Chapter 2
Viewers 466

⛰️Chapter 2.

100မီလီယမ်တန်ဖိုးရှိရမယ်။ 



အပြင်ဘက်မှလေက အလုပ်သမားတဲကိုပိုပြင်းထန်စွာတိုက်ခတ်နေချိန်တွင် အထဲ၌ချင်းဝမ်ထောင်နှင့် ဆောက်လုပ်ရေးအဖွဲ့သည် ဒူးထောက်နေကြ၏။တစ်စုံတစ်ခုက သူတို့ခန္ဓာကိုယ်ကိုဖိနှိပ်ထားကာ တောင့်ခဲပြီး လှုပ်မရအောင်ပြုလုပ်နေပေသည်။ သူတို့က မထိန်းနိုင်ဘဲ ကြောက်လန့်ရိုသေမှုများကိုဖော်ပြလာကြသည်။


“ခရက်。。。”


‌အဆုံးတွင် အလုပ်သမားတဲ၏သွပ်ခေါင်မိုးက ဆက်တိုက်ရိုက်ခတ်နေသောလေဒဏ်ကိုမခံနိုင်တော့ပေ။၎င်းက ပြင်းထန်စွာလှုပ်ရမ်းကာ ကြွတက်လာပြီး ကြောက်စရာကောင်းသည့် အသံကျယ်ကြီးထွက်လာသည်။ထို့နောက်လေဒဏ်ဖြင့်ကြွလာကာ ကောင်းကင်ပေါ်သို့လွင့်သွားတော့သည်။


“မန်နေဂျာချင်း မြန်မြန် မြန်မြန်ပြေးတော့”


ချန်တမင်က စကားလုံးအနည်းငယ်ကိုညှစ်ထုတ်လာကာ သူ့လက်များကချင်းဝမ်ထောင်ကိုဆွဲရန်လုပ်လိုက်သည်။သူကအရပ်ရှည်ကာ ကိုယ်အလေးချိန်က ကျင်း200(100kg)နီးပါးရှိ၏။သူကလေတိုက်၍ လွယ်လွယ်လွင့်သွားနိုင်မှာမဟုတ်ပေ။


အခုချိန်တွင် ချင်းဝမ်ထောင်က မန်နေဂျာတစ်ဦး၏ပုံရိပ်မရှိတော့ဘဲ ချန်တမင်လက်ကိုတင်းတင်းဆုပ်ကိုင်ထားလေသည်။လူနှစ်ယောက်က ‌တံခါး‌ဆီသို့ ‌ဖြေး‌ဖြေးချင်းလျှောက်သွားကြသည်။သူတို့က တံခါးလက်ကိုင်ကိုထိနိုင်တော့မည့်အချိန်တွင် အထဲမှအလုပ်သမားများက ရုတ်တရက်အလန့်တကြားထအော်လာကြလေသည်။


“ အပေါ် အပေါ်မှာ。。。。”


ချင်းဝမ်ထောင်က မော့မကြည့်နိုင်သေးခင်မှာဘဲ အမျိုးသမီး၏အသံကိုထပ်ကြားလိုက်ရသည်။

“ငါ့ရဲ့တန့်ချိုးတောင်ကိုဖျက်စီးပြီးတော့မှ ထွက်ပြေးနိုင်ဦးမယ်လို့ထင်နေတာလား”


လူတိုင်းက ဒူးများ‌ထပ်ချောင်လာသလို ခံစားမိသွားကာ ဒူးထောက်ကျသွားလေသည်။ပထမအကြိမ်ကြားလိုက်ရစဉ်က နားကြားမှားသည်ဟု ကိုယ့်ကိုကိုယ်လှည့်စားနိုင်၏။သို့သော် ဒုတိယအကြိမ်ထပ်ကြားလိုက်ရသောအခါ သူတို့အားလုံးကကြောက်လန့်သွားပြီး အသားအရေဖြူဖျော့လာကာ ချွေးစေးများထွက်လာကြသည်။


ယွင်ရုန်ရောက်လာသောအခါ ဤမြင်ကွင်းကိုကွက်တိမြင်လိုက်ရသည်။


20 သို့မဟုတ်ထိုထက်များသည့် အလွန်ငယ်ပြီးကြံ့ခိုင်သောယောက်ျားများကဒူးထောက်နေကာ ကြောက်လန့်နေသောခိုများလို နံရံထောင့်တွင် ပူးကပ်နေကြ၏။ဤပုံရိပ်က လူတစ်ယောက်ကို ရဲရဲမကြည့်နိုင်လောက်အောင်ပြုလုပ်နေပေသည်။


ယွင်ရုန်က ဘယ်သူကများအရမ်းရဲတင်းနေသည်ကို တွေးနေမိဆဲဖြစ်သည်။သူတို့ကလူသားများဖြစ်သော်လည်း သူမတောင်ကိုရွှေ့ရဲသည့်သတ္တိရှိရန် အနည်းဆုံးတော့ အရည်အချင်းရှိသည့် နတ်ဆရာတစ်ယောက်ပါနေမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ 

မမျှော်လင့်ထားစွာဖြင့် သူမတစ်ချက်ကြည့်လိုက်ရုံဖြင့်တင် ဤနေရာ၌ သာမာန်လူများသာရှိနေသည်ကို မြင်လိုက်ရသည်။


သူမက မျက်မှောင်ကြုတ်ကာ လက်ဖျားလေးကိုလှုပ်ရှားလိုက်သည်။ထောင့်တွင်ပူးကပ်နေကြသည့် အယောက်နှစ်ဆယ်ထက်မနည်းရှိသောသူများသည် လှုပ်ရှားမှုကင်းမဲ့သွားလေသည်။


ရုတ်တရက်ပင် ချင်းဝမ်ထောင်က ချန်တမင်တစ်ယောက် သူ့ကိုကိုင်ထားသည့်လက်ကိုလျှော့လိုက်သည်ကို ခံစားမိသွားသည်။သူလှည့်ကြည့်လိုက်သောအခါ သူ့အနားမှသူများက ကြောက်လန့်နေသည့်အမူအရာနှင့် နည်းနည်းလေးတောင်မလှုပ်ကြသည်ကို မြင်လိုက်ရသည်။


ချင်းဝမ်ထောင်က ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးတုန်ရီလာကာ ဆယ်နှစ်တာသိပ္ပံပညာရေးကလည်း ပြင်းပြင်းထန်ထန်လှုပ်ခတ်လာလေသည်။သူက ပင်ကိုဗီဇနှင့် တံခါးဆီကိုတွားသွားရန်သာလုပ်နိုင်တော့သည်။သို့သော် သူ ခြေလှမ်းအနည်းငယ်လောက်သာ တွားသွားရသေးချိန်တွင် သူနှင့်သိပ်မဝေးသောနေရာ၌ အနက်ရောင်အဝတ်စတစ်စပေါ်လာကာ အဝတ်ထောင့်များကို တောက်ပသည့်ရွှေရောင်မျဉ်းများဖြင့်လွှမ်းခြုံထားသည်ကို‌မြင်လိုက်ရသည်။


သူကခက်ခက်ခဲခဲမော့ကြည့်လိုက်သောအခါ မှင်လိုနက်နေသည့်ဆံပင်များက ခါးထိ‌ရောက်နေပြီး ကျက်သရေရှိလှသည့် အနက်ရောင်ရှေးခေတ်ဝတ်စုံကိုဝတ်ထားသည့် အမျိုးသမီးကသူ့ရှေ့တွင်ရပ်နေသည်ကိုမြင်လိုက်ရသည်။သူက မထိန်းနိုင်တော့ဘဲ တစ်ကိုယ်လုံးချိနဲ့သွားကာ အသံကျယ်ကျယ်ဖြင့်အော်ရင်း မေ့လဲသွားတော့သည်။


“သရဲ”


ချင်းဝမ်ထောက်မေ့မလဲသွားခင်တွင် သူ့စိတ်ထဲ၌အတွေးတစ်ခုသာရှိသည်။

:အရမ်းလှလွန်းတယ် သေချာပေါက်လူမဟုတ်ဘူး။


ယွင်ရုန် :“。。。”


သူမ ဘာမှမလုပ်ရသေးဘူးလေ၊ ဘာလို့မေ့လဲသွားတာလဲ။တကယ်ပါဘဲ လူသားတွေကတော့ တစ်မျိုးဆက်ပြီး တစ်မျိုးဆက်ပိုပိုကိုဆိုးရွားလာတာတော့ဘဲ၊ သတ္တိက ဒီအခြေအနေထိရောက်အောင်နည်းနေပြီလား။ သတ္တိနည်းရုံတင်မကဘူး၊ သူမကိုတောင် ဖြောင့်ဖြောင့်မကြည့်နိုင်ကြဘူး။ပြီးတော့ ဒီမြင့်မြတ်တဲ့တောင်မိစ္ဆာကို သာမာန်သရဲလို့တောင်ခေါ်လိုက်သေးတယ်။တကယ်ကို အမြင်မရှိတဲ့လူဘဲ။


သူမက ဤလူများကိုသင်ခန်းစာနည်းနည်းပေးပြီးမှ မေးခွန်းတစ်ချို့မေးရန်စီစဉ်ထားခြင်းဖြစ်သည်။သို့သော်သူမထိုသို့မလုပ်နိုင်ခင်မှာပင် ဤလူကမေ့လဲသွားပြီဖြစ်သည်။


ယွင်ရုန်က ချင်းဝမ်ထောင်နားကိုတိုးလာသည်။သူ မမေ့လဲခင်တွင်ကြားလိုက်ရသည့်စကားများအရဆို ဤလူကခေါင်းဆောင်ဖြစ်နိုင်သည်။တစ်စုံတစ်ယောက်က တန့်ချိုးတောင်ကိုဖျက်စီးရန်ဆုံးဖြတ်ချက်ချကာ ဤလူများအားလုံးကိုခေါ်ဆောင်လာခဲ့ခြင်းဖြစ်မည်။


သူမလက်ဖျားက ချင်းဝမ်ထောင်၏နဖူးကိုအသာတို့လိုက်သောအခါ သူက‌ဖြေးဖြေးချင်းမျက်စိပွင့်လာသည်။သို့သော်သူ့မျက်လုံးထဲတွင် ဘာအတွေးမှမရှိဘဲ ဗလာဖြစ်နေလေသည်။


“ငါ့ရဲ့တန့်ချိုးတောင်ကိုရွှေ့ဖို့ နင့်ကိုဘယ်သူခိုင်းခဲ့တာလဲ”

ယွင်ရုန်၏နှုတ်ခမ်းများက နူးညံ့သိမ်မွေ့စွာလှုပ်ရှားလာကာ ချင်းဝမ်ထောင်ကိုကြည့်လိုက်သည်။


ချင်းဝမ်ထောင်၏စိတ်က ပရမ်းပတာအိပ်မက်တစ်ခုမက်နေသလိုပင် ဝေဝေဝါးဝါးဖြစ်နေ၏။ယွင်ရုန်၏အသံက သူ့နားထဲဝင်လာသောအခါ ကြောင်အစွာ‌ဖြေလိုက်သည်။

“ကျွန်တော်တို့ရဲ့ခေါင်းဆောင်လုလုပ်ခိုင်းတာပါ”


“ခေါင်းဆောင်လုတဲ့လား”


ယွင်ရုန်က ဤနာမည်ကတကယ်ထူးဆန်းတာဘဲဟု သူမစိတ်ထဲတွင်တွေးကာ ထပ်ပြောလိုက်သည်။

“ငါ့ကိုသူနဲ့တွေ့ဖို့ခေါ်သွားပေး”


အခုချိန်တွင် ချင်းဝမ်ထောင်ကခေါင်းမကြည်နေသော်လည်း လုအုပ်စုတွင်အရည်အချင်းရှိသည့်ဝန်ထမ်းတစ်ယောက်ဖြစ်နေဆဲဖြစ်ကာ လုဟယ်နျန်၏ ကျွမ်းကျင်လက်အောက်ငယ်သားတစ်ဦးလည်းဖြစ်သည်။ကုမ္ပဏီငယ်လေးများ၏ ဘော့စ်များတောင်မှ သူ့ကိုတလေးတစားဆက်ဆံပြီး ကပ်ဖားရပ်ဖားလုပ်ရရာ သူ့ကိုမာနထောင်လွှားလာစေခဲ့သည်။


ယွင်ရုန်၏စကားကိုကြားလိုက်သောအခါ သူကအလိုအလျောက်မေးကိုမော့လိုက်ပြီး ပြန်ဖြေလိုက်သည်။


“ငါတို့ရဲ့ခေါင်းဆောင်လုက မင်းတွေ့ချင်တိုင်းတွေ့လို့ရမယ့် သူလို့များထင်နေတာလား”


သူ့စကားကိုကြားလိုက်ရသောအခါ ယွင်ရုန်ကနှာကစ်သွားသည်။သူမက သူဟန်ဆောင်နေသည်ဟုသံသယမရှိပေ။သူမက သူ့ကိုယ်ပေါ်တွင် ကန့်သတ်ချက်တစ်ခုလုပ်ထားသောကြောင့်ဖြစ်သည်။ဤအချိန်တွင် သူကအမှန်ကိုဘဲပြောနိုင်ကာ လုံးဝမလိမ်နိုင်ပေ။


ဒီအားရကျေနပ်နေတဲ့အမူအရဆို အဲ့ဒီခေါင်းဆောင်လုက ရှိန်လောက်စရာလူသားများလား။


ယွင်ရုန်၏ရင်ထဲ၌လေးလံသွားသည်။လူသားများကပျော့ညံ့သော်လည်း ကိုင်တွယ်ရခက်သည့်လူတစ်ချို့လည်းရှိပေသည်။ဥပမာပြောရလျှင် ဟုန်ရိ*လိုလူမျိုးဖြစ်သည်။သူက သူ့စွမ်းရည်ပေါ်မှီခို‌ကာ နေများကိုပစ်ခတ်ခဲ့၏။၎င်းက မိစ္ဆာမျိုးနွယ်၏အိမ်ရှေ့စံပင်။သူမသာ ထိုကဲ့သို့လူသားနှင့်ရင်ဆိုင်ရမည်ဆိုပါက 100%အပြည့်ယုံကြည်ချက်မရှိပေ။

(Tn: ဟုန်ရိက တရုတ်လေးသည်တော်တစ်ယောက်ဖြစ်ပြီး လနတ်သမီး( Chang'e)ရဲ့ခင်ပွန်းပါ၊ တရုတ်ဒဏ္ဍာရီထဲမှာ လောကမှာနေဆယ်စင်းရှိပြီး အလှည့်ကျထွန်းလင်းကြတယ်တဲ့၊ တစ်နေ့မှာတော့ အဲ့ဒီနေဆယ်စင်းလုံး‌က တစ်ပြိုင်တည်းထွက်လာပြီး ကမ္ဘာမြေကြီးကိုကျစ်ကျစ်တောက်ပူလာစေရော၊ အဲ့ဒါကြောင့်ဟုန်ရိက နေတွေကိုပစ်ချတယ်၊ ဒါပေမယ့် ဘုရင်ယောင်နဲ့ နေမင်းရဲ့မိခင်ကတောင်းပန်လို့ နေတစ်စင်းကိုတော့ချန်ထားပေးလိုက်တယ် [wikipediaအရပါ])


ထိုသို့တွေးမိပြီးနောက် သူမကထပ်မေးလိုက်သည်။

“‌ဒါဆို ငါသူ့ကိုဘယ်လိုတွေ့ရမှာလဲ”


ချင်းဝမ်ထောင်က မျက်မှောင်ကြုတ်ကာ အလေးအနက်စဉ်းစားပြီးမှပြန်ဖြေလာသည်။

“အနည်းဆုံးတော့ 100မီလီယမ်လောက်တန်ကြေးရှိမှရမယ်”


“100မီလီယမ်တန်ရမယ်လား”

ယွင်ရုန်က ထိုစကား၏အဓိပ္ပါယ်ကိုနားမလည်ပေ။အဲ့ဒါက အထင်ကြီးလောက်စရာနည်းစနစ်လို့တော့ သူမကိုမပြောနဲ့နော်။


ယွင်ရုန်က ရုတ်တရက်ဒေါပွသွားသည်။သူမရဲ့ဘုံဗိမာန်ကိုဖျက်စီးရုံတင်မကဘူး၊တန့်ချိုးတောင်ပေါ်က သတ္တဝါတွေကိုလည်း ထိခိုက်စေခဲ့တယ်။လက်ရှိခေတ်ကလူသားတွေက တကယ်ကို တစ်ကိုယ်ကောင်းဆန်လိုက်တာ၊သူမကိုခြိမ်းခြောက်ဖို့ ဒီလောက်ထိတောင်လုပ်နေကြပြီလား။


အဲ့ဒီခေါင်းဆောင်လုရဲ့နည်းစနစ်ကကောင်းတယ်ဆိုလည်း ဘာဖြစ်လဲ။အခုသူကဒီမှာမှမရှိတာ။နောက်ပိုင်းတွင်သူမက ထိုခေါင်းဆောင်လုကိုမယှဉ်နိုင်ရင်တောင်မှ ဒီလူတွေကိုပြန်ပေးဆပ်ခိုင်းလို့ရသေးတယ်။


ထိုလူသားမပေါ်လာ‌သရွေ့ ယွင်ရုန်က ဘာကိုမှမကြောက်ပေ။ချင်းဝမ်ထောင်၏ ဒေါသထွက်စရာအမူအရာကိုမြင်သောအခါ သူမကအေးစက်စွာနှာမှုတ်လိုက်ပြီး လေထဲသို့မြင့်တက်လာသည်။သူမလက်တစ်ချက်အမြှောက်တွင် အလုပ်သမားတဲက ချက်ချင်းပင် အိမ်ဆောက်ဘလော့တုံးလေးများလို ပြိုကျသွားလေသည်။လေတစ်ဝှေ့က ထိုတဲအစိတ်အပိုင်းများဆီတိုက်ခတ်ကာ အဝေးသို့ယူဆောင်သွား၏။


အလုပ်သမားတဲကိုဖျက်စီးခြင်းက မလုံလောက်သေးပေ။ယွင်ရုန်၏အကြည့်များက အနားမှဒါဇင်ချီသည့် မြေတူးစက်များနှင့် ကုန်တင်ကားများဆီရောက်လာသည်။သူမလက်ချောင်းလေးများက လေထဲတွင်ရွေ့လျားသွားသောအခါ ဒါဇင်နှင့်ချီသည့်စက်ကိရိယာများက တအုန်းအုန်းနှင့် တောင်အောက်သို့လှိမ့်ဆင်းသွားကြလေသည်။တစ်စက္ကန့်အတွင်းမှာပင် ထိုစက်များကမြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။


ခနကြာပြီးနောက်တွင် ကျယ်လောင်သည့်ပြင်းပြင်းထန်ထန်တိုက်မိသံများထွက်ပေါ်လာ၏။အသိအသာပင်ထို‌စက်များအားလုံးက တောင်ခြေ၌ ရိုက်ချိုးခံလိုက်ရလေသည်။


ထိုသို့လုပ်ပြီးနောက်တွင် ခုနတုန်းကဒေါသအပြည့်ဖြစ်နေခဲ့သည့် ယွင်ရုန်၏မျက်နှာပေါ်၌ အပြုံးရိပ်တစ်ခုပေါ်လာတော့သည်။အပြုံးပေါ်လာသောအခါ တန့်ချိုးတောင်ကိုဖုံးအုပ်နေခဲ့သည့် တိမ်မဲများကချက်ချင်းပျောက်ကွယ်သွားသည်။လေပြေလေးက သစ်ရွက်များကိုဖြတ်တိုက်လာကာ တရှဲရှဲအသံများထွက်လာပြီး ပျော်ရွှင်မှုကိုဖော်ပြနေ၏။


ဤအပြုံးက သိပ်မဝေးသောနေရာမှ နေဝင်ဆည်းဆာထက် ပိုလှနေပေသည်။


ယွင်ရုန်က တန့်ချိုးတောင်ထိပ်တွင်ရပ်ကာ အသက်ပြင်းပြင်းရှူပြီး လက်နှစ်ဖက်ကိုဆန့်တန်းလိုက်သည်။ရုတ်တရက်ပင် မရေတွက်နိုင်သည့်အစိမ်းရောင်အလင်းစက်များက တောင်တစ်ခုလုံးမှမျောလွင့်လာကာ အစိမ်းရောင်အလင်းတန်းငယ်အဖြစ်‌စုပေါင်းသွားပြီး သူမကိုယ်ထဲသို့ဝင်ရောက်လာ၏။


ထိုအလင်းတန်းပျောက်ကွယ်သွားသောအခါ တန့်ချိုးတောင်ပေါ်မှအပင်များက ရေလောင်းခံလိုက်ရသလိုပင် ပိုမိုသန်စွမ်းပြီးစိမ်းစိုလာကြ၏။သစ်ရွက်တစ်ရွက်ချင်းစီတိုင်းက မြေဩဇာဖျန်းခံလိုက်ရသလိုပင် အစိမ်းရောင်ရည်များထွက်လာတော့မတတ် စိမ်းလန်းနေပေသည်။


မြေတူးစက်ဖြင့်အတူးခံလိုက်ရသည့် သစ်ပင်များကလည်း ပြန်လည်ထောင်မတ်လာကြသည်။သူတို့၏အမြစ်များက မြေကြီးထဲသို့ခိုင်ခိုင်မာမာဆုပ်ယူထားကာ အကိုင်းအခက်နှင့်အရွက်များကလည်း ချောမွေ့စွာဆန့်တန်းလာကြလေသည်။


တန့်ချိုးတောင်ရှိ မြက်တစ်ပင်စီ၊သစ်ပင်တစ်ပင်စီတိုင်းက အသက်ဓာတ်များနှင့်ပြည့်ဝနေသည်ကိုမြင်လိုက်ရမှ ယွင်ရုန်၏ဒေါသများက ငြိမ်ကျသွားလေသည်။သူမ၏အကြည့်များက သိပ်မဝေးသည့်နေရာမှဒူးထောက်ကာ အချင်းချင်းပူးကပ်နေသည့် အယောက်နှစ်ဆယ်ကျော်သည့်သူများဆီရောက်လာသည်။


သူမက ဤလူများကိုလွယ်လွယ်လေးအလွှတ်မပေးလိုက်ချင်ပေ။သို့သော် လူသားမျိုးနွယ်ကအားနည်းလှသည်။သူမလက်မြှောက်လိုက်ရုံဖြင့်တင် ဤလူများကအသက်ဆုံးရှူံးသွားမည်ကိုစိုးရိမ်မိ၏။ခနလောက်စဉ်းစားကြည့်ပြီးနောက်တွင် ယွင်ရုန်ကနူးညံ့စွာပြုံးလိုက်ကာ လေထဲတွင်လေးထောင့်ပုံတစ်ခုကိုဆွဲလိုက်သည်။


~~~~

“ဒီနေ့ညနေခင်း 16:30လောက်တွင် တန့်ချိုးတောင်တစ်ဝိုက်နေထိုင်သူများက တောင်ဘက်မှအလွန်ကျယ်လောင်အသံကြီးကိုကြားလိုက်ရကြောင်း သတင်းပို့လာပါတယ်၊အဲ့ဒါအပြင်ကို မိုးလေဝသဌာနကလည်း ရာသီဥတုပြဂြိုလ်တုကနေ တန့်ချိုးတောင်တစ်တောင်လုံးကို ကြီးမားတဲ့တိမ်မဲထုကြီးက အချိန်ခနတာလောက်ဖုံးနေတာကို မြင်ခဲ့ရတယ်လို့ ပြောကြားလာပါတယ်၊ မထင်မှတ်ထားတဲ့ကွက်ကျားမိုးတစ်ဟုန်ထိုးရွာသွန်းတာမျိုးဖြစ်နိုင်ပါတယ် ဒီရုပ်မြင်သံကြားဌာနအနေဖြင့် ထိုဆူညံသံကျယ်ကြီးမှာ မိုးရွာပြီးနောက်လေထုစိုထိုင်းမှုကြောင့် မြေပြိုကျခြင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်၊ လက်ရှိမှာတော့ သတင်းထောက်တွေက တောကျွမ်းသူများနှင့်အတူ လက်ရှိမြေပြင်အခြေအနေကိုသိရှိဖို့ အတူထွက်သွားနေပါပြီ”


“မြေပြင်က သတင်းထောက်ကိုဆက်သွယ်လိုက်ရအောင်ပါ”


ညနေ6နာရီတွင် ဟိုင်ရှီးဒေသသတင်းအစီအစဉ်အတွက်အချိန်ရောက်လာပြီဖြစ်သည်။သတင်းတင်ဆက်သူက သတင်းများကိုတင်ဆက်နေချိန်တွင် ကင်မရာကပတ်ဝန်းကျင်တစ်ဝိုက်ကိုရိုက်ပြနေပြီး နောက်ဆုံးတွင် ‌တန့်ချိုးတောင်ခြေနားတွင်ရပ်တန့်သွားသည်။လမ်းဘေးဖက်တွင် ဒါဇင်နှင့်ချီသည့်ဆောက်လုပ်ရေးသုံးစက်ကိရိယာများက ကျိုးပဲ့ပျက်စီးကာ ရွှံ့ထဲတွင်ကျွမ်းထိုးမှောက်ခုံလှန်နေပြီး စက်မျက်နှာပြင်များက အဖုအပိန့်များ၊အပေါက်များဖြင့်ပြည့်နေလေသည်။ယှဉ်ကြည့်လိုက်လျှင် ကားဖျက်စီးရေးနေရာမှကားများတောင်မှ ဤစက်များထက်အခြေအနေအများကြီးပိုကောင်းလှသည်။


မြေတူးစက်များနှင့် သိပ်မဝေးသောနေရာတွင် အလုပ်သမားတဲမှအုတ်များနှင့် သွပ်ခေါင်မိုးတို့က ပြန့်ကြဲနေလေသည်။သွပ်ခေါင်မိုးက လက်တစ်စုံဖြင့်ဖျစ်ညှစ်ခံထားရသလိုပင် ပြင်းပြင်းထန်ထန်ပုံပျက်နေ၏။


“မင်္ဂလာညနေခင်းပါ ကျွန်မက ဟိုင်ရှီးရုပ်မြင်သံကြားဌာနက မြေပြင်သတင်းထောက်ဖြစ်ပါတယ်၊ အားလုံးဘဲ တန်ဆယ်ချီတဲ့မြေတူးစက်နဲ့ကုန်တင်ကားတွေက ကျွန်မနားမှာပြန့်ကြဲနေတာကိုမြင်ကြမှာပါ၊ တန့်ချိုးတောင်ပေါ်မှာတကယ်ဘဲမြေပြိုသွားတဲ့ပုံပါဘဲ၊ ကျွန်မတို့အနေနဲ့ တန့်ချိုးတောင်ပေါ်မှာ တောင်ပေါ်လမ်းတစ်ခုဖွင့်ဖို့လုပ်နေတယ်လို့ သိထားရပြီး ဆောက်လုပ်ရေးအသင်းတစ်သင်းက အကြီးစားလုပ်ငန်းကို လုပ်ဆောင်နေကြတာပါ၊ ဒါပေမယ့်အခုချိန်အထိ ဆောက်လုပ်ရေးဝန်ထမ်းတွေကိုမတွေ့ရသေးပါဘူး ကယ်ဆယ်ရေးအသင်းကတောင်ပေါ်မှာ ရှာဖွေဖို့သွားနေပြီဖြစ်。。。”


အမျိုးသမီးသတင်းထောက်က ပြော၍မပြီးသေးခင်မှာပင် တောင်ပေါ်တက်သွားသည့်ကယ်ဆယ်ရေးအသင်းဆီမှ အော်သံတစ်ခုထွက်လာလေသည်။


“ပျောက်နေတဲ့အလုပ်သမားတွေကို ရှာတွေ့ပြီ ပျောက်နေတဲ့အလုပ်သမားတွေကို ရှာတွေ့ပြီဟေ့。。。”


တောင်ပေါ်သို့မလိုက်သွား‌သော ဆေးဖက်ဆိုင်ရာအသင်းနှင့် သတင်းထောက်တို့သည် အံ့ဩသွားကာ အသံလာရာဆီသို့ ချက်ချင်းသွားလိုက်ကြသည်။ခြေလှမ်းနှစ်လှမ်းလောက်သာသွားရသေးချိန်တွင် ‌ကယ်ဆယ်ရေးအသင်းက နောက်ထပ်အော်ပြောလာလေသည်။

“မင်းတို့တက်လာရင် အဝတ်နဲ့စောင်တွေပါယူခဲ့လိုက်”


အင်အားအပြည့်ဖြင့်တောင်ပေါ်တက်နေသောလူတိုင်းက ရပ်လိုက်မိသည်။သူတို့က ကယ်ဆယ်ရေးအသင်းသည် စားစရာ၊သောက်စရာ သို့မဟုတ် အောက်စီဂျင်များ‌ယူလာခိုင်းမည်ဟု ထင်နေခဲ့ခြင်းဖြစ်ကာ အဝတ်နှင့်စောင်များတောင်းလာမည်ဟုမထင်ထားမိပေ။ ဒီလိုနွေလယ်ခေါင်ကြီးတွင် အဝတ်များက ညစ်ပတ်ပြီးစိုနေလည်း ဘာပြသနာမှမရှိပေ။ဘာကပိုအရေးကြီးတာလဲ။အဝတ်လား၊ လူ့အသက်လား။


ချင်းဝမ်ထောင်နှင့် ဆောက်လုပ်ရေးအဖွဲ့ရှိနေသောနေရာသည် တောင်ခြေနှင့်သိပ်မဝေးပေ။ဆေးဘက်ဆိုင်ရာအသင်းက ပြန်မသွားရသေးချိန်တွင် ကယ်ဆယ်ရေးအသင်း၏ယူနီဖောင်းများကို လှမ်းမြင်နေရပြီဖြစ်သည်။


“ဘာဖြစ်လို့လဲ၊ ဘာလို့အခုထိအရေးပေါ်ကုသမှုကိုမပေးသေးတာလဲ”

လူနာထမ်းစင်သယ်လာသည့်ဆရာဝန်က အမောဖြေကာ တန်းစီပြီးမတ်တပ်ရပ်နေသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များကိုကြည့်လိုက်သည်။


“ဒဏ်ရာတွေက အရမ်းပြင်းထန်လို့များလား”

ဆောက်လုပ်ရေးအဖွဲ့ထဲတွင် လူနှစ်ဆယ်ကျော်ရှိသည်ဟုသူကြားထားကာ အကုန်လုံးက မတော်တဆဖြစ်ရာတွင် ပါဝင်နေ၏။ ဆရာဝန်တစ်ယောက်စီတိုင်း၏ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားကာ ကယ်ဆယ်ရေးအသင်းရပ်နေသည့်နေရာသို့ အမြန်ပြေးလာကြသည်။

 

“သေလောက်တဲ့အထိမဟုတ်ပါဘူး”

ကယ်ဆယ်ရေးအသင်းဝင်တစ်ယောက်က ထူးဆန်းနေကာ သူ့မျက်လုံးများက ဘယ်ညာအကြည့်လွှဲနေ၏။သူ့ကိုသေချာကြည့်ပါက အနည်းငယ်ရှက်နေသည်ကိုမြင်ရလိမ့်မည်။


“‌အဓိက‌အစိတ်အပိုင်းတွေက ပုံမှန်ဘဲဆိုရင်ကောင်းတာဘဲလေ၊ လူကအသက်ရှင်နေပြီကို ဘာကများအရေးကြီးသေးလို့လဲ”


ဆရာဝန်များက စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြသည်။သူတို့ခြေလှမ်းများကလည်းနှေးသွားကာ ရှေ့သို့ဆက်လျှောက်လာ၏။ကယ်ဆယ်ရေးအသင်းဝင်က တစ်ခုခုပြောလိုက်ချင်သော်လည်း တုန့်ဆုတ်သွားကာ တွေတွေဝေဝေဖြင့်ပင် ဆရာဝန်များကို လမ်းဖယ်ပေးလိုက်သည်။ 


အခုလေးတင်စိတ်အေးသွားသော ဆေးဘက်ဆိုင်ရာအသင်းသည် ရုတ်တရက်ကြောင်အစွာစိုက်ကြည့်လိုက်ကြသည်။ ကယ်ဆယ်ရေးအသင်းဝင်များ၏နောက်တွင် အယောက်နှစ်ဆယ်ထက်ကျော်သည့်လူများက ကြက်များလိုပင် ဝါးလှောင်အိမ်တစ်ခုထဲ၌ ပိတ်မိနေလေသည်။ထိုလူများက အချင်းချင်းအလွန်ပူးကပ်နေကြ၏။တစ်ချို့က ဝမ်းလျာမှောက်လဲနေကြကာ တစ်ချို့ကဒူးထောက်နေပြီး သရဲစီးခံလိုက်ရသလိုပင် ရယ်စရာအမူအရာများဖြစ်နေလေသည်။


အဓိကအချက်မှာ ထိုလူထွားကြီးများပေါ်၌ အဝတ်တစ်စမှ မကပ်နေခြင်းပင်။ငှက်သိုက်ထဲမှ ငှက်များက ရှင်းလင်းစွာမြင်နေရသည်။

(T/N:。。အဟမ်းးအဲ့ဒါပါ^^!)


ဆေးဘက်ဆိုင်ရာအသင်း :“。。。”


အဆုံးတွင် သတိရလာ၍ မျက်လုံးဖွင့်လာသော ဆောက်လုပ်ရေးအဖွဲ့ :“。。。”


---

Q:အဆုံးမှာ ဘာကပိုအရေးကြီးလဲ၊ အဝတ်လား လူ့အသက်လား။ 


A:ဂုဏ်သိက္ခာ။ 

ကျီ ကျီ ကျီ



⛰️