Chapter 6
Viewers 1k

⛰️Chapter 6.

လူကယ်ခြင်း။ 



“ဟေ့ ဒီမိန်းကလေး。。。。”


လီချွယ့်ဇီက လူလိမ်တစ်ယောက်ဆိုလျှင်တောင်မှ သူ့လုပ်ငန်းကိုကျွမ်းကျင်ပိုင်‌နိုင်ပြီး လှည့်စားနိုင်ရန်အတွက်အပြင် သူ့ဆိုင်ခန်း၌အချိန်ကုန်စေရန်အတွက် လိုင်စင်မဲ့စာအုပ်တစ်ချို့ကိုဖတ်ဖူး၏။ယွင်ရုန်ပြောသည်ကိုကြားလိုက်ရသောအခါ သူ့ရင်ထဲတွင်ဒိတ်ခနဲဖြစ်သွားသည်။


ဤစကားလုံးများက သူပြောသည်နှင့်ယှဉ်လျှင် ပို၍ပြင်းထန်သေးသည်။သူ့အသားအရေက ချက်ချင်းပင်မူမမှန်‌တော့ဘဲ ပြန်ပြောလာသည်။


“ဘာပေါက်ကရတွေလာပြောနေ。。。。”


အစက ယွင်ရုန်သည် လီချွယ့်ဇီက အလွန်ကောက်ကျစ်ပြီး စက်ဆုပ်ဖွယ်ကောင်းသောသူမဟုတ်ဟုမြင်ခဲ့ခြင်းဖြစ်သည်။သူမကသူနှင့်တွေ့ဆုံရသဖြင့် စကားအနည်းငယ်ပြောပေးလိုက်ခြင်းပင်။သူယုံမယုံက ကိစ္စမရှိပေ။သူမကပြန်ပြောလိုက်သည်။


“ကျွန်မကပေါက်ကရတွေပြောနေတာမဟုတ်ဘူး ယုံမယုံကရှင့်သဘောဘဲ”


လူနှစ်ယောက်က လူသွားလူလာဇုန်အလယ်တွင် ဆူညံစွာပြောနေကြသဖြင့် တစ်ချို့ဖြတ်သွားဖြတ်လာများက စိတ်လှုပ်ရှားစရာပွဲကိုရပ်ကြည့်လာကြသည်။


အစပိုင်းတွင် လီချွယ့်ဇီကဆက်ငြင်းခုန်ချင်သော်လည်း လူများကဝိုင်းကြည့်‌နေသည်ကိုမြင်သောအခါ မပျော်မရွှင်ဖြစ်နေသောအမူအရာကိုပြန်ထိန်းလိုက်ပြီး လေတွေမိုးတွေကမလှုပ်ခါနိုင်သည့် ‌မသေမျိုးဆရာကြီးပုံစံပြန်ဖမ်းလိုက်သည်။


“မင်း ဒီမိန်းကလေးက စေတနာကိုနားမလည်ဘူးဘဲ၊ မင်းမယုံမှတော့ ငါလည်းဘာမှမတတ်နိုင်တော့ဘူး ဒါပေမယ့်ဒီကပ်ဘေးကရှောင်ဖို့ခက်ခဲတယ်နော် အိုင်းးး သွား သွား。。。。ကံကြမ္မာအရငါ့ဆီရောက်လာမယ့်သူတွေကိုပိတ်မနေနဲ့”


ယွင်ရုန်က မျက်စိများကိုမှေးလိုက်သည်။သူမက ဖြစ်တောင့်ဖြစ်ခဲ စေတနာထားလိုက်ခြင်းဖြစ်သော်ငြား ဒီလူက လက်မခံသေးပေ။အဲ့လိုဆိုမှတော့ နောက်ကျမှသူမကိုအပြစ်မတင်နဲ့။သူမကခေါင်းညိတ်ကာ ပြောလိုက်သည်။


“အမှန်ဘဲ ကပ်ဘေးကရှောင်လွဲဖို့ခက်ခဲတယ်”


ဤစကားထွက်လာသောအခါ ခွေးခြေခုံပေါ်တွင်ထိုင်ပြီး မဒမ်တစ်ယောက်ကိုလက္ခဏာကြည့်ပေးနေသည့် လီချွယ့်ဇီတစ်ယောက် ရုတ်တရက်ကျောချမ်းလာသည်။သူက လည်ပင်းကိုအလိုလိုထိကြည့်လိုက်သော်လည်း ဘာမှရှိမနေပေ။


“လူကိုလာလိမ်နေတယ်”

လီချွယ့်ဇီက မျက်မှောင်ကြုတ်ကာ သူ့စိတ်ထဲတွင်ကျိန်ဆဲလိုက်သည်။လုပ်နေတာဖြင့်ကြာနေပြီကို တောသူမလေးတစ်ယောက်ရဲ့စကားတွေကြောင့် လန့်သွားရတယ်လို့။သို့သော် သူဘာမှမပြောရသေးခင်တွင် လူအုပ်ထဲမှအော်သံတစ်ခုထွက်လာ၏။


ယွင်ရုန်က ခပ်ဝေးဝေးသို့မရောက်သေးပေ။ရုတ်တရက် သူမအမူအရာကလေးနက်လာ၏။သူမက လူသွားလူလာဇုန်၏ဆန့်ကျင်ဘက်နေရာသို့ အကြည့်ရွှေ့လိုက်သည်။ထိုနေရာ၌ အရောင်စုံအဆောက်အဦးများတန်းစီနေကာ နံရံပေါ်တွင်ကာတွန်းပုံများခြယ်ထား၏။အပြင်ဘက်မှနေ၍ ‌ချစ်စရာကလေးငယ်များကို ဆရာမများကဦးဆောင်ပြီးခေါ်လာသည်ကို ခပ်ရေးရေးမြင်နေရသည်။ကစားကွင်း‌ထဲတွင် ပျော်ရွှင်နေသောဆူညံသံများပြည့်နှက်နေပေသည်။


နံရံပေါ်တွင် ဟိုင်ရှီးကျီကွမ်းမူကြိုကျောင်းဟူသည့် စကားငါးလုံးက ဆယ်မီတာအဝေးမှပင် ရှင်းရှင်းလင်းလင်းမြင်နေရ၏။


အခုချိန်က ညနေခင်းလေးနာရီလောက်ရှိနေပြီဖြစ်သည်။မိဘများက သူတို့ကလေးများကိုလာကြိုရန် မူကြိုကျောင်းတံခါးရှေ့၌ စုဝေးနေကြသည်။ မကြာခင်မှာဘဲ မူကြိုကျောင်း၏အလိုအလျောက်တံခါးက ဖြေးဖြေးချင်းပွင့်လာသည်။


ဤအချိန်မှာဘဲ လူအုပ်လည်မှ ဆူပူမှုတစ်ခုဖြစ်လာသည်။အော်သံတစ်ချက်က သဟဇာတဖြစ်နေသောလေထုကိုထိုးဖောက်သွားသည်။。。。。


“အားးကယ်ကြပါဦး。。。。”


မကောင်းတော့ဘူး။ယွင်ရုန်ရင်ထဲ၌ လေးလံလာသည်။သူမ၏အေးချမ်းကာ တည်ငြိမ်သောအသွင်က  ချက်ချင်းပျောက်ကွယ်သွားသည်။သူမက မူကြိုကျောင်းဆီသို့ အမြန်သွားလိုက်သည်။


မျက်စိတစ်မှိတ်အတွင်းတွင် လမ်းမပေါ်မှကားမောင်းသူများရှေ့၌ သိမ်မွေ့သည့်အရိပ်တစ်ခုကဖြတ်ခနဲပြေးသွားပြီး ကားမောင်းသူများကိုအလျင်စလိုဘရိတ်အုပ်မိသွားစေ၏။သူတို့ပြန်ကြည့်လိုက်သောအခါ လမ်းပေါ်တွင်ဘာမှမရှိသဖြင့် ဒရိုင်ဘာများအားသူတို့ဘဲအမြင်မှားသလိုထင်မှတ်သွားစေသည်။


ယာဉ်ကြောထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းတစ်ဦးက မတော်တဆမှုများမရှိစေရန်အတွက် ယာဉ်ကြောစောင့်ကြည့်ရေးကင်မရာကိုကြည့်နေချိန်တွင် ရုတ်တရက်ဆိုသလိုမျက်လုံးပြူးသွား၏။ခုနတုန်းကဘယ်သူလမ်းကူးသွားတာလဲ။


“မင်းမြင်လိုက်လား အဲ့ဒီမိန်းမငယ်လေးရဲ့အရှိန်က နိုင်ငံ့အားကစားသမားနဲ့တောင်ယှဉ်လို့ရတယ်”

သူက သူ့လုပ်ဖော်ကိုင်ဖက်ကို ပြောပြရင်းရယ်နေ၏။


သူပြောနေသည်ကိုကြားသောအခါ သူ့လုပ်ဖော်ကိုင်ဖက်ကလှည့်ကြည့်လိုက်သည်။ထို့နောက်သူ့အမူအရာကချက်ချင်းပြောင်းလဲသွားလေသည်။

“မြန်မြန်လေး ခေါင်းဆောင်ချင်း ယွမ်လုအဖွဲ့ကိုဆက်သွယ်လိုက် ကျီကွမ်းမူကြိုကျောင်းမှာ အရေးပေါ်ကိစ္စတစ်ခုဖြစ်နေတယ်”


အခုလေးတင်ရယ်မောနေသည့် ယာဉ်ထိန်းရေးဝန်ထမ်းက အလန့်တကြားထခုန်လိုက်သည်။ချက်ချင်းပင် သူ့အမူအရာကလေးနက်သွားပြီး ဆတ်ခနဲထကာ ထွက်သွားလေသည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ယွင်ရုန်ကမူကြိုကျောင်းပေါက်သို့ရောက်လာလေသည်။ဂိတ်ဝနှင့်သိပ်မဝေးသောနေရာ၊ ပွက်လောရိုက်မှုများ၏အလယ်၌ အမျိုးသားတစ်ယောက်သည် ညစ်ပေနေသည့်တီရှပ်ဝတ်ထားပြီး သူ့ဆံပင်ကိုစုစည်းထားကာ ခြေညှပ်ဖိနပ်နှင့် မျက်နှာပေါ်တွင်ဗျာများနေသောအမူအရာဖြင့်ရှိနေ၏။လက်တစ်ဖက်က အသီးလှီးဓားကိုကိုင်ထားကာ ကျန်လက်တစ်ဖက်က အရပ်ပုပုနှင့်ခပ်ဝဝကောင်ငယ်လေးကိုဖက်ထားလေသည်။


“ခင်ဗျားတို့လိုချမ်းသာတဲ့သူတွေ ကိုယ့်ကိုကိုယ်အံ့မခန်းလို့ထင်နေကြမှာဘဲဟုတ်လား၊ လူတိုင်းကအတူတူဘဲ ကျုပ်တို့အားလုံးကလူတွေပါ ကျုပ်ကသေလောက်အောင်အလုပ်ကြိုးစားနေရပေမယ့် ခင်ဗျားတို့က စားကောင်းသောက်ကောင်းဖြစ်နေကြတာ၊ ကျုပ်တစ်ခါတည်းပြောလိုက်မယ် ခင်ဗျားတို့အားလုံးနောင်တရစေရမယ်၊ ခင်ဗျားတို့ရဲ့တစ်သက်လုံးနောင်တရသွားစေရမယ်”


ထိုယောက်ျား၏မျက်လုံးများကသွေးလိုနီရဲနေ၏။ရူးသွပ်စွာရယ်မောနေရင်း သူ့လက်ထဲတွင်သယ်ထားသည့်ဖက်တီးလေးကို အင်အားအကုန်ဖြင့်လွှဲရမ်းနေလေသည်။


“ပါးပါး သားအိမ်ပြန်ချင်တယ် သားအိမ်ပြန်ချင်တယ်。。。。。”

ထိုယောက်ျားကလှုပ်ရမ်းလေလေ ကလေးကကြောက်လေလေဖြစ်ကာ အသံကျယ်ဖြင့်အော်ငိုလာလေသည်။ကောင်လေးငိုလာသောအခါ ထိုယောက်ျား၏မျက်နှာက  ပို၍ရက်စက်ကြမ်းကြုတ်လာပြီး ကျန်လက်ထဲမှအသီးလှီးဓားကို ဦးတည်ရာမဲ့ရမ်းနေ၏။


ထိုလူနှင့်မျက်နှာချင်းဆိုင်တွင် လုံခြုံရေးဆယ်ယောက်နှင့် ဆရာ/မများရှိနေပေသည်။သို့သော် ကလေးကိုဆွဲယူရာတွင် အန္တရာယ်ရှိမည်ကိုစဉ်းစားနေရသဖြင့် သူတို့က မဆင်မခြင်မလုပ်ရဲပေ။


ယွင်ရုန်က စိတ်အနှောင့်ယှက်ဖြစ်ကာ နှုတ်ခမ်းထောင့်ကိုကိုက်လိုက်မိသည်။တန့်ချိုးတောင်နားကဒေသမှာ လာပြီးရမ်းကားရဲတယ်ပေါ့။မဆင်မခြင်လုပ်လိုက်တာဘဲ။သူမနှာဖျားအောက်မှာ လှုပ်ရှားရဲနေတာ၊သူမကိုသေပြီလို့များ ထင်နေကြသလား။


ယွင်ရုန်က ထူထပ်နေသောလူအုပ်ကြီးကိုကြည့်ကာ။ခေါင်းကိုက်သွားသည်။လူတွေအများကြီးကြည့်နေတော့ သူမလှုပ်ရှားဖို့ကအဆင်ပြေ‌မနေဘူး။ဒါပေမယ့် အခြားနည်းလမ်းမှမရှိတော့တာ၊သူမကစိတ်ပိုင်းဖြတ်ကာ လူယုတ်မာနှင့်သိပ်မဝေးသောနေရာသို့ရောက်လာသည်။


“မိန်းကလေး မြန်မြန်ဘေးဖယ်နေ”

သိပ်မဝေးသောနေရာမှ ရဲအရာရှိတစ်ယောက်က အခုလေးတင်ကားပေါ်မှဆင်းလာ၏။လူယုတ်မာနား၌ မိန်းကလေးတစ်ဦးရောက်လာသည်ကိုမြင်သောအခါ ချက်ချင်းလှမ်းအော်လိုက်သည်။


လူယုတ်မာက ရဲအရာရှိ၏အသံကိုကြားသောအခါ ပျာယာခတ်လာပြီး သူ့လက်ထဲမှဓားက ဖက်တီးလေးကိုချိန်ထားကာ ထိုးဖို့အသင့်ဖြစ်နေပြီဖြစ်သည်။ 


“အားးးး”


လူအုပ်ထဲမှကြောက်ရွံ့နေသောအသံတစ်ခုထွက်လာ၏။ဘယ်သူကမှ ဒီလိုမြင်ကွင်းကိုမကြည့်ရက်ပေ။ဒီလိုအလျင်မျိုးနှင့်ဆိုလျှင် သေချာပေါက် အသီးလှီးဓားကိုပုတ်ထုတ်နိုင်ရန် ဘာမှမလုပ်နိုင်တော့ပေ။


လူတိုင်းက မျှော်လင့်ချက်မဲ့နေချိန်တွင် တောက်ပပြီးခမ်းနားတင့်တယ်သည့်အသွင်အပြင်ရှိသောမိန်းမငယ်လေးက လေအလျင်နှင့်ရှေ့ကိုတိုးလာကာ လူတိုင်း၏အလယ်တွင်ဖြတ်ခနဲပုံရိပ်ကိုသာချန်ထားခဲ့သည်။မျက်စိတစ်မှိတ်အတွင်းတွင် သူမကလူယုတ်မာနောက်ကိုရောက်လာပြီးနောက် ခြေထောက်ကိုမြှောက်ကာ သူ့နောက်ဘက်ကိုကန်လိုက်တော့သည်။


နာကျင်သည့်ညည်းသံတစ်ခုထွက်လာကာ လူယုတ်မာကလက်များကိုဖြေလျော့လိုက်သည်။ကောင်လေးမြေကြီးပေါ်သို့ပြုတ်ကျလာသည့်အသံကိုကြားလိုက်ရသောအချိန်တွင် လူယုတ်မာကလွင့်ထွက်သွားပြီး ဆယ်မီတာအကွာမှကစားကွင်းဆီသို့လွင့်သွားပြီး ကလေးစီးလျှောဘေးသို့ကျသွားလေသည်။


ချက်ချင်းပင်လူအုပ်ကြီးက ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ကောင်လေး၏အဖေနှင့်အမေက သူတို့သားဆီသို့တွားသွားကာ ဖက်ထားလိုက်သည်။သူတို့ကယွင်ရုန်ကိုကျေးဇူးတောင်မတင်နိုင်သေးဘဲ မျက်လုံးမှ မျက်ရည်များစီးကျလာကြသည်။


မူကြိုကျောင်းလုံခြုံရေးများနှင့် ရဲများက လူယုတ်မာပြုတ်ကျလာသောနေရာသို့ ပြေးလာကြသည်။ယွင်ရုန်က သူမခြေထောက်ကိုရွှေ့လိုက်ကာ အခုလေးတင်ကန်လိုက်တာက အတော်လေးအားလျော့ထားသည်ကိုတွေးလိုက်မိသည်။ဘယ်လိုဖြစ်ပြီး အဲ့လောက်အဝေးကြီးပျံထွက်သွားတာလဲ။ဘာမှတော့မဖြစ်လောက်ပါဘူးနော် ဟုတ်တယ်မလား။


အမှန်တွင် အရင်ကယွင်ရုန်ဆိုပါက ဒီလိုကိစ္စမျိုးကိုဂရုစိုက်မည်မဟုတ်ပေ။သူမအိပ်မောမကျခင်ထိုအချိန်တုန်းက အင်အားကြီးသူများသည်လေးစားခံရ၏။လူသားများကလည်း သေးငယ်အားနည်းနေဆဲဖြစ်ပြီး သူမ၏ကောင်းချီးပေါ်မှီခိုပြီးသာ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်တာဖြစ်သည်။သူမကဂရုမစိုက်မိဘဲလူတစ်ယောက်ကိုသတ်လိုက်မိလျှင်တောင်မှ ဘယ်သူကမှသူမကိုတစ်ခွန်းပြောရဲမည်မဟုတ်ပေ။


သို့သော် ဝူစုန့်ယာ၏လက်ရှိခေတ်ကာလမှတ်ဉာဏ်များအရဆိုလျှင် လူသားများက ဥပဒေများချမှတ်ထားကာ လူသတ်ခြင်းက ပြင်းထန်သောပြစ်မှုတစ်ခုအဖြစ်ယူဆနိုင်ပေသည်။သူမက ဒီလူ့လောကကြီးတွင် ပိုက်ဆံရှာချင်သေးသဖြင့် ဘာဥပဒေကိုမှချိုးဖောက်လို့မဖြစ်ပေ။


တစ်ဖက်တွင် ယွင်ရုန်ကန်ထုတ်သည်ကိုခံလိုက်ရသည့် လူယုတ်မာဝမ်ရိဖေးက ဆယ်မီတာအကွာသို့လွင့်ထွက်သွားသည်။သူက ခက်ခက်ခဲခဲဖြင့် ပြန်ထလိုက်ကာ သူ့ဆီနီးလာပြီဖြစ်သည့် ရဲများကိုမြင်သွားလေသည်။


ဒီအချိန်တွင်အဖမ်းခံလိုက်ရပါက သေချာပေါက် ပြစ်ပြင်းထန်သည့်ပြစ်မှုဟု ယူဆခံရမှာဖြစ်သည်။


အမြဲလိုပင် အန္တရာယ်ရှိသောအခိုက်အတန့်များ၌ လူတစ်ယောက်၏ရက်စက်အယုတ်မာဆုံးသောအတွေးများက ထိုးထွက်လာလေ့ရှိသည်။ဝမ်ရိဖေးက သူ့သွေးများတရှိန်ထိုးတက်လာသလိုခံစားမိသွားသည်။သူက အသီးလှီးဓားကို အမြန်ကောက်ကိုင်ပြီး ဘဝအတွက်တိုက်ပွဲဝင်ရန်ပြင်လိုက်သည်။


ရုတ်တရက်ပင် လျှောနောက်၌ အဖြူရောင်ကြိုးသိုင်းဖိနပ်လေးတစ်စုံကပေါ်လာခဲ့သည်။ဖိနပ်ထိပ်ဖျားမှနေ၍ ခြေချောင်းဆယ်ချောင်းက စိတ်လှုပ်ရှားစွာ‌လှုပ်ရှားနေသည်ကိုမြင်နေရ၏။လျှောနောက်မှာ ကလေးတစ်ယောက်ပုန်းနေတာဘဲ။


ဝမ်ရိဖေး၏ဦးနှောက်တစ်ခုလုံးပူတက်လာပြီး နောက်ထပ်ဓားစာခံလုပ်မည့်အတွေးများဖြင့် ပြည့်နှက်သွားလေသည်။မိုးကြိုး၏အလျင်နှင့် သူက အဖြူရောင်ကြိုးသိုင်းဖိနပ်‌စီးထားသောခြေထောက်ကိုလှမ်းဆွဲလိုက်သည်။ခရမ်းရောင်အင်္ကျီနှင့် အနီရောင်စကပ်ကိုဝတ်ထားသည့် ကလေးမလေးသည် သူ့ရင်ခွင်ထဲသို့ဖမ်းခေါ်ခံလိုက်ရလေသည်။


အသီးလှီးဓားက ကလေးမလေး၏လည်ပင်းနားတွင်ဖိထားကာ သူက ဟောဟဲလိုက်သွားပြီး အလွန်ခက်ထန်သောလေသံဖြင့်ကျယ်လောင်စွာအော်‌လိုက်သည်။


“လူတိုင်း ကျုပ်နဲ့ဝေးဝေးမှာနေလိုက်ကြစမ်း မဟုတ်လို့ကတော့ ဒီကလေးမလေးကိုအခုချက်ချင်းသတ်ပစ်လိုက်မယ်”


ဤဖြစ်ရပ်ကိုထင်မထားမိသဖြင့် လူတိုင်း၏နှလုံးသားများက ကြိုးတန်းပေါ်ပြန်ရောက်သွားပြန်သည်။


“ယွမ်ယွမ်!”


ဒီနေ့တွင် လုဟွားနျန်က ကားလမ်းပိတ်နေသဖြင့် နည်းနည်းနောက်ကျသွားသည်။ ‌မူကြိုကျောင်းပေါက်ဝသို့သူမရောက်လာသောအခါ လူများအုံနေမည်ဟုထင်မထားခဲ့ပေ။သူမကခက်ခက်ခဲခဲနှင့် လူအုပ်ထဲတိုးဝင်လိုက်ပြီးနောက်တွင် သူမ၏လေးနှစ်အရွယ်သမီးလေးက လူယုတ်မာ၏ပြန်ပေးဆွဲခြင်းခံထားရပြီး လည်ပင်းတွင်ဓားထောက်ခံထားရသည်ကိုမြင်လိုက်ရသည်။သူမရင်ထဲတွင် ဒိတ်ခနဲဆောင့်ခုန်သွားကာ မေ့လဲမတတ်ဖြစ်သွားသည်။


“မားမား သမီးကြောက်တယ်。。。。”


သနားစရာကလေးမလေး ကုယွမ်ယွမ်က ထိတ်လန့်ကြောက်ရွံ့သွားသည်။သူမကနားမလည်နိုင်ပေ၊ သူမသေချာပုန်းနေတာလေ ၊ လူဆိုးကြီးကဘယ်လိုဖြစ်ပြီးသူမကိုဖမ်းနိုင်သေးတာလဲ။


ယွင်ရုန်က မျက်မှောင်ကြုတ်ကာ ဝမ်ရိဖေးနှင့် လက်ထဲမှဓားကို စိတ်ပျက်စွာကြည့်လိုက်သည်။တကယ်ကိုဘဲ လူသားတွေရဲ့စရိုက်က ပြောင်းလဲဖို့ခက်တယ်။


“ယွမ်ယွမ် သမီးမကြောက်နဲ့နော် မားမားဒီမှာရှိတယ်”


လုဟွားနျန်က အလျင်အမြန်ပင်စိတ်တည်ငြိမ်အောင်ပြန်ထိန်းလိုက်သည်။သူမလက်ကိုတင်းတင်းဆုပ်ကာ တုန်မနေအောင်တင်းထားလိုက်ပြီး ဝမ်ရိဖေးကိုပြောလိုက်သည်။


“ရှင်နည်းနည်းလောက်စိတ်ကိုငြိမ်ငြိမ်ထားပါရှင်၊ ရှင်နဲ့ကျွန်မအတွက် ကလေးတစ်ယောက်ကိုထိခိုက်အောင်လုပ်လို့အကျိုးမရှိပါဘူး၊ ဒီကလေးကိုလွှတ်ပေးမယ်ဆိုရင် ရှင်ဘာဘဲလိုချင်ပါစေ ကျွန်မဖြည့်ဆည်းပေးပါ့မယ်”


“ချီးလိုဘဲ မင်းတို့လိုလူချမ်းသာတွေစကားပြောတာက လေလည်သလိုဘဲ၊ ဘာစကားကိုမှယုံလို့မရဘူး”

ဓားကိုကိုင်ထားသည့်ဝမ်ရိဖေး၏လက်များက ပိုနက်နက်ဖိလာသည်။


“မလုပ် မလုပ်ပါနဲ့。。。。。”


လုဟွားနျန်က စိတ်ဖိစီးစွာအော်လိုက်သည်။

“ဒီကလေးကို အလွှတ်ပေးလိုက်သရွေ့ ကျွန်မကဘာကိုမှစုံစမ်းမှာမဟုတ်သလို ရှင့်ကိုအရေးလည်းမယူပါဘူး၊ပြီးတော့ကျွန်မရှင့်ကို ငွေငါးမီလီယမ်လည်းပေးပါမယ် ကျွန်မစကားတည်မယ်လို့အာမခံပါတယ်”


လုဟွားနျန်၏စကားများက ဝမ်ရိဖေးကိုနည်းနည်း‌တွေဝေသွားစေသည်။ဒီနေ့သူမူကြိုကျောင်းကိုလာပြီး ဒီလိုလုပ်ရသည်မှာ ဒေါသထွက်ပြီးခါးသီးနေရသောကြောင့်ဖြစ်သည်။သူ ငါးနှစ်ကျော်တွဲ‌ခဲ့သည့်မိန်းကလေးက သူနှင့်လက်ထပ်မည့်အစား သူမဘော့စ်၏မယားငယ်သာဖြစ်‌ချင်နေသည်ကိုလက်မခံနိုင်ပေ။သူက ကိစ္စတစ်ချို့ကိုစုံစမ်းကြည့်ပြီးနောက် ဘော့စ်ဖြစ်သူ၏သုံးနှစ်အရွယ်သားက ဒီမူကြိုကျောင်းတွင်တက်နေသည်ကိုသိခဲ့ရသည်။ တခဏလောက် သူကထိန်းမနိုင်လောက်အောင်ဒေါသထွက်သွားပြီး ဓားတစ်ချောင်းကိုဆွဲကာ ကျောင်းဆင်းချိန်၌အထဲဝင်လာခဲ့ခြင်းဖြစ်သည်။


အခုတွင် သူ့ကိုပိုက်ဆံငါးမီလီယမ်ပေးလိုသည့် လူတစ်ယောက်ရှိလာရာ ဘယ်လိုလုပ်ပြီးမတွေဝေဘဲနေမှာလဲ။သူ့ဆီမှာငွေငါးမီလီယမ်သာရှိရင် သူမရနိုင်‌တဲ့ချစ်သူမျိုးရှိဦးမှာလား။အဲ့ဒါအပြင်ကို သူ့ကိုအလုပ်ခန့်ဖို့အခြားသူတွေကိုမှီခိုနေစရာလည်းမလိုတော့ဘူး။


“ကျုပ်ဆယ်မီလီယမ်လိုချင်တယ်”


တင်းတိမ်ရောင့်ရဲခြင်းမရှိသည့်ယောက်ျားသည် ဆင်ကိုမြိုချင်နေသည့်မြွေတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ဝမ်ရိဖေး၏နှုတ်ခမ်းများကွေးညွှတ်နေကာ သူ့မျက်လုံးများပေါက်ထွက်မတတ်နီရဲနေလေသည်။ 


လုဟွားနျန်က သဘောတူတော့မည့်အချိန်တွင် ဘယ်ချိန်တုန်းကရောက်လာလဲမသိသည့် မိန်းကလေးတစ်ဦး‌ပေါ်လာပြီး လှောင်ရယ်လာလေသည်။


“အဲ့ဒါက ရှင်လုပ်နိုင်စွမ်းရှိမရှိအပေါ်မူတည်တယ်”


ယွင်ရုန်၏အသံထွက်လာရုံလေးမှာဘဲ ခြေလှမ်းနှစ်လှမ်းသုံးလှမ်းလောက်ဖြင့် သူမကဝမ်ရိဖေးရှေ့သို့ရောက်နေပြီဖြစ်ကာ သူ့ကိုမကြည့်ဘဲအကြည့်လွှဲထား၏။အခြားလူများမြင်မည်ကိုကြောက်လို့သာ မဟုတ်ပါက သူမက သူ့အနားတောင်မကပ်ချင်ပေ။


ဝမ်ရိဖေးဘာမှပြန်မပြောနိုင်သေးခင်မှာဘဲ ယွင်ရုန်ကသွယ်လျသောလက်ချောင်းကိုဆန့်ထုတ်လာသည်။ဝမ်ရိဖေးက ဓားကိုင်ထားသောလက်၏ လက်ကောက်ဝတ်နေရာတွင် စူးခနဲနာကျင်သွားကာ အလိုအလျောက် ဓားကိုင်ထားသည့်အားကိုလျှော့လိုက်မိသည်။ချက်ချင်းပင်ဓားက လူအုပ်အလယ်သို့လွင့်ထွက်သွားလေသည်။


တစ်စက္ကန့်ကြာပြီးနောက် ယွင်ရုန်၏ခြေထောက်က ဝမ်ရိဖေး၏ဒူးများကို တစ်ဖက်ပြီးတစ်ဖက်ကန်လိုက်ကာ စူးရှသည့်ခရက်ခနဲအသံများက ရှင်းလင်းစွာကြားနေရလေသည်။ဝမ်ရိဖေးကနာလွန်းသဖြင့်အော်ဟစ်လိုက်ကာ မြေကြီးပေါ်သို့ဒူးထောက်ကျသွားလေသည်။


ယွင်ရုန်က ကလေးမလေးကိုလှမ်းဆွဲလိုက်ကာ သူမရင်ခွင်ထဲ၌ဖက်ထားလိုက်သည်။


ဤအချိန်တွင် ရဲအရာရှိနှင့်လုံခြုံရေးအစောင့်များရောက်လာပြီး လူယုတ်မာဝမ်ရိဖေးကို မြေကြီးပေါ်တွင်ဖိချုပ်ထားလိုက်သည်။စက်ဝိုင်းပုံရပ်နေသော ၎င်းကိုမြင်လိုက်ရသည့်လူများက စိတ်အားတက်ကြွသွားကာ အောင်ပွဲခံသံများကကျယ်လောင်စွာထွက်ပေါ်‌လာလေသည်။


သို့သော် ဤအခိုက်အတန့်၌ လူအုပ်ထဲမှ နာနာကျင်ကျင်အော်သံကြီးထွက်လာ၏။ခုနကအဖြစ်အပျက်များကိုကြုံလိုက်ရသဖြင့် လူတိုင်း၏ရင်ထဲ၌ကြောက်ရွံ့နေပြီဖြစ်သည်။ထို့ကြောင့် ဒီလိုအော်သံမျိုးကိုကြားလိုက်ရသောအခါလူတိုင်းက အလျင်အမြန်ပင် အော်သံထွက်လာသည့်နေရာ၌ နှစ်မီတာလောက်ရှင်းသည့်နေရာလွတ်တစ်ခုဖယ်ပေးလိုက်ကြလေသည်။



⛰️