⛰️Chapter 9
အလုပ်ထောက်ခံပေးခြင်း။
“မိန်းကလေးတစ်ယောက်လား၊ အခုလေးတင်ကျွန်တော်ရောက်လာတုန်းက အောက်ကိုဆင်းသွားတဲ့ လူတစ်ယောက်တော့ရှိတယ်”
လုဟယ်နျန်က ဓာတ်လှေကားရှေ့တွင်ဆုံခဲ့သည့်မိန်းကလေးကိုတွေးမိသွားသည်။သူမက လုဟွားနျန်ပြောနေသည့်သူဖြစ်လိမ့်မည်။
“ကျဲပြောတာ သူ့နာမည်ကယွင်ရုန်လို့ခေါ်တာလား”
“ဟုတ်တယ် သူ့နာမည်ကအရမ်းကောင်းတယ်မလား၊ လူကလည်းအရမ်းလှတယ်၊ ဟိုတီဗီထဲက နာမည်ကြီးတွေထက်တောင် ပိုချောသေးတယ်”
လုဟွားနျန်က ပြောရင်းဖြင့်မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ဘာမှမပြောဘဲ ထွက်သွားတာပါလိမ့် သေချာတောင်ကျေးဇူးမတင်လိုက်ရဘူး အိမ်ရောက်ရင် သူ့ကိုတစ်ချက်လောက်ရှာကြည့်ရမယ်၊ အဲ့ဒီမိန်းကလေးရဲ့ပုံစံအရဆို မိသားစုအခြေအနေက သိပ်မကောင်းလောက်ဘူး၊ အသက်ကလည်းအရမ်းမကြီးသေးဘူး。。。”
“ဒီကိစ္စကိုကျွန်တော်ဘဲလုပ်လိုက်မယ်”
လုဟွားနျန်ပြော၍မပြီးသေးခင်မှာဘဲ လုဟယ်နျန်ကဖြတ်ပြောလိုက်သည်။
“ကျွန်တော်တို့လုမိသားစုက ကျေးဇူးမသိတတ်တဲ့သူတွေမဟုတ်ဘူး ကူညီပေးနိုင်တာရှိရင် လုပ်ပေးရမှာဘဲ”
ထို့နောက်သူက ခုနတုန်းကဓာတ်လှေကားရှေ့တွင်ဆုံခဲ့သည်ကို ထပ်တွေးလိုက်သည်။ထိုပုံရိပ်ကိုမရည်ရွယ်ဘဲ ကြည့်လိုက်မိခြင်းဖြစ်ကာ နာမည်ဖြစ်စေ၊ပုံရိပ်ဖြစ်စေ သူနှင့်အလွန်ရင်းနှီးနေ၏။သို့သော်သူမကိုဘယ်နေရာတွင်တွေ့ခဲ့ဖူးသည်ကို မမှတ်မိတော့ပေ။
လုဟွားနျန်က သူ့မောင်စကားကိုကြားသောအခါ မျက်ခုံးပင့်လိုက်မိပြီး ရယ်လိုက်သည်။
“ဘယ်တုန်းကများ ဒီလောက်ထိစိတ်အားထက်သန်သွားတာလဲ၊ ပုံမှန်ဆိုရင်မိန်းကလေးတစ်ယောက်နဲ့ ပြောဆိုဆက်ဆံရမယ်ဆိုရင် နင်ပျံပြီးထွက်ပြေးသွားမှာတောင် ကြောက်နေရတာ”
သူမက သူမမောင်ကိုနားအလည်ဆုံးပင်။ငယ်ရာမှကြီးလာသည်အထိ သူကမိန်းကလေးများနှင့်ပြောဆိုဆက်ဆံရန် ဘယ်တော့မှစိတ်မရှည်ခဲ့ပေ။သူ့ကံတရားက အကြောင်းရင်းတစ်ချက်ဖြစ်နေသော်လည်း အဓိကသူကိုယ်တိုင်ကိုက သဘောမကျခြင်းသာဖြစ်သည်။သူက မျက်နှာမည်းယမမင်းလိုပင် သူ့မျက်နှာထားကအမြဲတမ်းအေးစက်နေ၏။သူ့ဆီချဉ်းကပ်ချင်တဲ့မိန်းကလေးရှိပါဦးမလား။အကုန်လုံးက သေမတတ်ကြောက်သွားကြတာချည်းဘဲ။
ထိုသို့တွေးလိုက်ကာ ဘာဘဲဖြစ်ဖြစ်သူမကဆက်ပြောလိုက်သည်။
“အဲ့ဒီမိန်းကလေးကို ငါတကယ်သဘောကျတယ်၊ စီးပွားရေးလုပ်သလိုဆက်ဆံလိုက်လို့မဖြစ်ဘူးနော် မိန်းမငယ်လေးရဲ့နှလုံးသားထိခိုက်သွားအောင် နင်လုပ်မှာကို ငါခွင့်မပြုနိုင်ဘူး”
လုဟယ်နျန်က ခေါင်းငြိမ့်လိုက်ကာ သူ့ရင်ထဲတွင် မလွယ်ကူမှုများဖြင့်ပြည့်နှက်သွားပြီး စကားလွှဲလိုက်သည်။
“တရားခံကိုရော ဖမ်းမိပြီလား”
ဤအကြောင်းပြောလိုက်သောအခါ လုဟွားနျန်၏ မျက်လုံးများတွင် အေးစက်မှုအရိပ်ယောင်များသန်းလာသည်။သူမကအံကြိတ်ကာ ဖြေလာ၏။
“နေရာမှာဘဲ ဖမ်းမိသွားတာ၊ ဒီကိစ္စအတွက်ကိုလည်း ယွင်ရုန်ကိုဘဲကျေးဇူးတင်ရမှာဘဲ အဲ့ဒီအချိန်တုန်းက သူကရှေ့ထွက်လာပြီး အဲ့ဒီလူယုတ်မာကိုကန်ထုတ်လိုက်တာ၊ အဲ့လိုနဲ့ပဲ သူ့ကိုမြန်မြန်ဖမ်းနိုင်သွားတယ်”
သူမစကားကိုကြားသောအခါ လုဟယ်နျန်၏မျက်လုံးထဲ၌ စိတ်ဝင်စားသည့် အရိပ်အယောင်များဖြစ်ပေါ်လာသည်။သူက အခြားသူများကိုကူညီရန်လက်မတွန့်တတ်သည့် ထိုမိန်းကလေးအပေါ် သိချင်စိတ်များတိုးပွားလာသည်။ဤသို့တွေးမိသွားသောအခါ မနက်တုန်းက မဒမ်ကျန်းရှုဟွားဖုန်းဆက်ခဲ့သည်များကို ပြန်တွေးမိသွားသည်။
ကျန်းစီစီက သူနှင့်မတွေ့ရသေးသော်လည်း ပြုတ်ကျကာခြေထောက်ကျိုးသွား၏။အခုလေးတင်အနည်းငယ်စိတ်အေးသွားသည့် သူ့အမူအရာများက ရုတ်တရက်ပြန်အေးစက်သွားသည်။အိတ်ကပ်ထဲရှိလက်နှစ်ဖက်လုံးကို တင်းတင်းဆုပ်လိုက်လေသည်။
အတွင်းရေးမှူးကျန်းချုံမင်က အလိုလိုကနာမငြိမ်ဖြစ်ကာ နာရီကိုဆက်တိုက်ကြည့်နေမိသည်။နောက်ဧည့်သည်နဲ့တွေ့ရမယ့် အချိန်ကနီးနေပြီ။
အိုင်းး ဒါရိုက်တာကိုသတိပေးလိုက်ရမလား။ဒီလိုအရှိန်အဝါပြင်းတဲ့ဘော့စ်နောက်လိုက်ရတာလဲနော် ပင်စင်ယူမယ့်အရွယ်ထိတောင် ခံနိုင်ပါ့မလား။
တစ်ဖက်တွက် ဝမ်ရိဖေးက ရဲကားထဲတွန်းထည့်ခံလိုက်ရကာ ဟိုင်ရှီးရဲစခန်းသို့ခေါ်သွားခံလိုက်ရသည်။ရဲအရာရှိတိုင်းက သူစစ်မေးခံရသည်ကိုကြည့်နေကြကာ သူတို့မျက်လုံးများက ပေါ်ပေါ်ထင်ထင်ပင်မုန်းတီးမှုများကိုဖော်ပြနေ၏။
ဟွားကော်နိုင်ငံအတွင်းမှအဆင့်များအရဆိုလျှင် ဟိုင်ရှီးပြည်သူ့လုံခြုံရေးက အမြဲပင် အကောင်းဆုံးများထဲမှတစ်ခုဖြစ်ခဲ့သည်။လူသတ်မှု၊မီးရှို့မှုမပြောနှင့် အကြမ်းဖက်မှုများတောင်မှ ဖြစ်သည်မှာရှား၏။အများဆုံးအားဖြင့် လုယက်မှု၊သူခိုးများနှင့် ကြွေထည်တိုက်မိ*ခြင်းကြောင့်ဖြစ်သည့်ရန်ဖြစ်မှုများသာ ဖြစ်တတ်သည်။
(Tn:**ကြွေထည်တိုက်မိခြင်းဆိုတာက အဖိုးတန်ပြီး အထိခိုက်မခံတဲ့ပစ္စည်းတွေကို အလွယ်တကူတိုက်မိနိုင်တဲ့နေရာမှာထားပြီးတိုက်မိသွားရင် လူလိမ်ကလျော်ကြေးတောင်းတာမျိုးကိုပြောချင်တာပါ၊ကားရှေ့ဝင်ပြေးပြီး လျော်ကြေးတောင်းသလိုမျိုးပါဘဲ)
နေ့တိုင်းနေ့တိုင်း ပြစ်မှုကျူးလွန်သည့်သံသယရှိသူအများကြီးကို ကိုင်တွယ်ဖူးသော်လည်း ရဲစခန်းမှသူများသည် စိတ်ဒဏ်ရာရပြီးနောက် ရက်စက်ကြမ်းကြုတ်နေဆဲဖြစ်သည့်သူမျိုးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ဟုတ်တယ် မင်းကသနားစရာကောင်းတယ်၊နှစ်တွေအကြာကြီးတွဲလာတဲ့မိန်းကလေးက သူ့ဘော့စ်နောက်ပါသွားတယ်၊ယာယီအလုပ်မှာ ဆယ်နှစ်ကျော်အောင်အလုပ်လုပ်ခဲ့ပြီးတာတောင်မှ ပိုက်ဆံကိုအလုံအလောက်မစုနိုင်ခဲ့ဘူး။
ထိုအကြောင်းပြောပါက လူတိုင်းကမင်းကိုသနားကြလိမ့်မည်။သို့သော်ဘဝတွင်ရှူံးနိမ့်ခြင်းက မကောင်းသောအရာများလုပ်နိုင်သည့်အကြောင်းအရင်းမဟုတ်ပေ။ထို့အပြင် ကြက်တစ်ကောင်ကိုတောင်ချည်နှောင်နိုင်သည့်အင်အားမရှိသည့် မူကြိုကလေးကိုဓားစာခံလုပ်လိုက်သေးသည်။
တိရစ္ဆာန်ထက်တောင်ဆိုးရွားတယ်။
ရဲအရာရှိက ချက်ချင်းပင် ဝမ်ရိဖေး၏စစ်မေးချက်ကို စီမံခန့်ခွဲလိုက်သည်။ ဝမ်ရိဖေးက အလွန်စိတ်ဓာတ်ခိုင်မာသောသူမဟုတ်ပေ။မဟုတ်ပါက မူကြိုကျောင်းထဲကျူးကျော်ဝင်မည့်အစား ဘော့စ်ဆီသွားပြီး သူ့ကောင်မလေးကိုပြန်လုယူလိုက်လောက်ပြီဖြစ်သည်။
သူတို့က စစ်မေးဖို့အများကြီးအားမစိုက်လိုက်ရဘဲ ကိစ္စအားလုံးက ပဲစေ့များလောင်းချလိုက်သလို အစီစီထွက်ပေါ်လာသည်။တကယ်တမ်းတွင် အစပိုင်း၌ ဝမ်ရိဖေးကအခြားသူများပေါ်လက်တုံ့ပြန်ဖို့မစဉ်းစားခဲ့ပေ။သို့သော် လူတစ်ယောက်၏စကားများကိုနားထောင်ပြီးနောက် သူ့ဦးနှောက်ကလုံးဝကိုလောင်ကျွမ်းသွားလေသည်။
သူ့ဆီတွင်ပိုက်ဆံမရှိသဖြင့် သူ့ကောင်မလေးကလမ်းခွဲလိုက်သောနေ့တွင် အရက်ပုလင်းအနည်းငယ်သောက်ခဲ့၏။သူက လူသွားလူလာဇုန်ကိုဖြတ်သောအခါ လီချွယ့်ဇီ၏တားခြင်းကိုခံလိုက်ရသည်။လီချွယ့်ဇီရဲ့အကြားအမြင်ကတော်တော်လေးတိကျတာပဲ။တစ်ချက်ကြည့်လိုက်ရုံတင် ဝမ်ရိဖေးက စိတ်ပျက်စရာအချစ်ရေးရှိနေပြီး ဦးထုပ်စိမ်းအဆောင်းခံရတာကို တန်းသိသွားရော။
လီချွယ့်ဇီက ဝမ်ရိဖေးကိုသူကချမ်းသာတဲ့ဘဝမှာနေရမှာဟုဆက်ပြောခဲ့သည်။သူ၏လက်ရှိအလုပ်နေရာက သူ့ဘော့စ်ဖိနှိပ်ခြင်းကိုခံနေရသဖြင့် မကောင်းဟုဆိုကာ သူကအလုပ်ပြောင်းလိုက်ပါက အလျင်အမြန်ပင် ချမ်းသာကြီးပွားလာမှာဟုဆိုခဲ့သည်။
ဝမ်ရိဖေးက သူကြားလိုက်ရသည်များကို အပြည့်အဝယုံသွားသည်။သူ့ဘော့စ်ကသူ့ကိုဖိနှိပ်ထားပြီး ဦးထုပ်စိမ်းဆောင်းပေးလိုက်တာ။ထိုအချိန်၌သူကချက်ချင်းပင် သူ့ဆီတွင်ရှိသမျှပိုက်ဆံအားလုံးကိုပုံကာ ကံကောင်းစေသည့်အဆောင်တစ်ခုကိုဝယ်လိုက်သည်။ထို့နောက်ဒေါသဖြင့် အမောတကြီး အိမ်သို့ပြန်လာခဲ့သည်။
သူအိမ်ပြန်ရောက်လာပြီးနောက် ထိုအကြောင်းကိုသာဆက်တိုက်တွေးနေမိပြီး မကျေမနပ်ဖြစ်လာသည်။သူ့ဘော့စ်၏အသက်သုံးနှစ်အရွယ်သားက ဒီနှစ်တွင်မူကြိုစတက်မည်ကိုသတိရသွားသည်။ဒေါသဖြင့်ပူလောင်နေသောသူ့စိတ်ထဲတွင် သူက ဘော့စ်၏ဘိုးဘွားပိုင်အိမ်သို့သွားကာ ပေါက်ကွဲပစ်ချင်နေသည်။
ဝမ်ရိဖေးကိုစစ်မေးနေသော ရဲအရာရှိက မည်းမှောင်နေသောမျက်နှာဖြင့် စစ်ဆေးရေးအခန်းထဲမှထွက်လာသည်။သူ့လက်ထဲမှမှတ်တမ်းကို စားပွဲပေါ်ပြစ်ချကာ သက်ပြင်းချလိုက်သည်။
“ငါအကုန်လုံးကိုနားလည်သွားပြီ၊ အရင်ဆုံးနောက်ထပ်တရားခံတစ်ယောက်ကိုသွားဖမ်းကြတာပေါ့”
“ဘာကြီး မင်းဘာတွေ့ခဲ့လို့လဲ ကြံရာပါရှိနေတာလား”
သူ့ဘေးမှလုပ်ဖော်ကိုင်ဖက်က မေးလာသည်။
“ကြံရာပါဆိုပြီး အတိအကျတော့လည်းမဟုတ်ဘူး ဒါပေမယ့်ဖမ်းဖို့လိုတဲ့လူတစ်ယောက်ရှိနေသေးတယ်”
စစ်မေးသူက သူ၏မှတ်တမ်းကိုဖွင့်ကာ အပေါ်မှစာလုံးကိုညွှန်ပြပြီးပြောလာသည်။
“လူသွားလူလာဇုန်အလယ်ကိုသွားပြီး ဒီရှေ့ဖြစ်ဟောတဲ့သူကိုဖမ်းခဲ့ ငါပြောခဲ့တယ်မလား သဘာဝလွန်ကိစ္စတွေကိုယုံတာက ဘာအကျိုးမှမရှိဘူးလို့၊လူကိုတောင်ထိခိုက်စေလိမ့်မယ်၊ မင်းလည်းတွေ့တယ်မလား ဒီကိစ္စဖြစ်ရတဲ့အကြောင်းရင်းတစ်ဝက်လောက်က အဲ့ဒီလူလိမ်က အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောလိုက်လို့ဘဲ”
ပုံမှန်အချိန်များတွင် ပြည်သူများတိုင်ချက်မဖွင့်လာသရွေ့ ရဲဌာနက ဤကဲ့သို့လမ်းဘေးရှေ့ဖြစ်ဟောသူများကို စုံစမ်းစစ်ဆေးလေ့မရှိပေ။သို့သော်လက်ရှိကိစ္စတွင် သူတို့ကမတတ်နိုင်တော့ဘဲ ဖမ်းဆီးကာစစ်ဆေးရလိမ့်မည်။
လီချွယ့်ဇီကို ကူညီတတ်သည့်ပြည်သူတစ်ဦးက ဆေးရုံသို့ပို့ပေးကာ ပုခုံးမှဒဏ်ရာကိုအချက်အနည်းငယ်လောက်ချုပ်လိုက်ရသည်။အကုန်ပြီးစီးသည့်နောက်ဆုံးမှသာ သူကခက်ခက်ခဲခဲနှင့်သက်ပြင်းချနိုင်တော့သည်။သို့သော်သူဆေးရုံမှထွက်ရုံလေးသာရှိသေးချိန်တွင် ရဲကားတစ်စီးကသူရှေ့တွင်ရပ်လာသည်။ရဲများကကားပေါ်မှဆင်းလာပြီး ချက်ချင်းပင်သူ့ကိုဝိုင်းလာကြသည်။
ကျင်းချန်ကဦးဆောင်လာကာ တည်တင်းနေသောမျက်နှာဖြင့်မေးလိုက်သည်။
“ခင်ဗျားက လီကောင်းထျန်လား”
“ဟုတ်ပါတယ် ကျွန်တော်ပါ。。。。”
သူကခိုင်မာစွာပြန်ဖြေလိုက်သောအခါ နောက်မှရဲနှစ်ယောက်သူ့ဘေးတစ်ဖက်တစ်ချက်စီရောက်လာပြီး လက်ကိုဖမ်းချုပ်လိုက်သည်။
“ခင်ဗျားကို လှည့်စားမှု၊လူတွေအပေါ်လိမ်စားပြီး ပြည်သူလူထုကြားမှာထိတ်လန့်မှုမျိုးကိုဖြစ်ပေါ်စေတယ်လို့ သံသယရှိပါတယ် စခန်းကိုတစ်ချက်လောက်လိုက်ခဲ့ပေးပါ”
“ဘာကြီး၊ ရဲအရာရှိကြီးခင်ဗျာ ကျွန်တော်မဟုတ်ရ。。。。”
“စခန်းကိုလိုက်ခဲ့ပြီး စစ်ဆေးတာကိုခံယူပေးပါ၊ အဲ့လိုဆိုအရာအားလုံးကရှင်းလင်းသွားပါလိမ့်မယ်”
သူပြော၍မပြီးခင်မှာဘဲ ရဲကားထဲသို့တွန်းထည့်ခံလိုက်ရသည်။
ကားထဲသို့ရောက်သောအခါ လီချွယ့်ဇီက မယုံနိုင်ဖြစ်နေသည်။သူဒီနေ့ဘာလို့ဒီလောက်တောင်ကံဆိုးနေရတာလဲ။ခုနတုန်းက သူစပ်စုချင်ရုံလေးကို ဒဏ်ရာရပြီး ချုပ်လိုက်ရတယ်။အခုလည်း ဘာအကြောင်းရင်းမှမရှိဘဲ အဖမ်းခံလိုက်ရပြန်ပြီ။
ရုတ်တရက်တွင် သူ့ရင်ထဲဒိတ်ခနဲဖြစ်သွားသည်။သူကယွင်ရုန်ပြောခဲ့သည်များကို ပြန်တွေးမိသွားသောအခါ သူ့မျက်နှာကဖြူဖျော့လာသည်။ဒီလောက်နှစ်တွေအများကြီးလိမ်စားလာပြီးမှ သူတကယ့်နတ်ဘုရားနဲ့တွေ့လိုက်ရတာတော့ မဖြစ်နိုင်လောက်ပါဘူးနော် ဟုတ်တယ်မလား။
~~~~~~0~0~~~~~~~
နတ်ဘုရားအစစ်ဖြစ်သည့် ယွင်ရုန်က ATMရှေ့တွင်ရပ်နေ၏။သူမက လုဟွားနျန်ပေးလိုက်သည့် ကဒ်ကိုကိုင်ထားသည်မှာ ငါးမိနစ်ကျော်ပြီဖြစ်သည်။ခုနတုန်းက လူတစ်ယောက်က ဒီကဒ်လိုမျိုးကဒ်ဖြင့် ပိုက်ဆံထုတ်သည်ကိုမြင်ခဲ့၏။အစတွင် သူမကကဒ်ကိုကိုင်ကာ စက်ထဲထည့်လိုက်သည်နှင့် ပိုက်ဆံချက်ချင်းထွက်လာမှာဟုထင်နေခဲ့သည်။
သို့သော် ဤစက်ကအဲ့လောက်မရိုးရှင်းပေ။ယွင်ရုန်၎င်းကိုလေ့လာနေသည်မှာ နေ့တစ်ဝက်ကျော်ပြီဖြစ်ကာ မတတ်နိုင်တော့သဖြင့် အဆုံးတွင်အရှူံးပေးလိုက်ရသည်။လူသားတွေရဲ့ပစ္စည်းတွေက အရမ်းရှုပ်ထွေးတာဘဲ။သူမမသုံးနိုင်ဘူး။
ဒါကတောင်မိစ္ဆာတစ်ယောက်အတွက် အကြီးမားဆုံးအခက်အခဲဘဲ။
ယွင်ရုန်က ATMစက်ကိုဘယ်လိုသုံးရမလဲလေ့လာနေချိန်တွင် အဝေးမှ ဂျင်းပြဲဘောင်းဘီကိုဝတ်ထားသည့်လူငယ်တစ်ဦးလျှောက်လာကာ တဖြေးဖြေးနီးလာခဲ့သည်။သတ္တုချိန်းကြိုးတစ်ခုက သူ့ခါးတွင်တွဲလောင်းကျနေကာ ဆံပင်ကိုလည်း အရောင်စုံဆိုးထားလေသည်။
လျိုဝေ့က မနေ့ညတစ်ညလုံးကုန်ဆုံးခဲ့သည့် အင်တာနက်ကဖေးမှအခုလေးတင်ထွက်လာခြင်းဖြစ်သည်။သူကအိပ်ငိုက်ပင်ပန်းနေကာ တစ်ခုခုစားဖို့ထွက်လာခဲ့ခြင်းပင်။သို့သော်သူ့အိတ်ကပ်ကိုစမ်းကြည့်လိုက်သောအခါ အကြွေအနည်းငယ်သာရှိနေ၏။Alipayကိုဖွင့်ကြည့်လိုက်သောအခါမှာလည်း အကုန်လုံးသုံးကုန်သွားပြီကိုမြင်လိုက်ရသည်။
သူကစိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချကာ ဆံပင်ကိုဖွလိုက်မိသည်။သူက အရင်အလဲအလှယ်ကိုပဲပြန်လုပ်တော့မည်ဟု တွေးလိုက်သည်။ဒါပေမယ့်အခုချိန်မှာ မိန်းမလှလေးတွေက ရှာရမလွယ်ဘူးလေ အိုင်းးး။ရွာမှတက်လာပြီး ကြည့်ရမဆိုးသောမိန်းကလေးအလုပ်သမားများအားလုံးကို သူအလုပ်ရှာပေးထားခြင်းဖြစ်သည်။
ထို့အပြင်သာမန်ကုန်ပစ္စည်းကိုသာရှာပေးပါက ပိုက်ဆံသိပ်မရပေ။၎င်းက သူတစ်ပတ်သုံးဖို့တောင်မလုံလောက်ပေ။သို့သော်သူ့အတွက် အံ့ဖွယ်ကောင်းလောက်အောင်လှသည့်မိန်းကလေးကိုတွေ့နိုင်ရန်မှာ မဖြစ်နိုင်ပေ။
လျိုဝေ့က သူ့အတွေးရိုင်းထဲလွင့်နေချိန်တွင် ရုတ်တရက်မြင်ကွင်းတစ်ခုကိုမြင်သွားသည်။သူကရင်ထဲတွင်ပျော်သွားကာ ယွင်ရုန်ဆီသို့အမြန်လျှောက်သွားလိုက်သည်။
“မိန်းမလှလေး မင်းအလုပ်ရှာဖို့မြို့ကိုတက်လာတာလား”
လျိုဝေ့ကအနားကိုလျှောက်လာကာ သူ့မျက်လုံးထဲမှပျော်ရွှင်မှုကို မဖုံးဖိနိုင်တော့ပေ။လှတယ်၊တကယ်ကိုပဲအရမ်းကိုလှတယ်။
သူ့ကိုမိန်းမလှမျိုးစုံအားမြင်ဖူးသည်ဟု မှတ်ယူနိုင်၏။သို့သော် လျန်ကျင်းကျဲဆီမှ နာမည်ကြီးမိန်းမအားလုံးသည် ဒီမိန်းကလေး၏လက်ဖျားလေးကိုတောင်မမှီပေ။
အရေးကြီးဆုံးမှာ သူမကလှပရုံသာမက ရှင်းမပြနိုင်သည့်စိတ်နေသဘောထားတစ်ခုရှိနေခြင်းပင်။၎င်းက တောတောင်နက်ထဲ၌ ညပန်းတို့၏ဘုရင်မ ပွင့်ဖူးနေသလိုမျိုးဖြစ်သည်။အဝေးမှကြည့်နေရုံဖြင့်တင်လုံလောက်၏။အနီးကပ်ကြည့်လိုက်ရပါက ဘုရားသခင်၏အမည်နာမကိုတောင်ကျိန်ဆဲမိလောက်သည်အထိ မှင်သက်ရလိမ့်မည်။
ယွင်ရုန်က ATMစက်ရှေ့တွင်ကဒ်တစ်ခုကိုကိုင်ကာ ပိုက်ဆံထုတ်ရန်လုပ်နေပြီး အိုဟောင်းနေသောအဝတ်အစားများကိုလည်းဝတ်ဆင်ထားသောအခါ လျိုဝေ့က ချက်ချင်းသဘောပေါက်သွားသည်။
သူမက မြို့တက်ပြီးအလုပ်လာရှာတာဖြစ်မယ်၊ဒါပေမယ့်အခုထိအလုပ်မရသေးဘူး။ပိုက်ဆံရှာဖို့ကြိုးစားနေတဲ့ မိန်းမငယ်လေး။
ယွင်ရုန်က သူမဘေးမှယောက်ျားကိုလှည့်ကြည့်လိုက်ကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ဤယောက်ျားခန္ဓာကိုယ်၏အသက်ရှူသံက တကယ်ပင်ရှုပ်ထွေးနေကာ လူကိုသက်တောင့်သက်သာမရှိအောင်လုပ်နေပေသည်။သူမကသူ့ကိုလျစ်လျူရှုကာ ထွက်သွားရန်လုပ်လိုက်သည်။
“အယ် မိန်းမလှလေး မသွားနဲ့လေ”
လျိုဝေ့က ယွင်ရုန်ထွက်သွားတော့မည်ကိုမြင်သောအခါ ချက်ချင်းပင်နောက်မှလိုက်လာသည်။သူ့လက်နှစ်ဖက်ကိုပွတ်တိုက်ကာ ပြုံးဖြီးဖြီးဖြင့်ပြောလာ၏။
“မင်းက မြို့မှာပိုက်ဆံရှာဖို့လာခဲ့တာမလား ဒီနေ့ခေတ်မှာ မြို့ထဲမှာအလုပ်တစ်ခုရှာဖို့ကလဲ မလွယ်ဘူးကွ၊ ငါကြည့်ရတာမင်းကအရမ်းရင်းနှီးနေသလိုဘဲ၊မင်းလည်းနယ်ကနေတက်လာတာလား”
ယွင်ရုန်က ရပ်လိုက်ကာ လျိုဝေ့ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ကျွန်မနောက်မလိုက်နဲ့”
ယွင်ရုန်၏အမူအကျင့်ကချိုသာပုံပေါက်ကာ သူမအသက်ကလည်းမကြီးသေးပေ။လျိုဝေ့၏မျက်လုံးထဲတွင် ဒီလိုစကားပြောပုံမျိုးက နည်းနည်းလေးတောင်တင်စီးမနေပေ။ထို့အပြင် လျိုဝေ့က တကယ်ပိုက်ဆံလိုနေသဖြင့် သူမ၏စိတ်နေစိတ်ထားကိုသိပ်ဂရုမစိုက်တော့ပေ။
လျိုဝေ့ကပြုံးပြီးပြောလာသည်။
“ငါတို့နှစ်ယောက်လုံးကနယ်ကတက်လာတာချည်းဘံဆိုတော့ မွေးရပ်မြေတစ်ခုတည်းကနေလာတယ်လို့ တစ်ဝက်လောက်သတ်မှတ်လို့ရတယ်၊ မင်းကြည့်ရတာ ငါ့ထက်လည်းငယ်တယ်၊ ဒီကောကောက မင်းအတွက်အလုပ်တစ်ခုအကြံပြုပေးရင်ရောဘယ်လိုလဲ၊ အဲ့ဒီမှာနေလို့စားလို့လည်းရသလို လစာလည်းကောင်းတယ်”
“ကျွန်မအတွက်အလုပ်ထောက်ခံပေးတာလား”
ယွင်ရုန်က လျိုဝေ့ပြောနေသည်များကို လုံးဝအာရုံစိုက်မနေပေ။သို့သော် ရုတ်တရက်ပင် အလုပ်ရှာပေးသည်ဟုသောစကားလုံးကိုကြားလိုက်ရ၏။အလုပ်ထောက်ခံပေးတာက ကောင်းတာဘဲ။တိုက်တိုက်ဆိုင်ဆိုင်ကို သူမကလည်းအလုပ်ရှာနေတာ။
ပိုက်ဆံရှာပြီးတာနဲ့ တန့်ချိုးတောင်ကိုမြန်မြန်ဝယ်လို့ရပြီ။
“ဟုတ်တယ်လေ မင်းကိုအလုပ်ထောက်ခံပေးမှာ”
လျိုဝေ့ကပိုပြီးစိတ်အားတက်ကြွလာသည်။
“ညီမလေး ကောကောပြောပြမယ်၊ အခုကောကောမိတ်ဆက်ပေးမယ့်အလုပ်က အရမ်းကြီးအားစိုက်ထုတ်စရာမလိုပေမယ့် ပိုက်ဆံအများကြီးရှာနိုင်မှာ မင်းလိုမိန်းကလေးတွေလုပ်ဖို့ အရမ်းသင့်တော်တယ်”
ယွင်ရုန်က လူသားမျိုးနွယ်အကြောင်းကိုသိပ်နားမလည်သော်လည်း လောကကြီးတွင် သိပ်ကြိုးစားစရာမလိုဘဲပိုက်ဆံအများကြီးရသည့်အလုပ်မရှိသည်ကိုသိ၏။သူမကတုံ့ဆိုင်းစွာမေးလိုက်သည်။
“ဘယ်လိုအလုပ်မျိုးလဲ”
“အလုပ်နေရာက ဒီပတ်ဝန်းကျင်လေးမှာဘဲ၊ ကောကောကမင်းကိုခေါ်သွားပြီး တစ်ချက်ပြပေးမယ်လေ”
လျိုဝေ့က ယွင်ရုန်တစ်ယောက်အလွန်နုံအသည့်ပုံပေါက်သည်ကို မြင်လိုက်ရသောအခါ သူ့ရင်ထဲတွင်ပိုပျော်လာပြီး ကြင်နာစွာဖြေလိုက်သည်။
ယွင်ရုန်က သူမရှေ့မှယောက်ျားကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်သည်။ဒီယောက်ျားကအမှန်ပြောနေတာမဟုတ်သည်ကို သူမသိ၏။သို့သော်တစ်ချက်လောက်လိုက်ကြည့်ဖို့က ပြသနာမရှိသေးပေ။သူက ယုတ်မာသောစိတ်ဖြင့် တစ်ခုခုလုပ်လာလျှင်တောင်မှ သေးနုတ်သည့်လူသားတစ်ယောက်သာဖြစ်နေသဖြင့် သူမမကြောက်ပေ။
ထိုသို့တွေးကာ သူမကခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ”
⛰️