Chapter 12
Viewers 471

⛰️Chapter 12.

ဟိုတယ်တွင်နေခြင်း။



လုဟယ်နျန်က ယွင်ရုန်ဘေးတွင်ရပ်နေရာ သူမပြောသည်ကိုကြားလိုက်ရသည်။သူ့မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခုပေါ်လာ၏။သူကယွင်ရုန်ဆီလှည့်ကာပြောလိုက်သည်။


“မင်းဒီမှာအလုပ်လုပ်တာ ဘယ်လောက်ရလဲ ငါအဲ့ဒါထက်နှစ်ဆပေးမယ်”


“နှစ်ဆလား”


ယွင်ရုန်၏မျက်လုံးများက အရောင်တောက်လာသည်။ထို့နောက်သူမက လစာဘယ်လောက်ရလဲမမေးရသေးသည်ကိုသတိရသွား၏။သူမက အနားမှမိန်းကလေးကိုမေးကြည့်လိုက်သည်။


“ငါတို့တွေ ဒီမှာအလုပ်လုပ်တာဘယ်လောက်ရလဲ”


ထိုမိန်းကလေးက ဖော်မပြနိုင်သောအမူအရာဖြင့် ယွင်ရုန်ကိုကြည့်နေကာ သူမအတွက်ဝမ်းသာပေးရမလား၊‌သနားရမလားတောင်မသိတော့ပေ။သူတို့ကို ဘစ်ဘော့စ်များက အဖော်ပြုပေးဖို့အလိုရှိကာ အလုပ်လုပ်စရာမလိုသည့် အချိန်များလည်းရှိဖူး၏။ဘယ်သူကများ ကိုယ်ကြိုက်တာတွေကို မဝယ်ချင်ဘဲနေမှာလဲ။ပြီးတော့သူတို့ကလတိုင်း ယွမ်100,000ကျော်ကိုလည်းရသေးတယ်။ဒီနှစ်ဆပေးခံတာကို ဘာပျော်စရာရှိလို့လဲ။


“ပုံမှန်ဆိုရင်တော့ တစ်လကိုယွမ်12,000လောက်ရတယ်”


သူမစိတ်ထဲတွင်ထိုသို့တွေးနေသော်လည်း အမှန်တိုင်းပြောပြလိုက်ဆဲပင်။သူမကပြောနေရင်းဖြင့် လုဟယ်နျန်ကိုတိတ်တဆိတ်အကဲဖြတ်လာ၏။သူကဘစ်ဘော့စ်ကြီးဖြစ်နေ‌တာတောင် ကပ်စီးကုပ်နေတယ်လို့တွေးလိုက်မိသည်။


လုဟယ်နျန်က သူအလှောင်ခံလိုက်ရသည်ကို မသိပေ။ထိုမိန်းကလေး၏စကားကိုကြားသောအခါ သူကယွင်ရုန်ကိုပြန်ပြောလိုက်၏။


“ငါမင်းကို ယွမ်30,000ပေးမယ် ငါနဲ့လိုက်ခဲ့”


“ကောင်းပြီလေ”

ယွင်ရုန်က ပျော်ရွှင်စွာရယ်မောကာ လုဟယ်နျန်နောက်မှလိုက်ပြီး သီးသန့်ခန်းထဲမှထွက်သွားကာ ကြောင်အနေသောကျန်းချုံမင်နှင့် အံ့ဩနေသောလူတိုင်းကိုချန်ထားခဲ့လေသည်။


သီးသန့်ခန်းအပြင်တွင် ဝန်ထမ်းအများပြားနှင့် ဧည့်သည်များက လျှောက်လမ်းဘက်ကိုကြည့်လာကြသည်။အကြောင်းရင်းမှာ အခြား‌မဟုတ်၊လုဟယ်နျန်နှင့်ယွင်ရုန်၏အသွင်အပြင်က အလွန်ထူးခြားနေသောကြောင့်ဖြစ်သည်။


လုဟယ်နျန်က မျက်မှောင်ကြုတ်ကာ အလိုအလျောက်ပင်သူ့နောက်မှယွင်ရုန်ကိုကာပေးချင်လာသည်။ဘာကြောင့်မှန်းမသိ ဒီလူများက သူ့နောက်မှယုန်ဝတ်စုံဝတ်ထားသောသူကိုကြည့်နေသည်ကိုမြင်လိုက်ရသောအခါ သူ့ရင်ထဲမှဒေါသကဖိနှိပ်မရ‌နိုင်လောက်အောင်လောင်ကျွမ်းလာလေသည်။


“ရှင်ကကျွန်မကို ဘယ်လိုအလုပ်လုပ်ခိုင်းမလို့လဲ”


ယွင်ရုန်က မနေနိုင်ဘဲထုတ်မေးလာ၏။သူမက လူသားများနှင့်နေသည်မှာမကြာသေးသော်လည်း ပိုက်ဆံများများပေးသည်မှာ အလုပ်ပိုလုပ်ရမည်ကိုဆိုလိုနေကြောင်း သိ‌၏။သူမကထိုစည်းမျဉ်းကိုနားလည်ထားကာ ယွမ်30,000ကလည်းနည်းသောပမာဏမဟုတ်ပေ။သူမကအလုပ်ကိုကောင်းကောင်းမလုပ်နိုင်မည်ကို အနည်းငယ်စိုးရိမ်မိလေသည်။


လုဟယ်နျန်က ရပ်လိုက်ပြီးလှည့်ကြည့်လာရာ ယွင်ရုန်၏ယုန်နားရွက်နှစ်ချောင်းကလှုပ်နေပြီး အလွန်ချစ်စရာကောင်းသည်ကိုမြင်လိုက်ရသည်။ဘာကြောင့်မှန်းမသိ ပေါက်ကွဲရန်စောင့်နေသည့် သူ့ရင်ထဲမှဒေါသသည် အရိပ်အယောင်တောင်မကျန်ဘဲ ချက်ချင်းပျောက်ကွယ်သွား‌လေသည်။


“ဒရိုင်ဘာကို အောက်ထပ်ကဝင်ပေါက်ဆီကားယူလာဖို့ပြောလိုက်”

သူကယွင်ရုန်နှင့်ဘယ်လိုဆက်ဆံရမည်ကိုမသိသော်လည်း ကျန်းချုံမင်ကိုတော့ယဉ်ကျေးမနေပေ။သူကမေးကိုမော့ကာဆက်ပြော၏။


“မင်းအဝတ်တွေချွတ်လိုက်”


“အာ。。。。”ကျန်းချုံမင်က ဒါရိုက်တာကို စိတ်လှုပ်ရှားတကြီးကြည့်လာကာ ဘာကြောင့်သူ့အဝတ်ကိုချွတ်ခိုင်းလာသည်ကို သဘောမပေါက်ပေ။သို့သော်သူက မြန်မြန်ဆန်ဆန်ပင် အပေါ်ဝတ်အင်္ကျီကိုကြယ်သီးဖြုတ်လိုက်သည်။


သို့သော်သူမချွတ်ရသေးခင်မှာဘဲ လုဟယ်နျန်ကမျက်မှောင်ကြုတ်ကာပြောလာ၏။

“ထားလိုက်တော့”


ထိုသို့ပြောပြီးနောက် သူ၏အပေါ်ဝတ်ကိုကြယ်သီးဖြုတ်လာသည် 


ယွင်ရုန်သည် သူမရှေ့မှသူက ဘာလို့အင်္ကျီချွတ်နေသည်ကိုနားမလည်ပေ။တစ်စက္ကန့်ကြာပြီးနောက် နွေးနေသည့်အပေါ်ဝတ်အင်္ကျီက သူမပုခုံးပေါ်ရောက်လာ၏။လုဟယ်နျန်က ကြမ်းပြင်ကိုကြည့်ကာ ပြောလိုက်သည်။

“သွားကြမယ်”


ထိုသို့ပြောကာ သူကရှေ့သို့ပြန်လှည့်သွားပြီး အစမှအဆုံးယွင်ရုန်၏ကိုယ်ကိုမကြည့်သွားပေ။ဘယ်သူမှမသိသည်မှာ ဒါရိုက်တာလုကရှေ့ပြန်လှည့်လာပြီးနောက် သူ့နှုတ်ခမ်းထောင့်များကကွေးညွှတ်သွားလေသည်။


ဘေးမှကျန်းချုံမင်က ဒါရိုက်တာလုပ်သည်များကိုအစအဆုံးမြင်လိုက်ရသဖြင့် အဆုံးတွင်သဘောပေါက်သွားသည်။လက်စသတ်တော့ ဒါရိုက်တာက မစ်ယွင်ရဲ့ဝတ်စုံကြောင့် မပျော်မရွှင်ဖြစ်နေတာဘဲ။ဒါရိုက်တာက လူတစ်ယောက်အတွက်ဒီလောက်ထိ တစ်ခါမှမလုပ်ဖူးဘူး။အရင်တစ်ခါကြင်ဖက်တွေ့တုန်းက တစ်ဖက်လူက ပွဲတက်ဝတ်စုံဝတ်ထားလို့ချမ်းနေပေမယ့်လည်း ဒါရိုက်တာက အင်္ကျီချွတ်ပေးဖို့မပြောနဲ့ တစ်ချက်တောင်ကြည့်ခဲ့တာမဟုတ်ဘူး။


သူက မစ်ယွင်ရုန်ကို ထူးထူးခြားခြားဆက်ဆံတာရှင်းနေတာဘဲ။


ကျန်းချုံမင်က ဤကိစ္စကြီးကိုရှာဖွေသိရှိသွားသဖြင့် ပျော်နေ၏။နှစ်သောင်းချီနေတဲ့ထန်းပင်ကြီးက နောက်ဆုံးတော့ပွင့်ဖူးလာပြီ။ယွင်ရုန်ကိုကြည့်နေသည့် သူ့အကြည့်များက ပိုလို့တောင်စိတ်လှုပ်ရှားလာသည်။


“ကျွန်မ မချမ်းဘူး အင်္ကျီပေးစရာမလိုပါဘူး”


ယွင်ရုန်က ကျန်းချုံမင်၏အဓိပ္ပါယ်အပြည့်ပါနေသောအကြည့်ကို နည်းနည်းလေးတောင်အာရုံမစိုက်ဘဲ သူမကိုယ်ပေါ်မှအင်္ကျီကိုကြည့်ကာ ပုခုံးတွန့်ပြီးလုဟယ်နျန်ကိုပြောလာ၏။


ဟာသဘဲ။သူမက တောင်မိစ္ဆာပါနော်၊ဘယ်လောက်ဘဲ အေးအေး၊ပူပူ သူမအပေါ်ဘာသက်ရောက်မှုမှမရှိဘူး ဟုတ်ပြီလား။


လုဟယ်နျန်က ရှေ့သို့ဦးတည်နေ၏။ထိုစကားကိုကြားသောအခါ သူ့နောက်ကျောက ရုတ်တရက်တောင့်တင်းသွားလေသည်။သူပြန်လှည့်လာသောအခါ သူ့မျက်နှာကမဲမှောင်နေပြီဖြစ်သည်။ကျန်းချုံမင်က ကမန်းကတန်းဝင်ပြောလာ၏။


“မစ်ယွင်ရုန် ဒါကဒီနေရာရဲ့ဝန်ထမ်းဝတ်စုံပါ၊ အဲ့ဒါဝတ်ထားတာကို အပြင်ကသူတွေမြင်သွားရင်ကောင်းမှာမဟုတ်ဘူး。。。。。。”


လူများက ခေါင်းဆောင်လုတစ်ယောက် လူကြီးကစားစရာယုန်ဝတ်စုံဝတ်ထားသည့် မိန်းကလေးကိုခေါ်ပြီး ကလပ်ထဲမှထွက်လာသည်ကို မြင်သွားကြပါက သေချာပေါက်ပင် ထိပ်စီးသတင်းများ၌ပါလာလိမ့်မည်။


ယွင်ရုန်က သူမစိတ်ထဲတွင်တွေးလိုက်သည်။ဒီလူရဲ့ပင်ကိုယ်စရိုက်က ဆိုးတယ်လို့ထင်ရပေမယ့် တကယ်တော့ သူကအာရုံစိုက်တတ်တဲ့သူပဲ။


ဒရိုင်ဘာက ကားယူလာပြီဖြစ်ရာ သူတို့သုံးယောက်က ချက်ချင်းပင်ကားထဲဝင်လိုက်ကြသည်။ကျန်းချုံမင်က အရှေ့တွင်ထိုင်ကာ နောက်လှည့်ပြီးမေးလာ၏။

“ဒါရိုက်တာ ကျွန်တော်တို့အခုဘယ်သွားရမှာလဲ”


လုဟယ်နျန်က အပေါ်ဝတ်အင်္ကျီဖြင့်တစ်ကိုယ်လုံးဖုံးမတတ်ဖြစ်နေသည့် ယွင်ရုန်ဘက်လှည့်ကာမေးလိုက်သည်။

“မင်းမိသားစုက ဘယ်မှာနေတာလဲ”

 

“တန့်ချိုးတောင်မှာပါ”

ယွင်ရုန်ကပြန်ဖြေ၏။


တန့်ချိုးတောင်ခြေ၌ တကယ်ပင်ရွာအနည်းငယ်ရှိ၏။လုဟယ်နျန်က လုဟွားနျန်ဆေးရုံတွင်ပြောခဲ့သည့် ယွင်ရုန်၏ဝတ်စားပုံများက သိပ်အဆင်မပြေပုံရသည်ကို ပြန်တွေးမိသွားသည်။ကြည့်ရတာ သူမမိသားစုအခြေအနေက သိပ်မကောင်းတဲ့ပုံဘဲ။သူ့ရင်ထဲတွင်နားလည်သွားလေသည်။


“ညနေတုန်းက ဟိုင်ရှီးမူကြိုကျောင်းမှာ ကောင်မလေးတစ်ယောက်ကိုကယ်ခဲ့တာ မင်းမလား”

လုဟယ်နျန်ကဆက်ပြောသည်။


“အဲ့ဒါက ငါ့တူမပါ၊ ငါ့ကျဲအစားမင်းကိုကျေးဇူးတင်ချင်လို့ပါ”


ယွင်ရုန်က မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ရာ ပိုလို့တောင်ဆွဲဆောင်မှုရှိသွားစေ၏။သူမကရုတ်တရက်သတိရသွားသည်။


“လက်စသတ်တော့ ရှင့်ဆွေမျိုးဖြစ်နေတာပဲ၊ ကျွန်မကိုကျေးဇူးတင်စရာမလိုပါဘူး ကျွန်မကရှင့်အမရဲ့ပိုက်ဆံကိုယူထားပြီးပါပြီ”


 လုဟယ်နျန်က ယွင်ရုန်ကိုတစ်ချက်လှမ်းကြည့်ကာ ရင်ထဲတွင်ရယ်ချင်သွားသည်။သူကျေးဇူးဆပ်မည်ကို ငြင်းသည့်သူမျိုးတစ်ခါမှမကြုံဖူးသေးပေ။လုမိသားစုကို ဒီလိုအကြီးကြီးကျေးဇူးတင်ရအောင်လုပ်ဖို့ လုပ်နိုင်ရင်စွမ်းမရှိရင်တောင် လုပ်ချင်နေကြတဲ့သူတွေဘယ်လောက်တောင်များလိုက်လဲ။


“မင်းပိုက်ဆံလိုနေတာလား”


“ဟုတ်တယ် ”

ယွင်ရုန်က ဤကိစ္စအကြောင်းပြောသောအခါ စိတ်အဆင်မပြေဖြစ်လာသည်။


“ကျွန်မက ပိုက်ဆံအများကြီးလိုနေတာ”

သူမက ဘယ်လောက်လိုသည်ကိုသေချာမသိသော်လည်း တန့်ချိုးတောင်ကအလွန်ကြီးရာ သေချာပေါက်အများကြီးလိုအပ်လိမ့်မည်။


“ဒါရိုက်တာ。。。。”


သူတို့နှစ်ယောက်စကားပြောနေချိန်တွင် ကျန်းချုံမင်က မျက်လုံးပြူးဖြင့်စိုက်ကြည့်နေ၏။အကြီးဆုံးသခင်မလေးနဲ့ မဒမ်တို့မှလွဲပြီး ဒါရိုက်တာက မိန်းမတစ်ယောက်နဲ့စကားအကြာကြီးပြောဖူးလို့လား။


သို့သော်ဒရိုင်ဘာက သူ့ကိုဆက်တိုက်အရိပ်အကဲပြနေသဖြင့် မတတ်နိုင်တော့ဘဲ သူတို့၏စကားဝိုင်းကိုဝင်နှောင့်ယှက်လိုက်ရသည်။


“ဒါရိုက်တာ ဟိုင်ရှီးကနေတန့်ချိုးတောင်ထိက 100kmကျော်ဝေးတယ်၊ကားနဲ့ဆို နှစ်နာရီကျော်သွားရမှာပါ အခုချိန်မှသွားဖို့ကအရမ်းနောက်ကျနေပြီ မစ်ယွင်ကို ဒီညအတွက်ချိုးဖုန်းဗီလာမှာဘဲ နေခိုင်းလိုက်ရင်ရော”


ချိုးဖုန်းဗီလာက လုဟယ်နျန်၏အိမ်များထဲမှတစ်ခုဖြစ်ကာ မကြာသေးခင်မှသူထိုအိမ်တွင်နေနေခြင်းဖြစ်သည်။ထို့ကြောင့် ဗီလာတွင်နေ့စဉ်သုံးအတွက်လိုအပ်သောပစ္စည်းမျိုးစုံရှိသည်။နေ့တိုင်းတွင် သန့်ရှင်းရေးအမျိုးသမီးတစ်ယောက်က လာသန့်ရှင်းလေ့ရှိရာ ဘယ်အချိန်မဆို ဝင်နေဖို့အဆင်ပြေလေသည်။ကျန်းချုံမင်က ဒီလိုအကြံရလာသည့် သူကိုယ်သူဂုဏ်ယူနေမိသည်။ တကယ်ကိုဘဲ ဒါရိုက်တာရဲ့ထင်မြင်ယူဆချက်ကို တွေးပြီးဒီလိုနေရာကို မြန်မြန်စဉ်းစားလိုက်မိတာ လုံးဝကိုအတွင်းရေးမှူးကောင်းတစ်ယောက်ပဲ။


“ဟိုင်ကျင်းဟိုတယ်ကိုသွားမယ်”

မမျှော်လင့်ထားစွာဖြင့် သူက ဒါရိုက်တာ၏ချီးကျူးမှုကိုမခံရရုံသာမက လုဟယ်နျန်ဆီမှအေးစက်စက်အကြည့်တစ်ချက်ကိုပါရရှိသွားလေသည်။


အစတုန်းက လုဟယ်နျန်သည် ကံတရား၊ကံကြမ္မာကိုမယုံ‌ပေ။သို့သော် တစ်ယောက်ပြီးတစ်ယောက် သူနှင့်ကြင်ဖက်တွေ့သူများသည် မတော်တဆမှုများဖြစ်သွားကြ၏။သူမတတ်နိုင်ဘဲယုံရတော့မည်ဖြစ်သည်။ဆရာသခင်ကျန်းပြောသည်မှာ သူ၏ကိုယ်ကအမှောင်အော်ရာကိုသယ်ဆောင်ထားပြီး ‌သူ‌နေလေ့ရှိသောနေရာများတွင် အမှောင်စွမ်းအင်များကပ်ညှိနေနိုင်သည်ဟုဆို၏။ဒီမိန်းကလေးကို မနေခိုင်းတာပိုကောင်းလိမ့်မည်။


သူက ယွင်ရုန်ကိုပြန်ပြောလိုက်သည်။

“မင်းဒီနေ့ညကို ဟိုတယ်မှာဘဲနေလိုက်တော့ မနက်ဖြန်ကျမှအလုပ်အကြောင်းပြောကြတာပေါ့”


“ဟိုင်ကျင်းဟိုတယ်လား”

ကျန်းချုံမင်က သူ့ဘော့စ်ကိုထူးဆန်းသည့်အကြည့်ဖြင့်ကြည့်လာသည်။ပထမဆုံးအကြိမ်တွေ့တာကို ချက်ချင်းဟိုတယ်သွားတာက သိပ်မကောင်းသလိုဘဲနော်။ပြီးတော့ ယွင်ရုန်ရဲ့အသက်ကအဲ့လောက်ထိမကြီးသေးသလိုဘဲ၊ အဲ့တော့ဧကန်မုချကိုအပြစ်ရှိတဲ့ခံစားချက်ကြီး ဘာတွေဖြစ်နေတာလဲ


ကျန်းချုံမင်၏အတွေးများက စတင်အရိုင်းဆန်လာသည့်အချိန်တွင် ဘေးဘက်မှအေးစက်စက်အသံကိုကြားလိုက်ရလေသည်။

“ကျန်းချုံမင် ဒီလအတွက် မင်းဘောနပ်ကို လျှော့လိုက်ပြီ”


ကျန်းချုံမင်က လည်ပင်းပုလိုက်ကာ တတ်နိုင်သမျှသူ့ကိုယ်သူကွယ်ထားလိုက်ပြီး မှန်းဆချက်များကိုထင်သလိုမလုပ်ရဲတော့ပေ။


သူတို့ ဟိုင်ကျင်းဟိုတယ်သို့ လျင်မြန်စွာရောက်ရှိလာကြသည်။ဟိုင်ကျင်းဟိုတယ်က ဟိုင်ရှီးတွင် အကောင်းဆုံးဟိုတယ်တစ်ခုဖြစ်သည်။


လုအုပ်စု၏စီးပွားရေးတစ်ခုဆိုသော်လည်း တာဝန်ရှိသူမှာလုဟယ်နျန်ဖြစ်သည်။


ညသန်းခေါင်12နာရီတွင် မီးအိမ်များအားလုံးကိုဖွင့်ထား၏။ဒီအချိန်က ဟိုတယ်စီးပွားရေးတွင်အလုပ်အများဆုံးအချိန်ဖြစ်သည်။ဤအချိန်တွင်  ကုန်တချင်ဆိုသည့်မန်နေဂျာက လော်ဘီဘေးတွင် ဝန်ထမ်းများကိုအသေးစိတ်ညွှန်ကြားနေ၏။ကားရပ်သည့်အသံကိုကြားသောအခါ သူ့နားရွက်များကအနည်းငယ်လှုပ်ရှားသွားပြီး ချက်ချင်းပင်သတိကြီးလာကာ ကားရှိရာသို့လှည့်ကြည့်လိုက်သည်။


ဟိုတယ်၏ကားသွားရာလမ်းကြောင်းတွင် ရင်းနှီးနေသည့်လိုင်စင်ပြားနှင့်ကားက ရပ်လိုက်သည်ကိုမြင်သောအခါ ကုန်တချင်ကနှစ်ခါတွေးမနေတော့ဘဲ ညွှန်ကြားနေသည်များကို တစ်ခွန်းထဲနှင့်အဆုံးသတ်လိုက်သည်။သူကချက်ချင်းပင် ဟိုတယ်ဝင်ပေါက်သို့လျှောက်သွားပြီး လေးစားစွာပြောလာသည်။


“ခေါင်းဆောင်လု၊ အတွင်းရေးမှူးကျန်း ဘယ်လိုဖြစ်ပြီးရောက်လာတာလဲဗျ ဟိုတယ်ကိုလာစစ်ဆေးကြတာ‌လား”


“ဒီနေ့က လာစစ်ဆေးတာမဟုတ်ဘူး presidential suiteအခန်းလွတ်သေးလား”


“ငါတို့တွေအခန်းတစ်ခန်းလိုလို့”

ကျန်းချုံမင်က ကားပေါ်မှအရင်ဆင်းကာ ယွင်ရုန်အတွက်တံခါးဖွင့်ပေးလာသည်။


“အခန်းရှိပါတယ်ဗျ”


ကုန်တချင်က ပြုံးကာအမြန်ပြန်ဖြေ၏။ထို့နောက်သူက ခေါင်းကိုဖြေးဖြေးချင်းမော့ပြီး ကားပေါ်မှဆင်း‌လာသောယွင်ရုန်ကို အကဲခတ်လိုက်သည်။တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ကိုဖိနှိပ်‌နေသည့်အားကောင်းသည့်အင်အားကို ခံစားလိုက်ရလေသည်။သူ့ခြေထောက်များက အလိုလိုအားနည်းလာကာ မြေကြီးပေါ်သို့လဲကျမတတ်ဖြစ်သွားသည်။


“ဘာဖြစ်တာလဲ”

ကျန်းချုံမင်က သူနင့်အနီးဆုံးဖြစ်ရာ ချက်ချင်းလှမ်းထိန်းပေးလိုက်သည်။


“ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ဘူး ခုနတုန်းကသေချာမရပ်လိုက်မိလို့ပါ”


ကုန်တချင်က သူမြင်လိုက်ရသည်မှပြန်သက်သာလာကာ စိတ်ပြန်စုစည်းလိုက်သည်။သူကအဆင်ပြေသလိုပြန်‌ဖြေလိုက်သော်လည်း သူ့ရင်ထဲတွင်ဒုန်းစိုင်းနေပြီဖြစ်သည်။အဲ့ဒီနတ်ဆိုးကြီးက ဘယ်ကရောက်လာတာလဲ၊ မထင်ထားမိဘူး ဒီလောက်အားကောင်းတဲ့အရှိန်အဝါလည်းရှိနေတယ်။ပုဂ္ဂိုလ်ကြီးတစ်ယောက် ဟိုင်ရှီးကိုလာမယ်ဆိုတာကိုလဲ မကြားမိပါလား။


“နင်က ခွေး(ကုန်)。。。。”

ယွင်ရုန်က ကားပေါ်မှဆင်းလာသောအခါ အနောက်တိုင်းဝတ်စုံဝတ်ထားသည့် ကုန်တချင်ကိုမြင်သွား၏။သူကဆံပင်ကိုသပ်ရပ်စွာဖြီးထားကာ တောက်ပချောမွေ့နေပြီး သူ့မျက်နှာကထိပ်တန်းပင်ဖြစ်သည်။

(Tn:ကုန်ဆိုတာက ခွေးလို့အဓိပ္ပါယ်ရပါတယ်)


“ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော့်နာမည်က ကုန်တချင်ပါ”


ခုနလေးတင်မှ ကောင်းကောင်းပြန်ရပ်နိုင်သွားသည့် ကုန်တချင်၏ဒူးများက တစ်ဖန်ပြန်ပျော့သွားပြန်သည်။သူကအလျင်အမြန်ပင် ယွင်ရုန်ကိုအဓိပ္ပါယ်ပါသောအကြည့်တစ်ချက်ပေးလိုက်သည်။


ယွင်ရုန်က ကြောင်အစွာစိုက်ကြည့်နေပြီးမှာ သူမဘေးတွင်လူသားနှစ်ယောက်ရှိနေသည်ကို သတိရသွားကာ စကားလွှဲလိုက်သည်။သူမကခေါင်းညိတ်ပြကာ ပြောလာသည်။

“ကုန်တချင်လား နာမည်ကောင်းဘဲ”

ခွေးမိစ္ဆာတစ်ကောင်မှာ ခွေး(ကုန်)မျိုးရိုးနာမည်ရှိနေမယ်လို့မထင်ထားဘူး။


ဘယ်လောက်ဘဲစိတ်လှုပ်ရှားနေပါစေ ကုန်တချင်ကအခန်းကတ်ကိုယူကာ သူတို့သုံးယောက်ကို presidential suiteအခန်းသို့ ကိုယ်တိုင်လိုက်ပို့ပေးလာ၏။အခန်းထဲသို့ရောက်ရောက်ချင်းပင် ယွင်ရုန်က သူမကိုယ်ပေါ်မှအပေါ်ဝတ်ကိုဖယ်ကာ လုဟယ်နျန်လက်ထဲထိုးထည့်ပေးလိုက်သည်။


“ဒီမှာရှင့်အင်္ကျီ ပြန်ယူလိုက်တော့ ဟုတ်ပြီလား”


နောက်မှလူနှစ်ယောက်သည် နီးကပ်စွာလိုက်လာကြ၏။ကုန်တချင်က ယွင်ရုန်ကိုယ်ပေါ်မှ ယုန်ဝတ်စုံကိုမြင်သောအခါ နောက်ဆုတ်ဖို့နောက်ကျသွားပြီဖြစ်သည်။သူကလုဟယ်နျန်ကိုကြည့်ပြီး သူတော့ အန္တာရယ်ရှိသောအခြေအနေထဲရောက်သွားပြီဟုခံစားမိသွားကာ ချက်ချင်းပင်သူ့အမူအရာကပြောင်းလဲသွားသည်။


လက်စသတ်တော့ မိန်းကလေးတွေကိုဘယ်တော့မှသဘောမကျတဲ့ဒါရိုက်တာက ဒီလိုပုံစံမျိုးကိုကြိုက်တာဘဲ။တကယ်ကိုပဲ လူတစ်ယောက်ကိုအချိန်အကြာကြီးသိလာပေမယ့် သူတို့ရဲ့တကယ့်ပုံစံမှန်ကိုမသိနိုင်ဘူးဆိုတာ အမှန်ပါဘဲလား။ခနလောက် ..သူကအတင်းတုပ်စရာဒီလိုကိစ္စကြီးကိုသိလိုက်ရသည့်အတွက် အံ့ဩရမလား၊ သူသိတာတွေအများကြီးရှိသွားသည့်အတွက်ကြောက်ရွံ့ရမည်လားတောင် မသိတော့ပေ။


ကျန်းချုံမင်က ဒါရိုက်တာ၏ဒေါသကိုမြင်သောအခါ *နိယာမကိစ္စများအစား သူ့လုံခြုံရေးကိုဦး‌စားပေးရန်*ဆုံးဖြတ်လိုက်သည်။သူကကုန်တချင်လက်ကိုဆွဲကာ နောက်သို့မီတာဒါဇင်အနည်း‌ငယ်လောက်ဆုတ်သွားသည်။

(Tn:**ပညာရှိတဲ့သူကနောက်ဆုတ်သင့်တဲ့အချိန်ကိုသိတယ်ဆိုတဲ့စကားပုံပါ၊ အဲ့ဒီအချိန်မှာသူက ‌‌ဖြောင့်မတ်မှန်ကန်တာမလုပ်ခင်(ယွင်ရုန်၏အပြစ်ကင်းမှုကိုမကာကွယ်ခင်) သူ့အသက်ကိုအရင်ထိန်းသိမ်းသင့်တယ်လို့ဆိုချင်တာပါ)


“အတွင်းရေးမှူးကျန်း ခေါင်းဆောင်လုနဲ့ အဲ့ဒီမိန်းကလေးက ဘယ်လိုဆက်ဆံရေးမျိုးလဲ”

သူက အားနည်းသည့်သူ့ရင်ဘတ်ကိုဖိလိုက်သော်လည်း သူ့မျက်လုံးထဲမှ အတင်းအဖျင်းသိချင်သည့်မီးတောက်များကိုမူ မဖုံးကွယ်နိုင်ပေ။


“အဲ့ဒါက မင်းသိချင်တိုင်းသိနိုင်တဲ့ ကိစ္စမျိုးဟုတ်လို့လား”

ကျန်းချုံမင်က ကုန်တချင်၏ပုခုံးကိုပုတ်လိုက်သည်။

“အခုလေးတင်မင်းလုပ်လိုက်တာက အရမ်းရူးမိုက်ပြီး ဉာဏ်နည်းလွန်းတယ်၊ ဒါရိုက်တာက သူ့ဒေါသတွေမင်းပေါ်ပုံချလာမှာကိုစောင့်နေတာလား ငါပြောမယ် အဲ့လိုကိစ္စမျိုးကိုနောက်ကျထပ်မြင်ရရင် ကြည့်တာလျှော့၊ စကားပြောတာကိုလျှော့ နားလည်လား”


ကုန်တချင်က လေးစားစွာခေါင်းညိတ်ပြလိုက်သည်။သူ့ရင်ထဲတွင် ကျန်းချုံမင်က တကယ်ကိုဘော့စ်ဘေးမှလူဟုတွေးလိုက်မိသည်။လူတစ်ယောက်ရဲ့ကိုယ်ဟန်အနေအထားကိုကြည့်ပြီး သူ့စိတ်ကိုခန့်မှန်းနိုင်တာက ထိပ်တန်းဘဲ။ဒီနေ့တွင် ထိုအရေးကြီးပုဂ္ဂိုလ်နှင့် ဘစ်ဘော့စ်တို့၏အတင်းအဖျင်းကိုတွေ့လိုက်ရရာ အိမ်ပြန်ရောက်ရင်သေချာပေါက် သူ့မိန်းမကိုပြန်ပြောပြရမယ်။



⛰️