Chapter 4
Viewers 1k

⛰️Chapter 4.

သရဲလား



“တောင်စောင့်နတ်သာရှိရင် ကျွန်မတို့မိသားစုက ဘာလို့ ဆင်းရဲမွဲတေနေသေးတာလဲ၊ ရှင့်မြေးကြီးက ချင်းဟွာတက္ကသိုလ်ကိုမဝင်နိုင်ခဲ့ဘူး၊ တောင်စောင့်နတ်က ကျွန်မတို့ကိုဘာလို့ကောင်းချီးမပေးတာလဲ”


လျိုရှိုးကျန့်က သူမဘာသာဝမ်းနည်းနေ၏။ယောက္ခမဖြစ်သူ၏အယူသည်းမှုကြောင့် သူတို့မိသားစုက ရွာထဲတွင်ခေါင်းမထောင်နိုင်ပေ။အဲ့ဒီတော့ဘာဖြစ်လဲ။သူမကပြောပြီးရင်းထပ်ပြောနေဦးမှာဘဲ။ဒီလိုအဖွားကြီးကို နည်းနည်းလေးတောင် မကြင်နာချင်ဘူး။

 

“မြန်မြန်ပါးစပ်ပိတ်လိုက်စမ်း”


ဝူစုန့်ယာက တံခါးကိုပြင်းပြင်းထန်ထန်ထုကာ လျိုရှိုးကျန့်ကိုဆက်မပြောအောင်တားချင်နေ၏။အခြားသူများက သူမတစ်ဘဝလုံးယုံကြည်ထားသည့်အရာပေါ်ရေဆိုးလောင်းချလာသည်ကို ဘယ်လိုလုပ်ပြီးခွင့်ပြုနိုင်မှာလဲ။


“ဘာလို့လဲဆိုတော့ နင်ကအပျင်းထူပြီးလောဘကြီးလို့လေ၊ နင့်သားက‌လည်း ထုံထိုင်းပြီးတုံးနေတာ”


ယွင်ရုန်သည်လည်း ထိုမိန်းမကအလွန်ဆူညံလွန်းသည်ဟုခံစားမိသည်။အစတွင်သူမက အခြားသူများ၏မိသားစုပြသနာ၌ဝင်မပါချင်သော်လည်း ဒီမိန်းမကမူ နတ်ဘုရားများကိုမလေးမစားပြုမူကာ ‘ပိုးစာပင်ကိုလက်ညှိုးထိုးရင်း ကျိုင်းကောင်ကိုကျိန်ဆဲ’*တာမျိုးတောင်လုပ်လာပြီး သူတို့မိသားစုကိုကောင်းချီးမပေးသည့်အတွက် အပြစ်တင်နေလေသည်။

(Tn:သွယ်ဝိုက်ပြီးပြောဆိုတာမျိုးပါ)


ယွင်ရုန်က သည်းမခံနိုင်တော့ပေ။ဤအမျိုးသမီးက အလုပ်မကြိုးစားသလို ရည်မှန်းချက်လည်းမရှိပေ။အဲ့ဒါကိုမှ နတ်ဘုရားတွေက သူတို့ကိုပိုက်‌‌ဆံတွေလာပေးဖို့ မျှော်လင့်နေသေးတာလား။သူမက ဒီလိုလူမျိုးကိုအမုန်းဆုံးဖြစ်သည်။ဘာကိုမှစွဲစွဲမြဲမြဲမလုပ်သော်လည်း ကိစ္စတစ်ခုဖြစ်လာသောအခါ တာဝန်မယူဘဲခေါင်းရှောင်တတ်ကြသည်။


ကျယ်လောင်ကာရှင်းလင်းသည့် အသံစူးစူးက အခန်းထဲမှထွက်လာလေသည်။၎င်းက လျိုရှိုးကျန့်၏နားထဲ၌ မိုးကြိုးပစ်ချလိုက်သလိုဖြစ်သွားကာ ‌အလန့်တကြားထခုန်လိုက်သည်။


“ဘယ်သူလဲ အခုဘယ်သူစကားပြောလိုက်တာလဲ”


အခန်းထဲတွင် ဝူစုန့်ယာက တစ်ကိုယ်လုံးတုန်ယင်နေ၏။ရင်ထဲတွင်ဒိတ်ခနဲဖြစ်သွားကာ သူမအမူအရာကလေးနက်လာပြီး တံခါးကိုထုရင်းပြောလိုက်သည်။


“မြန်မြန် တံခါးဖွင့်ပေး”


“အဖွားကြီး ရှင်မလား၊ ရှင်ဘဲသရဲလိုဟန်ဆောင်လိုက်တာမလား၊ တကယ်ကိုအသုံးမကျတဲ့လူအို。。。”


လျိုရှိုးကျန့်က ဝူစုန့်ယာ၏အသံကိုကြားသောအခါ စိတ်လွင့်သွားပြီး မျက်‌မှောင်ကြုတ်ကာအဆဲမိုးများရွာချလေသည်။ အထဲမှာသေချာပေါက်အဲ့ဒီအဖွားကြီးတစ်ယောက်ပါဘဲ၊ အခြားဘယ်သူမှမရှိဘူး။


ဝူစုန့်ယာက လျိုရှိုးကျန့်တစ်ယောက်က ခေါင်း‌မာမာဖြင့်အမှားဆက်လုပ်နေသည်ကိုမြင်သောအခါ တံခါးကိုထုမနေတော့ပေ။သူမက ဒူးထောက်ချကာပြောလာလေသည်။


“တောင်နတ်အရှင်မ ကျွန်တော်မျိုးမရဲ့ချွေးမက မျက်စိကန်းပြီး မသိမြင်နိုင်ခဲ့ပါဘူး၊သူက အရှင်မကိုအပြစ်ပြုမိသွားပါတယ် အရှင်မအနေနဲ့စိတ်ထဲမထားဖို့မျှော်လင့်ပါတယ်”


“နင့်ဝေဖန်ပိုင်းခြားနိုင်စွမ်းက အတော်လေးကောင်းနေသေးတာဘဲ”


ယွင်ရုန်က ဝူစုန့်ယာရှေ့တွင်ဖြေးဖြေးချင်းပေါ်လာလေသည်။


ဝူစုန့်ယာ၏မျက်လုံးရှေ့တွင် အနက်ရောင်ရှေးဝတ်စုံကိုဝတ်ထားသည့်အမျိုးသမီးတစ်ယောက်ပေါ်လာ၏။သူမမော့ကြည့်လိုက်သောအခါ တောင်များမြစ်များကိုတိမ်မြုပ်သွားစေနိုင်သည့် မျက်နှာတစ်ခုကိုမြင်လိုက်ရသည်။ဘယ်လိုစကားလုံးကမှ ဤအမျိုးသမီး၏ထူးဆန်းသာလွန်သောအလှတရားကိုမဖော်ညွှန်းနိုင်ပေ။သူမပို၍ကြည့်လေလေ ဆက်ကြည့်ရန်မှာအရိုအသေမဲ့လွန်းသည်ဟုခံစားမိလာလေလေပင်ဖြစ်သည်။


ဝူစုန့်ယာက ဆတ်ခနဲခေါင်းငုံ့ချလိုက်သည်။သူမငယ်ငယ်ကတည်းက သူမအမေ၏လမ်းစဉ်နောက်လိုက်ကာ နတ်ဆရာမဖြစ်လာခဲ့သော်လည်း တကယ့်နတ်ဘုရားအစစ်ကိုတစ်ခါမှမမြင်ဖူးသေးပေ။သူမက ခခယယလေသံဖြင့်မေးလိုက်သည်။


“ဘယ်လိုအကြောင်းကိစ္စကများ အရှင်မကိုယ်တိုင်ဒီနေရာမှာပေါ်လာ‌ရအောင်လုပ်နေတာလဲဆိုတာ သိခွင့်များရှိမလား”


“ငါနင့်ရဲ့ရူးသွပ်မှုကိုကုပေးလိုက်ပြီ”

ယွင်ရုန်က အဓိကအချက်ကိုတန်းပြောလိုက်သည်။


“ဘာမှပြန်ပေးဆပ်စရာမလိုဘူး ဒီအတိုင်းမေးစရာနည်းနည်းရှိလို့”


“အရှင်မကဘာများသိချင်တာပါလဲ၊ ကျွန်တော်မျိုးမသိတဲ့ကိစ္စဆိုသေချာပေါက်ဖုံးကွယ်မထားပါဘူး”

ဝူစုန့်ယာက ပို၍တောင်ရိုသေလေးစားလာကာ လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားပြီး တောင်နတ်အရှင်ကဘာများမေးလာမှာလဲတွေးနေမိသည်။


“နင်ပြောပြစရာမလိုပါဘူး”

ယွင်ရုန်က ဝူစုန့်ယာ၏အဖြေကိုကြားသောအခါ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။


ဝူစုန့်ယာက ဘာမှပြန်မပြောရသေးခင်တွင်ယွင်ရုန်က လက်ဆန့်လိုက်သည်။သူမလက်ချောင်းထိပ်က အရေတွန့်နေသောနဖူးကိုထောက်လိုက်လေသည်။ဝူစုန့်ယာက အရာအားလုံးပြီးဆုံးမသွားခင်တွင် သူမနဖူးပေါ်မှအေးစက်မှုကိုသာခံစားမိလိုက်သည်။သူမခေါင်းပြန်မော့လာသောအခါ အမျိုးသမီးနတ်ဘုရားမက တစ်ခါမှမပေါ်လာဖူးသလိုလေထဲ၌ပျောက်ကွယ်သွားလေသည်။


“အမလေးး ငါ့ပါးစပ် ငါ့ပါးစပ်。。。”

ဝူစုန့်ယာက အတွေးထဲမျောနေချိန်တွင် အပြင်ဘက်မှကြောက်လန့်စရာအော်သံကြီးထွက်လာ၏။သူမကဆတ်ခနဲထရပ်လိုက်ကာ အလိုအလျောက်တံခါးကိုတွန်းလိုက်မိသည်။မမျှော်လင့်စွာဖြင့် လော့ချထားသောတံခါးက သူမဖွဖွ‌လေးတစ်ချက်တွန်းရုံဖြင့် ပွင့်သွားလေသည်။


ဝူစုန့်ယာကခေါင်းငုံ့လိုက်သောအခါ ပါးစပ်ကိုလက်နှစ်ဖက်လုံးဖြင့်အုပ်ထားပြီးကြမ်းပြင်ပေါ်တွင် လူးလှိမ့်ငိုကြွေးနေသည့် လျိုရှိုးကျန့်ကိုမြင်လိုက်ရသည်။


“ငါ့ပါးစပ် ပါးစပ်ကအရမ်းနာတာဘဲ”


“ရှိုးကျန့် မင်းဘာဖြစ်တာလဲ”

ကျင်းကော်က တူးရွှင်းသယ်ပြီးအပြင်မှပြန်ရောက်လာသောအခါ ဤမြင်ကွင်းနှင့်ကြုံ၏။


“ကျင်းကော် ကျွန်မပါးစပ်ကနာလိုက်တာ”

လျိုရှိုးကျန့်က ကျန်းကျင်းကော်ကိုမြင်သောအခါ ချက်ချင်းပင်မျက်ရည်ကျလာသည်။


ကျန်းကျင်းကော်က သူ့မိန်းမပါးစပ်နာနေသည်ကိုကြားသောအခါ ကြည့်ရန်အတွက် အုပ်ထားသည့်လက်ကိုဆွဲဖယ်လိုက်သည်။သူမြင်လိုက်ရ‌‌သည့်အရာက သူ့ကိုထိတ်လန့်သွားစေသည်။


:လျိုရှိုးကျန့်၏ပါးစပ်က တစ်ဖက်ကိုရွဲ့နေပြီး မူမမှန်စွာတွန့်လိမ်နေသည်မှာ လေဖြတ်သွားသောသူတစ်ယောက်လိုပင်ဖြစ်သည်။


“ဘယ်လိုဖြစ်တာလဲ”

ကျန်းကျင်းကော်ကလန့်သွားကာ သတိလက်လွတ်ဖြင့် လျိုရှိုးကျန့်ကိုကိုင်ထားသည်လက်ကိုဖြေလျော့လိုက်ကာ နောက်သို့ခြေလှမ်းအနည်းငယ်လောက်လဲကျသွားသည်။


“ဘာဖြစ်ရမှာလဲ၊ နတ်ဘုရားတွေကိုစော်ကားတာလေ၊ သူနဲ့ထိုက်တာကိုခံလိုက်ရတာဘဲ”


ဝူစုန့်ယာက အေးစက်စက်နှာခေါင်းရှူံ့လိုက်ကာ အနားမှစားပွဲဆီသွားပြီး ထိုင်ချလိုက်သည်။ဒီနှစ်များအတွင်းတွင်သူမက စိတ်ပိုင်းဆိုင်ရာနေမကောင်းဖြစ်နေခဲ့သော်လည်း တစ်ချို့ကိစ္စများကိုမှတ်မိနေဆဲဖြစ်သည်။သူမ၏ဒီချွေးမလျိုရှိုးကျန့်အပေါ် အမြင်ကောင်းမရှိပေ။


ကျန်းကျင်းကော်က ဝူစုန့်ယာကိုမြင်သောအခါ အာရုံပြောင်းသွားပြီးမေးလိုက်သည်။


“အမေ ဘယ်လို。。。。အမေပြန်ကောင်းသွားပြီလား”


ဝူစုန့်ယာပြန်မဖြေရသေးခင်တွငါ လျိုရှိုးကျန့်က ကြမ်းပြင်ပေါ်မှကုန်းထလာပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲလေသည်။

“ရှင်ဘဲ အသုံးမကျတဲ့အဖွားကြီး ကျွန်မကိုဒီလိုဖြစ်အောင်ရှင်လုပ်လိုက်တာ”


“ငါလုပ်တာတဲ့လား၊ ငါသာနင့်ကိုထိခိုက်အောင်လုပ်ချင်ရင် ဘာလို့ဒီအချိန်ထိစောင့်နေမှာတဲ့လဲ”

ဝူစုန့်ယာက လျိုရှိုးကျန့်တစ်ယောက်နောင်တရပုံမပေါ်သည်ကိုမြင်သောအခါ စိတ်ပျက်ပျက်ဖြင့်ခေါင်းရမ်းလိုက်သည်။


“နင့်ဘာသာတွေးကြည့် ခုနတုန်းကနင်ဘာပြောခဲ့လဲ၊ တစ်ခါတစ်လေကျ ဝဋ်ဆိုတာချက်ချင်းကိုလည်တတ်တာဘဲ”


သူဘာပြောခဲ့တာလဲ။လျိုရှိုးကျန့်သတိရလာသည်။ခုနတုန်းက သူမက ဒေါသဖြင့်တောင်စောင့်နတ်ကိုကျိန်ဆဲခဲ့မိသည်။သူမကရက်စက်ကြမ်းကြုတ်သည့်အမူအရာမှ ကြောက်လန့်တကြားဖြစ်လာကာ အစ်တစ်တစ်အသံဖြင့်ပြောလိုက်သည်။


“သေသင့်တဲ့အဖွားကြီး ဘာပေါက်ကရတွေ လိုက်ပြောနေတာလဲ အဲ့ဒါကဘယ်လိုဖြစ်နိုင်မှာလဲ。。。ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”


တောင်စောင့်နတ်ကဘယ်လိုလုပ်ပြီး တကယ်ရှိနိုင်မှာလဲ။


သို့သော် သူမဘယ်လိုဘဲကြိုးစားပါစေ ဒီစကားကိုထုတ်ပြောလို့မရပေ။ဤအကြောင်းတွေးလိုက်တိုင်း သူမ၏ရွဲ့နေသောပါးစပ်ကပိုနာလာ၏။。。。


ယွင်ရုန်က လျိုရှိုးကျန့်၏ မိုးထိတိုင်အောင်တက်ပြီးမှမြေကြီးပေါ်ပြုတ်ကျလာသည့်ငိုကြွေးမှုများကိုမသိပေ။လူတစ်ယောက်ရဲ့ပါးစပ်က ဘယ်လိုဖြစ်ပြီးဒီလောက်တောင် ကြမ်းတမ်းရတာလဲ။ပါးစပ်တစ်ခုတည်းကိုဘဲ ရွဲ့အောင်လုပ်ပေးလိုက်တာကတင် အတော်လေးသက်ညှာရာကျနေပြီ။ လွန်ခဲ့တဲ့နှစ်သုံးထောင်လောက်ကဆိုလျှင် နတ်ဘုရားများကိုစော်ကားသည့်လူသားများကို သူမကိုယ်တိုင်ဖြေရှင်းစရာမလိုခဲ့ပေ။ထိုသူများကို ရှင်းထုတ်ပေးမည့်လူများရှိ၏။


အဟုတ်ပင်၊၎င်းက လွန်ခဲ့သောနှစ်သုံးထောင်ခန့်ကဖြစ်သည်။


ယွင်ရုန်ကတောင်ထိပ်တွင်ထိုင်ကာ တောင်လေညှင်းအားသူမဆံပင်ကိုဖြီးသင်စေလိုက်သည်။လူများသာသူမပုံစံကိုမြင်ပါက ဤနတ်မိမယ်အားလက်ထပ်ခွင့်တောင်းရန်အခွင့်ရေးယူလာကြမှာဖြစ်သည်။


မည်သို့ပင်ဆိုကာမူ သူမကိုယ်သူမနှစ်သုံးထောင်ကျော်အောင်အိပ်မောကျနေခဲ့မည်ဟုမထင်ထားခဲ့ပေ။ယခုခေတ်တွင် နတ်ဘုရားများ၊မိစ္ဆာများမရှိတော့ပေ။အားအနည်းဆုံးလူသားဖြစ်သည့် အမျိုးသမီးနှင့်ကလေးများတောင်မှ ဖွံ့ဖြိုးတိုးတက်လာကြ၏။အခုချိန်တွင်သူတို့က နိုင်ငံတစ်ခုကိုတောင်ဖွဲ့စည်းပြီးပြီဖြစ်သည်။


အရေးကြီးဆုံးမှာ မြေယာနှင့်နယ်မြေများသည် နိုင်ငံတော်ပိုင်ဖြစ်နေခြင်းပင်။ဆိုလိုသည်မှာ တန့်ချိုးတောင်ကသူမအပိုင်မဟုတ်တော့ဘဲ နိုင်ငံတော်ပိုင်ဖြစ်သွားသည်။သိပ်မဝေးသောအနာဂတ်တွင် တောင်ပေါ်တွင်ဆောက်လုပ်ရေးလုပ်ချင်နေသည့် ဘစ်ဘော့စ်ကြီးတစ်ယောက်လည်းရှိနေ၏။သူကတောင်ပေါ်မှာဘာလုပ်မလို့လဲ။ဘာများဆောက်မလို့လဲ။


မနေ့ညကထိုယောက်ျားပြောခဲ့သည်များနှင့် ပေါင်းစပ်လိုက်လျှင် တန့်ချိုးတောင်ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်သူမှာ ခေါင်းဆောင်လုဆိုသည့်သူဖြစ်လိမ့်မည်။


ဝူစုန့်ယာ၏မှတ်ဉာဏ်များသည် သူမရူးသွားကတည်းက ယိုယွင်းသွားခဲ့သော်လည်း ဤလောက၏ပြောင်းလဲမှုကြီးများက ယွင်ရုန်ကိုအံ့ဩမင်သက်မှုနှင့် အရေးနိမ့်မှုများကိုဖြစ်စေဆဲဖြစ်သည်။


သူမကတန့်ချိုးတောင်၏ယင်နှင့်ယန်ဖြစ်ကာ လူသားများ၏စိတ်အားထက်သန်သောတောင်းဆုများ၏ ပြယုဂ်လည်းဖြစ်သည်။သူမက လူသားများကိုကောင်းချီးပေးရန်နှင့်ကာကွယ်ရန်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။သို့သော်လက်ရှိကာလတွင် လူသားများကသူမကိုမလိုအပ်တော့ချေ။


လူသားများကသူမကိုမလိုအပ်တော့ရာ သူမအနေဖြင့်ပျော်ရွှင်ပြီး လွတ်လပ်မှုကိုခံစားမိ၏။သို့သော်အခုချိန်တွင် တန့်ချိုးတောင်ကိုဒီတိုင်းထားသွားလို့မဖြစ်ရာ မပျော်တော့ပေ။


သူမကတန့်ချိုးတောင်ကိုကာကွယ်ရန် နည်းလမ်းများသုံးနိုင်၏။သို့သော်နိုင်ငံတော်ကိုရင်ဆိုင်ရန်အတွက်မှာမူ ယွင်ရုန်က အချိန်အဆကိုစဉ်းစားဖို့လိုသေးပေသည်။ဖွဲ့စည်းတည်ထောင်ထားသောနိုင်ငံတစ်ခုသည် ကံတရားအရဖြစ်ပေါ်လာခြင်းပင်။နိုင်ငံက အခုချိန်တွင်သူ၏အင်အားအထွတ်ထိပ်ကာလကိုရောက်ရှိနေခြင်းဖြစ်နိုင်ကာ နဂါး၏သက်ရှူငွေ့ဖျော့ဖျော့ကိုတောင် ခံစားမိနေ၏။သူမအတွက်တောက်ဝါဒီကိုလေ့ကျင့်ရန်မှာ မလွယ်ခဲ့ပေ။သူမ၏ကျင့်ကြံရေးကိုအလွယ်တကူပျက်စီးသွားစေ၍မဖြစ်ပေ။


ထို့အပြင် သူမ၏ပင်ကိုစရိုက်ကလည်း ဒေါသပုံချတတ်သည့် ရှုံးနိမ့်သွားသောသားရဲရိုင်းများလိုမဟုတ်ပေ။သူမက လူသားများနှင့် ရန်သူဖြစ်လိုစိတ်မရှိပေ။


ထို့ကြောင့်အခုချိန်တွင် သူမအတွက်လမ်းတစ်လမ်းသာရှိတော့သည်။၎င်းမှာ လူသားများ၏ပုံစံအတိုင်းလိုက်နာကာ::တန့်ချိုးတောင်ကိုထိန်းသိမ်းဖို့ပိုက်ဆံရှာရမည်။


ယွင်ရုန်က စိတ်မာသောသူဖြစ်ကာ လွယ်လွယ်နှင့်အရှုံးမပေးတတ်ပေ။တောင်ကိုဝယ်ဖို့ပိုက်ဆံရှာရုံဘဲမဟုတ်လား။သူမက အံ့ချီးလောက်တဲ့တောင်စောင့်နတ်ပါနော်။လူသားတွေဆီကနေ ပိုက်ဆံမရှာနိုင်ဘဲနေပါ့မလား။သူမကသေချာပေါက် အဲ့ဒီခေါင်းဆောင်လုဆိုတဲ့တစ်ယောက်ထက်ချမ်းသာလာပြီး တန့်ချိုးတောင်တစ်ခုလုံးကိုသိမ်းထားလိုက်မယ်။


ဤသို့တွေးလိုက်ပြီးနောက်ယွင်ရုန်ကဒီတိုင်းထိုင်မနေနိုင်တော့ပေ။သူမက တောင်အောက်ဆင်းကာ ပိုက်ဆံရှာရန်ဆုံးဖြတ်လိုက်သည်။


~~~~~~~~

ဟိုင်ရှီးရဲစခန်း။


“နောက်ဆိုရင် တောင်ပေါ်မှာဒီလိုကိစ္စမျိုးမလုပ်နဲ့တော့ ၊ မဟုတ်ရင်ရလဒ်ကောင်းမှာမဟုတ်ဘူး နားလည်လား”

ရဲဝန်ထမ်းက ချင်းဝမ်ထောင်ကိုစခန်းအပြင်သို့လိုက်ပို့နေရင်း ပုခုံးပုတ်ကာပြောလိုက်သည်။


ချင်းဝမ်ထောင်ကြားသောအခါ နဂိုကတည်းကသိပ်အဆင်မပြေဖြစ်နေသည့်သူ့အသားရေက ချက်ချင်းပင်ပို၍မည်းမှောင်လာသည်မှာ တရားသူကြီးပေါင်ချိန်အတိုင်းပင်။သူ့တစ်ဘဝလုံးတွင် ရဲစခန်းရောက်ဖူးသည်မှာ ဒါပထမဆုံးဖြစ်သည်။မထင်မှတ်ထားစွာပင်သူက မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်သည့်လက္ခဏာများရှိသည်ဟု အထင်ခံလိုက်ရသည်။သူကဘယ်လိုများ အဲ့ဒီဆေးတွေကိုသုံးနိုင်မှာလဲ။


ကံကောင်းထောက်မစွာဖြင့် ဆီးစစ်ချက်ကပုံမှန်ဖြစ်နေရာ လူများက ဆေးစွဲသည်မှာအမှားတစ်ခုတစ်ခုသာဖြစ်သည်ဟုထင်သွားကြသည်။သို့သော်ဒါကရှက်စရာကောင်းသည့်အပိုင်းမဟုတ်သေးပေ။ပိုရှက်စရာကောင်းသည်မှာ လူတိုင်းက သူနှင့်ဆယ်ယောက်ကျော်သည့်အလုပ်သမားများကို အုပ်စုလိုက်ကစားရာ(group s*x)တွင်ပါဝင်နေသည်ဟု ယုံသွားကြခြင်းဖြစ်သည်။သူ့ကိုကြည့်နေသော ရဲဝန်ထမ်း၏အကြည့်များကပုံမှန်ဟုတ်မနေပေ။


ထို့အပြင်သတင်းထဲတွင်ပါပါသွားသည်ဟုတွေးမိသောအခါ ချင်းဝမ်ထောင်က လောကကြီးထဲမှတစ်ခါတည်းပျောက်ကွယ်သွားချင်တော့သည်။သို့သော် သူရှင်းပြလို့လဲမရပေ။ ရှင်းပြချက်တစ်ခုက မေးခွန်းများစွာကိုဖြစ်လာစေနိုင်၏။ဒါဆို မင်းတို့ကဘာလို့ကိုယ်လုံးကျွတ်တွေဖြစ်နေတာလဲ။တန့်ချိုးတောင်ပေါ်မှာသရဲရှိတယ်တဲ့လား။မင်းတို့ဘာသာကစားလွန်ပြီး ထင်ယောင်ထင်မှားတွေဖြစ်နေတာနေမှာ စသဖြင့်အဖြေများသာထွက်လာလိမ့်မည်။


ချင်းဝမ်ထောင်အတွက် ဖြေရှင်းရန်ပိုခက်ခဲနေသည့်ကိစ္စမှာ ဒီအကြောင်းများကို ခေါင်းဆောင်လုအားဘယ်လိုရှင်းပြရမလဲဆိုတာပင်။သူကအတော်ကြာအောင်တွေဝေနေပြီးမှ လုဟယ်နျန်၏ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။


“ဒါရိုက်တာ မန်နေဂျာချင်းဆီက ဖုန်းလာပါတယ်”

အတွင်းရေးမှူးကျန်းက ရုံးတံခါးနားတွင်ခေါင်းငုံ့ထားကာ ဒါရိုက်တာကိုမကြည့်ရဲပေ။ဒါရိုက်တာက ဒါဇင်နှင့်ချီသည့်သတင်းများ၌ပါလာသည့် ထိုဝါးထားသည့်ပုံရိပ်များကို ကြည့်နေတာအတော်ကြာပြီဖြစ်ရာ သူတော့သွားပြီဖြစ်ကြောင်း သဘောပေါက်နေ၏။


လုဟယ်နျန်က စိတ်ရှုပ်ရှုပ်ဖြင့် နှုတ်ခမ်းစေ့လိုက်သည်။ခုနတုန်းက သူ့ကွန်ပျူတာဆီသို့ ယဉ်ကျေးမှုကာကွယ်ရေးဌာနက အီးမေးလ်ပို့လာသည်ကိုမြင်လိုက်သည်။သူကလက်ကောက်ဝတ်ပေါ်မှအင်္ကျီကြယ်စေ့ကိုဖြုတ်လိုက်ပြီး လက်ခေါက်တင်လိုက်ရာ သန်မာသည့်လက်များပေါ်လာ၏။


“ချင်းဝမ်ထောင်ကိုပြောလိုက် သူ့သတင်းတွေအွန်လိုင်းပေါ်မှာထပ်ပေါ်လာရင် အလုပ်လုပ်စရာမလိုတော့ဘူး”

အတွင်းရေးမှူးသည် လုဟယ်နျန်ကဘာမှမပြောဟုထင်ထားသော်ငြား ပါးစပ်ဖွင့်ကာဤသို့ပြောလာလေသည်။သူ့လေသံတွင်စိတ်မရှည်မှုများပါနေကာ အပူချိန်ကဒီဇင်ဘာလတွင်တိုက်သည့်လေအေးထက်ပင် အ‌ရိုးခိုက်မတတ်အေးစက်နေပေသည်။


“ပြီးတော့ ယဉ်ကျေးမှုကာကွယ်ရေးဌာနနဲ့ ပူးပေါင်းပေးဖို့ လက်ရှိဆောက်လုပ်ရေးကိုခနရပ်ထားလိုက်”

အတွင်းရေးမှူးကနားလည်ကြောင်းပြောတော့မည့်အချိန်တွင် လုဟယ်နျန်ကဆက်ပြောသည်။သူကအနည်းငယ်မျက်မှောင်ကြုတ်ထားကာ ယဉ်ကျေးမှုဌာနက သူ့လုပ်ငန်းပေါ်တွင်နှာခေါင်းတရှုံ့ရှုံ့လာလုပ်နေသဖြင့် စိတ်အခြေအနေကပိုတောင်ဆိုးရွားလာခဲ့သည်။


“‌နားလည်ပါပြီ ဒါရိုက်တာ”

အတွင်းရေးမှူးက သွက်လက်စွာပြန်ဖြေသည်။ချင်းဝမ်ထောင်ပြောခဲ့သောစကားများကိုပြန်တွေးကြည့်လိုက်သောအခါ သူကတံခါးဝတွင်ကိုးရို့ကားယားရပ်လိုက်မိသည်။အခုချိန်တွင်ဒါရိုက်တာက ခံစားချက်ကောင်းမနေပေ။ခံစားချက်ကောင်းနေမှသာ ထူးဆန်းလိမ့်မည်။အဝါးခံထားရသည့်သတင်းများကိုမြင်ပြီးတဲ့နောက်မှာ သူကခံစားချက်ကောင်းနိုင်ဦးမှာတဲ့လား။


သို့သော်က ချင်းဝမ်ထောင်ကထိုစကားများကိုကျိန်ပြီးပြောလာခြင်းဖြစ်သည်။သူဒါရိုက်တာကိုမပြောပြလိုက်ပြီးမှ တစ်ခုခုဖြစ်လာခဲ့ရင်ဘယ်လိုလုပ်ရမှာလဲ။


“ပြောစရာရှိသေးလို့လား”

လုဟယ်နျန်က ‌နှာခေါင်းပေါ်မှရွှေကိုင်းမျက်မှန်ကိုတွန်းတင်ရင်းမေးလာသည်။သူ့ပုံစံကအလွန်အေးစက်ပြီး ခန့်ညားထည်ဝါနေလို့သာ၊မဟုတ်ပါကသူကတကယ်ပင် စည်းကမ်းရှိသည့်ကောလိပ်ပါမောက္ခလို့တောင်ထင်နိုင်ပေသည်။


သို့သော်သူ့ဆီတွင် ငါးနှစ်ကျော်ခြောက်နှစ်နီးပါးအလုပ်လုပ်ခဲ့ပြီးသောအခါ ခေါင်းဆောင်လုက နူးညံ့သောသူမဟုတ်ကြောင်း သတိပြုမိပေသည်။သူက ခနလောက်တွန့်ဆုတ်နေပြီးမှပြောလိုက်သည်။


“ခေါင်းဆောင်လု ချင်းဝမ်ထောင်က သူသတင်း‌မှာမပြောလိုက်တဲ့ကိစ္စတစ်ခုရှိသေးတယ်လို့ပြောပါတယ်။ သူပြောတာက တောင်ကမသန့်ဘူးလို့ခံစားရတယ်တဲ့ အဲ့ဒါက အဲ့ဒါက。。。မိန်းမသရဲတစ်ကောင်ရှိနေနိုင်တယ်တဲ့၊ သူတို့ကအဲ့ဒီမိန်းမသရဲနဲ့တွေ့ပြီး ဒီလိုအရှုပ်အထွေးခံလိုက်ရ。。。。”


ပို၍အေးစက်လာသောသူ့သူဌေး၏အမူအရာကိုကြည့်ကာ အတွင်းရေးမှူးကဆက်မပြောရန်ဆုံးဖြတ်လိုက်‌တော့သည်။



⛰️