Chapter 7
Viewers 479

⛰️Chapter 7

ယုံကြည်မှု၏စွမ်းအင်။



လီချွယ့်ဇီက လူအများ၏အလယ်၌ လဲနေကာ ပုခုံးတစ်ဖက်ကိုအုပ်ပြီး နာနာကျင်ကျင်အော်ဟစ်နေ၏။သူက ဘာဖြစ်သလဲသိချင်၍ အခုလေးတင်မှလူအုပ်ထဲဝင်လာခဲ့ခြင်းဖြစ်သည်။သူအရှေ့ထိရောက်အောင်မသွားရသေးခင်မှာဘဲ အသီးလှီးဓားတစ်ချောင်းက မိုးပေါ်မှပြုတ်ကျလာကာ သူ့ပုခုံးကအေးစက်သွားလေသည်။ဓားက သူ့ပုခုံးထဲသို့နက်ရှိုင်းစွာစိုက်ဝင်သွားသည်။


“မြန်မြန်လေး 120 ကိုခေါ်ကြ”


(Tn; 120- China emergency call center like 911)

မြေကြီးပေါ်သို့ကျလာသော သူ၏သွေးများကိုပြန်မြင်လိုက်ရသောအခါ လီချွယ့်ဇီက အမှောင်ထုကြီးကိုခံစားမိသွားသည်*။

(Tn:*‌မေ့လဲသွားတာကိုပြောတာပါ)

သူသတိမမေ့ခင်တွင် ယွင်ရုန်ပြောခဲ့သည့်စကားများက သူ့စိတ်ထဲတွင်တစ်ဝဲလည်လည်ဖြစ်နေခဲ့သည်။


သူအလွန်အမင်းကိုနောင်တရမိသည်။ထိုမိန်းကလေး၏စကားများက အလွန်‌မှန်သည်ကို သူသိခဲ့ပါက မရိုးမသားစဉ်းစားရဲခဲ့မည်မဟုတ်ပေ။သူသေချာပေါက် သူမကိုစီနီယာတစ်ယောက်လိုအလုပ်အကျွေးပြုလိုက်မှာပင်။


“မမ မမကနတ်သမီးလားဟင်”


ယွင်ရုန်က ဝမ်ရိဖေးအဖမ်းခံရသည်ကိုကြည့်နေပြီးမှ သူမလက်ထဲတွင်ကလေးတစ်ယောက်ရှိနေသည်ကို သတိရသွား၏။သူမငုံ့ကြည့်လိုက်သောအခါ မျက်လုံးရွဲကြီးများဖြင့် သူမကိုမော့ကြည့်နေသည့်ကလေးမလေးကိုမြင်လိုက်ရသည်။


ယွင်ရုန်က ချက်ချင်းပင် ရေအိုင်လေးလိုအရည်ပျော်သွားသည်။မျှော်လင့်ထားသလိုပင် ဘယ်လိုသက်ရှိဘဲဖြစ်နေပါစေ ငယ်ရွယ်သည့်သူလေးများက ချစ်စရာအကောင်းဆုံးဖြစ်သည်။ထို့အပြင်ဤကလေးမလေးက ဉာဏ်ကောင်း၏။တန့်ချိုးတောင်တွင်သူမခြောက်လှန့်ခဲ့သည့် ယောက်ျားနှင့်ယှဉ်လျှင် ဒီကောင်မလေးက အမြင်ကောင်းရှိသည်။


ယွင်ရုန်က ကုယွမ်ယွမ်ကိုမြေကြီးပေါ်ချပေးကာ မထိန်းနိုင်ဘဲ သူမခေါင်းလေးကိုပုတ်ပေးလိုက်သည်။

“ဟုတ်တယ် ဒါပေမယ့် အခြားဘယ်သူ့ကိုမှပြောပြလို့မဖြစ်ဘူးနော် ဟုတ်ပြီလား”


ကုယွမ်ယွမ်က စိတ်အားထက်သန်စွာခေါင်းညိတ်ပြသည်။

“ဘယ်သူ့ကိုမှမပြောပြဘူး ဒါကညီမလေးတို့ရဲ့လျှို့ဝှက်ချက်ဘဲ”


ကလေးမလေး၏စိတ်အားတက်ကြွနေသည့်ပုံစံကိုကြည့်ကာ ယွင်ရုန်ကခနလောက်စိတ်လွင့်သွားမိသည်။သူမမျက်လုံးထဲတွင်ဝေဝါးနေသည့်ပုံရိပ်တစ်ခုပေါ်လာ၏။သို့သော်ဘယ်လိုဘဲလုပ်နေပါစေ ၎င်းကဘယ်သူဆိုသည်ကိုသူမ မမှတ်မိပေ။သူမကနားထင်ကိုဖိလိုက်ပြီး သူမအကြာကြီးအိပ်ပျော်သွားပြီးနောက်တွင် မမှတ်မိနိုင်သည့်အရာအများပြားရှိနေမည်ကို အမြဲတွေးနေမိသည်။


ယွင်ရုန်အတွေးလွန်နေချိန်တွင် လုဟွားနျန်နှင့်သူမ၏သက်တော်စောင့်က ‌လူအုပ်ကိုတွန်းဖယ်ကာ သူတို့နှစ်ယောက်ရှေ့သို့ရောက်လာခဲ့သည်။သူမက စကပ်ဝတ်ထားသည်ကိုဂရုမစိုက်နိုင်တော့ဘဲ မြေကြီးပေါ်ဒူးထောက်ချကာ ကုယွမ်ယွမ်ကို‌တင်းတင်းပွေ့ဖက်လိုက်သည်။လုဟွားနျန်က ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးတုန်ယင်နေလေသည်။


“ယွမ်ယွမ် သမီးအဆင်ပြေတယ်နော် ၊ ဘုရားမလို့ အဆင်ပြေနေတယ်。。。。”


“မားမားးး”

အခုလေးတင် ရယ်မောကာစကားပြောနိုင်သေးသည့်ကုယွမ်ယွမ်က သူ့အမေလက်ထဲရောက်သောအခါ ရုတ်တရက်မျက်ရည်များတာကျိုးသလိုစီးကျလာပြီး ဝမ်းနည်းတကြီးငိုယိုလာလေသည်။ခုနတုန်းကဖြစ်ရပ်များက တကယ်ပင်ကြောက်လန့်စရာကောင်းသဖြင့် ကလေးမလေးငိုသွားသည်မှာပုံမှန်ဖြစ်သည်။


“မမလေး ကျွန်တော်ကားကို ဂိတ်ဝဆီမောင်းလာခဲ့လိုက်ပါ့မယ်”

ဘေးမှဒရိုင်ဘာက လေးစားစွာပြောလာ၏။


“ကားယူလာခဲ့ ဆေးရုံသွားကြမယ်”

လုဟွားနျန်ကခေါင်းငြိမ့်ပြလိုက်ကာ ဖြေးဖြေးချင်းစိတ်ငြိမ်လာပြီဖြစ်သည်။သူမကကုယွမ်ယွမ်ကိုဖက်ထားရင်း ယွင်ရုန်ကိုမျက်နှာချင်းဆိုင်လိုက်ကာ ကျေးဇူးတင်လာသည်။


“ယွမ်ယွမ်ကိုကယ်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ်၊ ရှင့်ကြောင့်သာမဟုတ်ရင် လူယုတ်မာကဘာတွေလုပ်လာမလဲဆိုတာ တကယ်ဘဲတွေးတောင်မတွေးနိုင်ဘူး၊ ဒီဘက်ကသူကို ဘယ်လိုများခေါ်ရမလဲမသိဘူး”


ယွင်ရုန်ကအသက်ကြီးပုံမပေါ်သော်လည်း လုဟွားနျန်၏ဆက်ဆံပုံက အလွန်နူးညံ့နေပေသည် 


ယွင်ရုန်က လုဟွားနျန်ကိုကြည့်လိုက်သောအခါ သူမ၏ကိုယ်ရောင်ကိုယ်ဝါက ကောင်းချီးငါးမျိုးဖြင့်ပြည့်စုံနေသည်ကိုမြင်လိုက်ရသည်။ဒီလူသား၏ဘဝနှင့် ပြုမူနေထိုင်ပုံအကျင့်စရိုက်များက မဆိုးပေ။ယွင်ရုန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။


“ကျွန်မနာမည်ကယွင်ရုန်ပါ”

(Tn: ကောင်းချီးငါးမျိုး-အသက်ရှည်ခြင်း၊ချမ်းသာခြင်း၊ကျန်းမာခြင်း၊ ကုသိုလ်ကောင်းမှုနှင့် ငြိမ်းချမ်းစွာသေဆုံးမှု)


“မစ်ယွင် ကျွန်မကအရင်ဆုံး ယွမ်ယွမ်ကိုဆေးရုံမှာ စစ်ဆေးဖို့ခေါ်သွားမလို့၊ ခုနတုန်းက မစ်ယွင်လုပ်လိုက်တာက အတော်လေးအန္တရာယ်ရှိတာကိုမြင်လိုက်ရတယ်၊ ကျွန်မတို့နဲ့အတူ ဆေးရုံလိုက်ပြီး စစ်ဆေးကြည့်ပါလား” 


လုဟွားနျန်က ယွင်ရုန်ကိုတကယ်ကျေးဇူးတင်မိသည်။လူတိုင်းရှေ့တွင်ယွင်ရုန်က လက်နက်မပါဘဲ ဓားတစ်ချောင်းကိုရင်ဆိုင်ခဲ့ရလေသည်။ဒီလှပပြီးနူးညံ့သည့်မိန်းမလှကိုကြည့်ကာ သူမသာထိခိုက်သွားပါက လုဟွားနျန်က ဒီတိုင်းကြည့်မနေနိုင်ပေ။


ယွင်ရုန်ကိုယ်၌က သူမဒဏ်ရာရမရကိုကောင်းကောင်းသိ၏။ထိုကဲ့သို့အားနည်းသည့်လူသားနှင့်ရင်ဆိုင်ရာတွင် သူမထိခိုက်ရန်မှာမဖြစ်နိုင်ပေ။ယွင်ရုန်ကငြင်းလိုက်မည့်အချိန်တွင် လုဟွားနျန်ကပြုံးကာပြောလာ၏။

“စစ်ဆေးကြည့်ပြီးရင် ကျွန်မတို့ထမင်းတစ်နပ်လောက်သွားစားကြတာပေါ့၊ ကျွန်မသမီးလေးကိုကယ်ပေးလို့ မစ်ယွင်ကိုသေချာလေးကျေးဇူးတင်ချင်သေးတယ်”


“ရှင်ကကျွန်မကိုကျေးဇူးတင်ချင်တာလား”

ယွင်ရုန်ကသူမကိုပြန်မေးလိုက်သည်။


“အာ ဟုတ်တာပေါ့၊ မစ်ယွင်က ယွမ်ယွမ့်အသက်ကိုကယ်ပေးထားတာလေ၊ သေချာပေါက်ကျွန်မက ကျေးဇူးဆပ်ရမှာပေါ့”


လုဟွားနျန်ကခနလောက်ကြောင်‌သွားသော်လည်း ချက်ချင်းပြန်ဖြေလိုက်သည်။ယွင်ရုန်၏အဝတ်များက ဟောင်းနွမ်းညစ်ပတ်နေသည်ကိုမြင်သောအခါ သူမမိသားစုကအဆင်သိပ်မပြေလောက်ဘူးဟု လုဟွားနျန်စိတ်ထဲတွင်တွေးလိုက်မိသည်။သူမကို ရုပ်ဝတ္ထုပစ္စည်းတွေ တစ်ခါတည်းပေးလိုက်ရင်ကောင်းမလား။


လုဟွားနျန်က ဒီနှစ်တွင်အသက်သုံးဆယ်ရှိပြီဖြစ်ကာ သမီးတစ်ယောက်ရှိ၏။ဒီမိန်းမလှလေးယွင်ရုန်ကိုကြည့်ကာ သူမကမထိန်းနိုင်ဘဲသနားမိကာ သူမ၏အကြည့်များကလည်းပို၍နူးညံ့လာသည်။


“ကျေးဇူးဆပ်တဲ့အနေနဲ့ မစ်ယွင်ကဘာဘဲအလိုရှိပါစေ ကျွန်မဘက်က‌ဖြည့်ဆည်းပေးနိုင်သရွေ့ သေချာပေါက်ရအောင်လုပ်ပေးမှာပါ”


“အခုလေးတင် ဟိုလူကို ငွေငါးမီလီယမ်ပေးမယ်လို့ပြောလိုက်တာမလား”


ယွင်ရုန်က ရဲကားထဲမှဝမ်ရိဖေးကိုလက်ညှိုးထိုးပြလိုက်သည်။


“ကျွန်မကအဲ့လောက်ထိမလိုပါဘူး ယွမ်ငါးထောင်လောက်ဆိုအဆင်ပြေပါပြီ”


မူလတွင် လူများကိုကယ်တင်ခြင်းက ကုသိုလ်ကောင်းမှုကိုကျင့်ကြံရန်ဖြစ်ကာ ဘာမှတန်ကြေးမယူသင့်ပေ။လွန်ခဲ့သည့်နှစ်သုံးထောင်ကျော်က သူမကလူသားများအေးအေးချမ်းချမ်းနှင့် ပျော်ရွှင်စွာနေထိုင်နိုင်ရန် ကောင်းချီးပေးကာ ကာကွယ်ပေးခဲ့ပြီး လူသားများထံမှ ဘာ‌ကျေးဇူးဆပ်မှုကိုမှ မျှော်လင့်မထားခဲ့ပေ။သို့သော်အခုချိန်တွင်မူ သူမကတန့်ချိုးတောင်ကိုဝယ်ဖို့ပိုက်ဆံရှာရန်လို၏။


ယွင်ရုန်က လောဘမကြီးပေ။ယွမ်ငါးထောင်လောက်က လုံလောက်နေပြီဖြစ်သည်။ဝူစုန့်ယာ၏မှတ်ဉာဏ်အရဆိုလျှင် ယွမ်ငါးထောင်က အတော်လေးများနေပြီဖြစ်သည်။သူမက ကိစ္စတစ်ချို့ကိုစတင်ရန်အတွက်ဖြစ်ရာ သိပ်အများကြီးမလိုပေ။


“ငါးထောင်လား”


လုဟွားနျန်က ယွမ်ငါးထောင်ကိုသူမနားကြားမှားသည်ဟုထင်သွားသည်။သူမတို့မိသားစုအနေဖြင့်ဆိုလျှင် ယွမ်ငါးထောင်က ထမင်းတစ်နပ်စာလောက်သာရှိသည်။ရုတ်တရက်ပင် သူမရှေ့မှဤမိန်းကလေးက တကယ်ပင်ရိုးသားနုံအသည်ဟုတွေးမိသွားသည်။


လုမိသားစုဝင်တစ်ယောက်ကိုကယ်တင်ခြင်းက အကြီးမားဆုံးသောကြင်နာမှုပင်။ထို့အပြင် အကယ်၍လောဘနည်းနည်းသာရှိမည်ဆိုပါက ယွမ်ယွမ်တက်နေသောမူကြိုကျောင်းကိုမြင်လျှင်သူတို့က သာမာန်မိသားစုမှမဟုတ်ကြောင်းသိနိုင်လိမ့်မည်။လူတစ်ယောက်က လူ့အသက်ကယ်ပြီး ပိုက်ဆံတစ်ချို့ကျေးဇူးဆပ်ခိုင်းခြင်းက အဖြစ်များသောအရာဖြစ်သည်။မထင်ထားစွာဖြင့် ဤမိန်းကလေးကယွမ်ငါးထောင်သာလိုချင်နေ၏။


ယွင်ရုန်အပေါ် လုဟွားနျန်၏ထင်မြင်ချက်များက ပိုမိုကောင်းမွန်လာသည်။ဤအချိန်တွင် ဒရိုင်ဘာကကားယူကာရောက်လာသည်။သူမကချက်ချင်းဆိုလိုက်သည်။


“အရင်ဆုံးဆေးရုံမှာသွားစစ်ကြည့်ရအောင်၊ ယွမ်ငါးထောင်ကမလုံလောက်ပါဘူး ဆေးစစ်ပြီးသွားရင် ကျွန်မတို့အတူထမင်းစားကြတာပေါ့၊ အဲ့ဒီအချိန်ကျမှထပ်ပြောကြမယ်”


“မမ သမီးတို့ဆေးရုံအတူသွားပြီး စစ်ကြည့်ကြမယ်လေ”

လုဟွားနျန်လက်ထဲမှကလေးမလေးကလည်း ယွင်ရုန့်လက်ကိုကိုင်ကာ စည်းရုံးလာ၏။


ပိုက်ဆံနှင့် ကလေးမလေး၏မျက်နှာကိုကြည့်ကာ ယွင်ရုန်ကတွေဝေမနေတော့ပေ။သူမကခေါင်းငြိမ့်ပြကာ  မူကြိုကျောင်းနှင့် ၁၅မိနစ်လောက်သာကြာသည့် ပထမဆေးရုံကြီးဆီသို့သွားရန် လုမိသားစု၏ကားပေါ်သို့တက်လိုက်သည်။


“အိုင်းယားးး အရမ်းပူတယ်”


အစတွင်လုဟွားနျန်က ကားစီးနေရင်း ယွင်ရုန်နှင့်စကားပြောချင်နေခဲ့၏။သို့သော်သူတို့ကားပေါ်တက်ပြီး ငါးမိနစ်တောင်မကြာသေးခင်မှာပင် သူ့အမေရင်ခွင်ထဲဖက်ထားသည် ယွမ်ယွမ်ကလုံးဝငြိမ်ကျသွားကာ အဖျားတက်လာလေသည်။သူမအပူချိန်ကအလွန်မြင့်တက်လာ၏။


လုဟွားနျန်က သူမသမီး၏အပူချိန်ကိုစမ်းလိုက်သောအခါ လန့်ဖျပ်သွားပြီး ယွင်ရုန်ကိုအာရုံမစိုက်နိုင်တော့ချေ။သူမက ဒရိုင်ဘာကိုဆေးရုံသို့မြန်မြန်မောင်းခိုင်းလိုက်သည်။


သို့သော်အလုပ်ဆင်းချိန်ဖြစ်သဖြင့် မူလကြာချိန်၁၅မိနစ်က မိနစ်၃၀ကြာသွားသည်။သူတို့ဆေးရုံသို့ရောက်သည့်အချိန်တွင် ယွမ်ယွမ်၏မျက်နှာတစ်ခုလုံးနီရဲနေကာ အသက်ရှူသံကလေးလံ‌နေလေသည်။


ဆေးရုံပေါက်ဝသို့ရောက်သည်နှင့် လုဟွားနျန်က ဒရိုင်ဘာအား ယွင်ရုန်ကိုဆေးစစ်ဖို့လိုက်ပို့ခိုင်းလိုက်ကာ သူမကယွမ်ယွမ်ကိုချီပြီး အရေးပေါ်ဌာနသို့အမြန်သွားလိုက်သည်။


“မစ်ယွင် ကျွန်တော် ကြိုတင်စာရင်းသွင်းပြီးသားပါ၊ ကျွန်ဝောာ်အခုဘဲ စစ်ဆေးဖို့ခေါ်သွားပေးရမလား”

စာရင်းသွင်းပြီးသောအခါ ဒရိုင်ဘာကလေးစားစွာမေးလာ၏။သူကခေါင်းငုံ့ထားကာ မိန်းမငယ်လေး၏မျက်နှာကိုမကြည့်ရဲပေ။ဘာကြောင့်မှန်းမသိ သူကလုမိသားစုတွင်အလုပ်လုပ်သည်မှာ နှစ်‌အတော်ကြာပြီဖြစ်ကာ ‌ကျော်ကြားသည့်သူအများကြီးတွေ့ဖူးသော်လည်း သူ့ကိုဒီလိုဖိနှိပ်သည့်ခံစားချက်မျိုး ဘယ်သူမှမပေးနိုင်သေးပေ။


ဤခံစားချက်က ခေါင်းဆောင်လုနှင့်မျက်နှာချင်းဆိုင်နေရသလိုခံစားချက်မျိုးဖြစ်သည်။


“ကျွန်မဘာသာသွားနိုင်ပါတယ်”


ယွင်ရုန်က စာရင်းသွင်းထားသည့်လက်မှတ်ကိုယူကာ ဆေးရုံထဲသို့ဝင်သွားလိုက်သည်။သူမက တကယ်ပင်စစ်ဆေးစရာမလိုပေ။လူသားတွေရဲ့စက်က သူမကိုယ်ပေါ်ကဘာတွေကိုစမ်းသပ်မိမလဲဆိုတာမသိနိုင်ဘူးလေ၊ သူမ‌အဖော်ခံလိုက်ရရင်ဘယ်လိုလုပ်မလဲ။


ယွင်ရုန် လုဟွားနျန်တို့ကိုပြန်တွေ့သောအခါ ယွမ်ယွမ်ကိုစစ်ဆေးပြီးသွားပြီဖြစ်သည်။ဗီအိုင်ပီဆောင်၏အလယ်တွင် အကြောဆေးသွင်းနေ၏။သူမက ကော်ရစ်ဒါအတိုင်းလျှောက်လာကာ လေထုထဲတွင်အနက်ရောင်အငွေ့များကိုတွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။သူမမျက်လုံးများကအေးစက်လာသည်။


“ကလေးကကြောက်လန့်ပြီး စိတ်ဖိစီးသွားတာပါ၊ အဖျားတက်လာတာကပုံမှန်ပါဘဲ၊ ညဘက်တွေမှာတစ်ခုခုဖြစ်မဖြစ်စောင့်ကြည့်ဖို့ ဆေးရုံမှာဘဲခနနေလိုက်ပါ၊ ယေဘုယျအားဖြင့်တော့ ဘာပြသနာမှရှိလာမှာမဟုတ်ပါဘူး”


လုဟွားနျန်က ကော်ရစ်ဒါတွင်ဆရာဝန်နှင့်စကားပြောနေပြီး ယွင်ရုန်ပြန်လာသည်ကိုမြင်သွား၏။သူမကနောင်တရစွာပြောလာသည်။

“ယွင်ရုန် ကျွန်မရှင့်ကိုစောင့်မကြည့်ပေးနိုင်တာ တကယ်တောင်းပန်ပါတယ် ဆေးစစ်ပြီးသွားပြီလား”


ယွင်ရုန်၏အမူအရာက မပြောင်းမလဲရှိနေဆဲပင်။သို့သော်သူမမျက်လုံးများက အလိုအလျောက်အကြည့်လွှဲနေပေသည်။

“အကုန်လုံးလုပ်ပြီးပါပြီ ‌ဆရာဝန်ကပြောတယ် အကုန်လုံးပုံမှန်ပါပဲတဲ့”


“တော်သေးတာပေါ့၊ ကျွန်မတကယ်တောင်းပန်ပါတယ်၊အစက မစ်ယွင်ကိုခေါ်ပြီးထမင်းတစ်နပ်လောက်သွားစားချင်သေးတာ၊ အခုတော့ယွမ်ယွမ်ကိုက တစ်ယောက်တည်းထားခဲ့လို့မဖြစ်ဘူးလေ”


လုဟွားနျန်ကပြုံးကာ ဘဏ်ကဒ်တစ်ခုကိုထုတ်ပြီး ယွင်ရုန်လက်ထဲထည့်ပေးလာသည်။

“ဒီဘဏ်ကဒ်က passwordမခံထားဘူး၊အရင်ဆုံးဒီထဲမှာရှိတဲ့ပိုက်ဆံတွေကိုသုံးထားလိုက်。。。。”


သူမပြော၍မပြီးခင်တွင် သူမအိတ်ထဲမှဖုန်းမြည်လာ၏။လုဟွားနျန်က ဖုန်းစခရင်ကိုတစ်ချက်ကြည့်ကာ ချက်ချင်း‌ဖြေလိုက်သည်။

“ဟယ်နျန်。。。。ယွမ်ယွမ်ကကြောက်ပြီးအဖျားဝင်သွားတာ အဆင်ပြေသွားပါပြီ ပထမဆေးရုံကြီးမှာ。。。”


လုဟွားနျန်‌ဖုန်းပြောနေချိန်တွင် ယွင်ရုန်က ယွမ်ယွမ်နေသည့်အခန်းထဲသို့တစ်ချက်ကြည့်လိုက်ရာ အမှောင်စွမ်းအင်နှစ်မျှင်က အနည်းငယ်ဟထားသည့်တံခါးမှတစ်ဆင့်အထဲဝင်သွားသည်ကိုမြင်လိုက်ရသည်။၎င်းတို့က ယွမ်ယွမ်၏ကုတင်ပေါ်သို့တက်သွားကာ မြန်ဆန်စွာပင်သူမလက်ဆီသို့ရောက်လာသည်။


ယွင်ရုန်က သူမလက်ထဲမှဘဏ်ကဒ်ကိုကြည့်ကာ သက်ပြင်းတစ်ချက်ချပြီးနောက် တံခါးကိုတွန်းကာ အထဲဝင်သွားလိုက်သည်။ဒီလူသားကလေးက ချစ်စရာကောင်းကာ အခြားသူများ၏ချစ်ခင်မှုကိုဆွဲဆောင်ထားပေသည်။ယွင်ရုန်အနေဖြင့် သူမလေးကို ဘာမတော်တဆမှုနှင့်မှ မကြုံစေချင်ပေ။


သူမကုတင်ဘေးသို့ရောက်သောအခါ အမှောင်စွမ်းအင်က ယွမ်ယွမ်၏လက်ကောက်ဝတ်၌ရစ်ခွေနေပြီဖြစ်သည်။အသိအသာပင် ယွမ်ယွမ်ကအိပ်ပျော်နေသော်လည်း အိပ်မက်ဆိုးမက်နေသည့်ပုံပင်။သူမ၏မျက်ခုံးလေးများက မဲ့ရှုံ့နေကာ ခန္ဓာကိုယ်ကအငြိမ်မရစွာတွန့်လိမ်နေ၏။


ယွင်ရုန်၏အကြည့်ကအေးစက်လာကာ ယွမ်ယွမ်၏နဖူးအလယ်ကိုထိလိုက်ပြီး အသံတိုးတိုးဖြင့်သတိပေးလိုက်သည်။

“မြေအောက်ကမ္ဘာကတစ္ဆေ ငါ့ပိုင်နက်ထဲမှာ အရိုအသေမဲ့ရဲတယ်လား ထွက်သွားစမ်း”


သူမအသံကလေးနက်စွာထွက်လာကာ ဆေးရုံတစ်ခုလုံးထဲမှ အနက်ရောင်စွမ်းအင်မျှင်များက ရပ်တန့်သွားသည်။တစက္ကန့်ကြာပြီးနောက်တွင် ထိုစွမ်းအင်များက လေတစ်ချက်တိုက်လိုက်သလို လွင့်စင်သွားသည်။ရုတ်ချည်းဆိုသလိုပင် ဆေးရုံအတွင်းမှလေထုက လတ်ဆတ်သန့်ရှင်းလာသည်။


အမှန်တွင် ထိုမကောင်းသည့်စွမ်းအင်များက အသိစိတ်မရှိပေ။ဆေးရုံသည် နေ့တိုင်းနေမကောင်းသူနှင့် သက်ကြီးရွယ်အိုအများအပြားကိုလက်ခံနေရသဖြင့် မကောင်းသောစွမ်းအင်များစုနေသည်မှာပုံမှန်ပင်။‌လူသားများအပေါ်တွင်သက်ရောက်မှုကြီးကြီးမားမားမရှိဘဲ အများဆုံးအနေဖြင့်လူသားများ၏စိတ်ကိုထိုင်းမှိုင်းစေပြီး စိတ်မရှည်လွယ်တာ၊ဒေါသထွက်လွယ်တာမျိုးကိုသာဖြစ်စေလိမ့်မည်။


သို့သော်ကုယွမ်ယွမ်လို ကလေးမလေးအပေါ်တွင်မူ မတူတော့ပေ။ကောင်းသည့်စွမ်းအင်များက မတည်ငြိမ်သေးသ‌ဖြင့် ဒီလိုကြောက်လန့်စရာနှင့်ကြုံလိုက်ရသောအခါ ဝိဉာဉ်ကအားနည်းသွားနိုင်သည်။မကောင်းစွမ်းအင်များနှင့်ပါထပ်ထိတွေ့လိုက်ရပါက နေမကောင်းဖြစ်ရန်လွယ်ကူပြီး အဆိုးဆုံးဆိုလျှင် ငယ်ငယ်ရွယ်ရွယ်နှင့်သေတာမျိုးတောင်ဖြစ်နိုင်သည်။


ဆေးရုံအတွင်းတွင် အလျင်စလိုသွားလာနေကြသောလူနာများက ရပ်တန့်သွားသည်။


“ငါ့ဗိုက်ကခုနကဘဲမအီမသာဖြစ်နေတာ အခုရုတ်တရက်ကြီးနေရအဆင်ပြေသွားသလိုဘဲ”


“ငါလည်းသက်သာလာတယ် ခုနတုန်းက ငါ့ခေါင်းကထိုင်းမှိုင်းနေပြီး ခြေထောက်တွေကအားနည်းနေတာ”


“ကျွန်တော်တောင်းပန်ပါတယ် ဒေါက်တာ၊ခုနကကျွန်တော်ရိုင်းသွားမိတယ်၊ အရမ်းဒေါသထွက်လွယ်ပြီး ဒေါက်တာပြောတာကိုအထင်လွဲသွားတာပါ”


“တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကြားဖြတ်ဖို့မရည်ရွယ်ပါဘူး အရင်သွားပါ”


“မမ。。。。”


ကုယွမ်ယွမ်ကဘယ်အချိန်ကတည်းကနိုးနေလဲမသိ၊သူမက ယွင်ရုန်လက်ကိုလှမ်းဆွဲလာ၏။ကလေးမလေးက နူးညံ့စွာပြုံးပြလာသည်။

“မမကနတ်သမီးဘဲ အဲ့ဒါကြောင့်သမီးနေမကောင်းဖြစ်တာပျောက်သွားတာ ဟုတ်တယ်မလား”


ယွင်ရုန်က ပြန်ဖြေမည့်အချိန်တွင် ဆန်စေ့အရွယ်ရွှေရောင်အလင်းလေးတစ်ခုက ယွမ်ယွမ်၏ဗိုက်ထဲမှထွက်လာကာ သူမကိုယ်ထဲသို့ဝင်သွားသည်။


ယွင်ရုန်က သူမဗိုက်ထဲတွင်နွေးသွားသလိုခံစားလိုက်ရကာ ခြေလက်များနှင့်ခန္ဓာကိုယ်ထဲရှိ ရာနှင့်ချီသောအရိုးများကလည်း ဖော်ပြရခက်သည့်ပေါ့ပါးမှုကိုခံစားလိုက်ရသည်။၎င်းက ယုံကြည်မှု၏စွမ်းအင်ပေ။ယွမ်ယွမ်လေး၏နှလုံးသားနှင့်ဝိဉာဉ်က သူမအပေါ်အပြည့်အဝယုံကြည်သဖြင့် ‌ရွှေရောင်အလင်းထွက်ပေါ်လာခြင်းပင်။



⛰️