Chapter 130
Viewers 49k

💘Chapter 130 

လေထီးခုန်ခြင်း



ဩစတေးလျရှိနွေနေက ပူ​ပြင်းကာ နွေးထွေးသည်။ပြီးခဲ့သည့်ရက်များအတွင်း ဝေ့ချန်၏လမ်းညွှန်မှုအောက်မှာ ချန်လီ ဩစတေးလျ၏ဆွဲဆောင်မှုကိုတွေ့ကြုံခံစားခဲ့ရသလို ဒေသထွက်စားကောင်းသောက်ဖွယ်မျိုးစုံကိုလည်းမြည်းစမ်းခဲ့ပြီးပြီဖြစ်လေသည်။​ချန်လီက ရူခင်းကြည့်ရသည်ထက် စားရသည်ကိုပိုကြိုက်မှန်း ဝေ့ချန်ကအလျင်အမြန်ပဲသတိပြုမိလိုက်သဖြင့် သူက သူတို့၏အစီအစဥ်များကိုချိန်ညှိပြီး အစားအသောက်နှင့်နာမည်ကြီးသည့်နေရာများကို အဓိကထားသွားရောက်လည်ပတ်ခဲ့သည်။


ထို့ကြောင့် ချန်လီ၏အစာစားချင်စိတ်အာသီသက အပြည့်အဝကျေနပ်သွားခဲ့ပြီး မနေ့ညကပင်လယ်စာပွဲတော်က မမေ့နိုင်စရာအဖြစ်ဆုံးဖြစ်ခဲ့လေသည်။

 

ချန်လီ၏ဦးခေါင်းထက်ပိုကြီးသော (king crab) ပင်လယ်ဂဏန်းတစ်ကောင်ကိုစားပွဲဝိုင်းဆီသယ်လာချိန်မှာဆိုလျှင် ချန်လီ၏အကြည့်က ဂဏန်းပေါ်မှာကော်လိုကပ်နေခဲ့သည်။၎င်းအရွယ်အစားကြောင့်အံ့ဩနေပေ၍လား သို့တည်းမဟုတ် ၎င်း၏အရသာကိုသိချင်၍ပေလားဆိုသည်က မသဲကွဲသော်လည်း သူ့မှာအကြည့်မခွာနိုင်ခဲ့ပေ။


ယင်းက အကြီးဆုံးဂဏန်းဘုရင်မဟုတ်ပေ၊သာမန်အရွယ်အစားမျှသာဖြစ်၏။သို့ပေမဲ့ ယင်းကချန်လီနှင့်ဝေ့ချန် စားရန်အတွက်လုံလောက်သည်ထက်ပိုလေသည်။


ကျွမ်းကျင်စားပွဲထိုးက သူတို့အတွက် ဆရာကျကျနှင့်အသားနွှာပေးလေသည်။ဝေ့ချန်က စားရန်အလျင်မလိုပါဘဲ ချန်လီကိုသာအရင်ဆုံးတစ်လုပ်အပြည့်ခွံ့ကျွေးလိုက်သည်။ထူးကဲကောင်းမွန်သောချိုမြိန်မှုက ချန်လီ၏ပါးစပ်ထဲမှာပေါက်ကွဲထွက်လာကာ သူ့အားပျော်ရွှင်စွာမျက်လုံးများကိုမှေးစင်းလိုက်မိစေပြီး သူ့အကြည့်က ဂဏန်းအသားပေါ်ကမခွာနိုင်တော့ပါချေ။


ဂဏန်းကိုစားပြီးသောအခါ ကျောက်ပုစွန်အကြီးကြီးတစ်ကောင်ရောက်လာပြီး ထို့နောက်မှာ ပိုများသော ပင်လယ်စာများထပ်ရောက်လာသည်။ဝေ့ချန်၏ဂရုတစိုက်"ပြင်ဆင်ကျွေးမွေး"မှုအောက်မှာ ချန်လီတစ်ယောက် ပင်လယ်စာပွဲတော်ကို ဗိုက်ကား​အောင်စားခဲ့လေသည်။


မှန်ပေသည်၊ဝေ့ချန်၏အစာစားချင်စိတ်ကလည်း သူ့ထက်မလျော့ပါချေ။အဆုံးမှာ သူတို့နှစ်ယောက် နှစ်ယောက်တည်းဖြင့် လူသုံးလေးယောက်စာကိုကုန်​အောင်စားနိုင်ခဲ့ကြ၏။စားပွဲထိုးက သူတို့ကိုကြည့်လိုက်ချိန်မှာ အစာအိမ်ကြီးဘုရင်ပြိုင်ပွဲကိုကြည့်နေရသည့်အတိုင်းပါပင်။


ဒီနှစ်ယောက်က ဒီလောက်စားနိုင်တဲ့ပုံဘာလို့မပေါ်ပါလိမ့်...


စားပွဲထိုး၏တည်​ငြိမ်အောင်လုပ်ယူနေရသောအကြည့်အောက်မှာ ဝေ့ချန်က ခပ်တည်တည်ဖြင့် ချန်လီကိုကောင်တာဆီခေါ်သွားပြီး ပိုက်ဆံရှင်းကာ စားသောက်ဆိုင်မှထွက်လာခဲ့လေသည်။


ချန်လီက ဗိုက်တင်းလွန်း၍လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ဖြစ်နေသဖြင့် ဝေ့ချန်က သူ့လက်ကိုဆွဲပြီး ပင်လယ်ဆီကိုတဖြည်းဖြည်းလမ်းလျှောက်ခဲ့သည်။လှိုင်းသံများနှင့်ပင်လယ်ဆားနံ့သင်းနေသောလေပြေညှင်းတို့က သူတို့ဆီကိုရိုက်ခတ်လာပြီး အနှီပူလောင်သောနွေညမှာအေးမြမှုကိုးးလာပေးလေသည်။


ညကောင်းကင်က လပြည့်ဝန်းနှင့်ကြယ်ရောင်စုံများဖြင့်တန်ဆာဆင်ခြင်းခံထားရသည်။


ဝေ့ချန်နှင့်ချန်လီက လက်ချင်းတွဲကာ လမ်းလေးအတိုင်းလမ်းလျှောက်ခဲ့ကြသည်။ဘယ်သူကစလုပ်သည်မသိပေမဲ့ သူတို့သတိဝင်လာချိန်မှာ နှစ်ယောက်စလုံးဖိနပ်ချွတ်ပြီး ခြေဗလာနှင့်သဲပြင်နုနုပေါ်မှာခြေချပြီးနေလေပြီ။ဝင်ကစွပ်ကောင်လေးများက သူတို့စပ်စုနေသောအကြည်များအောက်မှာ လိမ်ဖယ်လိမ်ဖယ်နှင့် ခရီးဆက်သွားနေကြသည်။သူတို့ဦးတည်ရာပန်းတိုင်ကိုရောက်ချိန်မှာ ခရုံခွံများထဲကိုပြန်ဝင်သွားပြီး မြင်ကွင်းမှပျောက်ကွယ်သွားကြလေသည်။

 

မလှမ်းမကမ်းက ကမ်းခြေပေါ်မှရယ်သံများကိုလည်းကြားနေရသည်။​​​​လေထုက လွတ်လပ်ပေါ့ပါးသည့်ပျော်ရွှင်မှုများဖြင့်ပြည့်နေပြီး ချိုမြိန်ကာသန့်စင်၍နေသည်။


"လီလီ"

ဝေ့ချန်က ချန်လီ၏နာမည်ကိုတိုးတိုးလေးခေါ်လိုက်သည်။


ချန်လီက ခေါင်းလှည့်ကာ ဝေ့ချန်ကိုကြည့်လိုက်ပေမဲ့ ကျောက်ဆောင်တစ်ခု၏ကွယ်ရာကိုခေါ်ဆောင်သွားခြင်းခံလိုက်ရလေသည်။ဝေ့ချန်က ချန်လီ၏နှုတ်ခမ်းများကို ညင်သာစွာဖိကပ်နမ်းရှိုက်လာသည်။


ချန်လီ၏မျက်လုံးများက အံ့ဩမှုကြောင့်ပြူးကျယ်သွားပေမဲ့ ဝေ့ချန်ယူဆောင်လာသည့် ချစ်စိတ်ပြင်းပြမှုနှင့်နူးညံ့မှုအဟုန်ကို စိတ်ပါလက်ပါခံစားရင်း တဖြည်းဖြည်းမျက်လုံးများမှိတ်သွားခဲ့သည်။


ကျောက်ဆောင်များ၏အနီးနား မိသားစုလားဘာလားမသိရသည့်အုပ်စုတစ်စုက ယာယီတဲထိုးရန်ပြင်ဆင်နေကြပြီး သူတို့၏ရယ်သံများကို ရှင်းရှင်းလင်းလင်း ကြားနိုင်လေသည်။ထိုစဥ် ကျောက်ဆောင်များ၏နောက်မှာ စုံတွဲက တယုတယ ထွေးဖက်ပူးကပ်နေကြပြီး မခွာနိုင်မခွာရက်ဖြစ်နေခဲ့ကြသည်။


တဖြည်းဖြည်း ညနက်လာပြီး လရောင်က ပြဒါးသဖွယ်ဖြာကျ၍နေကာ ကြယ်များကကောင်းကင်မှာမှိတ်တုပ်မှိတ်တုပ်လင်းနေသည်။အတိုင်းအဆမဲ့လှပသည့်ညလေးတစ်ညပါပင်။


နောက်တစ်နေ့တွင် နေရောင်ခြည်နွေးနွေးကပြတင်းပေါက်ကနေဖြတ်ဝင်လာသည်။ဝေ့ချန်က ရှားရှားပါးပါး ချန်လီကိုနှိုးပြီးနေပြီဖြစ်၏။ပုံမှန်ဆိုလျှင် ဝေ့ချန်က ချန်လီကိုသူ့ဘာသူနိုးလာသည်အထိအိပ်ခိုင်းတတ်သည်။


အိပ်ချင်းမူးတူး ဖြစ်နေဆဲဖြစ်သည့် ဆံပင်စုပ်ဖွားလေးနှင့်ချန်လီက ဘာလုပ်ရမှန်းမသိဘဲ ဝေ့ချန်၏ညွှန်ကြား ချက်များအတိုင်းသာ လိမ်လိမ်မာမာလိုက်လုပ်​နေ၏။


မျက်နှာသစ်ပြီး ရေဖြန်းခြင်းမင်္ဂလာပြုလုပ်ပြီးနောက် ချန်လီနောက်ဆုံးမှာအပြည့်အဝနိုးလာသည်။


ဝေ့ချန်က ချန်လီ၏မျက်လုံးများ ပြန်လည်းကြည်လင်လာ​သောမြင်လျှင် ပြုံးပြီးမေးလိုက်သည်။

"နိုးသွားပြီလား"


ချန်လီက ခေါင်းညိတ်သည်။

"အင်း နိုးသွားပြီ"


"နိုးပြီဆိုရင် မနက်စာစားရအောင်...ပြီးရင် အပြင်ထွက်ကြမယ်"

ဝေ့ချန်က ပြုံးကာပြောလိုက်ပြီး ချန်လီ၏ဆံပင်ကိုဆွဲဖွကာ ပို၍ပင်ရှုပ်ပွအောင်လုပ်လိုက်သည်။


ချန်လီက သူ့ဆံပင်ကိုစိတ်ထဲမရှိပါဘဲ ဝေ့ချန်နောက်ကနေ လိမ်လိမ်မာမာနှင့်ထမင်းစားစားပွဲဆီ လိုက်လာလေသည်။ဝေ့ချန်သူ့ကိုဘယ်ခေါ်သွားမည်ကို သူမမေးပါချေ။သူက ဝေ့ချန်ကိုလုံးဝဥဿုံယုံကြည်လေသည်။ဝေ့ချန်သွားချင်သည့်နေရာတိုင်းကိုသးလိုက်မည်ဖြစ်သည်။သူ ဝေ့ချန်ကို အပြည့်အဝသက်ဝင်ယုံကြည်သည်။


မနက်စာစားပြီးနောက် ဝေ့ချန်က ချန်လီ၏လက်ကိုဆွဲလိုက်ပြီး သူတို့လမ်းလျှောက်ထွက်ခဲ့ကြသည်။


​ပြီးခဲ့သည်နှစ်ရက်ကလို သူတို့ကြိုက်သည့်နေရာကို ကြုံရာကျပန်းရွေးချယ်သည်နှင့်မတူဘဲ ဤတစ်ခေါက်ဝေ့ချန်မှာ အလွန်ရှင်းလင်းပြတ်သားသောဦးတည်ချက်တစ်ခုရှိလေသည်။သူကက ချန်လီကို အဆင့်မြင့်ဝယ်သူစိတ်ကြိုက်ချုပ်အဝတ်အစားဆိုင်တစ်ခုဆီသို့ခေါ်သွားပြီး သူတို့နှစ်ယောက်စလုံးအတွက် suitတစ်စုံစီဝယ်လိုက်သည်။


ဤသည်က ချန်လီအတွက်ပထမဆုံးအကြိမ် formal suitကိုဝတ်ဖူးခြင်းဖြစ်သည်။ဝေ့ချန်က သူ့ကို "အသားတိုး"အောင်အတတ်နိုင်ဆုံးကြိုးစားနေခဲ့သော်လည်း ဤကာလအတွင်းမှာ ချန်လီက ဝိတ်အနည်းငယ်သာတက်ခဲ့သည်။သူက နဂိုကခပ်သွယ်သွယ်ဖြစ်သဖြင့်suitကသူ့ကိုပို၍ပင်သွယ်လျသယောင်ဖြစ်စေသည်။


ကျေးဇူးတင်ရမည်က ဝတ်စုံကချန်လီ၏ကိုယ်တိုင်းနှင့်ကွက်တိချုပ်ထားသောဝယ်သူစိတ်ကြိုက်ချုပ်ဝတ်စုံဖြစ်သဖြင့် သူနှင့်မကိုက်သည့်ပုံမပေါ်ပေ။သို့သော်လည်း လူကြီးအဝတ်အစားကိုခိုးဝတ်ထားသည့်ကလေးတစ်ယောင့်နှင့်ကားတူနေဆဲဖြစ်သည်။အထူးသဖြင့် သူ၏ကလေးမျက်နှာလေး​ဖြစ်သည်။အရပ်ရှည်ရှည်လူများ​ဖြင့်ပြည့်နေသည့်နေရာမှာ သူကပို၍ပင်ငယ်ရွယ်သည့်ပုံပေါက်နေသည်။

 

ဝေ့ချန်က မတူပေ။သူ၏မြင့်မားရှည်လျားသောခြေတံရှည်ရှည်များကြောင့် သူ့ပုံစံကအင်္ကျချိတ်တစ်ခုနှင့်တူနေလေသည်။သူက ယခုအချိန်မှာ အနှီသူ့ကိုယ်တိုင်းနှင့်ကွက်တိချုပ်ထားသောဝတ်စုံကိုဝတ်ထားသဖြင့် အထက်တန်းလွှာ အောင်မြင်သောပုဂ္ဂိုလ်တစ်ယောက်၏အရှိန်အဝါများဖြာထွက်နေသည်။ဤအခိုက်အတန့်မှာ သူကသိပ်ပြုံးမနေသော်ငြား သူ၏ညှိ့ဓာတ်က အထွတ်အထိပ်အခြေအနေမှာရှိနေဆဲဖြစ်လေသည်။


တရုတ်ပြည်ရှိမိန်းကလေးများနှင့်ယှဥ်လျှင် နိုင်ငံခြားသူများက ပိုပွင့်လင်းကြသည်။သူတို့က သဘာဝအတိုင်းပဲဝေ့ချန်၏ထူးကဲသာလွန်မှုကြောင့် ဆွဲဆောင်​ခြင်းခံလိုက်သည်။သူတို့၏မျက်လုံးများက ဝေ့ချန်၏အပေါ်မှာ ရဲတင်းစွာကပ်တွယ်နေကြပြီး သူတို့ကသူခန္ဓာကိုယ်အကြောင့်ပင် သူ့ရှေ့မှာပွင့်ပွင့်လင်းလင်းဆွေးနွေးနေကြသည်။


ချန်လီက သူတို့ဝေ့ချန်ကိုကြည့်သည့်ပုံစံကိုမကြိုက်ပေ။သူက ကိုယ်လုံးပေါ်မှန်ရှေ့မှာ သူ့နက်ကတိုင်ကို ညှိနေဆဲဖြစ်သည့် ဝေ့ချန်၏ဘေးကိုလျှောက်သွားပြီး ပိုင်စိုးပိုင်နင်းနှင့်ဝေ့ချန်၏ခါးကို လက်မောင်းနှစ်ဖက်လုံးဖြင့် သိုင်းဖက်လိုက်သည်။အနှီတည့်တိုးဆန်ဆန်လုပ်ရပ်ဖြင့် သူက ထိုမိန်းကလေးများကိုဝေ့ချန်ကသူ့အပိုင်ဖြစ်ကြောင်းပြောနေခဲ့သည်။


ချန်လီ၏ရုတ်တရတ်လာဖက်မှုကြောင့် ဝေ့ချ န်အံ့ဩသွားပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်မိပေမဲ့ အကြောင်းပြချက်ကိုခပ်မြန်မြန်ပဲနားလည်သွားသည်။သူနှလုံးသားထဲမှာ ကြည်နူးပီတိဖြာသွားပြီး ချန်လီကိုပြန်ဖက်ကာ ထိုမိန်းကလေးများ၏ရှေ့တည့်တည့်မှာပဲချန်လီ၏နှုတ်ခမ်းကို နမ်းလိုက်​လေသည်။


သို့သော်ငြား ချန်လီက တိုတောင်းလှသောအနမ်းတစ်ပွင့်မျှနှင့်မကျေနပ်ပေ။သူက သူ့ဘာသူပဲ ခြေဖျားထောက်ကာ ဝေ့ချန်၏နှုတ်ခမ်းများကို သူနှုတ်ခမ်းများနှင့်ချိတ်ပိတ်ကာ ပူလောင်ပြင်းပြသောအနမ်းတစ်ပွင့်အဖြစ်သို့ပြောင်းလိုက်ပြီး ထိုမှသာ ကျေနပ်မှုကို အမှန်တကယ်ခံစားလိုက်ရလေသည်။


ဆိုင်ထဲမှစာရေးများက သူတို့၏ပြင်းရှရှအနမ်းကြောင့် တံတွေးမျိုချမိကုန်သည်။နောက်ပိုင်းမှာ ဝေ့ချန် ငွေသွားရှင်းသည့်အခါ ဆိုင်မန်နေဂျာကပင် သူ့ကို တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် လက်တွဲသွားနိုင်ပါစေဟုဆုတောင်းပေးလာသည်။


ဝေ့ချန်က သူ့ကိုကျေးဇူးတင်စကားပြောပြီး ချန်လီနှင့်အတူ ထွက်လာခဲ့သည်။ကားထဲကိုရောက်သည်နှင့် ဝေ့ချန်က ချန်လီကိုငုံ့မိုးကာနမ်းလိုက်ပြီးမှ မေးလိုက်သည်။ 


"လီလီဘာလို့မပျော်တာလဲ"


"သူတို့ မင်းကိုကြည့်နေတဲ့ပုံစံကို မကြိုက်ဘူး"

ချန်လီက ရိုးရိုးသားသားပြန်ဖြေသည်။ဝေ့ချန်ဆီကသူဘယ်တော့မှဖုံးကွယ်ထားမှာမဟုတ်သလို ဝေ့ချန်ကိုလိမ်ညာမှာလည်းမဟုတ်ပေ။


"ဒါဆို လီလီကသဝန်တိုနေတာပေါ့"

ဝေ့ချန် ရွှင်မြူးစွာပြောလိုက်သည်။


"သဝန်တိုတာ..."

သဝန်တိုမှုဆိုသည်ကဘာကိုဆိုလိုမှန်းချန်လီမသိပေ။


"သဝန်တိုတယ်ဆိုတာက လီလီအခုခံစားနေရတဲ့အရာပဲ...ကိုယ့်ကိုသူများတွေကြည့်တာကိုမကြိုက်တာ...ကိုယ့်ကိုသူများတွေသဘောကျတာကိုမကြိုက်တာ...ကိုယ်သူများတွေနဲ့ရင်းရင်းနှီးနှီးဆက်ဆံတာကိုမကြိုက်တာ...အဲလိုအ​ခြေအနေတွေဖြစ်လာရင် လီလီစိတ်ထဲမှာ ချဥ်စူးပြီး သက်တောင့်သက်သာမရှိတဲ့ခံစားချက်ကိုခံစားရလိမ့်မယ်"


ဝေ့ချန်ကရှင်းပြလိုက်သည်။


ချန်လီက ခေါင်းလေးစောင်းပြီး ခဏလောက်တွေးလိုက်ကာ လက်ခံသွားသည်။

"ငါသဝန်တိုတယ်"

 

ချန်လီက အမြဲသူ့ခံစားချက်များနှင့်ပတ်သက်လာလျှင် ရိုးသားခဲ့ပြီး အထူးသဖြင့်ဝေ့ချန်၏ရှေ့မှာဖြစ်သည်။သူက သူခံစားရသမျှကို မရှက်မကြောက်ဘဲပြောလေ့ရှိသည်။ယခု သူသဝန်တိုနေသည်ကိုသတိထားမိသောအခါ သူက မငြင်းဘဲ ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့သည်။ထိုသို့လုပ်လိုက်လျှင် ဝေ့ချန်လည်း သူသဝန်တိုနေသည်ကိုသိသွားလိမ့်မည်ဖြစ်ပြီး နောက်တစ်ခါသူများတွေကို သူ့ကိုယခုလိုကြည့်ခွင့်ပြုတော့မှာမဟုတ်ပေ။


ဝေ့ချန်၏မျက်လုံးများနူးညံ့သွားပြီး သူ့မျက်နှာပေါ်မှာအပြုံးတစ်ပွင့်ဖြစ်တည်လာသည်။သူမနေနိုင်ဘဲ ခေါင်းငုံ့ကာ ချန်လီ၏နှုတ်ခမ်း​လေးကိုထပ်မံအနမ်းခြွေလိုက်မိသည်။


အူးမြူးနေသောလေသံဖြင့်သူကပြောလိုက်သည်။

"ကိုယ်ပျော်လိုက်တာ လီလီရာ"

ချန်လီက နောက်ဆုံးမှာ သူ့ကိုနှစ်သက်သဘောကျသည့်လက္ခဏာများပြသလာပြီဖြစ်သဖြင့် သူပျော်သည်။


ချန်လီက ဝေ့ချန်ကိုပဟေဠိဖြစ်နေသောအမူအရာနှင့်ကြည့်လိုက်သည်။သူသဝန်တိုတာနဲ့ဘာလို့ဝေ့ချန်ကပျော်ရတာလဲ...


ဝေ့ချန်က ဘာမှဆက်မပြောဘဲ ကားစက်နှိုးပြီး သူတို့၏ဦးတည်ရာပန်းတိုင်ဆီကို မောင်းနှင်လာခဲ့သည်။


Wollongongက ဩစတေးလျတွင်နာမည်ကြီး လေထီးခုန်ရာပန်းတိုင်ဖြစ်ပြီး XN City၏တောင်ဘက်တွင်တည်ရှိကာ တစ်နာရီခန့်မောင်းရသည်။ဤသည်က လေထီးခုန်ရခြင်း၏ပျော်ရွှင်မှုကိုတွေ့ကြုံခံစားရန် ဝေ့ချန် ချန်လီကို ခေါ်သွားရန် စီစဥ်ထားသည့်နေရာဖြစ်သည်။


သူတို့ကို လေထီးခုန်ရန်ခေါ်သွားမည့် ရဟတ်ယာဥ်က သူတို့ကိုတက်ရပ်မှာစောင့်နေပြီဖြစ်သည်။ချန်လီနှင့်ဝေ့ချန်ရောက်သည်နှင့် သူတို့ကရဟတ်ယာဥ်ပေါ်တက်လိုက်ကြသည်။


အသံကျယ်ကျယ်က သူတို့နားထဲမှာပဲ့တင်ထပ်နေပြီး နားစည်များကိုထိုးဖောက်​တော့မည်အတိုင်းပင်။အနည်းငယ်ကြောက်သွားသဖြင့် ချန်လီက သူ့လက်ကိုတင်းတင်းဆုပ်ကာအားအင်ပေးနေသည့်ဝေ့ချန်၏နားကိုကပ်သွားသည်။


အရာအားလုံးအဆင်သင့်ဖြစ်သည်နှင့် ရဟတ်ယာဥ်က တက်သွားပြီးအပြင်ဘက်ရှိမြင်ကွင်းကတဖြည်းဖြည်းပြောင်းလဲသွားသည်။ချန်လီ၏အကြည့်က သူမြင်နေရသည့်အရာကြောင့် ချက်ချင်းပင်ဆွဲဆောင်ခြင်းခံလိုက်ရပြီး ကြောက်ရွံ့မှုများက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။


သူတို့လေပေါ်တက်သွားချိန်ရှိ ကမ္ဘာကြီးကသေးငယ်သွားသယောင် ခံစားချက်ကချန်လီကိုအံ့အားသင့်စေခဲ့သည်။တောင်များ၊ပင်လယ်ပြင်နှင့်ကောင်းကင်ပြာကြီးကို သူမြင်နေရပြီး လောကကြီးတစ်ခုလုံးကို သူ့မျက်လုံးများရှေ့မှာ ဖြည်ချလိုက်သလိုပင်။


Wollongongက အကြောင်းပြချက်မရှိဘဲ လေထီးခုန်သူများ၏သုခဘုံဖြစ်လာခြင်းမဟုတ်ပေ။ကောင်းကင်ပြာကြီး ပုံရိပ်ထင်နေသောပင်လယ်ပြင်နှင့် သဲသောင်ဖြူဖြူများက ပန်းချီကားတစ်ချပ်နှယ်ပါပင်။အောက်ခံသဘာဝရှုခင်းတိုင်းက အလှပဆုံးရှုခင်းသာများဖြစ်ကာ တကယ်ကို ယစ်မူးဖွယ်ရာဖြစ်လေသည်။


"သ​ဘောကျရဲ့လားလီလီ"

ဝေ့ချန်၏အသံက နားကြပ်မှတဆင့်ထွက်ပေါ်လာပြီး ချန်လီသတိဝင်လာကာ ဝေ့ချန်ကိုကြည့်လိုက်သည်။သူက စိတ်အားထက်သန်စွာခေါင်းညိတ်လိုက်သည်–သူအရမ်းသဘောကျတယ်...


ချန်လီ၏မျက်လုံးဝိုင်းကြီးများက ပျော်ရွှင်မှုတို့ဖြင့်တလက်လက်တောက်ပနေကာ အလုံးစုံသော နေရောင်ခြည်များကို သူ့မျက်လုံးများထဲမှာဖမ်းယူသိမ်းဆည်းထားသည့်အတိုင်းပါပင်။


ဝေ့ချန်၏မျက်လုံးထဲတွင် ဤအခိုက်အတန့်ရှိချန်လီက အ​ပြင်ဘက်ရှိအကန့်အသတ်မဲ့ သဘာဝရှုခင်းထက်ပို၍ပင် ဆွဲဆောင်ရှိလေသည်။

 

ချန်လီက အမြင့်မကြောက်ပေ။၎င်းကို ဝေ့ချန် သူ့ကို မြို့တော်ကအပန်းဖြေဥယျာဥ်ကိုခေါ်သွားသည့်နေ့တုန်းက သူသိလိုက်ရခြင်းဖြစ်သည်။ဝေ့ချန်ကလည်း ချန်လီကအမြင့်ရောက်နေသည့်ခံစားချက်ကို သဘောကျမှန်းသိလေသည်။ထို့ကြောင့်လူများကိုအော်ဟစ်အောင်လုပ်သည့် ထိုရင်ဖိုစရာကောင်းကင်းဒန်းများကို သူကြိုက်​နေခြင်းဖြစ်လေသည်။


ထိုကောင်းကင်းဒန်းတစ်ခုပေါ်ကဆင်းလာချိန်ရှိ ချန်လီ၏မျက်နှာထက်ကအပြုံးကိုဝေ့ချန်ဘယ်သောအခါမှမေ့လိမ့်မည်မဟုတ်ပေ။ထိုအပြုံးက ဝေ့ချန်၏နှလုံးသားထဲမှာ နက်ရှိုင်းစွာထွင်းထုထားပြီး သူမေ့မရနိုင်ပါချေ။


ထိုနေ့ကတည်းကစ၍ ဝေ့ချန် ချန်လီကိုအစစ်အမှန်စီးနင်းခြင်း၏အတွေ့အကြုံကိုပေးချင်နေခဲ့သည်။ချန်လီကြိုက်လိမ့်မည်ဟုသူယုံကြည်သည်။


ဟုတ်တယ်ဟုတ်...


ရဟတ်ယာဥ်က ဆက်၍မြင့်တက်နေပြီး ပင်လယ်ကမ်းခြေသဘာဝရှုခင်းက သေးသထက်သေးငယ်လာသည်။သို့ပေမဲ့ချန်လိ၏အကြည့်ကပြတင်းပေါက်မှာပဲရှိနေဆဲဖြစ်သည်။သူ့လက်များကပြတင်းပေါက်ကိုဆုပ်ကိုင်ထားပြီး ဤအခိုက်အတန့်မှာပဲ  ပျံသန်းနိုင်ပြီး ကိုယ်တွေ့ပျံသန်းရခြင်း၏ပျော်ရွှင်မှုကိုခံစားချင်နေသည့်အတိုင်းပင်။


"လီလီ ပျံသန်းရအောင်"

ဝေ့ချန်က နူးညံ့စွာပြောလိုက်သည်။


"ပျံသန်းမယ်..."

ချန်လီ နားမလည်ပေ။

သူတို့ တကယ်ပျံကြမှာလား...


"အင်း ပျံသန်းကြမယ်"

ဝေ့ချန်ကအတည်ပြုပေးလိုက်သည်။


"ကောင်းပြီ"

ဝေ့ချန်ပြောသည့်"ပျံသန်းမယ်"ကဘာကိုဆိုလိုမှန်းသူမသိသော်လည်း ဝေ့ချန်ကို သူယုံသည်။ဝေ့ချန်က သူတို့ကိုဘာအန္တရာယ်မှဖြစ်စေမှာမဟုတ်ပေ။


ချန်လီ၏ယုံကြည်မှုများနှင့်ပြည့်နေသောမျက်ဝန်များနှင့်ဆုံလိုက်ရသည့်အခါ ဝေ့ချန်က ဘေးရှိနည်းပြဘက်လှည့်လိုက်သည်။


သူတို့အဆင်သင့်ဖြစ်နေသည်ကို့မြင်လျှင်နည်းပြကမေးလိုက်သည်။

"ကိုယ့်ဘာကိုယ်ခုန်ချချင်တာသေချာလား"

 

ဝေ့ချန်က ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်က လေထီးခုန်သင်ထားပါတယ်...ကျွန်တော့်ရဲ့သင်တန်းလက်မှတ်တွေကိုမြင်ပြီးပြီမလား"


ဝေ့ချန်၏အတည်ပြုချက်ကြောင့် နည်းပြက သူတို့နှင့်ဆွေးနွေးရန် ဆက်မကြိုးစားတော့ပါချေ။သူတို့၏ပစ္စည်းကိရိယာများကိုစစ်ဆေးပြီးနောက် သူက ရဟတ်ယာဥ်တံခါးကို ဘန်းခနဲဆွဲဖွင့်လိုက်သည်။


တံခါးပွင့်သွားချိန်မှာ လေများက တဟူဟူးဝင်လာသည်။သူတို့၏မြင်ကွင်းကိုပိတ်ထားသည့်ပြတင်းပေါက်မရှိတော့သောအခါ အပြင်ဘက်ရှိသဘာဝရှုခင်းက ပို၍ပင် စစ်မှန်ပြီးရင်သက်ရှုမောစရာကောင်းလေသည်။


"အဆင်သင့်ဖြစ်ပြီလားလီလီ...ကိုယ်တို့ခုန်တော့မယ်နော်"

လေထီးက နှစ်ယောက်တစ်ခုဖြစ်ကာ ဝေ့ချန်ကနောက်မှာဖြစ်ပြီးချန်လီကရှေ့မှာဖြစ်သည်။


သူ့မျက်နှာကိုရိုက်ခတ်လာသည်လေကိုခံစားရင်း၊ဝေ့ချန်၏တည်ရှိမှုကိုခံစားရင်း ချန်လီက မဆိုင်းမတွ​ နောက်မတွန့်ဘဲဖြေလိုက်သည်။

"အဆင်သင့်ဖြစ်ပြီ"


"သုံး နှစ် တစ်...ခုန်"


<< >>


💘