⛰️Chapter 11.
ငါ့နောက်လိုက်ခဲ့။
ကျင်းဟုန်မိန်၏အမှာစကားများက ယွင်ရုန်၏နားထဲတွင်တဝဲလည်လည်ဖြစ်နေဆဲဖြစ်သည်။ဧည့်ခံရတဲ့အလုပ်မှာအရေးကြီးဆုံးက ဖောက်သည်ကိုပျော်အောင်လုပ်ပေးဖို့ပဲ။ထို့ကြောင့် သူမရှေ့ကလူက ကသောင်းကနင်းနှင့်နောက်ကျိနေသောအသက်ရှူသံရှိကာ သူမသဘောမကျဆုံးလူမျိုးဖြစ်သော်လည်း ပြန်ဖြေလိုက်သည်။
“ကျွန်မနာမည်ကယွင်ရုန်ပါ”
သူမအသံထွက်လာသောအခါ သီးသန့်ခန်းထဲမှအသံများက တိတ်သွားသည်။လူတိုင်းကသူတို့မျက်နှာကို လေအေးတစ်ချက်ဖြတ်တိုက်ခံလိုက်ရပြီး သူတို့၏ကိုယ်များက ပြေလျော့လာသည်ကိုခံစားမိသွားကြသည်။
လုဟယ်နျန်ကတုန်လှုပ်သွားကာ ဒီအသံကိုတစ်နေရာရာတွင်ကြားဖူးသည်ဟုတွေးလိုက်မိသည်။
ကျိုးကော်တုန်းက စိတ်လွတ်စွာစိုက်ကြည့်နေပြီး ရက်စက်လိုသည့်ရည်ရွယ်ချက်များပါနေသောအကြည့်က ယွင်ရုန်အပေါ်တွင်အခြေချနေကာ သူမကိုအကြိမ်အနည်းငယ်လောက်ကြည့်နေမိသည်။
သူကသတိလက်လွတ်ဖြင့် မေးကိုပွတ်ကာ ဤမိန်းကလေးကဘယ်ကရောက်လာသည်ကိုတွေးနေမိသည်။အရင်တစ်ခေါက်သူဒီကိုလာတုန်းက သူမကိုမမြင်ခဲ့ပေ။လုဟယ်နျန်သာ ဒီလိုသိသာသည့်အမူအရာမျိုးလုပ်ပြမနေပါက သူတကယ်ပဲသူမကိုကောင်းကောင်းကစားလိုက်ချင်မိသည်။
ကိစ္စမရှိပါဘူး၊ လုဟယ်နျန်ပြန်သွားတဲ့အထိစောင့်လိုက်ရုံဘဲ၊အခွင့်အရေးတွေအများကြီးရှိသေးပါတယ်၊ အဆိုးဆုံးဖြစ်လာရင် သူ သူမကိုခေါ်သွားလိုက်ရုံပဲ။
ယွင်ရုန်က ကျိုးကော်တုန်းသူမကိုကြည့်နေသည့်ပုံစံကို သဘောမကျပေ။ဒီလူသားက တကယ်ပင်သူမကိုဆိုးရွားသောခံစားချက်များပေးနေ၏။သူမကမျက်လုံးပြူးကာ သူ့ကိုတစ်ချက်စိုက်ကြည့်ပြီး သတိပေးလိုက်သည်။
သို့သော် လှပသောမိန်းကလေးတစ်ယောက်ဖြစ်ရာ သူမ၏အကြည့်ကလည်း ကလူကျီစယ်သလိုမျိုးသာခံစားသွားရစေ၏။ကျိုးကော်တုန်းက ယွင်ရုန်၏ဒေါသကိုနည်းနည်းလေးတောင် မခံစားမိပေ။သူ၏ဝမ်းဗိုက်ထဲတွင် နူးညံ့မှုကိုသာခံစားလိုက်ရသည်။သူက လုဟယ်နျန်ကို ထည့်တွက်မနေတော့ဘဲ လက်ဆန့်ကာ ယွင်ရုန်၏လက်ကိုဆွဲရန်လုပ်လိုက်သည်။
“ယွင်ရုန်တဲ့လား နာမည်ကောင်း၊ နာမည်ကောင်းလေးဘဲ၊ လူကလည်းတိမ်တိုက်လေးလိုပါဘဲလား”
(Tn:ယွင်ရုန်မှ ယွင်သည် တိမ်ဟုအဓိပ္ပါယ်ရသည်။)
သူ၏ဝတုတ်ကာအဆီအစ်နေသောလက်က ယွင်ရုန်ဆီမရောက်ခင်မှာဘဲ လုဟယ်နျန်ကသူမလက်ကိုကိုင်ကာ အသာဆွဲလိုက်သည်။
“ဒီကိုလာခဲ့”
သူ့မျက်စံများကကျဉ်းမြောင်းလာပြီး သူ့အသံက လေအေးထဲမှ ရေခဲစများလိုဖြစ်နေရာ အခန်းထဲမှလူများကိုအေးခဲမတတ်ဖြစ်သွားစေ၏။
ကျန်းချုံမင်ကတုန်လှုပ်နေပြီဖြစ်သည်။သူလုဟယ်နျန်ဘေးတွင်ရှိခဲ့သည်မှာ နှစ်အနည်းငယ်ကျော်ခဲ့ပြီဖြစ်သဖြင့် လုဟယ်နျန်၏ကိုယ်အမူအရာကိုဖတ်ရာ၌ ဘယ်သူကမှသူ့ကိုမမှီပေ။ခေါင်းဆောင်လုက ဒေါသထွက်နေတယ်၊ ပြီးတော့ ဒေါသကလည်းမသေးဘူး။
ယွင်ရုန်က အာရုံမစိုက်နေချိန်တွင် လုဟယ်နျန်ဆွဲသည်ကိုခံလိုက်ရ၏။ထို့အပြင် သူမက 15cmမြင့်သည့်ဒေါက်ဖိနပ်ဖြင့် မတည်မငြိမ်ရပ်နေရခြင်းဖြစ်ရာ လူတစ်ကိုယ်လုံးက အဆွဲခံလိုက်ရသည့်ဘက်သို့ ယိုင်ကျသွားလေသည်။
ဘန်းခနဲအသံဖြင့် သူမတစ်ကိုယ်လုံးက လုဟယ်နျန်၏ရင်ခွင်ထဲရောက်သွားသည်။
လုဟယ်နျန်က ရုတ်တရက်ပင်သူ့ရင်ခွင်ထဲ၌ နူးညံ့ပြီးနွေးထွေးသည့် ဝါဂွမ်းလုံးလေးကိုခံစားလိုက်ရသည်။သူ့နှာဖျားတွင် ပန်းများ၏မွေးပျံ့သောရနံ့ကဝေ့တက်လာကာ သူ့တစ်ကိုယ်လုံးကအလိုအလျောက်တောင့်တင်းသွားလေသည်။သူ့မျက်လုံးထဲတွင် ရှက်ရွံ့မှုအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။
သွားပြီ မဖြစ်ဘူး၊ ကျန်းချုံမင်က ဆိုဖာပေါ်မှထခုန်မိမတတ်ဖြစ်သွားသည်။အရင်တုန်းက ခေါင်းဆောင်ဆီသို့ပစ်ဝင်သည့် အမျိုးသမီးအလုပ်သမားတစ်ဦးရှိခဲ့ဖူး၏။နောက်တော့ ဘာဖြစ်သွားလဲ။သူမက ကြမ်းပြင်ပေါ်တွန်းချခံလိုက်ရပြီး ပြင်ထားတဲ့နှာခေါင်းပါကျိုးသွားတယ်လေ။
ဒီမိန်းမငယ်လေးက အလွန်သန့်စင်သည့်ပုံပေါ်ပြီး သူမနာမည်ကိုကြားလိုက်ရသောအခါ သခင်မငယ်လေးကိုကယ်ခဲ့သည့်သူနှင့်တူနေသည်ဟုထင်မိသည်။ကျန်းချုံမင်က သူမထိခိုက်သွားမည်ကို မကြည့်ရက်တော့ပေ။ထို့ကြောင့်သူကထရပ်ကာ ယွင်ရုန်ကိုဆွဲထူပေးရန်အမြန်သွားလိုက်သည်။
ရလဒ်ကလား?။သူလက်ဘဲဆန့်ရသေးတယ်၊လုဟယ်နျန်က အေးစက်ကာအရိုင်းဆန်သည့်အကြည့်တစ်ချက်ပေးလာ၏။လုဟယ်နျန်က ယွင်ရုန်၏ပုခုံးကိုဖမ်းလိုက်ကာ သူ့ဘေးမှဆိုဖာပေါ်သို့နေရာချပေးလိုက်သည်။
တိုက်ဆိုင်တာလား၊တမင်ရည်ရွယ်တာလားတော့မသိ ယွင်ရုန်၏နေရာက ကျိုးကော်တုန်းနှင့်အဝေးဆုံး၌ရှိနေလေသည်။
ကျန်းချုံမင်က ရှက်ရှက်နှင့်သူ့လက်ကိုပြန်ရုတ်လိုက်သည်။ဒီတစ်ခေါက်ကျ ဘာလို့အရင်အကြိမ်တုန်းကနဲ့ မတူတာလဲ။
“တောင်းပန်ပါတယ် ကျွန်မတမင်လုပ်တာမဟုတ်ပါဘူး ဒီဖိနပ်ကိုစီးတာက ပထမဆုံးအကြိမ်မလို့ပါ”
ယွင်ရုန်က သေချာတောင်မထိုင်နိုင်ဘဲ ဆတ်ခနဲထရပ်ကာ တောင်းပန်လာ၏။အလုပ်ဝင်သည့်ပထမဆုံးနေ့မှာဘဲ သူမကဧည့်သည်အပေါ်အပြစ်တစ်ခုလုပ်မိသွားလေသည်။အဲ့ဒါကမကောင်းဘူး၊ သူတို့ သူမကိုမလိုချင်တော့ရင် ဘယ်လိုလုပ်မလဲ။
ယွင်ရုန်က သူမဝင်လာကတည်းက လုဟယ်နျန်ကိုသတိပြုမိပြီးသားဖြစ်သည်။သူမဆေးရုံတွင်ရှိနေချိန်က ဒီလူသားသည်သူမမောင်းထုတ်လိုက်သော မြေအောက်လောကမှတစ္ဆေနှင့် ရစ်နွယ်နေခဲ့သည်။
သူမက သူ့ဘဝကိုတစ်ချက်ကြည့်လိုက်သေးသည်။ချမ်းသာမှုဖြင့်ပြည့်စုံသောဘဝဖြစ်သော်လည်း မပျော်ရွှင်နိုင်ဘဲ သူ့နားတွင်အမှောင်စွမ်းအင်များရှိနေပေသည်။အထူးသဖြင့် လက်ထပ်ထိမ်းမြှားရန်မဖြစ်နိုင်ဘဲ ဒီဘဝတွင်တစ်ယောက်တည်းနေသွားရမည့် ကံပါနေ၏။
ပုံမှန်အားဖြင့် ဒီလိုအတိတ်နိမိတ်မကောင်းသောအရောင်အဝါရှိသူများသည် သာမာန်လူများနှင့်ယှဉ်ရင် ကျန်းမာရေးအားနည်းတတ်ကြသည်။ထို့အပြင် ဒီနှစ်များ၌ အမှောင်စွမ်းအင်က ပိုလို့တောင်တိုက်စားလာရာ သူ့အသက်စက်ဝန်းက ကြီးကြီးမားမားကိုလျော့ကျလာခဲ့သည်။
ဤသို့ပြန်တွေးနေပြီးနောက် ယွင်ရုန်က လုဟယ်နျန်ကိုစစ်ဆေးရန်အနားသို့ကပ်သွားလိုက်သည်။
“ရှင်အဆင်မပြေဖြစ်နေတဲ့နေရာရှိလား ခုနတုန်းကထိခိုက်သွားသေးလား”
ယွင်ရုန်က လုဟယ်နျန်နားကပ်လာသောအခါ သူ့ပတ်ဝန်းကျင်လေထုက ပူနွေးလာသလိုခံစားလိုက်မိသည်။သူ့၏ဝမ်းဗိုက်အောက်ပိုင်းကို နူးညံ့ပြီးအရိုးမရှိသည့်လက်ကလေး အကြိမ်အနည်းငယ်လောက်လာထိသည်အထိ သူကဘာမှမတုံ့ပြန်နိုင်သေးပေ။
လုဟယ်နျန်က အပူများအားလုံးသည်သူ့မျက်နှာဆီထိုးတက်လာသည်ဟုခံစားမိသွားသည်။သူကယွင်ရုန်၏လက်ကိုလှမ်းဆွဲကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“ဟိုထိ ဒီထိတွေလိုက်လုပ်မနေနဲ့”
သူပြော၍မပြီးခင်မှာဘဲ ခေါင်းငုံ့လိုက်ရာ သူ့မျက်လုံးရှေ့တွင်လှုပ်ရမ်းနေသောအရာနှစ်ခုကိုမြင်သွားသည်။သီးသန့်ခန်းထဲမှ အလင်းရောင်မှိန်မှိန်အောက်တွင် ထိုအရာနှစ်ခုက နှင်းဖြူဖြူလိုရွှန်းစိုနေသည့် နူးညံ့သည့်ကျောက်စိမ်းများလိုပင်။၎င်းတို့က ယွင်ရုန်လှုပ်ရှားမှုလုပ်လိုက်တိုင်းတွင် ခပ်ရေးရေးမြင်နေရ၏။
“အဟွတ်。。。。”
လုဟယ်နျန်က လည်ပင်းယားသွားကာ အသာချောင်းဟန့်လိုက်သည်။ထို့နောက်သူက အခြားတစ်ဖက်သို့အကြည့်လွှဲကာ ပြောလိုက်သည်။
“ငါအဆင်ပြေတယ် နေရာမှာသေချာထိုင်”
ဘာမှမဖြစ်ရင်ကောင်းတယ်။ယွင်ရုန်က စိတ်အေးသွားကာ သူမလက်များကိုပြန်ရုတ်လိုက်သည်။ထို့နောက်သူမက ဆိုဖာတစ်ဖက်ခြမ်းတွင် လိမ်လိမ်မာမာထိုင်နေလိုက်သည်။
မိန်းကလေးနှစ်ယောက်က ကျိုးကော်တုန်း၏တစ်ဖက်စီတွင်ထိုင်နေကြ၏။သူ၏ဘယ်လက်က မိန်းကလေး၏ခါးပေါ်တွင် မရပ်မနားလှုပ်ရှားနေပြီး ကျန်တစ်ဖက်က မိန်းကလေး၏ဒူးပေါ်တွင်တင်ထား၏။သူ့ပါးစပ်ထဲတွင် အရက်များဖြင့်ပြည့်နေလေသည်။
သူက ခုနတုန်းကမြင်ကွင်းအပေါ်အလွန်စိတ်ကျေနပ်နေမိသည်။သူပြောပြီးသားပါ၊ ဘယ်ယောက်ျားကများ မိန်းကလေးတွေနဲ့မရင်းနှီးချင်ဘဲနေမှာလဲ။ပုံမှန်အားဖြင့် လုဟယ်နျန်က အပြင်ပန်းတွင်လေးနက်သည့်ပုံပေါက်၏။ဒီလည်းရောက်လာရော သူလည်းစိတ်မရှည်တော့ဘူးမလား။
“ဟယ်နျန် ငါကြားတာတော့ မင်းမြို့အနောက်ဘက်မှာ ဆောက်လုပ်ရေးတစ်ခုစတော့မလို့ဆို မင်းလည်းသိပါတယ် ဒီတလောအတွင်းမှာဘဲ ငါကဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီကိုဖွင့်ထားတာ၊ ငါတို့ကဆွေမျိုးတွေလို့ပြောလို့ရတယ် ငါပြောချင်တာကကွာ အကျိုးအမြတ်တွေကို မိသားစုထဲမှာထိန်းသိမ်းဖို့。。。。”
စကားတစ်ဝက်လောက်ပြောလိုက်ပြီးနောက် ကျိုးကော်တုန်း၏အမူအရာက မရေမရာဝိုးတိုးဝါးတားဖြစ်နေကာ မင်းသဘောပေါက်မှာပါဟုသောပုံစံဖြင့် ဟယ်နျန်ကိုကြည့်လာသည်။
လုဟယ်နျန်ကမျက်မှောင်ကြုတ်လိုက်ရာ ကျန်းချုံမင်ကချက်ချင်းဝင်ပြောလာသည်။
“ခေါင်းဆောင်ကျိုး ကျွန်တော်တို့အလုပ်လုပ်တဲ့ပုံစံက အရင်ကနဲ့တူတူပါဘဲ လေလံပွဲတစ်ခုဖွင့်ပြီး。。。”
“ငါက ဟယ်နျန်နဲ့စကားပြောနေတာ မင်းလိုအတွင်းရေးမှူးနဲ့ ဘာဆိုင်လို့လဲ”
ကျိုးကော်တုန်းက ဝိုင်နည်းနည်းဝင်သွားပြီဖြစ်သဖြင့် အထိန်းအချုပ်မဲ့လာသည်။ဤအချိန်တွင် ရူပိ၏သတိပေးချက်ကိုလည်း မေ့သွားပြီဖြစ်သည်။ ကျန်းချုံမင်၏ အလုပ်လုပ်ရာ၌ စီးပွားရေးဆန်ဆန်ပုံစံဖြင့် တင်းကြပ်သည့်စကားများကိုကြားလိုက်ရသောအခါ သူကချက်ချင်းအပြစ်တင်လာသည်။
ထို့နောက်သူက ယွင်ရုန်ကိုလက်ညှိုးထိုးကာ မကျေမနပ်ဖြင့်ပြောလာ၏။
“မင်း မင်းကဘာဖြစ်နေတာလဲ၊ အဲ့ဒီမှာ ကြောင်အအကြီးထိုင်ပြီး ဘာလို့စိုက်ကြည့်နေတာလဲ ဘော့စ်အတွက်ဝိုင်ငှဲ့ပေးလိုက်လေ”
ဒါကယွင်ရုန်ပထမဆုံးအလုပ်ဝင်ခြင်းဖြစ်သည်။သူမက ဘာလုပ်ရမလဲမသိသဖြင့် အခြားမိန်းကလေးများလုပ်နေသည်ကို စိတ်ဝင်တစားလိုက်ကြည့်နေ၏။ကျိုးကော်တုန်းက သူမကိုအော်ဟစ်လာသောအခါ အံ့ဩတကြီးထခုန်မိသွားပြီး အလျင်အမြန်ပင်ဝိုင်တစ်ခွက်ငှဲ့လိုက်သည်။အခြားမိန်းကလေးများကိုအတုယူကာ ဝိုင်ခွက်ကို လုဟယ်နျန်၏ပါးစပ်နားယူသွားပြီးပြောလိုက်သည်။
“ကျေးဇူးပြုပြီး သောက်ပါ”
“ဒီလိုမှမှန်တာပေါ့”
ကျိုးကော်တုန်းက သဘောတွေ့စွာခေါင်းညိတ်လိုက်ပြီး အလွန်အမင်းရင်းနှီးသောပုံစံဖြင့်ပြောလာ၏။
“ဟယ်နျန် လေလံဆွဲတဲ့ကိစ္စကကွာ ငါတို့ကအပြင်လူတွေမှမဟုတ်တာ。。。。。”
“ကျွန်တော်တော့မထင်ဘူး”
လုဟယ်နျန်က ယွင်ရုန်လက်ထဲမှဝိုင်ခွက်ကိုယူကာ စားပွဲပေါ်သို့ ဘန်းခနဲတင်လိုက်သည်။သူလှည့်ကြည့်လာသောအခါ ကျိုးကော်တုန်း၏အကြည့်က ယွင်ရုန်၏ရင်ဘတ်နားတွင်ရစ်နွယ်နေသည်ကိုမြင်လိုက်ရသည်။ချက်ချင်းဆိုသလိုပင် မထင်မှတ်ထားသည့် ရှင်းပြမရနိုင်သောဒေါသက သူ့ရင်ထဲတွင်ပြည့်နှက်သွားလေသည်။
“ခေါင်းဆောင်ကျိုးက အလုပ်အကြောင်းမပြောချင်မှတော့ ကျွန်တော်တို့မှာ ဘာထွေထွေထူးထူးမှဆွေးနွေးစရာမရှိတော့ဘူးလို့ထင်ပါတယ်”
သူကပြောပြီးထရပ်ကာ တံခါးဆီလျှောက်သွားလေသည်။
သူမသွားခင်တွင် ယွင်ရုန်ကိုလှည့်ကြည့်လာပြီး သူမကိုဆွဲထူလိုက်သည်။သူက စိတ်ပိုင်းဖြတ်ထားသည့်ပုံစံဖြင့်သူမကိုပြောလာ၏။
“မင်း ငါ့နောက်လိုက်ခဲ့”
“ဘာလို့ထွက်သွားမှာလဲ ဟယ်နျန် ငါတို့ဆွေးနွေးတာတောင် မစရသေးဘူးလေ”
ကျိုးကော်တုန်းက သူထွက်သွားမည်ကိုမြင်သောအခါ ချက်ချင်းထရပ်လာသည်။သူတို့ဒီနေ့တွေ့ရသည့် အဓိကရည်ရွယ်ချက်မှာ မြို့နောက်ပိုင်းပရောဂျက်ကိုလိုချင်သောကြောင့်ဖြစ်သည်။ဘာမှတောင်မဆွေးနွေးရသေးတာကို လုဟယ်နျန်ကသွားတော့မှာတဲ့လား။
“ဟယ်နျန် ငါ့ပြောင်ကျဲက မင်းရဲ့အကြီးဆုံးမရီးနော် ကျိုးမိသားစုနဲ့လုမိသားစုက ဆွေမျိုးတော်တယ်လို့တောင် ပြောလို့ရတယ် ဒီလိုပရောဂျက်ကြီးမျိုးကို ဆွေမျိုးတွေအစား အခြားလူလက်ထဲထည့်ပေးရတာကို ပိုစိတ်ချတာလား၊ ပြီးတော့ လုအုပ်စုက မင်းတစ်ယောက်ထဲပိုင်တာမဟုတ်ဘူးနော် ပြန်ပြီးတော့စဉ်းစားကြည့်ပါဦး”
သူက လုဟယ်နျန်ကိုဖိအားပေးဖို့ သူ့အစ်ကိုကြီးကိုအသုံးချနေတာလား။
လုဟယ်နျန်၏သူငယ်အိမ်များက နက်မှောင်လာကာ ကျိုးကော်တုန်းကိုကြည့်လာ၏။
“မြို့အနောက်ပိုင်းကနေရာက လုအုပ်စုပိုင်မဟုတ်ပဲကျွန်တော်တစ်ယောက်တည်းပိုင်တယ်ဆိုတာကို ရူပိမပြောပြဘူးလား ကျွန်တော်ပိုင်တာက ကျွန်တော့်အပိုင်ဘဲ”
“အခုက အစ်ကိုကြီးကိုမျက်နှာသာပေးနေရုံဘဲ မဟုတ်ရင် ခင်ဗျားအတွက် ကျွန်တော့်ကိုတွေ့နိုင်ဖို့က လုံးဝကိုမဖြစ်နိုင်ဘူး”
“လုဟယ်နျန် မင်း。。。。”
လုဟယ်နျန်၏စကားက ကျိုးကော်တုန်းမျက်နှာကိုဖြတ်ရိုက်လိုက်သလိုပင်။ချက်ချင်းပင် သူ့မျက်နှာက အနီရောင်သန်းလာ၏။သူ့မျက်လုံးများက မှုန်မှိုင်းနေကာ အဆိပ်ပြင်းသည့်မြွေဟောက်လိုပုံစံမျိုးဖော်ပြနေပေသည်။
မြို့အနောက်ပိုင်းမှနေရာကို ငွေအလုံအလောက်မရှိတာတောင် လိုချင်တဲ့သူတွေဘယ်လောက်များလိုက်လဲ။အစက ထိုနေရာသည်လုအုပ်စုအပိုင်ဖြစ်သည်ဟု သူထင်ထားခဲ့ခြင်းဖြစ်သည်။မထင်မှတ်ထားစွာဖြင့် ၎င်းကလုဟယ်နျန်၏ပိုင်ဆိုင်မှုဖြစ်နေလေသည်။
လုဟယ်နျန်က ကျိုးကော်တုန်းကို အရေးမပါသည့်အမှိုက်တစ်စလိုပင် ကြည့်မနေတော့ဘဲ ယွင်ရုန်၏လက်ကိုဆွဲကာ အပြင်ထွက်ရန်လုပ်လိုက်သည်။
သို့သော်သူဆွဲလိုက်သည့်လက်က တင်းသွားသော်လည်း လူကရွေ့မလာပေ။
လုဟယ်နျန်က လှည့်ကြည့်လိုက်ရာ ယွင်ရုန်က အနည်းငယ်ဒေါသထွက်နေသောပုံစံဖြင့်ရပ်နေသည်ကိုမြင်လိုက်ရသည်။
“ဧည့်သည်ရှင့် ကျွန်မကဒီမှာအလုပ်လုပ်နေတာပါ ရှင်နဲ့အတူလိုက်လို့မရပါဘူး”
ယွင်ရုန်တစ်ယောက် ဒီဧည့်သည်ကအရမ်းထူးဆန်းတာဘဲဟုတွေးလိုက်မိသည်။ဘယ်လိုလူမျိုးက ဆိုင်ရဲ့ဧည့်ခံသူကိုခေါ်ပြီးထွက်သွားလို့လဲ။
ဒါကသူမအလုပ်ဝင်သည့်ပထမဆုံးနေ့ဖြစ်ကာ ဒီလူနောက်လိုက်သွားလိုက်ပါက အလုပ်ပြုတ်သွားမှာမဟုတ်ဘူးလား။အဲ့လိုဆိုသူမဘာလုပ်ရတော့မှာလဲ။
“ဟားဟားဟား လုဟယ်နျန် မင်းဆီမှာဒီလိုနေ့မျိုးရှိလာမယ်လို့ မထင်ထားမိဘူးမလား၊ကလပ်ကစားပွဲထိုးက မင်းနဲ့မလိုက်ချင်ဘူးတဲ့”
ကျိုးကော်တုန်းက ထိုမြင်ကွင်းကိုမြင်သောအခါ စိတ်ရွှင်ပျသွားပြီး ချက်ချင်းပင်လှောင်ပြောင်သောစကားများပြောလာ၏။
“လူတွေက မင်းကြောင့်သေသွားမှာကိုကြောက်ကြတာ၊ မင်းမှာပိုက်ဆံရှိနေလည်းဘာထူးလဲ မင်းကမင်းမိန်းမဘဝကိုစောစောအဆုံးသတ်စေမှာ ဘယ်သူကများ သူတို့အသက်ကိုအဆုံးခံပြီး မင်းနောက်လိုက်မှာလဲ”
ကျန်းချုံမင်ကလည်း ထိုတွက်ချက်မှုအကြောင်းကြားဖူးရာ မျက်ဖြူလှန်လိုက်မိသည်။ကိုယ့်ဘဝကိုယ်မလိုချင်တဲ့သူတွေမရှားဘူး။သူတို့ရဲ့ခေါင်းဆောင်လုကသာ ဂရုမစိုက်တာပါနော်။
လုဟယ်နျန်က ကျိုးကော်တုန်း၏စကားများကြောင့် တောင့်တင်းသွားသည်။လူတစ်ကိုယ်လုံး၏အသက်ရှူသံက ချက်ချင်းပင်မှုန်မှိုင်းလာလေသည်။သူ၏ကိုယ်မှအမှောင်အရောင်အဝါက သူနှင့်နီးစပ်သောမိန်းကလေးများအပေါ်သက်ရောက်နိုင်သည်ဟူသာ တွက်ချက်မှုကိုပြန်တွေးကာ သူမလက်ကိုလွှတ်လိုက်မိသည်။
ယွင်ရုန်က ဘေးတွင်ဒီတိုင်းရပ်ပြီး နားမထောင်နေနိုင်တော့ပေ။လူတစ်ယောက်၏ဘဝက မွေးဖွားလာကတည်းက သတ်မှတ်ထားပြီးသားဖြစ်သည်။သို့သော်လူတစ်ယောက်၏ကံကြမ္မာကိုအသုံးချပြီး တိုက်ခိုက်နေသည်မှာ လူကြီးလူကောင်းတစ်ယောက်လုပ်မည့်ကိစ္စမျိုးမဟုတ်ပေ။
ထို့အပြင် ကျိုးကော်တုန်းနှင့်ယှဉ်ပါက လုဟယ်နျန်ကအနည်းငယ်ထူးဆန်းသော်လည်း သူ့အသက်ရှူသံသန့်ရှင်းနေကာ သေချာပေါက်ပင်ဖြောင့်မတ်ရိုးသားသောသူဖြစ်၏။သဘာဝကျစွာပင် သူမကလုဟယ်နျန်ဘက်ပိုယိမ်းမိလေသည်။
ယွင်ရုန်က မျက်မှောင်ကြုတ်ကာပြောလာ၏။
“ရှင်က သူများတွေကိုပြောနိုင်သေးတာလား ရှင့်ကိုယ်ရှင်ပြန်တွေးကြည့်တာပိုကောင်းမယ် ရှင့်လက်ထဲမှာ ကံဆိုးတဲ့သွေးတွေအများကြီးရှိနေလို့ မြေအောက်လောကက သရဲတစ်ကောင်က ရှင့်ဘေးနားမှာလိုက်နေတယ်၊ ဘယ်နေရာကနေများ ရှင့်ဘဝကို သူ့ထက်သာတယ်လို့တွေးလိုက်တာလဲ”
သူမစကားကိုကြားသောအခါ ကျိုးကော်တုန်း၏မျက်နှာက လွန်ကဲစွာပြောင်းလဲသွားသည်။သူကဖြူလျော်နေသောမျက်နှာဖြင့် ယွင်ရုန်ကိုကြည့်လာ၏။ဒီမိန်းကလေး၏အသက်က သေချာပေါက်မကြီးသေးပေ။သူမကသူနှင့်သိပ်မဝေးသောနေရာတွင်ရပ်နေကာ မြင့်မြတ်သည့်အရှိန်အဝါကိုသယ်ဆောင်ထားသည့်ပုံပေါ်နေ၏။သန့်စင်ကြည်လင်သည့် မျက်လုံးအစုံက သူ့ကိုကြည့်နေသည်မှာ သူ့ရင်ထဲမှလျှို့ဝှက်ချက်အားလုံးကို ထိုးဖောက်မြင်နေနိုင်သလိုပင်ဖြစ်သည်။
ကျိုးကော်တုန်း၏နောက်ကျောတွင် ရှင်းမပြနိုင်သည့် အအေးဓာတ်ကိုခံစားလိုက်ရသည်။သူကချက်ချင်းပင် တစ်ဝက်လောက်အမူးပြေသွားသည်။သူကကြောက်လန့်နေသော်လည်း ခက်ထန်ဟန်ဆောင်ကာ ပြောလိုက်သည်။
“ဘာပေါက်ကရတွေ လာပြောနေတာလဲ”
“ဘာပေါက်ကရမှမပြောဘူး”
ယွင်ရုန်က အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။သူမအလုပ်ပြုတ်မှာကြောက်နေလို့သာ၊ မဟုတ်ပါက ဒီလူသားသူမကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံလိုက်ကတည်းက သူ့သင်္ချိုင်းကိုဘယ်သူမှရှာမတွေ့နိုင်လောက်အောင်လုပ်လိုက်ပြီဖြစ်သည်။
⛰️