယုကို ပစ်မှတ်မထားပါက သူမတို့နှစ်ယောက်သား လိုက်လျောညီထွေဖြစ်အောင် နေနိုင်မည်မှာသေချာသည်။


တင်းရိကျွင်း သူမသမီး၏ နားမလည်မှုကို တွေးပြီး ငိုမိတော့သည်။


‘’ အမေ… ဘာဖြစ်တာလဲ…’’ နားမလည်နိုင်သည့်လေသံဖြင့် ချီကျိုးချန် မေးလိုက်သည်။


တင်းရိကျွင်း မျက်ရည်များကိုသုတ်လိုက်ပြီး ခေါင်းကိုယမ်းကာ ‘’ ဘာမှမဟုတ်ပါဘူး…’’


ချီကျိုးချန် မျက်မှောင်ကြုတ်လိုက်ပြီး ‘’ အဲ့ချီကျန်းကျန်း အမေနဲ့ စကားများပြန်ပြီလား…’’


‘’ သားအစ်မ…ဘယ်တော့များမှ ပိုတွေးတတ်လာနိုင်မလဲ….’’ ချီကျန်းကျန်းအကြောင်း ထပ်စဉ်းစားလိုက်မိပြီး တင်းရိကျွင်း မျက်လုံးများ နီရဲလာပြန်သည်။


ချီကျိုးချန် ချက်ချင်းပင် ဒေါသထွက်သွားပြီး ‘’ အာ……’’


……


တံခါးဝမှအသံကြောင့် ချီကျန်းကျန်း အခန်းတံခါးဖွင့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။


သူမ ဘာမှမပြောနိုင်ခင်မှာပင် ချီကျိုးချန်က ဒေါသတကြီးဖြင့် ‘’ ချီကျန်းကျန်း…. နင် နည်းနည်းလောက် သိတတ်လို့မရဘူးလား… နင့်ကြောင့် အမေငိုနေတာကိုကောသိလား… ဘယ်နှစ်ခေါက်တောင်ရှိနေပြီလဲ… နင့်ကြောင့် အမေငိုနေရတာ…’’


ချီကျိုးချန်လေသံမှာ သူမ အကြည့်များအောက် တဖြည်းဖြည်းတိမ်ဝင်သွားသည်။


သူ့အရှေ့ရှိ ချီကျန်းကျန်းသည် ခါတိုင်းကဲ့သို့ သူနှင့်ငြင်းခုန်မနေဘဲ မထူးခြားသည့်မျက်ဝန်းများနှင့် သူ့ကို တစိမ်းတယောက်ကဲ့သို့ စိုက်ကြည့်နေသောကြောင့်ဖြစ်သည်။


‘’နင်ပြောလို့ပြီးပြီလား…’’ ချီကျန်းကျန်းမေးလိုက်သည်။


ချီကျိုးချန် ပါးစပ်ဟလိုက်သော်လည်း ရုတ်တရက် ဆက်ပြောစရာစကားလုံးများ ပျောက်ရှလို့နေသည်။


ချီကျန်းကျန်းက အမူအရာမဲ့စွာဖြင့် ‘’နင့်အသက် ဒီနှစ်မှာ၁၆ နှစ်ရှိပြီ ၆ နှစ်မဟုတ်ဘူး…. အခု အမေ ငါ့ကို ဘာပြောခဲ့လဲဆိုတာနဲ့ ငါ အမေ့ကိုဘာပြန်ပြောခဲ့လဲဆိုတာ နင်မေးလို့ရတယ်… ပြီးတော့မှ ငါ့ဆီကိုလာခဲ့…’’


ပြောပြီးနောက် သူမ တဖက်သို့ လှည့်ထွက်သွားသည်။


ချီကျန်းကျန်း ထွက်သွားသည့်ဘက်ကို ရှုပ်ထွေးနေသည့်အမူအရာဖြင့် တင်းရိကျွင်း ကြည့်နေမိသည်။


ချီကျန်းကျန်း ခဏရပ်လိုက်ပြီးနောက် ‘’ သမီးအပြင်ခဏသွားလိုက်ဦးမှ ညကျရင် ပြန်လာခဲ့မယ်’’ 


ပြောပြီးနောက် ချီကျန်းကျန်းထွက်ခွာသွားသည်။


သူမ အမှန်တကယ်ပင် ချီအိမ်တော်တွင် မနေနိုင်ပေ။


သူမ အပြင်သို့ရောက်ပြီးနောက် ကားတစ်စီးကိုတားလိုက်မိသည်။


တက္ကစီသမားမှ မေးလိုက်သည်။ ‘’ ဘယ်သွားမလဲ…’’


ချီကျန်းကျန်း အနည်းငယ် သတိဝင်သွားသည်။ သူမ ဘယ်ကိုသွားရမှန်း မသိပေ။


ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာသည် သူမအတွက် ထူးဆန်းနေတုန်းပင်


သူမတွင် သွားစရာနေရာမရှိသလို သူငယ်ချင်းလဲ မရှိပေ။


မိသားစု ကတော့လား….


‘’ ဘယ်သွားမလဲ ခင်ဗျ’’ တက္ကစီဒရိုင်ဘာမှ နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။


သူမ ခဏလောက်စဉ်းစားပြီး လိပ်စာပြောပြလိုက်သည်။


တက္ကစီ ကားလေးသည် မောင်းထွက်သွားတော့သည်။


ချီကျန်းကျန်း နောက်တစ်ကြိမ် အိမ်မှထွက်လာပြီသည်။ ဒါက ပထမဆုံးတော့မဟုတ်ပေ။ အတိတ်တွင် သူမ မိသားစုဝင်များနှင့် အကြိမ်ကြိမ်စကားများပြီး အိမ်ပေါ်မှဆင်းခဲ့သည်။


သို့သော် ဒီတစ်ကြိမ်သည် အရင်ကနှင့်မတူညီပေ။ သူမ တင်းရိကျွင်းနှင့် ချီကျိုးချန်တို့ကို မပြောင်းလဲစွာဖြင့် စကားအနည်းငယ် ပြောခဲ့ရုံသာဖြစ်သည်။


သူမ တည်ငြိမ်နေပုံပေါ်သည့်အတွက် မိသားစုနှဝင်နှစ်​ယောက် လုံး အံ့အားသင့်နေကြပြီး သူတို့နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာသည့် ရှုပ်ထွေးနေသည့် ခံစားချက်ကို နားမလည်နိုင်ခဲ့ကြပေ။


ချီကျိုးချန်သည် ဗလာဖြစ်စွာဖြင့်အောက်ထပ်သို့ဆင်းသွားပြီး သတိလက်လွတ်ဖြစ်နေဆဲဖြစ်သည့် တင်းရိကျွင်းကို ကြည့်ကာ မေးလိုက်သည်။


‘’ အမေ… ချီကျန်းကျန်းနဲ့ ဘာတွေပြောခဲ့ကြတာလဲ…’’


ထိုအရာသည် ချီကျိုးချန်ဘက်မှ သူ့အစ်မအကြောင်းကို သူ့အမေဆီမှ ပထမဆုံးမေးဖူးခြင်းပင်ဖြစ်သည်။ ရုတ်တရက်ပင် ဘာကြောင့် သူ့အမေငိုရသလဲဆိုသည်ကို အံ့ဩမိသလို ချီကျန်းကျန်းဘက်မှ ဘာကြောင့် ဒီလိုတုန့်ပြန်ရသလဲဆိုသည်ကို သိချင်သွားမိသည်။


‘အဲ့ဒါက ချီကျန်းကျန်းဘက်က အမြဲတမ်း အကြောင်းမဲ့ပြဿနာရှာနေခဲ့တာ မဟုတ်ဘူးလား….’ ချီကျိုးချန် တွေးလိုက်မိသည်။