⛰️Chapter 8.
ထင်ယောင်ထင်မှားဖြစ်ခြင်း။
လွန်ခဲ့သည့်နှစ်သုံးထောင်ကျော်က မရေတွက်နိုင်သောရွှေရောင်အလင်းများသည် လူသားများဆီမှသူမဆီသို့လွင့်လာခဲ့ပေသည်။သို့သော်သူမနိုးလာကတည်းက ဘာတစ်ခုမှမရခဲ့ပေ။အခုတွင်ဒီကလေးမလေးဆီမှ ရွှေရောင်အလင်းတစ်ခုရလာမည်ဟု ထင်မထားခဲ့ပေ။
ယွင်ရုန်၏ခံစားချက်များကရုတ်တရက်ကောင်းလာကာ အလွန်လှပသောအပြုံးကိုဖော်ပြလာသည်။သူမက ယွမ်ယွမ်၏နှာခေါင်းလေးကိုတို့ကာ ပြောလိုက်သည်။
“မင်းရဲ့ယုံကြည်မှုစွမ်းအင်အတွက် မမကလည်းတိုကင်လေးတစ်ခုပြန်ပေးမယ်”
ကုယွမ်ယွမ်ကမျက်လုံးပြူးပြူးလေးဖြင့် သိချင်စွာမေးလာသည်။
“ဘယ်လိုဟာမျိုးလဲဟင်”
ယွင်ရုန်က လက်သီးဆုပ်လိုက်ကာ ကုယွမ်ယွမ်၏မျက်စိရှေ့တွင်လက်ကိုထားလိုက်သည်။ထို့နောက်သူမက ကျောက်စိမ်းလိုလက်ချောင်းများကိုဖြေးဖြေးချင်းဖွင့်ပြလာသည်။သူမလက်ဖဝါးပေါ်တွင် ခြေမကြီးတစ်ခုအရွယ်လောက်ရှိသည့် ဘဲဥပုံစံအစိမ်းရောင်ကျောက်တုံးလေးရှိနေသည်။အလင်းနှင့်ထိသောအခါ တောက်ပသောအရောင်ထွက်လာပြီး အလွန်လှသည်။
“မမ ဒီကျောက်တုံးကတကယ်လှတာဘဲ”
ကုယွမ်ယွမ်က လက်ဆန့်ကာ ပြုံးရွှင်စွာဖြင့် ကျောက်တုံးကိုသတိထားစွာထိကြည့်လာသည်။သူမမျက်လုံးများက လခြမ်းလေးလိုကွေးညွတ်သွားလေသည်။
ယွင်ရုန်က ကျောက်တုံးလေးကို ယွမ်ယွမ်လက်ထဲထည့်ပေးလိုက်ကာ ကလေးမလေး၏လက်ကိုဖျစ်ညှစ်လိုက်သည်။သူမကအလိုအလျောက်မျက်စိမှေးလိုက်မိသည်။ခုနတုန်းကကုယွမ်ယွမ်ကိုထိခဲ့စဉ်က သူမကိုအံ့အားသင့်စေခဲ့သောအရာမှာ ဒီလူသားကလေးငယ်ကအလွန်နူးညံ့ပြီး ဂရုတစိုက်ကိုင်တွယ်ဖို့လိုအပ်သည်ကိုသိခဲ့ရသည်။
“ဒါကျောက်တုံးလေးကို သိမ်းထားပြီးကစားလို့ရတယ်၊ အဲ့ဒါကယွမ်ယွမ်ကို အန္တရာယ်ကင်းအောင်ကာကွယ်ပေးလိမ့်မယ် ဒါကမမတို့ရဲ့လျှို့ဝှက်ချက်နော် ဟုတ်ပြီလား”
တန့်ချိုးတောင်ပေါ်မှာ တန်ဖိုးကြီးကျောက်စိမ်းများ၊ကျောက်တုံးများနှင့်ယှဉ်လျှင် ဒီကျောက်တုံးကသာမာန်လောက်သာရှိသည်။သို့သော်ဒီကျောက်တုံးလေးကသူမဘေးတွင်နှစ်တွေအများကြီးရှိနေခဲ့ကာ သူမ၏ဝိဉာဉ်စွမ်းအင်နှင့်ထိတွေ့ခံခဲ့ရတာဖြစ်သည်။လူတစ်ယောက်ကဤကျောက်တုံးကိုဆောင်ထားပါက ဘေးအန္တရာယ်ကင်းရုံသာမက ကံကောင်းမှုကိုလည်းယူဆောင်ပေးနိုင်လိမ့်မည်။
ကလေးမလေးကချစ်စရာကောင်းသည်မြင်နေရကာ တစ်ချိန်တည်းတွင် သူ့အမေကလည်းသူမကိုပိုက်ဆံပေးထားသဖြင့် ယွင်ရုန်ကကပ်စီးမကုပ်သင့်ပေ။ကျောက်တုံးလေးတစ်တုံးသာဖြစ်သဖြင့် သူမကပေးလိုက်နိုင်ပေသည်။
ယွင်ရုန်က တကယ်ပင်ရက်ရောနေခြင်းဖြစ်သည်။
ယွင်ရုန်ပေးထားသည့်ကျောက်တုံးကို သူမလက်လေးထဲတွင်ကိုင်ထားကာ အဖျားကျဆေး၏အရှိန်ကြောင့် ကုယွမ်ယွမ်ကလျင်မြန်စွာအိပ်ပျော်သွားသည်။သူမမျက်နှာလေးက တည်ငြိမ်ကာအေးချမ်းနေပေသည်။
အိပ်ပျော်နေသော်လည်း အစိမ်းရောင်ကျောက်တုံးလေးကိုမူသေချာဆုပ်ကိုင်ထားဆဲဖြစ်သည်။
ကလေးမလေးအိပ်ပျော်သွားသည့်နောက်တွင် ယွင်ရုန်က ဖုန်းပြောနေသည့်လုဟွားနျန်ကိုဘာမှပြောမနေတော့ဘဲ သူမဘာသာထွက်လာခဲ့သည်။သူမအနေဖြင့် အမြန်ဆုံးအလုပ်ရှာကာ တန့်ချိုးတောင်ကိုဝယ်နိုင်အောင်ကြိုးစားရလိမ့်မည်။
ဆေးရုံပေါက်ဝတွင် အနက်ရောင်ကားတစ်စီးရပ်လာ၏။
ရှေ့ထိုင်ခုံရှိ အတွင်းရေးမှူးက ခေါင်းလှည့်ပြီး နောက်တွင်ထိုင်ကာ ထိုင်ခုံကိုမှီထားသည့် အသားအရောင်သိပ်မကောင်းသောသူကိုလှည့်ကြည့်လာသည်။လုဟယ်နျန်က မျက်စိမှိတ်ကာအနားယူနေသည့်အချိန်တွင် အသံတိုးတိုးတစ်ခုကသူ့ကိုခေါ်လာသည်။
“ခေါင်းဆောင်လု ကျွန်တော်တို့ဆေးရုံရောက်ပါပြီ”
လုဟယ်နျန်က မျက်စိဖွင့်ကာ နှာခေါင်းပေါ်မှရွှေကိုင်းမျက်မှန်ကိုတွန်းတင်လိုက်ပြီး သူ့အကြည့်များတွင်ပင်ပန်းနွမ်းနယ်မှုများပါနေ၏။သူကခေါင်းငြိမ့်လိုက်သည်။
“ကျိုးကုမ္ပဏီနဲ့အစည်းအဝေးကို တစ်နာရီလောက်နောက်ရွှေ့ထားလိုက်ပါ”
အတွင်းရေးမှူးက လုဟယ်နျန်နောက်မှလိုက်ကာ ကားပေါ်မှဆင်းလာသည်။ထိုစကားကိုကြားသောအခါ သူကပါးစပ်ဖွင့်ပြီးအကြံပြုလာသည်။
“ဒါရိုက်တာရဲ့ အသားအရောင်က လေယာဉ်ပေါ်ကဆင်းလာပြီးကတည်းက သိပ်မကောင်းနေဘူး၊ ကျိုးကုမ္ပဏီနဲ့ကိစ္စက အဲ့လောက်ထိအရေးမကြီးဘူးလို့ ကျွန်တော်မြင်ပါတယ်၊ သခင်မလေးဆီအလည်သွားပြီးရင် အရင်ဆုံးအိမ်ပြန်ပြီးအနားယူလိုက်ပါလား၊ အစည်းအဝေးကိုမနက်ဖြန်ထိရွှေ့လိုက်လို့ရပါတယ်”
သူကအပြင်ဘက်၌အကြံပြုနေချိန်တွင် စိတ်အတွင်း၌ ငြီးငြူနေ၏။အဲ့ဒီကျိုးကုမ္ပဏီက ဒီတိုင်းကုမ္ပဏီသေးလေးပဲလေ။တကယ်ဆို ဆွေးနွေးဖို့ကို ဒါရိုက်တာကိုယ်တိုင်တောင်သွားနေစရာမလိုဘူး၊ ဒါပေမယ့်သူတို့က ဆွေမျိုးတော်စပ်တာကိုမှီခိုပြီး အခွင့်ကောင်းယူ၊မောက်မာလာကြတာဘဲ။
လုဟယ်နျန်၏အကြည့်များက အေးစက်နေ၏။သူ့မျက်လုံးများက ရွံရှာမှုအရိပ်ယောင်တစ်ခုကိုဖော်ပြလာသည်။သူ့ အစ်ကိုကြီးက ကိုယ်တိုင်ကိုယ်ကျလာပြောလို့သာမဟုတ်ပါက သူလည်း ဒီအခွင့်အရေးကို ကျိုးမိသားစုအား ပေးမှာမဟုတ်ပေ။
“စောစောတွေ့လေ မြန်မြန်ပြီးလေပဲ”
အတွင်းရေးမှူးက ခေါင်းငြိမ့်ပြလိုက်သည်။သူလည်း ဒါရိုက်တာ၏သဘောထားကို သတိပြုမိပေသည်။ဒါရိုက်တာက သူဆုံးဖြတ်ပြီးသားကိစ္စများကို ပြန်ပြင်တတ်သောသူမဟုတ်ပေ။ထို့ကြောင့် သူလည်းဘာမှထပ်မပြောနေတော့ပေ။
ဆေးရုံထဲသို့ဝင်လာသောအခါ ပိုးသတ်ဆေးနံ့က အာရုံထဲဝင်လာပြီး လုဟယ်နျန်ကိုမျက်မှောင်ကြုတ်သွားစေသည်။လေယာဉ်စီးရာမှာဖြစ်လာခဲ့သည့် ခေါင်းကိုက်တာကပိုဆိုးလာသလိုခံစားမိသွားသည်။
ကုယွမ်ယွမ်က အထူးဓာတ်လှေကားရှိသည့် အပေါ်ဆုံးလွှာ ဗီအိုင်ပီအထပ်တွင်နေ၏။လူနှစ်ယောက်က ဓာတ်လှေကားထဲဝင်လိုက်သောအခါ ပတ်ဝန်းကျင်မှအသံများကပိတ်ဆို့ခံလိုက်ရသည်။ထိုအခါမှသာ နေရထိုင်ရတာက နည်းနည်းသက်သာလာလေသည်။
အတွင်းရေးမှူးက လုဟယ်နျန်၏နောက်တွင်ရပ်ကာ ဓာတ်လှေကား၏အထပ်နံပါတ်ကိုနှိပ်လိုက်သည်။
ထို့နောက်ဓာတ်လှေကားတက်သည်ကိုခံစားလိုက်ရသည်။သို့သော်ရုတ်တရက်ပင် ဓာတ်လှေကားထဲမှအလင်းရောင်က နှစ်ကြိမ်လောက်ဖျတ်ခနဲဖြစ်သွားပြီး ကျယ်လောင်သည့်ဘုန်းခနဲအသံထွက်လာ၏။ချက်ချင်းပင် ဓာတ်လှေကားရပ်သွားသည်။
“ဓာတ်လှေကားပျက်သွားတာလား”
အတွင်းရေးမှူးက တစက္ကန့်လောက်ကြောင်သွားကာ အရေးပေါ်ခလုတ်ကိုစကားပြောရန်နှိပ်လိုက်ပြီး သူ့ဖုန်းကိုထုတ်လိုက်သည်။
“ခေါင်းဆောင်လု ကျွန်တော်အခုဘဲအကူအညီတောင်းဖို့ဖုန်းခေါ်လိုက်ပါ့မယ်”
သူကပြောနေရင်းဖြင့် ဖုန်းကိုနှိပ်ကာ သူ့ဘော့စ်ကိုလှည့်ကြည့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူလုဟယ်နျန်ကိုကြည့်လိုက်မိခြင်းပင်။မဟုတ်ပါက သူ့ဘော့စ်နှင့်ပတ်သက်ပြီးတစ်ခုခုမှားနေသည်ကို သတိပြုမိမှာမဟုတ်ပေ။လုဟယ်နျန်က ဓာတ်လှေကားထဲ၌ရပ်နေချိန်တွင် သူ၏ပြီးပြည့်စုံသောကိုယ်နေဟန်ထားကို ထိန်းသိမ်းထားဆဲဖြစ်သည်။သို့သော်သူ့မျက်လုံးများက ရှေ့ကိုကြည့်နေကာ သူ့အကြည့်များကစိတ်ရှုပ်ကာဝေဝါးနေသည့်ပုံပင်။
ခေါင်းဆောင်လုအနေဖြင့် ဒီလိုအကြည့်မျိုးပြရန်မှာမဖြစ်နိုင်ပေ။သူကအမြဲလိုပင် ထက်မြက်ကာ တည်ငြိမ်နေသောသူဖြစ်သည်။အတွင်းရေးမှူးကရင်တုန်သွားကာ လုဟယ်နျန်၏လက်မောင်းကိုထိရင်း သတိတကြီးအော်ပြောလိုက်သည်။
“ခေါင်းဆောင်လု ဘာဖြစ်လို့လဲ”
လုဟယ်နျန်က သူ့ကိုယ်သူ ထူထဲသည့်မြူခိုးများကြား၌ရှိနေသလိုခံစားနေရသည်။သူ့မျက်လုံးရှေ့တွင် ကောက်ကွေ့နေသည့်လမ်းတစ်ခုရှိနေ၏။လမ်းမျက်နှာပြင်ကတောက်ပသည့်အနီရောင်အရည်များပြည့်နေကာ တစ်လှမ်းလှမ်းလိုက်ပါက ခြေထောက်မှစေးကပ်မှုကိုခံစားမိနိုင်သည်။
လမ်းအဆုံးတွင် ခန္ဓာကိုယ်ကနှစ်ပိုင်းပြတ်နေသည့် ယောက်ျားတစ်ယောက်က သွေးအိုင်ကြီးအလယ်တွင်လဲနေလေသည်။လုဟယ်နျန်ကိုကြည့်ကာ သူကတွားသွားလာပြီး လုဟယ်နျန်ကဘောင်းဘီစကိုလှမ်းဆွဲရန်လုပ်လာသည်။သူ့ပါးစပ်မှ ဝမ်းနည်းစရာကောင်းသောစကားသံထွက်လာသည်။
“ငါ့ကိုကယ်ပါ ကယ်ပါ。。。。”
လုဟယ်နျန်က သွေးပေသွားသည့်သူ့ဘောင်းဘီစကို စိတ်အနှောင့်အယှက်ဖြစ်စွာကြည့်လိုက်သည်။သူကနှုတ်ခမ်းစေ့ကာ အေးစက်စက်အသံဖြင့်အော်ပြောလိုက်သည်။
“ထွက်သွားစမ်း”
“ဘာလို့မင်းတို့လူတွေက အကြင်နာတရားမရှိကြတာလဲ၊ ဘာလို့ဘယ်သူကမှ ငါ့ကိုမကယ်ပေးချင်တာလဲ”
သွေးအိုင်အလယ်မှယောက်ျားက လုဟယ်နျန်ကိုဒီလောက်တဲ့တိုးဆန်လိမ့်မည်ဟုမထင်ထားခဲ့ပေ။သူ၏သနားစရာကောင်းသောမျက်နှာက ရုတ်တရက်တွန့်ရှူံ့လာကာ သူ့မျက်လုံးများကနာကျည်းမှုများဖြင့်ပြည့်နှက်လာသည်။
“မင်းတို့အားလုံးက ငါ့ကိုမကယ်ချင်ကြဘူး၊ ဒါဆိုရင်လည်း ငါနဲ့အတူနေပြီးအဖော်လုပ်ပေးကြ၊ မင်းတို့အားလုံးက မင်းတို့ဘဝနဲ့ငါ့ကိုပြန်ပေးဆပ်ရမယ်”
ဓာတ်လှေကားထဲမှအတွင်းရေးမှူးက စိုးရိမ်တကြီးဖြင့်ချွေးထွက်လာသည်။သူနည်းမျိုးစုံသုံးကြည့်သော်လည်း မတ်တပ်ရပ်နေသည့်လုဟယ်နျန်က အလှုပ်အရှားမရှိရပ်နေကာ ဘာတုံ့ပြန်မှုမှမရှိပေ။သို့သော်ဒါကအကုန်မဟုတ်ပေ။အသိအသာကြီးကို သူအရေးပေါ်ခလုတ်ကိုနှိပ်ထားတာလေ ဘာလို့ပြင်ဆင်ရေးအသင်းကရောက်မလာသေးတာလဲ။
ဒါကဆေးရုံတစ်ခုဖြစ်ရာ ပြင်ဆင်ရေးအသင်းက အမြဲအသင့်ရှိနေရမှာဖြစ်သည်။
အတွင်းရေးမှူးက အလွန်သောကရောက်နေချိန်တွင်ဓာတ်လှေကားအမိုးမှအလင်းရောင်က ဖျတ်ခနဲဖြစ်သွားကာ ဓာတ်လှေကားတစ်ခုလုံးအမှောင်ကျသွားလေသည်။အတွင်းရေးမှူးကသတိကြီးလာကာ သူ့အနားကိုလျှောက်ကြည့်လိုက်ရာ သူ့အသားပေါ်တွင်ကြက်သီးထလာသည်ကိုသာခံစားမိသွားသည်။
တစ်ဖက်တွင် ယွင်ရုန်ကတိတ်တဆိတ် ဓာတ်လှေကားစောင့်နေ၏။အခုလေးတင် အခြားလူတစ်ယောက်ဆီမှ ဤစက်ကိုဘယ်လိုအသုံးပြုသည်ကိုမြင်လိုက်ရခြင်းဖြစ်သည်။သူမဘာသာအောက်ဆုံးသို့ လျင်မြန်စွာသွားနိုင်သော်လည်း ဒီလိုပစ္စည်းမျိုးကိုမြင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် ဆွဲဆောင်ခံလိုက်ရပြီး တစ်ခေါက်လောက်စမ်းကြည့်ချင်မိသွားသည်။
သို့သော်သူမ သုံးမိနစ်ကျော်စောင့်ပြီးသော်လည်း ဓာတ်လှေကားတံခါးကပွင့်မလာသေးပေ။
ယွင်ရုန်က ဓာတ်လှေကားထဲမှ စိမ့်ထွက်လာသည့် အနက်ရောင်အငွေ့များကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။သူမကတကယ်ကိုမပျော်တော့ပေ။ခုနလေးတင် အဲ့ဒါတွေကိုသတိပေးခဲ့တာလေ၊သူမနှာခေါင်းအောက်မှာ လာသောင်းကျန်းဖို့ကြိုးစားနေတုန်းလား။
ဒီနေရာကဆေးရုံဖြစ်ကာ ဖျားနာသေဆုံးသည်မှာပုံမှန်ကိစ္စဖြစ်သည်။ဓာတ်လှေကားထဲတွင် လမ်းကူးနေချိန်၌ ကုန်တင်ကားဖြင့်အတိုက်ခံလိုက်ရပြီး ပွဲချင်းပြီးသေသွားသော သရဲယောက်ျားတစ်ယောက်ရှိနေ၏။ခန္ဓာကိုယ်ကနှစ်ပိုင်းပြတ်သွားကာ ဆေးရုံသို့ပို့နေချိန်တွင်သေဆုံးသွားခြင်းဖြစ်သည်။ဒီလိုပြင်းထန်သည့်သေဆုံးမှုမျိုးက နာကျည်းမှုများဖြစ်စေကာ လူသားများနှင့်ဆုံသောအခါတွင် လူသားများကိုသူတို့နှင့်အတူဖြစ်အောင် ဆွဲချသွားလေ့ရှိသည်။
ယနေ့ခေတ်တွင် လူသားများကသာ လုပ်ရဲကိုင်ရဲရှိလာခြင်းမဟုတ်ပေ။ငရဲမှသရဲများတောင်မှ သတ္တိမသေးတော့ပေ။
ဤသို့တွေးလိုက်ကာ ယွင်ရုန်ကဓာတ်လှေကားတံခါးကိုကြည့်ရင်း အသံတိုးတိုးဖြင့်ထပ်အော်လိုက်သည်။
“မြေအောက်ကမ္ဘာကသရဲတွေ အမြန်ထွက်သွားစမ်း”
သူမအသံကလေးနက်စွာထွက်လာကာ သူမကိုယ်မှအစိမ်းရောင်အလင်းစက်များထွက်လာပြီး ဆေးရုံတစ်ခုလုံးသို့ပျံ့နှံ့သွားသည်။ခနအတွင်းတွင် ချောင်ကြိုချောင်ကြားများ၌ ပုန်းကွယ်နေသည့်အမှောင်စွမ်းအင်နှင့် နတ်ဆိုးအရာများအားလုံး လုံးဝသန့်ရှင်းစွာရှင်းလင်းခံလိုက်ရသည်။
သူမ၏စွမ်းရည်ကိုအထင်သေးနေတာဘဲ။ အခုလေးတင်ကလေးမလေး၏အခန်းထဲတွင်ရှိနေချိန်က ဤသရဲများ၏သနားစရာကောင်းသောဘဝနှင့် အသက်ရှင်စဉ်ကဆိုးရွားသောသေဆုံးမှုများကို သနားသဖြင့်အလွှတ်ပေးလိုက်ခြင်းဖြစ်သည်။မမျှော်လင့်ထားစွာဖြင့် သူတို့ကပြသနာထပ်ရှာရဲကာ လူသားတစ်ယောက်ကို သူတို့၏ကံကြမ္မာဝေမျှပေးရန်ဆွဲခေါ်ချင်နေ၏။
သူမအသံကစူးရှကာ ခမ်းနားထည်ဝါနေပြီး နားထောင်လိုက်ရသောအခါ လန်းဆန်းစေသည့် လေအေးတစ်ချက်တိုက်သွားသလိုခံစားရ၏။ထူထဲလှသည့်မြူခိုးထဲ၌ပိတ်မိနေသောလုဟယ်နျန်သည် ကိုယ်နှစ်ပိုင်းပြတ်နေသည့်ယောက်ျားက ကြောက်လန့်ဖွယ်ကောင်းအောင်အော်ဟစ်လာသည်ကိုကြားလိုက်ရသည်။တခနအတွင်းတွင် သူကအနက်ရောက်အခိုးအငွေ့များအဖြစ်ပြောင်းသွားကာ ကြောက်လန့်စရာကောင်းသည့်မြင်ကွင်းကပျောက်ကွယ်သည့်အချိန်တွင် သူလည်းအတူပျောက်ကွယ်သွားသည်။
ခေါင်းအစခြေအဆုံး သူ့တစ်ကိုယ်လုံးကပေါ့ပါးသွားသလိုပင်။မျက်စိဖွင့်လိုက်သောအခါ ဓာတ်လှေကားနံရံကိုမြင်လိုက်ရသည်။တစ်ဖက်တွင် အသက်သုံးဆယ်အရွယ်သူ့အတွင်းရေးမှူးက သူ့ဘောင်းဘီစကိုဆွဲကာ ကြမ်းပြင်ပေါ်၌တုန်နေ၏။
“ဘာလုပ်နေတာလဲ”
လုဟယ်နျန်က နဖူးကိုပွတ်ကာ မျက်မှောင်ကြုတ်ပြီး အတွင်းရေးမှူးကိုကြည့်လိုက်သည်။
သနားစရာအတွင်းရေးမှူး : “。。。。”
“ဒါရိုက်တာ အခုလေးတင် အခုလေးတင်。。。 ”
အတွင်းရေးမှူးက ဆတ်ခနဲထရပ်ကာ သူမြင်လိုက်ရသည်ကိုအတည်ပြုနိုင်ရန်အကြောင်းရင်းရှာနေ၏။သို့သော်သူပြော၍မပြီးသေးခင်မှာဘဲ ဓာတ်လှေကားကအပေါ်ဆုံးအထပ်သို့ရောက်လာကာ ဒင်ခနဲတံခါးပွင့်သွားသည်။
“ထားလိုက်တော့ ငါသိပြီ”
နှစ်တွေအများကြီးကြာပြီးနောက်တွင် လုဟယ်နျန်ကဒီလိုကိစ္စမျိုးကိုမကြုံဖူးတာမဟုတ်တော့ပေ။ဘာဖြစ်သွားသည်ကို သူ့စိတ်ထဲတွင် အကြမ်းဖျင်းနားလည်နေ၏။သူကဘာမှထပ်မပြောတော့ဘဲ ရှေ့ကိုလှည့်ကာ ဓာတ်လှေကားထဲမှထွက်လိုက်သည်။
အတွင်းရေးမှူး၏အမူအရာကပြောင်းလဲသွားသည်။
ဒါရိုက်တာက ဘာသိတာလဲ။ဒါရိုက်တာကဘာမှမသိပါဘူး။
ဓာတ်လှေကားအပြင်တွင် မိန်းကလေးတစ်ယောက်၏နူးညံ့သောခန္ဓာကိုယ်က သူ့ဘေးမှဖြတ်သွားကာ ဓာတ်လှေကားထဲသို့ဝင်သွားသည်။သူမလမ်းလျှောက်နေချိန်တွင် လေကသူမဆံပင်ကိုလွင့်သွားစေပြီး လုဟယ်နျန်က သူ့နှာခေါင်းဝတွင် သစ်ပင်ပန်းမန်များ၏ ချိုမြိန်သောရနံ့ကဖြတ်တိုက်သွားသည်ကိုခံစားလိုက်မိသည်။၎င်းကအလွန်ကောင်းမွန်သောရနံ့ဖြစ်ရာ သူကမထိန်းနိုင်ဘဲဆွဲဆောင်ခံလိုက်ရသည်။
လုဟယ်နျန်က သတိလက်လွတ်ဖြင့် ဓာတ်လှေကားဘက်ကိုပြန်လှည့်ကြည့်လိုက်သည်။ထိုအချိန်တွင် ဓာတ်လှေကားတံခါးက တစ်ဝက်လောက်ပိတ်နေပြီဖြစ်သည်။သူက လှေကားထဲမှမှန်ကိုကြည့်ရန်လှည့်လာသည့်မိန်းမငယ်လေးကိုမြင်ရုံသာမြင်လိုက်ရသည်။သူမဆံပင်က ရင်ဘတ်လောက်ရှိကာ သွယ်လျပြီး နူးညံ့သောလက်တစ်စုံရှိ၏။
“ဒါရိုက်တာ ဘာဖြစ်လို့လဲ”
လုဟယ်နျန်က ရုတ်တရက်ရပ်သွားသဖြင့် အတွင်းရေးမှူးက နားမလည်နိုင်စွာမေးလာသည်။
လုဟယ်နျန်က မျက်မှောင်ကြုတ်ကာ အလေးအနက်မေးလိုက်သည်။
“ခုနက ဓာတ်လှေကားထဲမှာတုန်းက မင်းအသံတစ်ခုခုကိုကြားလိုက်လား”
ရုတ်ချည်းဆိုသလိုပင် အတွင်းရေးမှူးက စိတ်လှုပ်ရှားလာသည်။သူကအသံကိုတိုးကာပြောလာ၏။
“ခေါင်းဆောင်လုလည်းကြားလိုက်တာလား ကျွန်တော်ကယောက်ျားတစ်ယောက်အကူအညီတောင်းနေတာကိုကြားလိုက်ရတယ်၊ သူ့အသံကတကယ်ကိုသနားစရာဘဲ ခုနတုန်းက ကျွန်တော်。。。。”
သူပြော၍မပြီးခင်မှာဘဲ လုဟယ်နျန်၏မျက်နှာကမည်းမှောင်လာပြီး အေးစက်စက်ပြောလာသည်။
“ကျန်းချုံမင် မင်းနားတွေကိုသွားစစ်သင့်နေပြီလို့ငါထင်တယ်”
“အာ。。。。”
အတွင်းရေးမှူးကျန်းက ခေါင်းမော့ပြီး သူ့ဘော့စ်ကိုကြောင်အစွာကြည့်လာသည်။သူတစ်ခုခုများ အမှားပြောမိသွားလို့လား။သူကြားလိုက်တာ တကယ်အဲ့လိုအသံဘဲလေ။အဲ့ဒီအသံကြောင့်သာမဟုတ်ရင် သူက ဒီလိုကြောင်လန့်ပြီး ပုံမှန်မဟုတ်သလိုပြုမူစရာအကြောင်းကိုမရှိပါဘူး။
သို့သော်လုဟယ်နျန်၏အေးစက်စက်မျက်လုံးများကိုမြင်သောအခါ သူပြောမည့်စကားလုံးများကို ပြန်မြိုချလိုက်သည်။ 。。。သူတကယ်ဘဲ ထင်ယောင်ထင်မှားတွေ ကြားနေတာများလား။
လုဟွားနျန်က လုဟယ်နျန်ရောက်လာသည်မြင်သောအခါ သူမသမီးအိပ်နေသဖြင့် အသံတိုးကာပြောလာ၏။
“ဟယ်နျန် ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ၊ ယွမ်ယွမ်ကို စိတ်ကောင်းရှိတဲ့သူတစ်ယောက်ကကယ်လိုက်တယ်လို့ ကျဲပြောပြီးပြီမလား၊ နင့်အလုပ်ကအရမ်းအလုပ်များတာ မလာလည်းဘာမှမဖြစ်ပါဘူး”
“အမ် ယွင်ရုန်ဘယ်ရောက်သွားတာလဲ၊ ခုနကတည်းက သူ့ကိုမတွေ့ရတော့တာ”
သူမက ကော်ရစ်ဒါတစ်လျှောက်လိုက်ကြည့်လိုက်သည်။
“နင်ဝင်လာတုန်းက မယုံနိုင်လောက်အောင်လှတဲ့မိန်းကလေးတစ်ယောက်ကိုမြင်လိုက်သေးလား၊ သူက ယွမ်ယွမ်ကိုကယ်ခဲ့တဲ့သူပဲ”
⛰️