Chapter 10
Viewers 1k

⛰️Chapter 10

အလုပ်စလုပ်ခြင်း။ 



ယွင်ရုန်သဘောတူသည်ကိုကြားလိုက်ရသောအခါ ချက်ချင်းပင်လျိုဝေ့ကလမ်းပြလိုက်သည်။သူ့ရင်ထဲတွင်အသံတိတ်အော်ဟစ်နေ၏။ဒီလိုနုံအကာလှပသည့်မိန်းကလေးမျိုးသည် ကျင်းကျဲ၏နေရာတွင်ဆိုပါက ပထမနေရာကိုတက်သွားနိုင်လိမ့်မည်။


ဒီလိုပစ္စည်းကောင်းမျိုးကို ကျင်းကျဲဆီမှာငွေ‌ပိုတောင်းသင့်သည်ဟုသူတွေးလိုက်မိသည်။ဒီတစ်ခေါက်ဆုလာဒ်က အနည်းဆုံးတစ်လ၊နှစ်လလောက်ထိသုံးလို့လောက်နိုင်သည်။


သွားနေချိန်တွင် လျိုဝေ့က ယွင်ရုန်ကိုတစ်ချက်လှမ်းကြည့်ကာ မျက်လုံးများမှေးသည်အထိပျော်နေမိသည်။

 

အခုချိန်တွင် ညနေခုနစ်နာရီရှိပြီဖြစ်သည်။နေဝင်သည့်အလင်းရောင်များက လုံးဝမပျောက်သေးသော်လည်း လမ်းမီးတိုင်များကလင်းနေပြီဖြစ်ကာ ဟိုင်ရှီးမြို့ကိုကာလာစုံများဖြင့်လွမ်းခြုံထားသည်။


လျိုဝေ့က ယွင်ရုန်ကိုမီတာအနည်းငယ်အကွာသို့ ခေါ်လာခဲ့ကာ ဟိုင်ရှီး၏ပိုက်ဆံအဖြုန်းတီးနိုင်ဆုံးနေရာဖြစ်သည့် နာမည်ကြီးသီးသန့်ကလပ်များရှိရာသို့ရောက်လာခဲ့သည်။ပုံမှန်အားဖြင့်သူတို့က ဒီတိုင်းလာရောက်သူများကိုမကြိုဆိုဘဲ ကြိုတင်ဘိုကင်ချိတ်ထားသူများကိုသာ ဧည့်ခံတတ်သည်။ဟိုင်ရှီးမှစီးပွားရေးလုပ်ငန်းအားလုံးသည် သူတို့၏ဖောက်သည်များကို ဤကလပ်များ၌ တွေ့ဆုံလေ့ရှိကြသည်။


ဤသီးသန့်ကလပ်များ၏ အထူးခြားဆုံးမှာ သူတို့၏ဧည့်ခံသောဝန်ထမ်းများဖြစ်သည်။ အရည်ရွှမ်းကာ ငယ်ရွယ်လှပသောမိန်းမငယ်များကို ဆန္ဒရှိသလိုကစားနိုင်၏။ အကုန်လုံးကဆွဲဆောင်နိုင်ကာ အံ့ဖွယ်ကောင်းသည့်အသွင်အပြင်များရှိကြသည်။စားပွဲထိုးများအ‌ကြောင်းပြောပြီး‌သောအခါ နောက်တစ်ခုကတကယ်တမ်းဒီလိုနေရာမျိုးကိုလာသောသူများသည် ထိပါး၍မရသည့်ဘစ်ဘော့စ်များဖြစ်သည်။ထို့ကြောင့် ဒီနေရာတွင်ဖြစ်ပျက်ခဲ့သည်များကို လျှို့ဝှက်ထားရမည်မှာ ‌ထုတ်ပြောစရာမလိုသည့်နားလည်မှုမျိုးဖြစ်သည်။


ကျင်းကျဲဟုအမည်ရသည့် ကျင်းဟုန်မိန်သည် ဟိုင်ရှီးသို့ရောက်လာသည်မှာနှစ်အနည်းငယ်ကျော်ပြီဖြစ်သည်။စင်ပေါ်တွင်ဖျော်ဖြေရသည့်သူဖြစ်သော်လည်း သူမ၏လှပသောအသွင်နှင့်လုပ်ဆောင်နိုင်စွမ်းတို့ကြောင့် နောက်ခံအဖြစ်‌ဘစ်ဘော့စ်တစ်ယောက်ကိုအရယူနိုင်ခဲ့သည်။ပိုက်ဆံနှင့်အဆက်အသွယ်များကိုစုဆောင်းကာ ဒီကလပ်ကိုဖွင့်ခဲ့ခြင်းဖြစ်သည်။


“အားဝေ့လား၊ နင်ကဘယ်လိုဖြစ်လို့ဒီအချိန်ကြီးရောက်လာတာလဲ”


ကျင်းဟုန်မိန်က လျိုဝေ့ကိုမြင်သောအခါမျက်မှောင်ကြုတ်လိုက်သည်။ပုံမှန်အားဖြင့် သူတစ်ယောက်ယောက်ကိုခေါ်လာပေးတတ်သော်လည်း ဒီလိုအချိန်၌မဟုတ်ပေ။ညနေပိုင်းသည် ကလပ်ထဲ၌အလုပ်များသောအချိန်ဖြစ်ရာ လျိုဝေ့လိုဂန်းစတားလေးများကို တွေ့ရမည့်အချိန်မဟုတ်ပေ။


“ကျင်းကျဲ ကျွန်တော်ကအလောတကြီးဖြစ်နေလို့ပါ ဒီတလောအတွင်းမှာကျဲက စားပွဲထိုးအသစ်တွေရှာနေတယ်လို့ ကျွန်တော်ကြားတယ်၊ အဲ့ဒါကြောင့် သူ့ကိုချက်ချင်းပဲခေါ်လာလိုက်တာ”


လျိုဝေ့က ကပ်ဖားရပ်ဖားအပြုံးကြီးဖြင့်ပြောနေ၏။

“ကျင်းကျဲကို ဒုက္ခများစေမိပြီ ကျဲကိုနှောင့်ယှက်ရတာရှက်မိပါတယ် ဒါပေမယ့်ဒီကောင်မလေးက အရမ်းသင့်တော်တယ်လို့ ကျွန်တော်အာမခံတယ်၊ နောက်ကျရင် ဒီနေရာရဲ့ထောက်တိုင်ကြီးတောင် ဖြစ်ကောင်းဖြစ်လာလိမ့်မယ်”


ပြောနေရင်းဖြင့် လျိုဝေ့ကလက်မထောင်ပြလာသည်။


လျိုဝေ့စကားကိုကြားသောအခါ ကျင်းကျဲကအတော်လေးစိတ်ဝင်စားသွားသည်။သူမကဆိုဖာတွင်ထိုင်ကာ ပြောလိုက်သည်။

“ဒါဆိုလည်း ငါတစ်ချက်ကြည့်ရအောင် သူ့ကိုအထဲခေါ်လိုက်လေ”


လျိုဝေ့ကလှစ်ခနဲ အပြင်မှယွင်ရုန်ကိုခေါ်လာခဲ့သည်။ကျင်းဟုန်မိန်က ယွင်ရုန်ကိုမြင်သောအခါ သူမမျက်လုံးများကအရောင်တောက်လာသည်။သူမက ယွင်ရုန်ကိုမြင်သောအခါ ထမရပ်မိဘဲမနေနိုင်တော့ပေ။နှစ်လှမ်းသုံးလှမ်းလောက်လျှောက်ပြီးသောအခါ ယွင်ရုန်က သူမရှေ့သို့ရောက်လာပြီး ကျင်းဟုန်မိန်ကစိတ်ကျေနပ်စွာပြုံးလိုက်သည်။


“ကောင်းတယ် ကောင်းတယ် ဒီလိုပစ္စည်းမျိုးက တကယ်ဘဲ ထောက်ပံ့ပေးနိုင်တဲ့ထောက်တိုင်ကြီးဖြစ်လာနိုင်တယ်”


ဒီနေ့မနက်ခင်းတွင် ကျင်းဟုန်မိန်ဆီကို ဘော့စ်ကျိုးဆီမှဖုန်းလာခဲ့ပြီး သူကလုအုပ်စုခေါင်းဆောင်နှင့်စီးပွားရေးအကြောင်းပြောမည်ဖြစ်ကာ မိန်းကလေးတစ်ချို့ပြင်ထားပေးရန်ပြောလာခဲ့သည်။


ထို့အပြင် သူကအထူးတလည်ပင် ဝါးမြိုတတ်သောငှက်ရွှေဝါ(အတွေ့အကြုံရှိသောမိန်းကလေး) လိုပုံစံမဟုတ်ဘဲ ရိုးရှင်းပြီးသန့်စင်သည့်ပုံစံများရှာထားရန် ညွှန်ကြားထားခဲ့သည်။သူမကချက်ချင်းပင် အလောတကြီးဖြစ်သွားရ၏။အခုတလောတွင် အံ့ဩစရာကောင်းလှသည့်လူသစ်မျိုးဝင်မလာသေးပေ။အခုချိန်မှ သန့်ရှင်းပြီးအပြစ်ကင်းသည့်ပုံစံမျိုးကိုလိုချင်နေသည်မှာ တကယ်ကိုရှာရခက်လှသည်။


လုအုပ်စု၏ဒါရိုက်တာက ဟိုင်ရှီးတွင်အထင်ရှားဆုံးပုံရိပ်များထဲမှတစ်ခုဖြစ်သည်။သူ့ဘဝတစ်လျှောက်တွင် သန့်ရှင်းပြီးရိုးသားသည်ဟု ဖော်ပြခံထားရကာ ဒီလိုနေရာမျိုးကိုတစ်ခါမှမလာဖူးပေ။အကယ်၍သူတို့သာ သူ့အရှေ့တွင်အမြင်ကောင်းတစ်ခုချန်ထားနိုင်ပါက သူတို့၏အိပ်မက်များကတကယ်ဖြစ်လာလိမ့်မည်။


ဒါက အိပ်ငိုက်နေချိန်တွင်ခေါင်းအုံးခုပေးလိုက်တာမျိုးဖြစ်သည်။


ကျင်းဟုန်မိန်က မေးကိုမော့ကာပြောလိုက်သည်။

“ကောင်မလေး နင်ဒီကိုအလုပ်လာရှာတာလား”


ယွင်ရုန်ကခေါင်းညိတ်ကာ လျိုဝေ့ကိုလက်ညှိုးထိုးပြလာသည်။

“သူပြောတာတော့ ကျွန်မဒီနေရာမှအလုပ်ရှာလို့ရတယ်တဲ့ လစာလည်းကောင်းတယ်ဆိုပဲ”


“အဲ့လိုဆိုမှတော့ နင်အရင်တုန်းဒီလိုဘက်တွေမှာ လုပ်ဖူးလား၊ ငါတို့အလုပ်ကအရမ်းရိုးရှင်းတယ် နင်ကဧည့်သည်ကိုအဖော်ပြုပေးပြီး ရင်ချင်းနှီးနွယ်တဲ့စကားတွေပြောပေးရမယ် သီချင်းတစ်ချို့လည်းဆိုပေးရမယ်”


ဧည့်သည်ကိုအဖော်ပြုပြီး ရင်ချင်းကပ်စကားပြောပေးရမယ်၊သီချင်းဆိုရမှာလား။ယွင်ရုန်က လူသားမျိုးနွယ်၏အလုပ်များသည် အရမ်းလွယ်နေမည်ဟု မထင်ထားခဲ့ပေ။သူမတစ်ခါမှမလုပ်ဖူးသော်လည်း လွယ်ကူလောက်သည်။ယွင်ရုန်ကခေါင်းခါပြလိုက်သည်။


“ကျွန်မတစ်ခါမှမလုပ်ဖူးပေမယ့် လေ့လာနိုင်ပါတယ်”


ကျင်းဟုန်မိန်၏မျက်လုံးထဲတွင် အံ့ဩသွားကာ သူမကအနည်းငယ်နုံသည်ဟုတွေးမိသွားသည်။ထို့နောက်သူမလျိုဝေ့ကိုတစ်ချက်လှမ်းကြည့်သောအခါ ခေါင်းခါပြလာသည်ကိုမြင်လိုက်ရ၏။သူမကမျက်ခုံးပင့်လိုက်မိသည်။


သူတို့အလုပ်တွင် ဘာမှနားမလည်သည့်လူသစ်များကိုလက်ခံရန်မဖြစ်နိုင်ပေ။သို့သော်ယွင်ရုန်၏အသွင်အပြင်ကိုကြည့်ကာ ကျင်းဟုန်မိန်က လက်လွှတ်လိုက်ရန် တွေဝေနေ၏။သူမကခနလောက်တုံ့ဆိုင်းနေပြီးနောက် လက်ပိုက်ကာ ယွင်ရုန်ရှေ့သို့လျှောက်လာလိုက်သည်။


“ဧည့်သည်ကို စကားပြောဖို့အဖော်ပြုပေးရမယ်၊ သီချင်းဆိုရမယ် ကျွန်မသေသေချာချာလေ့လာပြီး ကောင်းကောင်းလုပ်နိုင်မှာပါ”


ယွင်ရုန်က သူမရှေ့မှအမျိုးသမီးတွေဝေနေသည်ကိုမြင်သောအခါ အနည်းငယ်စိုးရိမ်သွားသည်။တန့်ချိုးတောင်၏ကိစ္စက တစ်ရက်အချိန်ဆွဲမိလျှင် တစ်ရက်နောက်ကျလိမ့်မည်။ထိုလူများကဘယ်အချိန်ဆောက်လုပ်ရေးပြန်စမှာလဲဆိုတာကို သူမမသိပေ။သူမအတွက်ပိုက်ဆံရှာဖို့အချိန်သိပ်မရှိပေ။


ကျင်းဟုန်မိန်က ခေါင်းမော့လိုက်သောအခါ ယွင်ရုန်၏တောက်ပနေသောမျက်လုံးအစုံကိုမြင်သွားသည်။သူမမျက်လုံးများက ကြည်လင်နေသောစိမ့်စမ်းရေလိုပင် လူများ၏စိတ်နှင့်နှလုံးသားကိုလှုပ်ရှားစေ၏။ကျင်းဟုန်‌မိန်က ခနလောက်စိုက်ကြည့်ကာ ဒီလိုမိန်းကလေးမျိုးကိုဘယ်ယောက်ျားကမကြိုက်မှာလဲဟုတွေးလိုက်မိသည်။


ခေါင်းဆောင်လု၊ အဲ့ဒီလူက ဘယ်အမျိုးသမီးနှင့်မှ မရင်းနှီးပေ။သူ့အနားတွင် လေပြင်းသို့မဟုတ်လှိုင်းကြီးများ*ကို တစ်ခါမှမတွေ့ဖူးပေ။(တစ်ခါမှ ဘာဇယားမှမရှိဖူးပေ။)


“ဟုတ်ပြီလေ ဒါဆိုလည်းနေလို့ရတယ်”

ကျင်းဟုန်မိန်က အစီအစဉ်စဆွဲကာ ခေါင်းညိတ်လိုက်သည်။ထို့နောက်သူမက လက်ရမ်းပြကာ လျိုဝေ့ကိုအောက်ထပ်တွင်ပိုက်ဆံသွားယူခိုင်းလိုက်ပြီး သူမကတော့ယွင်ရုန်ကိုအနောက်ဘက်မှအခန်းထဲခေါ်သွားသည်။


အနောက်ဘက်မှအခန်းသည် အဝတ်လဲခန်းဖြစ်ကာ မိန်းမလှလေးငါးယောက်ခြောက်ယောက်လောက်က အထဲတွင်ရှိနေ၏။တစ်ချို့ကအဝတ်အစားလဲနေကာ တစ်ချို့ကမိတ်ကပ်ပြင်နေကြသည်။ကျင်းဟုန်မိန်ဝင်လာကာ လက်ခုပ်တီးပြီးပြောလိုက်သည်။

“ကောင်မလေး‌တွေ နောက်ကျရင်သူ့ကိုပါနင်တို့နဲ့အတူခေါ်သွား၊ သူကလူသစ်ဆိုတော့ ဂရုစိုက်ပေးလိုက်နော် နားလည်လား”


ထိုမိန်းကလေးများနာခံသည်ကိုမြင်သောအခါ ကျင်းဟုန်မိန်ကစိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ထို့နောက်သူမက ယွင်ရုန်ကိုမျက်နှာချင်းဆိုင်မှ အဝတ်များချိတ်‌ထားသည့်နေရာသို့ခေါ်သွားပြီး မေးလာသည်။

“နင့်နာမည်ကဘာလဲ”


ယွင်ရုန်က ပွင့်ပွင့်လင်းလင်းနှင့်ရိုးသားစွာပြန်ဖြေလိုက်သည်။

“ကျွန်မနာမည်ကယွင်ရုန်ပါ”


“နင့်နာမည်ကမ‌ဆိုးဘူး၊ ပြောင်းစရာမလိုဘူး”

ကျင်းဟုန်မိန်ကဆုံးဖြတ်လိုက်ကာ ယွင်ရုန်၏ကိုယ်ပေါ်အကြည့်ရောက်လာသည်။သူမကနှာခေါင်းရှူံ့ကာဆက်ပြော၏။


“ဒီဝတ်စုံနဲ့အဆင်မပြေဘူး၊ အရမ်းဟောင်းပြီး ခေတ်နောက်ကျနေပြီ”


“ဘော့စ်ကျိုးက မတူတာမျိုးကိုသဘောကျတာ”

သူမကရေရွတ်ရင်း အဝတ်တန်းမှ ထူးဆန်းသည့်အဝတ်တစ်စုံကိုယူထုတ်ကာ ယွင်ရုန်၏ကိုယ်ပေါ်ကပ်ကြည့်လာသည်။

“ဒါနဲ့လဲဝတ်လိုက်”


ယွင်ရုန်က လက်တိုကွက်ကျားအင်္ကျီနှင့်အနက်ရောင်ဘောင်းဘီကိုဝတ်ဆင်ထားခြင်းဖြစ်သည်။သူမအဝတ်အစားများက 90ခုနစ်များကဖြစ်ကာ ဝူစုန့်ယာတွင်ရှိသည့်အဝတ်များကိုယူဝတ်ထားခြင်းဖြစ်သည်။သူမကဤဝတ်စုံသည်တစ်ခုခုမှားနေသည်ဟုမထင်ပေ။သို့သော် အမျိုးသမီးဘော့စ်က ထိုသို့ပြောမှတော့ သူမလည်းဘာမှမပြောနိုင်တော့ဘဲ အဝတ်လဲခန်းထဲဝင်ကာ အဝတ်လဲလိုက်သည်။


လူသားများ၏အမြင်က ပိုပိုပြီးတော့ကိုထူးဆန်းလာတော့တာဘဲ။ခုနတုန်းကလည်း ကိုယ်လုံးကိုမဖုံးနိုင်တဲ့အဝတ်တွေကိုမြင်ခဲ့ပြီးပြီ။ဒီဝတ်စုံဆိုလျှင် ဖုံးကွယ်နိုင်မှုအလွန်နည်းရုံသာမက အနောက်ဘက်တွင်ယုန်မြှီးတစ်ခုနှင့် ခေါင်းပေါ်တွင်ယုန်နားရွက်တစ်ခုလည်းပါသေးသည်။


တကယ်ကိုသမင်အကြီးစားကြီးလိုဘဲ။


ယွင်ရုန်က အဝတ်လဲခန်းထဲမှထွက်လာပြီးနောက် သိချင်စိတ်ဖြင့်သူမ၏ယုန်မြှီးနှင့်ယုန်နားရွက်များကိုထိကြည့်လိုက်သည်။သူမရင်ထဲတွင် အတော်လေးထူးဆန်းသည်ဟု ညည်းညူနေသော်လည်း ချစ်စရာလည်းကောင်းနေ၏။


“အိုင်းယား တကယ်ကိုကြည့်လို့ကောင်းတာဘဲ နင့်ကိုဒါဝတ်ခိုင်းလိုက်တာက တကယ်ကိုအသင့်တော်ဆုံးဘဲ”

ကျင်းဟုန်မိန်က ယွင်ရုန်ဝတ်ထားသည်ကိုမြင်သောအခါ သူမမျက်လုံးများတောက်ပလာသည်။သူမကအပြုံးမရပ်နိုင်တော့ပေ။ခေါင်းဆောင်လုမပြောနှင့် သူမလိုမိန်းမတစ်ယောက်တောင်မှ မထိန်းနိုင်ဘဲ သဘောကျမိပေသည်။


“ယွင်ရုန် နင်ခနနေအလုပ်မစခင်မှာ ငါကိစ္စတစ်ချို့ကိုရှင်းပြထားချင်တယ်”

မူလတွင် လူသစ်အနေဖြင့် သူမကိုအလုပ်မလုပ်ခင် အရင်လေ့ကျင့်ပေးရမှာဖြစ်သည်။သို့သော်ဒီနေ့တွင် ကျင်းဟုန်မိန်ကအလွန်ပျော်နေပြီး ယွင်ရုန်ကိုဆွဲခေါ်ကာစကားတစ်ချို့ပြောလာသည်။


“ငါတို့ကဒီမှာဧည့်ခံပေးရမှာ၊ ဒီအလုပ်မှာ ဘာတွေကိုအာရုံစိုက်ရမလဲသိလား၊ ဖောက်သည်ရဲ့အတွေ့အကြုံဘဲ၊ နင်က ဖောက်သည်ကိုခံစားချက်ကောင်းကောင်းနဲ့ ပျော်ပျော်ကြီးပြန်သွားစေနိုင်ရမယ်၊ ဖောက်သည်ကဘာဘဲတောင်းဆိုပါစေ၊ အကောင်းဆုံးပမာဏအထိဖြည့်‌ဆည်းပေးရမယ် နားလည်လား”


ယွင်ရုန်က စိတ်ဝင်တစားနားထောင်နေ၏။သူမကတကယ်ပင် အလုပ်ကောင်းကောင်းလုပ်ချင်နေသည်။သူမကချက်ချင်းခေါင်းညိတ်လိုက်သည်။


ကျင်းဟုန်မိန်က ယွင်ရုန်၏နာခံတတ်သောပုံစံကိုမြင်သောအခါ ပိုပြီးစိတ်ကျေနပ်သွားသည်။

“ခနနေကျရင် တွေ့ရမယ့်သူက ဟိုင်ရှီးရဲ့အထင်ကရ‌သူတွေထဲကတစ်ဦးဘဲ၊ နင်သူ့ကိုပျော်ရွှင်ပြီး ရယ်မောအောင်လုပ်ပေးနိုင်ရင် နင်ရမယ့်ပိုက်ဆံကလည်းပိုများလိမ့်မယ်၊ နင်ရဲ့စိတ်အာရုံကို 100%အပြည့်မြှင့်ထားရမယ် သဘောပေါက်လား”


ရုတ်တရက်ပင် ယွင်ရုန်ကစိတ်လှုပ်ရှားသွားသည်။

“ပိုက်ဆံပိုရမှာလား”


“ဟုတ်တယ် အဲ့ဒါကချမ်းသာတဲ့သခင်လေးတစ်ယောက်လေ”

ကျင်းဟုန်မိန်ကနည်းနည်းဆက်ပြောချင်သော်လည်း သူမအိတ်ထဲမှဖုန်းမြည်လာသည်။သူမကချက်ချင်းကိုင်လိုက်သည်။


“လူတွေရောက်နေပြီလား ဟုတ်ပြီ ငါတို့အသင့်ပြင်ထားလိုက်မယ်”


သီးသန့်ခန်းထဲတွင်။

“ဟယ်နျန် တစ်ခွက်လောက်သောက်လေ၊ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကဘဲ ဒီဝိုင်ကိုပြင်သစ်က ဝိုင်ကုန်သည်လက်ထဲကနေဝယ်ဖို့ 3,000,000လောက်သုံးလိုက်ရတယ်၊ ပြောရမယ်ဆိုရင် လူ‌‌တွေဝိုင်သောက်တဲ့အခါမှာ ထုတ်လုပ်တဲ့နှစ်တွေကိုအာရုံစိုက်တတ်ကြတယ်၊ မူးသွားရင်ဘာမှသိပ်မကွာတော့ဘူးမဟုတ်လား၊ အရမ်းပျော့တယ် တကယ်ပြောရရင်ဟိုင်ရှီးကမောင့်ထိုင်အရက်ကမှအရသာပိုရှိတာကွ ပြင်းတယ်”

 

ကျိုးကော်တုန်းက စကားပြောရင်းတစ်ဖက်တွင်အတွင်းရေးမှူးကိုအချက်ပြနေ၏။အတွင်းရေးမှူးက ဘူးထဲမှဝိုင်ပုလင်းကိုထုတ်ကာ ဂရုတစိုက်ဖွင့်ပြီး ဝိုင်ခွက်ထဲသို့လောင်းထည့်ပေးလာသည်။


ကျိုးကော်တုန်က အနီရောင်အရည်များထည့်နေသည်ကိုကြည့်ကာ သူ့ရင်ထဲတွင်အနည်းငယ်နာကျင်သွားသည်။ပြောင်ကျဲက လုဟယ်နျန်သည်ဝိုင်နီများကိုစိတ်ဝင်စားသည်ဟုပြောထားလို့သာ၊မဟုတ်ပါကသူက ဒီလိုမျိုးပိုက်ဆံမဖြုန်းချင်ပေ။


လုဟယ်နျန်က ဝိုင်ခွက်ကိုတစ်ချက်ကြည့်ကာ သူ့မျက်လုံးထဲတွင်စက်ဆုပ်သည့်အရိပ်ယောင်များပေါ်လာပြီး ဂရုမစိုက်စွာဆိုလိုက်သည်။

“ကျွန်တော်မသောက်တော့ဘူး”


“ဒီလိုဝိုင်ကောင်းမျိုးကို ဘာလို့မသောက်တာလဲ。。。。”


ကျိုးကော်တုန်းက လုဟယ်နျန်ကိုဒီလောက်အေးစက်မည်ဟုမထင်ထားခဲ့ပေ။သူကစိုးရိမ်သည့်အမူအရာကိုတောင်မထိန်းထားနိုင်တော့ဘဲ ရူပိ၏အမည်ကိုထုတ်ပြောလာသည်။


“ပြောင်ကျဲပြောတာတော့ အခုတလောမှာမင်းကအရမ်းအလုပ်များနေတာဆို အနားယူဖို့အချိန်ကိုမရှိဘူးတဲ့၊ ဒီနေရာကို မင်းအတွက်စပရိုက်တစ်ခုလုပ်ပေးဖို့ အထူးတလည်ရွေးချယ်ထားတာ”


ပြောရင်းဖြင့် သူကလေးနက်စွာပြုံးပြလာပြီး လက်တစ်ဖက်က စားပွဲပေါ်မှာဘဲလ်ကိုနှိပ်လိုက်သည်။


ကျိုးကော်ကုန်း၏ပြောင်ကျဲ ရူပိက လုဟယ်နျန်၏အကြီးဆုံးမရီးဖြစ်သည်။ဟိုးအစပိုင်းကတည်းက လုဟယ်နျန်၏နာမည်စာလုံးများမကောင်းသည်ကိုသူကြားဖူး၏။သူ့ကိုယ်က အမှောင်စွမ်းအင်ရှိနေသဖြင့် မိန်းမတစ်ယောက်မရနိုင်အောင်တားဆီးနေပေသည်။နှစ်တွေအများကြီးကြာပြီးနောက်တွင် သူ့ဘေး၌မိန်းမတစ်ယောက်တောင်မရှိသေးပေ။


ဒီလိုအသက်ငယ်ငယ်နှင့်ကြံ့ခိုင်သောအရွယ်တွင် မိန်းကလေးများကိုမကြိုက်ရန်မှာမဖြစ်နိုင်ချေ။ကျိုးကော်တုန်းက သူ့ကိုယ်သူဂုဏ်ယူနေ၏။သူလည်းယောက်ျားတစ်ယောက်ဖြစ်သဖြင့် နားလည်နိုင်ပေသည်။သန့်ရှင်းကာရိုးသားသောယောက်ျားသည် သေချာပေါက်မရှိနိုင်ချေ။


သူကမျက်ခုံးပင့်ကာပြောလာသည်။

“ပြောရရင် ဟယ်နျန် မင်းကလည်းငါ့ရဲ့ပြောင်တိပဲလေ ဒီနေ့တော့အရင်ဆုံးအလုပ်အကြောင်းကိုမပြောနဲ့ဦး ဒီကကောနဲ့အတူ သွားပြီး အချိန်ကောင်းလေးတွေကုန်ဆုံးကြတာပေါ့”


ခုနကထိ လုဟယ်နျန်ကနားမလည်သေးပေ။စကားလုံးများက အလွန်ပွင့်လင်းလာရာ သူကနားမလည်ဘဲနေဦးပါ့မလား။ချက်ချင်းပင် သူ့မျက်နှာကမည်းမှောင်လာသည်။သူစကားပြောတော့မည့်အချိန်တွင် အပြင်ဘက်မှတံခါးခေါက်သံထွက်လာသည်။


ကျိုးကော်တုန်း၏အတွင်းရေးမှူးက ချက်ချင်းပင် တံခါးသွားဖွင့်ပေးလိုက်သည်။တံခါးပွင့်သွားသောအခါ ယုန်ဝတ်စုံဝတ်ထားသည့် မိန်းကလေးခြောက်ယောက်ကအထဲသို့ဝင်လာသည်။


“ဟယ်နျန် ဘယ်လိုလဲ၊ ငါတို့လိုယောက်ျားကြီးနှစ်ယောက်က စီးပွားရေးကိစ္စပြောရတာဘာပျော်စရာကောင်းမှာလဲ၊ ငါတို့ကိုအဖော်လုပ်ပေးမယ့် မိန်းမလှလေးတွေရှိရင် ပိုပြီးစိတ်ဝင်စားစရာကောင်းမှာပေါ့”


ကျိုးကော်တုန်းကသူ့ဘာသာပြောနေချိန်တွင် လုဟယ်နျန်၏မျက်နှာက လုံးဝကိုမည်းမှောင်နေပြီဖြစ်သည်။သူခေါင်းမော့လိုက်သောအခါ အလယ်တွင်ရပ်နေပြီး သူ့ကိုပြုံးကြည့်နေသည့် ကိုယ်လုံးကိုယ်ပေါက်သေးသေးသွယ်သွယ်နှင့် မိန်းမငယ်လေးကိုမြင်သွားသည်။


လုဟယ်နျန်က မနေနိုင်ဘဲစိုက်ကြည့်မိသွားသည်။သူမရပ်နေသောနေရာတွင် ပတ်ဝန်းကျင်ကမှေးမိန်သွားသည့်ပုံပေါ်၏။သူမက အေးချမ်းသောလေညှင်းလို၊ တောက်ပသောလမင်းလိုပင်ဖြစ်သည်။သူမ၏တည်ရှိမှုလေးကတင် ရိုးရှင်းစွာအတောက်ပဆုံးဖြစ်နေ၏။


“မင်း မင်းနာမည်ကဘာလဲ၊ ဒီဒါရိုက်တာဘေးကိုသွားလိုက်”

ကျိုးကော်တုန်းက လုဟယ်နျန်တစ်ယောက်သူမရှိရာကိုစိုက်ကြည့်နေသည်ကိုမြင်သောအခါ ပျော်သွားလေသည်။ထို့နောက်သူက ယွင်ရုန်ကိုလက်ညှိုးထိုးကာ အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်လေသည်။



⛰️