Chapter 5
Viewers 470

⛰️Chapter 5

ဘေးဒုက္ခ



“မိန်းမသရဲတဲ့လား”


လုဟယ်နျန်က အဓိပ္ပါယ်မရှိသည်ကိုကြားလိုက်ရသလို နောက်မှလိုက်ရေရွတ်လာသည်။


“ငါမှတ်မိပါသေးတယ် ငါတို့ ချင်းဝမ်ထောင်ကိုမြို့တော်ရဲ့ဂုဏ်သတင်းအကြီးဆုံးတက္ကသိုလ်ကနေအလုပ်ခန့်ခဲ့တာပါ ဟုတ်တယ်မလား”


“ဟုတ်ပါတယ် လွန်ခဲ့တဲ့လေးနှစ်လောက်ကအလုပ်ခန့်ခဲ့တာပါ”

အတွင်းရေးမှူးကခေါင်းညိတ်ပြကာ အလိုအလျောက်ကိုယ်ကိုကျုံ့လိုက်မိသည်။သူကဒီလိုအဓိပ္ပါယ်မရှိသည့်စကားများကို ချင်းဝမ်ထောင်အစားပြောပြလိုက်မိသည့်အတွက် နောင်တရနေပြီဖြစ်သည်။


သရဲအကြောင်းပြောနေတုန်းလား။တောင်ပေါ်မှာဆောက်လုပ်ရေးလုပ်ဖို့သွားတာလေ။အဲ့ဒီအစားတောင်စောင့်နတ်နဲ့တွေ့ခဲ့တာလို့သာပြောလိုက်တော့။


“အရင်ဆုံး ယဉ်ကျေးမှုကာကွယ်ရေးဌာနကို ဂရုစိုက်လိုက်”

လုဟယ်နျန်ကခေါင်းမော့ကာ အေးစက်စက်မျက်နှာထားဖြင့် ကိစ္စအနည်းငယ်ကိုမှာကြားလိုက်သည်။ထို့နောက်သူက အတွင်းရေးမှူးကိုထွက်သွားရန်လက်ရမ်းပြလိုက်သည်။


အတွင်းရေးမှူးက ဒါရိုက်တာ၏ညွှန်ကြားချက်များကို အသေးစိတ်လိုက်မှတ်ပြီးနောက်  ကျိုးကျိုးနွံနွံထရပ်ကာ ရုံးခန်းထဲမှအမြန်ထွက်သွားသည်။သူ့ကိုယ်ပိုင်ရုံးခန်းကိုပြန်ရောက်မှသာ စိတ်အေးသွားပြီးသက်ပြင်းချနိုင်တော့သည်။သူကခေါင်း‌ဆောင်လုနောက်လိုက်သည်မှာ ငါးနှစ်ကျော်ပြီဖြစ်သော်လည်း ခေါင်းဆောင်လု၏အားကောင်းသည့်အရှိန်အဝါကို အကျင့်မရသေးပေ။


သူ ချင်းဝမ်ထောင်ပြောတဲ့ပေါက်ကရတွေကို နားမထောင်လိုက်ရမှာ။


အတွင်းရေးမှူးထွက်သွားပြီးနောက်တွင် လုဟယ်နျန်က ယဉ်ကျေးမှုကာကွယ်ရေးဌာန၏အီးမေးလ်ကိုတစ်ချက်ကြည့်လိုက်သည်။အကြောင်းအရင်းမရှိ သူ့ရင်ထဲတွင် တထင့်ထင့်ဖြစ်သွားသည်။တန့်ချိုးတောင်ကိုရရန် သူ အင်အားနှင့်ပိုက်ဆံအများကြီးစိုက်ထုတ်ခဲ့ရ၏။သို့သော်၎င်းက သူဒီနေရာကိုအလွန်ဂရုစိုက်ရသည့်အကြောင်းရင်းမဟုတ်ပေ။


သူကိုယ်တိုင်တောင်အံ့ဩရသည့်အခြားအကြောင်းရင်းတစ်ခုရှိနေပေသည်။သူအသက်ငါးနှစ်အရွယ်၌ တန့်ချိုးတောင်ကိုပထမဆုံးမြင်ခဲ့ဖူးခြင်းဖြစ်ကာ သူကထိုနေရာနှင့်သက်ဆိုင်‌နေသလိုမျိုး ရင်းနှီးသည့်ခံစားချက်ကိုခံစားခဲ့ရ၏။၎င်းကသူတန့်ချိုးတောင်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်သည့် အကြောင်းရင်းတစ်ခုလည်းဖြစ်သည်။


အခုတွင်ချင်းဝမ်ထောင်က အလုပ်သေချာမလုပ်သဖြင့် ယဉ်ကျေးမှုကာကွယ်ရေးဌာနက တောင်ကိုစစ်ဆေးရန်အခွင့်ရသွားလေသည်။ဤကိစ္စကြောင့် ဆောက်လုပ်ရေးကဘယ်လောက်တောင်နှောင့်နှေးသွားနိုင်သည်ကို သူမသိတော့ပေ။


လုဟယ်နျန်ကမျက်မှောင်ကြုတ်လိုက်သည်။သူဒီကိစ္စကို သေချာစဉ်းစားနေချိန်တွင် သူ၏ရုံးဖုန်းမြည်လာ၏။


သူကြည့်လိုက်သောအခါ ဖုန်းခေါ်လာသောသူမှာ သူ့အမေကျန်းရှုဟွားဖြစ်သည်။လုဟယ်နျန်က ခနတန့်သွားသော်လည်း အဆုံးတွင်ဖုန်းကိုင်လိုက်ဆဲဖြစ်သည်။


“မား ကျွန်တော်ပြောပြီးပြီလေ ကျန်းမိသားစုကစီစဉ်တဲ့ဘလိုင်းဒိတ်ကို ကျွန်တော်မသွားဘူးလို့၊ မား ကျန်းစီစီကိုတကယ်သဘောကျရင် ကျန်းယန်ကိုပဲသွားခိုင်းလိုက်”


ဖုန်းကိုင်ပြီးသည်နှင့် လုဟယ်နျန်ကထိုစကားများကိုချက်ချင်းပြောလိုက်သည်။


“ဒီကလေးကတော့ မားကကျန်းစီစီကိုဘယ်နေရာမှာများကြိုက်နေလို့လဲ”


မဒမ်ကျန်းရှုဟွားက ဖုန်းတစ်ဖက်ကမကျေမနပ်ပြန်ပြော၏။


“ကျန်းယန်ကသားလိုမဟုတ်ဘူး သူကကျောင်းမှာနာမည်ကြီး၊ သူ့ဝမ်းကွဲအနေနဲ့သားက သူ့ရည်းစား ရ မရကို စိုးရိမ်ဖို့မလိုပါဘူးနော် ”


လုဟယ်နျန်:“。。。。”


သူမသား စကားပြန်မပြောလာသောအခါ ကျန်းရှုဟွားက စကားလမ်းကြောင်းပြန်တည့်လိုက်သည်။

“မား သားကိုခေါ်တာက ဘလိုင်းဒိတ်ကိစ္စကြောင့်မဟုတ်ဘူး”


“ဒါဆိုရင်လည်း ဘာကိစ္စလဲ”


“တကယ်တော့ အဲ့ဒါကကျန်းစီစီနဲ့တော့ဆိုင်နေတုန်းဘဲ”

ကျန်းရှုဟွားကသက်ပြင်းချကာဆက်ပြောသည်။


“မား ဒီမနက်ဘဲ ကျန်းစီစီက ဒုတိယထပ်လှေကားကနေပြုတ်ကျပြီး ခြေထောက်ကျိုးသွားတယ်လို့ သတင်းရလာတယ်”


လုဟယ်နျန်က ဘာမှမတုံ့ပြန်လာပေ။ကျန်းစီစီပြုတ်ကျပြီးခြေထောက်ကျိုးတာက သူနဲ့ဘာဆိုင်လို့လဲ။ထို့နောက်သူ့အမေကဆက်ပြောလာသည်ကိုကြားလိုက်ရ၏။


“အစက ဘာပြသနာမှမရှိလောက်ဘူးလို့မားထင်ထားခဲ့တာ၊ မစ္စတာကျန်း*က သူမနာမည်ကို တွက်ချက်ပြီးသား ကောင်းတယ်တဲ့ အသက်ရှည်ရှည်နဲ့ ကျန်းမာတဲ့ဘဝမှာနေရမှာတဲ့ မင်းနဲ့တွေ့ပေးဖို့စီစဥ်ပြီးကာမှ ဘာလို့မကောင်းတာဖြစ်သွားရတာလဲ”

(Tn:မစ္စတာကျန်းက ကျန်းနဲ့ ကျန်းရှုဟွားရဲ့ ကျန်းက မတူပါဘူးနော် အသံထွက်ဘဲတူတာပါ စာလုံးမတူပါ Zhang နဲ့Jiangပါ တရုတ်တွေက နာမည်မှာပါတဲ့စုတ်ချက်တွေကိုတွက်ချက်ပြီး အနာဂတ်ကိုခန့်မှန်းကြပါတယ်၊ လက်ထပ်တဲ့အခါမှာ‌ဆို မိသားစုနှစ်စုက သူတို့ရဲ့နာမည်စာလုံးတွေကိုတွက်ချက်ကြပြီး ကိုက်ညီရင် အိမ်ထောင်ဖက်ကောင်းတွေဖြစ်မယ်လို့ဖော်ပြပါတယ်)


ကျန်းရှုဟွားက စိတ်ပျက်သွားသည်။သူမကကျန်းစီစီကို သဘောကျတာကြောင့်မဟုတ်ပေ။သို့သော် ဒီလောက်နှစ်တွေအများကြီးကြာပြီးကာမှ ခက်ခက်ခဲခဲဖြင့် သူမသားနှင့် ကိုက်ညီသောသူတစ်ယောက်ကိုရှာတွေ့ခဲ့ခြင်းဖြစ်သည်။သူမအတွက်မြေးချီနိုင်ဖို့မျှော်လင့်ချက်ရှိနေမည်ဟု တွေးထားဆဲဖြစ်သည်။ တွေ့တောင်မတွေ့ရသေးခင်မှာဘဲ မတော်တဆတစ်ခုဖြစ်သွားမည်ဟုမထင်ထားခဲ့ပေ။


လုဟယ်နျန်၏မျက်နှာကချက်ချင်းတည်သွားကာ အသံကိုလျှော့ချလိုက်သည်။

“နောက်ဆိုဒီလိုကိစ္စမျိုးတွေကို မစီစဉ်ပါနဲ့”


“ဘယ်လိုလုပ်ပြီးမစီစဉ်ရမှာလဲ၊ နောက်နှစ်ဆိုရင်ပဲ သားအသက်သုံးဆယ်ပြည့်ပြီ。。。。。”


ကျန်းရှုဟွားကရေရွတ်လိုက်သည်။အဆုံးတွင်သူမသားငယ်၏ခံစားချက်ကိုထိခိုက်စေမိမှာစိုးသဖြင့် ဘာမှထပ်မပြောတော့ဘဲ‌ မေးကြည့်လိုက်သည်။

“သားအဖေ မားကိုပြောပြတယ် တန့်ချိုးတောင်မှာဘာဖြစ်လို့လဲ”


“ဘာကိစ္စမှမဟုတ်ပါဘူး သတင်းတွေကအကြောင်းရင်းမရှိလိုက်ပြောနေတာပါ”

ကျန်းရှုဟွားက တန့်ချိုးတောင်အကြောင်းပြောလာသောအခါ လုဟယ်နျန်က သူ့အတွင်းရေးမှူးပြောခဲ့သည့် တန့်ချိုးတောင်တွင်သရဲရှိသည်ကို ပြန်တွေးမိသွားသည်။အစကသူမယုံခဲ့ပေ။


သို့သော်အခုတွင်မူ。。。


သူ့ကိုယ်ထဲတွင်အမှောင်စွမ်းအင်ရှိနေကာ ဒီတစ်သက်လုံး၌ သူ့ဇနီးဖြစ်နိုင်သည့်သူက ထွက်မပေါ်လာသေးပေ။အဲ့ဒီတော့ မဖြစ်နိုင်တာဘာရှိဦးမှာလဲ။အစက သူကသဘာဝလွန်ကိစ္စများကိုမယုံခဲ့ပေ။သို့သော်နှစ်‌တွေအများကြီးကြာခဲ့ပြီဖြစ်ကာ အိမ်မှစီစဉ်ပေးသမျှဘလိုင်းဒိတ်တိုင်းက သူနှင့်လာတွေ့သောသူများသည် တွေ့ပြီးသောအခါအမြဲတမ်းမတော်တဆဖြစ်သွားကြသည်။ဒီတစ်ကြိမ်တွင်ကျန်းစီစီကိစ္စကပိုလို့တောင်ကြီးမားသွားသည်။တွေ့တောင်မတွေ့ရသေးသော်လည်း သူမကပြုတ်ကျကာခြေထောက်ကျိုးသွားလေသည်။


လုဟယ်နျန်က ခါးသီးစွာပြုံးလိုက်သည်။အမှန်တိုင်းပြောရလျှင် သူမတတ်နိုင်ပဲယုံရတော့မည်ဖြစ်သည်။


သူက ကိုယ်ပိုင်ဖုန်းလိုင်းမှတစ်ဆင့် စိတ်မဝင်စားသောလေသံဖြင့်ပြောလိုက်သည်။


“ဟိုင်ရှီးကိုပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်ထားပေးပါ၊ ပြီးတော့ ကျိုးကော်တုန်းကိုလည်းပြန်ပြောလိုက် မနက်ဖြန်ကျငါဟိုင်ရှီးမှာသူနဲ့တွေ့မယ်လို့”


~~~


ယွင်ရုန်က တောင်အောက်ဆင်းရန်ဆုံးဖြတ်ထားသော်လည်း ဆောက်လုပ်ရေးအဖွဲ့ပြန်လာမှာကိုစိုးရိမ်နေဆဲဖြစ်သည်။ထို့ကြောင့်သူမက တန့်ချိုးတောင်ခြေတွင် အစီရင်တစ်ခုစီစဉ်ထားလိုက်သည်။သို့သော်သူမအိပ်မောကျသွားသည်မှာ နှစ်ထောင်ချီပြီဖြစ်သဖြင့် သူမစွမ်းအင်ကအရင်တုန်းကလိုမဟုတ်တော့ပေ။ဒီလိုအစီအရင်ကြီးတစ်ခုတည်ဆောက်ရန်မှာ နည်းနည်းခက်ခဲပေသည်။


သူမစိတ်ပူနေချိန်တွင် နောက်တစ်နေ့မှာဘဲ ဆောက်လုပ်ရေးအဖွဲ့ရှိခဲ့သောနေရာသို့ လူတစ်စုရောက်လာလေသည်။မနေ့ကခြောက်လွှတ်လိုက်တာမလုံလောက်သေးလို့လား၊ ဒီနေ့ထပ်လာရဲသေးတယ်ပေါ့။ယွင်ရုန်ကစိတ်စွမ်းအင်ဖြင့်လှမ်းကြည့်လိုက်သောအခါ အရင်လူများမဟုတ်သည်ကိုမြင်လိုက်ရသည်။


ထိုအစား ဒီတစ်ခေါက်ရောက်လာသူများက ဆံပင်ဖြူနေသည့်လူအိုကြီးတစ်ချို့ပင်။


မနေ့ကလူများကငယ်ရွယ်ကာ ကြံ့ခိုင်သဖြင့် သူတို့ကိုခြောက်လန့်ရာ၌ ဘာစိုးရိမ်စရာမှမရှိခဲ့ပေ။သို့သော်ဒီနေ့ရောက်လာသောသူများမှာ အသက်ကြီးနေသောခန္ဓာကိုယ်နှင့် အရိုးအိုများရှိ၏။သူတို့ကိုခြောက်လန့်ဖို့မပြောနှင့် သူမလက်ချောင်းလှုပ်လိုက်ရုံဖြင့်တင် ထိုသူများ၏ဝိဉာဉ်က မြေအောက်လောကသို့ပြန်သွားမှာကိုစိုးရိမ်မိသည်။


ယွင်ရုန်က ခနတာလောက်စိတ်ဆင်းရဲသွားသည်။


“လောင်တင်း ဒီကျောက်စိမ်းပိုင်းလေးကိုကြည့်စမ်း ကြည့်ရတာ အနောက်ကျိုးမင်းဆက်ကလက်ရာတွေလိုဘဲ”


“လောင်လင်း ငါကြည့်ရသလောက် ဒီကျောက်စိမ်းကွင်းတွေက ကျူးလုံကျောက်စိမ်းကွင်း*တွေဘဲ၊ ဒါပေမယ့် အဆစ်ပိုင်းတွေနေရာမှာအချောသတ်ထားတာက ပိုပြီးချောချောမွေ့မွေ့ရှိတယ်”

(Tn:ကျူးလုံဆိုတာက ဝက်ခေါင်းနဲ့နဂါးခန္ဓာကိုယ်လိုရှည်လျားတဲ့အမြီးက ခေါင်းထိခွေပြီး ကွင်းပုံစံကျောက်စိမ်းကိုပြောချင်တာပါ သန္ဓေသားလိုခွေနေတယ်လို့ဖော်ပြထားပါတယ်)


“ဒီကျောက်စိမ်းတွေက သေးသေးလေးဘဲရှိအုန်းမယ်လို့ငါထင်တယ်၊ ငါခုနတုန်းကအနားတစ်ဝိုက်ကိုစစ်ဆေးကြည့်လိုက်တော့ တိရစ္ဆာန်အရိုးတစ်ချို့လည်းတွေ့တယ်၊ ဒါတွေပေါ်မူတည်ပြီးကြည့်ရင် ဒီနေရာမှာကျိုးမင်းဆက်ကအုတ်ဂူတစ်ခုရှိခဲ့မယ်လို့ ခန့်မှန်းမိတယ်” 


“ငါကတော့ အုတ်ဂူလို့မထင်ဘူး၊ မြေမျက်နှာပြင်အနက်က အုတ်ဂူတစ်လုံးရဲ့အနက်နဲ့မတူဘူး၊ ဒီနေရာကအုတ်ဂူဖြစ်စေ၊မဟုတ်သည်ဖြစ်စေ ဒီရှေးဟောင်းကျောက်စိမ်းတွေကိုရှာတွေ့လိုက်မှတော့ ဒီရှာဖွေတွေ့ရှိမှုက လောကကြီးကိုတုန်လှုပ်သွားစေမယ်လို့ ငါခံစားမိနေတယ်၊အဲ့ဒါကြောင့်မလို့ သူတို့ဒီနေရာမှာဘာဆောက်လုပ်ရေးမှလုပ်လို့မဖြစ်ဘူး”


“ဟုတ်တယ် ဘာဆောက်လုပ်ရေးမှဆက်လုပ်လို့မရဘူး”


ယွင်ရုန်က နေ့တစ်ဝက်လောက်ထိသူတို့ပြောတာကို‌နားထောင်နေသော်လည်း ဒီလူအိုကြီးများက ဤအသုံးမဝင်သည့်ကျောက်စိမ်းလှူဖွယ်ပစ္စည်းများနှင့်ဘာလုပ်နေတာလဲနားမလည်သေးပေ။ထိုရှေးဟောင်းကျောက်စိမ်းများအားလုံးသည် အခုဆိုလျှင်မြေကြီးအောက်မြုပ်နေပြီဖြစ်သည်။ ၎င်းတို့ကိုလွန်ခဲ့သည့်နှစ်သုံးထောင်ကျော်က လူသားများဒီကိုလာပြီး ရာသီဥတုကောင်း၊ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝမှုများဆုတောင်းရာတွင် ပူဇော်ကပ်သခဲ့ခြင်းဖြစ်သည်။


တကယ်တမ်းတွင် သူမက ဤကျောက်စိမ်းများကိုလုံးဝမသုံးပေ။သူမကိုယ်တိုင်လည်း တန့်ချိုးတောင်ပေါ်တွင် ရှေးဟောင်းကျောက်စိမ်းဘယ်လောက်များများပြန့်ကျဲနေလဲမသိပေ။ဤအရာများကိုလူသားများဆက်သလာခြင်းဖြစ်ပြီး မည်သို့ပင်ဆို‌စေလူသားများ၏‌စစ်မှန်သောခံစားချက်ဖြစ်ရာ မငြင်းလိုက်တော့ပေ။


သို့သော်သူမ နားမလည်လိုက်လည်းကိစ္စမရှိပေ။ယွင်ရုန်က စကားတစ်ကြောင်းကိုတော့နားလည်လိုက်သည်၊ ဆောက်လုပ်ရေးကိုဆက်လုပ်လို့မဖြစ်ဘူးတဲ့။ဒီလူအိုကြီးများသည် မနေ့ကလူများအားဆောက်လုပ်ရေးဆက်မလုပ်အောင်တားနိုင်ပါက ဒီကျောက်စိမ်းများကိုပေးလိုက်ရလျှင်လည်း စိတ်မရှိပေ။


ယွင်ရုန်က တကယ်ကိုရက်ရောနေ၏။


ဘယ်လိုဘဲဖြစ်ဖြစ် သူမမှအဲ့ဒါတွေကိုမကြိုက်တာ။


ဤသို့တွေးလိုက်သောအခါ ယွင်ရုန်က တတ်နိုင်သမျှ‌မြန်မြန်တောင်အောက်ဆင်းပြီး လူသားများ၏ဖွံ့ဖြိုးတိုးတက်မှုများကိုကြည့်ရရန် မစောင့်နိုင်တော့ပေ။အလုပ်လုပ်စရာမရှိသောဤအချိန်ကိုအခွင့်ကောင်းယူကာ သူမက လူသားပိုက်ဆံများကိုမြန်မြန်စုပြီး တန့်ချိုးတောင်ကိုဝယ်ရလိမ့်မည်။


ယွင်ရုန်က တန့်ချိုးတောင်မှအနီးဆုံးဖြစ်သည့် ဟိုင်ရှီးသို့ရောက်လာခဲ့သည်။သူမကအနားတစ်ဝိုက်ကိုလိုက်ကြည့်ရင်းလျှောက်လာကာ ထူးဆန်းသောအသစ်သစ်အရာဝတ္ထုများကို အလွန်သိချင်နေ၏။လူသားလောကကြီးက နှစ်ပေါင်းသုံးထောင်ကြာပြီးနောက်တွင် ဒီလောက်ကြီးမားသည့်ပြောင်းလဲမှုမျိုးဖြစ်သွားမည်ဟုမထင်ထားခဲ့ပေ။အရင်နေ့များကဆိုလျှင် လူသားများကထောင်ကျော်လောက်သာရှိခဲ့သော်လည်း ယခုတွင်မူလမ်းမတိုင်းကလူများဖြင့်ပြည့်နှက်နေလေသည်။တစ်ဖက်တွင် မိစ္ဆာနှင့် သရဲတစ္ဆေများ၏အရိပ်အယောင်ဟူ၍မတွေ့ရပေ။


ထူးဆန်းသည့်အသစ်သစ်သောအရာများကြောင့် အလွန်ပျော်ရွှင်သွားမည့်အစား အစမှအဆုံးထိယွင်ရုန်က ပိုက်ဆံရှာရမည့်အကြောင်းမေ့မသွားပေ။သူမကဖြေးဖြေးချင်းလျှောက်လာကာ မြို့လည်သို့ရောက်လာပြီး သူမမစီစဉ်ခင်တွင် အရင်ဆုံးအခြားသူများကပိုက်ဆံရှာဖို့ဘယ်လိုပြင်ဆင်ကြသည်ကိုကြည့်ရန်လုပ်လိုက်သည်။


ဟိုင်ရှီးစီးပွားရေးခရိုင်၏လူသွားလူလာဇုန်တွင် လီချွယ့်ဇီက သစ်ပင်အရိပ်အောက်၌ အဝါရောင်ပိတ်စကိုဖြန့်ချလိုက်သည်။ပိတ်ရက်ဖြစ်သဖြင့် လူသွားလူလာဇုန်၌ လူများလိမ့်မည်ဖြစ်သည်။သူကနေရာကောင်းတစ်ခုရရန်အတွက် အထူးတလည်ကိုစောစောလာခဲ့ခြင်းဖြစ်သည်။ဒီနှစ်ရက်အတွင်းရှာနိုင်မည့်ငွေက တစ်ပတ်လုံးစာနှင့်ညီနေမည်ကိုသူသိနေ၏။

 

သူက စီရင်ထားသည့်ကြေးနီပြားများ၊ သံလိုက်အိမ်မြှောင်နှင့် အဝါရောင်အဆောင်စာရွက်များကို တစ်ခုပြီးတစ်ခုနေရာချလိုက်ပြီး‌နောက် မေးစေ့တွင်ကပ်ထားသော သန့်ရှင်းသပ်ရပ်သည့်မုတ်ဆိတ်မွှေးအတုကိုသပ်လိုက်သည်။အလုပ်စရန်အဆင့်သင့်ဖြစ်ပြီဖြစ်သည်။


ယွင်ရုန်က လူသွားလူလာဇုန်သို့လျှောက်လာကာ အဝေးမှနေ၍ လီချွယ့်ဇီတစ်ယောက်လုပ်နေသည်များကိုမြင်နေရ၏။သူ့ပစ္စည်းများကိုနေရာချပြီးပြီးချင်းမှာဘဲ မိန်းမငယ်တစ်ယောက်ကသူ့ရှေ့၌ရပ်သွားသည်။လီချွယ့်ဇီက စကားနည်းနည်းသာပြောလိုက်ပြီးနောက် ထိုမိန်းကလေးက အစိမ်းရောင်ငွေစက္ကူတစ်ရွက်ကိုထုတ်ကာ သူ့ကိုပေးလာ၏။ထို့နောက်သူမလက်ထဲမှ အဝါရောင်အဆောင်စာရွက်ကိုပျော်ရွှင်စွာဆုပ်ကိုင်ပြီးထွက်သွားလေသည်။

 

ယွင်ရုန်သိသည်၊၎င်းက ယွမ်ငါးဆယ်ပင်။ဝူစုန့်ယာ၏မှတ်ဉာဏ်ထဲ၌ သူမမြင်ဖူး၏။


ယွင်ရုန်တစ်ယောက်ထူးဆန်းသလိုခံစားလိုက်ရသည်။ခုနတုန်းကထိုယောက်ျားပြောခဲ့သည့်စကားများကိုသူမ ကြားလိုက်ရ၏။


“မိန်းမငယ်လေး မင်းမျက်နှာကိုဖတ်ကြည့်လိုက်တော့ မင်းဘဝမှာရိုမန့်တစ်ဆန်တဲ့အချစ်ရေးတစ်ခုရှိမယ်လို့မြင်လိုက်ရတယ်၊ မင်းရဲ့အတန်းဖော်ကိုသွားဝန်ခံတော့မှာလား”


“အဲ့ဒါကချောချောမွေ့မွေ့ဖြစ်မှာမဟုတ်ဘူးလို့ မြင်နေရတယ်၊ အဲ့ဒီအတန်းဖော်ကမင်းကိုတကယ်သဘောကျတယ် ဒါပေမယ့်ကြားမှာဝင်နှောင့်နေတဲ့သူရှိနေတာ၊ ဒီအချစ်ရေးအဆောင်ကိုဝယ်ပြီး ဆောင်ထားလိုက်ပါလား၊ ဒါကိုဝယ်သွားတဲ့ချစ်သူစုံတွဲတိုင်းက ရလဒ်ကောင်းကြတယ်”


ဤသို့ဖြင့်သူကယွမ်ငါးဆယ်ရသွား၏။ကြည့်ရတာ ပိုက်ဆံရှာဖို့ကမခက်သလိုပါဘဲ။


သို့သော်ထိုသူပြောခဲ့သမျှအားလုံးသည် မှားနေပေသည်။ သူက မိန်းမငယ်လေး၏မျက်နှာသည် အချစ်ရေးကိုကိုယ်စားပြုသည့် နွေဦး၏အရောင်အသွေးများရှိနေသည်ဟုဆိုခဲ့၏။သို့သော်သူမ၏အသက်ရှူသံကကသောင်းကနင်းဖြစ်နေသဖြင့် ကံကြမ္မာအရလက်ထပ်သည့်အဆင့်ထိမရောက်နိုင်သောအချစ်ရေးမျိုးဖြစ်သည်။တွေ့ဆုံဖို့ကြမ္မာဖန်လာသော်လည်း အတူရှိဖို့ကံမပါသည်နှင့်ပိုတူ၏။


ကံကြမ္မာအရ ကြိုတင်သတ်မှတ်ထားသောအိမ်ထောင်ရေးသည် မိုးကောင်းကင်မှပေါင်းစည်းပေးခြင်းဖြစ်သည်။မရေရာသည့်အချစ်ရေးအဆောင်တစ်ခုက မပြောင်းလဲပေးနိုင်ပေ။မဟုတ်ရင် အရာအားလုံးကရှုပ်ထွေးသွားတော့မှာပေါ့။


ယွင်ရုန်ကခေါင်းကိုအသာခါလိုက်သည်။လူသားတွေရဲ့ပါးစပ်က အမှန်တရားတွေမထွက်တော့ပါလား၊အရင်နဲ့မတူတော့ဘူး။


သူမကလီချွယ့်ဇီဆီသို့ ဖြေးဖြေးချင်းလျှောက်လာ၏။ခေါင်းငုံ့ထားသောလီချွယ့်ဇီက တစ်ယောက်ယောက်ရပ်နေသည်ကိုခံစားမိသဖြင့် မော့ကြည့်လိုက်သောအခါ အိုဟောင်းပြီးညစ်ပေနေသည့်အဝတ်များဝတ်ထားသော မိန်းမလှတစ်ယောက်ကိုမြင်လိုက်ရသည်။မိန်းမငယ်လေးက အရွယ်အပြည့်အဝရောက်သေးပုံမပေါ်ဘဲ သူမမျက်လုံးများကကြည်လင်တောက်ပနေပြီး ရိုးသားအပြစ်ကင်းစင်သည့်ပုံပေါ်၏။



သူ့စိတ်ထဲတွင် ကြိတ်ပျော်သွားသည်။ဒီလိုမိန်းမငယ်လေးများက လိမ်ညာဖို့အလွယ်ဆုံးဖြစ်သည်။စကားနည်းနည်းပြောလိုက်ရုံဖြင့်တင် အလိုအလျောက်ပိုက်ဆံထုတ်ပေးလာလိမ့်မည်။


ထိုသို့တွေးလိုက်ပြီးနောက် လီချွယ့်ဇီက သူ့မုတ်ဆိတ်ကိုဆန်းကြယ်စွာသပ်လိုက်ကာ ယွင်ရုန်ကိုကြည့်ပြီးပြောလာ၏။

“မိန်းကလေး မင်းရဲ့ယင်ထန်*ထဲမှာ အမှောင်စွမ်းအင်ဖျော့ဖျော့ကိုငါမြင်နေရတယ် ဒီနှစ်ရက်အတွင်း မင်းဘေးဒုက္ခနဲ့ကြုံရမှာကိုစိုးရိမ်မိတယ် အိုင်းးး”

(Tn:ယင်ထန် yin tang-ချိပ်တံဆိပ်ခန်းမ hall of seal လို့အဓိပ္ပါယ်ရပြီး မျက်ခုံးနှစ်ခုကြားကအလယ်နေရာကိုပြောတာပါတဲ့) 


“ဘေးဒုက္ခလား”

ယွင်ရုန်ကမျက်မှောင်ကြုတ်ကာ လီချွယ့်ဇီကိုကြည့်လာသည်။


“ကျွန်မကဘေးဒုက္ခကြုံရမယ်လို့ ရှင်တကယ်မြင်လိုက်တာလား”

သူမရင်ထဲတွင်ရယ်ချင်သွား၏။ဒီလူက သူမကိုလှည့်စားဖို့ကြိုးစားနေတုန်းဘဲ။


“ဟုတ်တာပေါ့ မိန်းကလေးရယ်၊ ဒီနေ့မှာ ငါမင်းကိုစတနာနဲ့သတိပေးလိုက်တာ၊ မင်းနားမထောင်ချင်ရင်လည်း ဘာမှမတတ်နိုင်ဘူး၊ ဒါပေမယ့်ငါ၊ မသေမျိုးတစ်ဝက်လီမျိုးရိုးက မဟုတ်မမှန်တာကိုတစ်ခါမှမပြောဖူးဘူး သုံးရက်အတွင်း မင်းကသွေးလွှမ်းမယ့်ဘေးဒုက္ခကိုကြုံရလိမ့်မယ်”

လီချွယ့်ဇီက ယွင်ရုန်၏တုံ့ပြန်မှုကိုမြင်သောအခါ သူ့ဟောကြားချက်ကသူမကိုစိုးရိမ်အောင်လုပ်လိုက်ပြီဟု ထင်သွားသည်။သူ့ကိုယ်သူအလွန်စိတ်ကျေနပ်သွား၏။


သူကဒီထက်ပိုပြင်းထန်တာမျိုးကိုပြောချင်သွားသည်။စကားလုံးနည်းနည်းဖြင့်ကြောက်ရွံ့သွားသည့် ဒီလိုမိန်းမငယ်မျိုးက ဘာမဆိုယုံကြလိမ့်မည်။


“မိန်းကလေးက ဒီကိုလာတာဒါပထမဆုံးထင်တယ်၊ ဒီလူသွားလူလာဇုန်မှာ ဒီလူ့နာမည်ကိုမသိတဲ့သူမရှိဘူး၊ ငါမင်းကိုတွက်ချက်ပေးမယ်လေ မင်းကငယ်သေးတယ် ဘဝကအရှည်ကြီး‌ရှိသေးတာ၊ တစ်ခုခုဖြစ်သွားရင် တစ်ဘဝလုံးနောင်တရနေရမှာနော်”


လီချွယ့်ဇီက ပိုလေးနက်သောလေသံဖြင့်ဆက်ပြောလာ၏။


ယွင်ရုန်ကမျက်တောင်ခတ်လိုက်ကာ မမျှော်လင့်ထားစွာဖြင့်ပြန်ဖြေလာ၏။


“ရှင်ကဒီလောက်အရည်အချင်းရှိမှတော့ ကိုယ့်ဘဝကိုယ်ဘာလို့မတွက်ကြည့်တာလဲ၊ ရှင့်ပုခုံးပေါ်မှာ နက်မှောင်ပြီးအားကောင်းတဲ့မီးတောက်တွေရှိနေတာကို ကျွန်မမြင်နေရတယ်၊ သွေးကိုရည်ညွှန်းတဲ့အနီရောင်ကြိုးမျှင်က ရှင့်မျက်ခုံးထိပ်ကိုရောက်တော့မှာ၊ နေ့တစ်ဝက်တောင်မကြာဘူး သွေးလွှမ်းမယ့်ကပ်ဘေးတစ်ခုက ရှင့်အပေါ်ကျလာလိမ့်မယ်၊ ဒီကပ်ဆိုးကိုရှောင်လွဲလိုက်နိုင်ရင်တောင်မှ ရှင့်အနာဂတ်မှာအကျဉ်းချခံရတာမျိုးရှိနေဦးမှာကို စိုးမိတယ်”


⛰️