⛰️Chapter 13.
ခန္ဓာကိုယ်ကိုကုသခြင်း။
လုဟယ်နျန်က လက်ထဲမှအင်္ကျီကိုကြည့်ပြီးနောက် သူ့ရှေ့တွင်ရပ်နေသည့်ယွင်ရုန်ကိုပြန်ကြည့်လိုက်သည်။
သူ စိတ်တိုလာကာ သူ့မျက်လုံးများကနက်မှောင်လာ၏။ သူမသည် ယွမ်ယွမ်၏ကယ်တင်ရှင်ဖြစ်ရာ လုမိသားစု၏ကျေးဇူးရှင်ဟုလည်းယူဆ၍ရသည်ဟု ခံစားမိသည်။သူက မိန်းမငယ်လေးတစ်ယောက် လမ်းမှားရောက်သွားမှာကို ကြည့်မနေနိုင်ပေ။
သူကလက်ထဲမှအင်္ကျီကို တင်းတင်းဆုပ်ကာ နှုတ်ခမ်းကိုစေ့ပြီး အသံတိုးကာပြောလာ၏။
“နောင်ကျရင် ကလပ်လိုနေရာမျိုးတွေကိုမသွားနဲ့တော့နော် နားလည်လား”
သူကယွင်ရုန်ဝတ်ထားသည့် လက်ညှိုးထိုးကာ သဘာဝမကျသောအသံဖြင့်ဆက်ပြော၏။
“ပြီးတော့ ဒီလိုအဝတ်အစားတွေကိုလည်း မဝတ်နဲ့”
“ကျွန်မသိပါတယ် ဒါကအဲ့ဒီနေရာက အလုပ်ဝတ်စုံလေ အပြင်မှာဝတ်လို့မဖြစ်ဘူး”
ယွင်ရုန်က သူမရှေ့မှသူသည် စကားအရမ်းများသည်ဟု ခံစားမိသော်လည်း သူက သူမကိုယွမ်30,000ပေးမည့် ဘစ်ဘော့စ်ကြီးပင်ဖြစ်သည်။သူမ၏အပြုအမူကကောင်းနေဖို့လိုအပ်သဖြင့် သူမကချစ်စရာကောင်းစွာခေါင်းညိတ်ပြလိုက်သည်။
လုဟယ်နျန်၏နှလုံးသားက အနည်းငယ်သက်တောင့်သက်သာရှိသွားသည်။သူခေါင်းညိတ်တော့မည့်အချိန်တွင် ယွင်ရုန်ဆက်ပြောသည်ကိုကြားလိုက်ရ၏။
“ကျွန်မထင်တာတော့ ဒီအင်္ကျီကအတော်လေးချစ်ဖို့ကောင်းသလိုဘဲ၊ အိမ်မှာဝတ်ရတာမဆိုးပါဘူး”
နှစ်ထောင်ချီပြီး သက်ရှိများအတွက်စိုးရိမ်စရာမလိုတော့ဘဲ ခြိုးခြံချွေတာမှုကိုကျင့်ကြံခဲ့သည်မှာ ဉာဏ်အလင်းပွင့်ချင်သည့် ပန်းတိုင်ကြောင့်ဖြစ်သည်။မထင်မှတ်ထားစွာဖြင့် လူသားများက ဒီလိုကောင်းမွန်သောအရာကိုတီထွင်နိုင်ခဲ့လေသည်။တိရစ္ဆာန်တစ်ကောင်၏အသွင်အပြင်ကိုတုကာ ကိုယ်ပေါ်တွင်ဝတ်ဆင်နိုင်၏။ယွင်ရုန်တစ်ယောက် တန့်ချိုးတောင်ကိုပြန်ရပြီးပါက ဒီလိုအဝတ်အစားမျိုးစုံကိုဝတ်ကာ တောင်ပေါ်မှတိရစ္ဆာန်ငယ်လေးများနှင့်ကစားမည်ဟု တွေးလိုက်မိသည်။တွေးကြည့်လိုက်ရုံဖြင့်တင် အံ့ဩဖို့ကောင်းနေမှာဘဲ။
“အိမ်မှာလည်း ဝတ်လို့မရဘူး”
လုဟယ်နျန်က ယွင်ရုန်တစ်ယောက်ယုန်ဝတ်စုံကိုဝတ်ပြီး အိမ်ထဲတွင်ရှေ့နောက်သွားလာနေမည်ကို တွေးကြည့်လိုက်သောအခါ သူ့မျက်နှာကချက်ချင်းနီရဲလာသည်။
“ငါ့ရဲ့အလုပ်နေရာမှာ ဒီလိုအဝတ်အစားတွေဝတ်တာကို ခွင့်မပြုဘူး”
ယွင်ရုန်က နှမြောသွားကာ သူမနောက်ဘက်မှယုန်အမြှီးကိုပွတ်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းညိတ်လိုက်သည်။သူမတကယ်ကိုနားမလည်နိုင်ပေ။ဘော့စ်က သူမအိမ်မှာဘာဝတ်မယ်ဆိုတာကို ဘာလို့ဆုံးဖြတ်နေတာလဲ။
လုဟယ်နျန်က ယွင်ရုန်၏အသံကိုမကြားသဖြင့် နေရခက်စွာဖြင့် သူမကိုလှည့်ကြည့်လာရာ သူမလက်နှစ်ဖက်ကအနောက်ကိုရောက်နေပြီး ခေါင်းငုံ့ထားသည်ကိုမြင်လိုက်ရသည်။ဤပုံစံကြောင့် လတ်ဆတ်နူးညံ့ကာ အရည်ရွှမ်းသည့် မက်မွန်သီးများလိုဖြစ်နေသည့် သူမ၏ရင်သားများက အဝတ်ပါးပါးထဲမှထိုးထွက်မတတ်ဖြစ်နေလေသည်။
သူက အပူစီးကြောင်းတစ်ခုသူ့နဖူးဆီထိုးတက်လာသည်ကိုခံစားမိသွားကာ ရုတ်တရက်ပင် သူ့နှာခေါင်းကယားယံလာသည်။တစ်စက္ကန့်အတွင်းမှာဘဲ အနီရောင်တောက်တောက်အရည်တစ်စက်က ယွင်ရုန်၏အင်္ကျီပေါ်သို့ကျလာသည်။ဒီတစ်ကြိမ်တွင်မူ ၎င်းက အခူးခံလိုက်ရသည့် မက်မွန်သီးကဲ့သို့ဖြစ်သွားကာ အပေါ်တွင်နှင်းစက်လေးများပါနေ၏။
“ရှင်သွေးထွက်နေတာလား”
ယွင်ရုန်က သွေးစက်ကိုမြင်သောအခါ ခေါင်းမော့ပြီးလုဟယ်နျန်ကိုကြည့်လာသည်။
လုဟယ်နျန်က သူနှာခေါင်းသွေးလျှံလာမည်ဟုမထင်ထားမိရာ ကမန်းကတန်းနှာခေါင်းကိုအုပ်လိုက်သည်။သူကချက်ချင်းခေါင်းငုံ့ကာ ရေခဲတမျှအေးစက်သောအသွင်အပြင်ကို ပြန်ဖန်တီးလိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“ငါအဆင်ပြေတယ်”
“ရှင်တို့လူသ。。。。သွေးထွက်တာကို ဂရုမစိုက်ဘဲမနေနဲ့လေ”
ယွင်ရုန်က ‘ရှင်တို့လူသားတွေ’ဟု၍ ပြောလုနီးပါးဖြစ်သွားကာ ကမန်းကတန်းပြန်ထိန်းလိုက်သည်။လူသားများက သေးနုတ်အားနည်းကာ သွေးနည်းနည်းထွက်ရုံဖြင့်တင် အသက်ဆုံးရှူံးနိုင်လေသည်။မည်သို့ပင်ဖြစ်စေ သူက သူမ၏ဘော့စ်ဖြစ်သဖြင့် ဂရုမစိုက်သလိုဟန်မဆောင်နိုင်ပေ။
ဤသို့တွေးလိုက်ပြီးနောက် ယွင်ရုန်က လုဟယ်နျန်နားတိုးလာကာ သူ့နှာခေါင်းကိုအနီးကပ်ကြည့်လာ၏။သူမရင်ထဲတွင် ဒါက ကလပ်ထဲတွင် သူမနှင့်တိုက်မိပြီး ပြင်ပဒဏ်ရာဖြစ်သွားစေတာတော့မဟုတ်လောက်ပါဘူးနော်ဟု တွေးလိုက်မိသည်။
ယွင်ရုန်က အနားကပ်လာသောအခါ လုဟယ်နျန်ကသူ့နှာခေါင်းထဲတွင် ပန်းရနံ့ဖျော့ဖျော့လေးဖြင့် ပြည့်နေသည်ကိုသာခံစားမိတော့သည်။သူ့နှာခေါင်းထဲမှသွေးယိုသည်က ပိုဆိုးသွားလေသည်။
လုဟယ်နျန်၏မျက်နှာကချက်ချင်းအေးစက်သွားကာ နောက်သို့နှစ်လှမ်းဆုတ်လိုက်သည်။
“ငါဘာမှမဖြစ်ဘူး အရင်ဆုံးမင်းဖယ်လိုက်”
လက်ကိုင်ပုဝါက သွေးတွေနဲ့ရွှဲနေတာကို တကယ်ရောအဆင်ပြေရဲ့လား။
ယွင်ရုန်က သူမရှေ့မှဘော့စ်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။သူ့ကိုယ်တွင်ဝန်းရံနေသည့် အမှောင်အရှိန်အဝါက သူမထင်ထားသလို သူ့ကျန်းမာရေးကိုဆိုးရွားစေသည့်ပုံပင်။တကယ်လို့ရုတ်တရက်ကြီး သူ့ဝိဉာဉ်က မြေအောက်လောကဆီပြန်ရောက်သွားရင် သူမရဲ့ တစ်လယွမ်30,000လစာက ဘယ်လိုဖြစ်သွားမှာလဲ။
“ကျွန်မကြားတာတော့ ဒီလိုမြက်မျိုးက ခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုပဲ ရှင့်ကိုယ်ကိုကုသဖို့ဒါကိုယူလိုက်”
သူမအလုပ်ကိုထိန်းသိမ်းရန်အတွက် ယွင်ရုန်က သူ့ကိုမသေအောင်ကယ်သင့်သည်ဟုခံစားမိသွားကာ ချက်ချင်းပင် ကလေးလက်မောင်းအရွယ်လောက်ရှိသည့်ဂျင်ဆင်းကိုထုတ်ပြီး လုဟယ်နျန်၏လက်ထဲထည့်ပေးလိုက်သည်။
လုဟယ်နျန်က တစ်ခါမှဒီလောက်မျက်နှာမပျက်ဖူးပေ။ဂျင်ဆင်းတစ်ခုက သူ့လက်ထဲထိုးထည့်ခံလိုက်ရကာ ဘာမှမတုံ့ပြန်နိုင်ပေ။ယွင်ရုန်က လူကြီးကစားစရာယုန်ဝတ်စုံဝတ်ထားတာလေ ဒီလိုထူတဲ့ဂျင်ဆင်းကိုဘယ်နေရာကထုတ်လိုက်တာလဲ။
“ငါ့ခန္ဓာကိုယ်ကိုကုသစရာမလိုပါဘူး မင်းပဲသိမ်းထားလိုက်ပါ”
“ရပါတယ် ကျွန်မဆီမှာဒီလိုမြက်မျိုးတွေအများကြီးရှိသေးတယ်”
ယွင်ရုန်က လုဟယ်နျန်သည် သူမဆီမှယူရသည်ကိုရှက်နေသည်ကိုတွေးမိသဖြင့် ၎င်းကကိစ္စကြီးကြီးမားမားမဟုတ်ကြောင်း လက်ရမ်းပြလိုက်သည်။သူမပြောသလိုပင် သူမအတွက် ဤဂျင်ဆင်းများက မုန်လာဥ၊တရုတ်ဂေါ်ဖီများနှင့် မကွာပေ။
လုဟယ်နျန်က သူဘာမှဆက်မပြောနိုင်သလိုခံစားလိုက်ရသည်။သူ့လက်ထဲမှဂျင်ဆင်းကိုတစ်ချက်ကြည့်ကာ တောင်ပေါ်တွင်ဒီလိုဟာမျိုးအများကြီးရှိနေနိုင်သည်ဟုတွေးလိုက်မိသည်။ဒီမုန်လာဥလို ဖြူဖွေးပြီးတုတ်ခဲနေတဲ့ ဂျင်ဆင်းကိုဘယ်နေရာမှာရှာနိုင်မှာလဲ။
ဒီလိုဂျင်ဆင်းမျိုးက အလွန်ဈေးပေါကာ တစ်ခုကို 100မှ200လောက်သာရှိသည်။ယွင်ရုန်က တန့်ချိုးတောင်နားမှရွာကလာသည်ကို တွေးမိသွားသောအခါ ဒါကသူမဘာသာစိုက်ထားတာဖြစ်မည်ဟုခံစားလိုက်ရသည်။မိန်းကလေးတစ်ယောက်ကိုငြင်းသည်မှာမကောင်းသဖြင့် သူကဂျင်ဆင်းကိုအင်္ကျီနှင့်ပတ်ကာ အရေးနိမ့်သွားသလို ထွက်သွားလေသည်။
လုဟယ်နျန်က ကျန်းချုံမင်နှင့်ကုန်တချင်တို့ရှေ့တွင်ပေါ်လာသောအခါ နှာခေါင်းသွေးလျှံတာက ရပ်သွားပြီဖြစ်သည်။သူ၏ခန့်ညားသောမျက်နှာကို ရွှေကိုင်းမျက်မှန်ဖြင့်ဘောင်ခတ်ထားကာ ဘာမှမဖြစ်သွားသလိုပင် တည်ငြိမ်နေ၏။
သို့သော်ကျန်းချုံမင်ကမူ တစ်ခုခုလွဲနေသလိုခံစားမိနေဆဲဖြစ်သည်။သူနာရီကိုကြည့်လိုက်သောအခါ အံအားသင့်စရာပင် မိနစ်နှစ်ဆယ်ကျော်သွားပြီဖြစ်သည်။ဒါရိုက်တာနဲ့ မရင်းနှီးတဲ့အမျိုးသမီးက မိနစ်နှစ်ဆယ်ကျော်ကြာအောင် ဘယ်တုန်းကများနေဖူးလို့လဲ။မိနစ်နှစ်ဆယ်မပြောနဲ့ နှစ်မိနစ်ကြာအောင်တောင်နေဖူးတာမဟုတ်ဘူး။
ဤသို့တွေးမိပြီးနောက် လုဟယ်နျန်ကိုကြည့်သည့်သူ့အကြည့်များက ပိုလို့တောင်ထူးဆန်းလာခဲ့သည်။
လုဟယ်နျန်၏ရင်ထဲတွင်အဆင်မပြေဖြစ်နေဆဲဖြစ်ရာ ကျန်းချုံမင်၏မျက်လုံးထဲမှ ထူးဆန်းသည့်အရိပ်အယောင်များကို သတိမပြုမိပေ။ဟိုတယ်မှထွက်လာပြီးနောက် သူ့ခြေလှမ်းများကရပ်သွားသည်။သူကကုန်တချင်ဘက်လှည့်ကာ ပြောလိုက်သည်။
“မစ္စယွင်ရုန်က တခုခုတောင်းဆိုတာမျိုးရှိရင် တတ်နိုင်သမျှဖြည့်ဆည်းပေးလိုက်ပါ”
“ဟုတ် ဟုတ်ပါပြီခေါင်းဆောင်လု ကျွန်တော်နားလည်ပါပြီ”
ကုန်တချင်က ဖော်လန်ဖားသည့်အပြုံးကြီးပြုံးပြလာသည်။သူက ကတိသစ္စာဆိုသလိုပင် ရင်ဘတ်ပေါ်လက်တင်ထားကာ လုဟယ်နျန်ဘာမှမပြောလျှင်တောင်မှ ဒီအမည်မသိသည့်ပုဂ္ဂိုလ်ကြီးကို ဂရုတစိုက်စောင့်ကြည့်ရမှာဟုတွေးလိုက်မိသည်။
သူတို့ကားထဲရောက်သောအခါ ကျန်းချုံမင်ကမေးလာသည်။
“ဒါရိုက်တာ ကျွန်တော်တို့ဘယ်သွားကြမလဲ”
လုဟယ်နျန်၏လက်ချောင်းများက လက်ကြယ်သီးကိုထိလိုက်ကာ သူ့မျက်နှာကသိပ်မမြင်ရသော်ငြားအေးစက်နေဆဲပင်။
“အရင်ဆုံးအိမ်ဟောင်းကိုပြန်မယ်”
ထိုသို့ပြောပြီးနောက် သူ့လက်ချောင်းများက အင်္ကျီထဲမှ အေးစက်သောအရာကိုထိမိသွားသည်။
၎င်းက ထိုမိန်းကလေးသူ့ကိုပေးလိုက်သော ဂျင်ဆင်းပင်။
သူ့စိတ်ထဲတွင် ယွင်ရုန်ယုန်ဝတ်စုံဝတ်ထားသည့်ပုံစံကိုပြန်တွေးမိသွားရာ သူ့မျက်လုံးများကနက်ရှိုင်းသွားသည်။သူကမေးလိုက်သည်။
“ချုံမင် ငါမှတ်မိတာတော့ မင်းမှာကောင်မလေးရှိသလိုပဲ ဟုတ်တယ်မလား”
“ဟုတ်ပါတယ် ကျွန်တော်တို့ မနှစ်ကမှစချိန်းတွေ့တာပါ”
သူ့ကောင်မလေးအကြောင်းပြောသောအခါ ကျန်းချုံမင်၏မျက်နှာတွင် ရူးကြောင်ကြောင်အပြုံးတစ်ခုပေါ်လာ၏။ဒါရိုက်တာက သူ့ဆီကနေ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလိုက်ရတာလဲသိချင်နေတာတော့ မဟုတ်လောက်ပါဘူးနော်။သူ၏လက်တွေ့အတွေ့အကြုံက သိပ်မရှိသော်လည်း သီအိုရီဘက်မှာတော့ အပြည့်ဘဲ။အင်တာနက်ပေါ်တွင် ညစ်ညမ်းသည့်စကားများကို မကြာခနကြားဖူးကာ မိန်းကလေးတိုင်းက ၎င်းအားနားထောင်ရသည်ကို သဘောကျကြ၏။
လုဟယ်နျန်က ခေါင်းမော့ကာ ကျန်းချုံမင်ကိုတစ်ချက်ကြည့်လာပြီး ဒီနေ့ညတွင်သူ့အတွင်းရေးမှူးက တကယ်ကိုတက်ကြွနေတာဘဲဟု တွေးလိုက်မိသည်။သူကသိပ်မတွေးနေဘဲ ပြောလိုက်သည်။
“မင်းကောင်မလေးကို ယွင်ရုန်အတွက်အင်္ကျီနည်းနည်းရွေးခိုင်းလိုက်ပါ”
ထိုမိန်းကလေးက အဝတ်အစားအိတ်တောင်မပါလာရာ တကယ်ကိုသနားစရာကောင်းလှသည်။အဓိကအချက်မှာ သူထိုယုန်ဝတ်စုံကိုထပ်မတွေ့ချင်တော့ပေ။
ကျန်းချုံမင်ကကြောင်သွားသည်။
“အင်္ကျီဝယ်ရုံပဲလား”
ကုန်တိုက်တွေလျှောက်ပတ်၊ ပြင်သစ်မှာဖျော်ဖြေပွဲသွားကြည့်၊ ဖယောင်းတိုင်ညစာစားပွဲလေးလုပ်ပြီးရင် ညအိပ်အနမ်းလေးပေးရမှာမဟုတ်ဘူးလား။
“အဲ့ဒါဆို မင်းကဘာလုပ်ရမယ်လို့ထင်နေလို့လဲ”
အစပိုင်းတွင် လုဟယ်နျန်ကသတိမထားမိသော်လည်း ကျန်းချုံမင်၏အတင်းအဖျင်းများပြည့်နေသောစိတ်ကို တဖြေးဖြေးခံစားမိလာသည်။ချက်ချင်းဆိုသလိုပင် သူ့မျက်နှာကအေးစက်သွားလေသည်။
“ဘာမှမဟုတ်ပါဘူး မစ်ယွင်ရုန်က သခင်မငယ်လေးကို ကယ်ထားတာ သူမအတွက်အဝတ်အစားဝယ်ပေးတာက ဖြစ်သင့်တာပါ၊ ကျွန်တော်က ကျွန်တော့်ကောင်မလေးကို အဖော်လိုက်ခိုင်းပြီး ကိုယ့်ဘာသာရွေးတာက ပိုကောင်းမလားလို့တွေးမိလို့ပါ၊ အဲ့လိုဆို ဝတ်တဲ့အခါ မတော်တာမျိုးမရှိဘဲ ပိုပြီးအဆင်ပြေတာပေါ့”
ကျန်းချုံမင်က လုဟယ်နျန်၏အမူအရာကိုမြင်သောအခါ သူ့လည်ပင်းနောက်ဘက်တွင် လေအေးတစ်ချက်တိုက်သွားသလိုခံစားမိသွားပြီး ချက်ချင်းပြန်ဖြေလိုက်သည်။
“အဲ့လိုဆိုလည်းကောင်းတာဘဲ”
မထင်မှတ်ထားစွာဖြင့် လုဟယ်နျန်က သဘောတူစွာခေါင်းညိတ်လာလေသည်။
*******
ကုန်တချင်က လုဟယ်နျန်တို့ကိုနှုတ်ဆက်ပြီးနောက် သက်ပြင်းမချနိုင်ခင်မှာဘဲ သူ့အိတ်ကပ်ထဲမှဖုန်းမြည်လာသည်။သူဖုန်းကိုင်လိုက်သောအခါ သူ့မိန်းမ ကုန်တဟွာ၏နာကျင်နေသောအူသံများကိုကြားလိုက်ရလေသည်။
“တချင် ကျွန်မမွေးတော့မယ် ကလေးကအခြေအနေကောင်းပုံမရဘူး မြန်မြန်ပြန်လာခဲ့。。。。。”
ကုန်တချင်က သူ့မိန်းမစကားကိုကြားသောအခါ လန့်ဖျပ်သွားသည်။ခန့်မှန်းထားသည့်မွေးရက်မရောက်သေးဘူးမလား။သူကဒီကိစ္စကိုဘယ်လိုလုပ်ရမလဲမသိတော့ဘဲ ကမန်းကတန်းပြန်ဖြေလိုက်သည်။
“Okok ဟုတ်ပြီ ကိုယ်အခုချက်ချင်းပြန်လာခဲ့မယ်”
ဖုန်းချပြီးသောအခါ ကုန်တချင်က အလျင်အမြန်ပင်ခွင့်ဖောင်ဖြည့်လိုက်ပြီး အိမ်ဆီသို့ဦးတည်သွားသည်။သူကဟိုတယ်အနားတွင်နေရာ အိမ်ရောက်ဖို့ငါးမိနစ်သာကြာ၏။
ကုန်တချင်က တကယ်ကိုစိုးရိမ်နေ၏။ဒါက သူပထမဆုံးအကြိမ် အဖေဖြစ်ခြင်းဖြစ်သည်။သူက မူလပုံစံကိုပြောင်းလိုက်ပြီးနောက် တစ်လမ်းလုံးရူးမတတ်ပြေးသွားရာ အိမ်သို့ရောက်ချိန်၌ နှစ်မိနစ်သာကျော်သေးသည်။
သူတံခါးဖွင့်လိုက်သောအခါ အဝါရောင်ဂါဝန်ကိုဝတ်ထားသည့် အရပ်ရှည်ရှည်မိန်းမတစ်ယောက်က ဧည့်ခန်းထဲမှဆိုဖာပေါ်တွင်လှဲကာ ဗိုက်ကြီးကိုကိုင်ပြီး နာကျင်နေသည်ကိုမြင်လိုက်ရသည်။နာလွန်းသဖြင့် သူမက လူပုံစံကိုတောင်မထိန်းနိုင်တော့ဘဲ သူမမျက်နှာတွင် အဝါရောင်ခွေးမွှေးများပေါ်နေ၏။
“အားဟွာ。。。。”
ကုန်တချင်က သူ့မိန်းမဆီပြေးသွားကာ ဆိုဖာဘေးတွင်ဒူးထောက်ချလိုက်သည်။
“အားဟွာ မင်းဘယ်လိုဖြစ်တာလဲ ဘာလို့ရုတ်တရက်ကြီး မွေးတာလဲ အခုရောဘယ်လိုနေလဲဟင်”
“ရှင်အပြင်မှာ အခြားခွေးမရှိနေတာလား ဘယ်လိုဖြစ်လို့ ရှင့်ကိုယ်မှာပန်းနံ့ရှိနေတာလဲ”
ဘယ်သူကထင်ထားမှာလဲ။အခုလေးတင် နာကျင်မှုဖြင့်ညည်းညူနေသော ကုန်တဟွာသည် ကုန်တချင်၏ကိုယ်ကို တရှူံ့ရှူံ့အနံ့ခံကာ ချက်ချင်းပင် သူမမျက်နှာကခက်ထန်လာလေသည်။
ကုန်တချင်က အလိုအလျောက်လည်ပင်းကိုပုလိုက်မိသည်။
“အခုအခြေအနေကဘယ်လိုဖြစ်နေတာလဲ အဓိပ္ပါယ်မရှိတာတွေပြောနေသေးတယ် ကိုယ့်မှာဘယ်ကများအခြားခွေးမ ရှိရမှာလဲကွာ ကိုယ့်ဆီမှာမင်းဆိုတဲ့ခွေးမလေးတစ်ယောက်ဘဲရှိတာ”
“ရှင်မလုပ်ရဲတာလို့ဘဲ ကျွန်မထင်တယ်”
ကုန်တဟွာက အံကြိတ်ကာဆက်ပြော၏။
“ရှင်အပြင်မှာ အခြားခွေးမရှိနေလို့ကတော့ ကျွန်မကလေးတွေကိုခေါ်ပြီး မြို့နောက်ပိုင်းက ဟက်စကီးကိုဘဲ လက်ထပ်လိုက်တော့မယ် အမလေး ဗိုက်နာလိုက်တာ。。”
သူမပြော၍မပြီးသေးခင်မှာပင် ဗိုက်နာလာပြန်သည်။ကုန်တဟွာ၏အသားအရောင်ကဖြူဖျော့နေကာ ချွေစေးများထွက်လာ၏။
“တချင် ကျွန်မခံစားချက်သိပ်မကောင်းဘူး ကလေးတွေကအခုထိထွက်မလာသေးဘူး ကျွန်မတို့ကနိုင်ငံတော်ထူထောင်ပြီးမှမွေးဖွားလာပြီး လူသားဥပဒေကိုချိုးဖောက် သလိုများဖြစ်နေလို့လား မဟုတ်ရင်ဘာလို့ဒီလိုခက်ခဲနေမှာလဲ”
“ဘာပေါက်ကရတွေပြောနေတာလဲကွာ ကိုယ်တို့နှစ်ယောက်လုံး နေထိုင်ခွင့်ပါမစ်မှာ စာရင်းသွင်းပြီးသားလေ အရင်တစ်ခါအထူးရွှေ့ပြောင်းရုံးမှာ စာရင်းသွားသွင်းတုန်းကလည်း သူတို့ကဒီစည်းကမ်းအကြောင်းမပြောခဲ့ဘူးလေ ကိုယ့်ကိုကိုယ်မခြောက်ပါနဲ့”
ကုန်တချင်က ခေါင်းမှခြေဖျားအထိတုန်နေပြီး သူ့မိန်းမလက်ကိုတင်းတင်းကိုင်ထားလေသည်။သူ့မျက်လုံးများက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေ၏။
“ကျွန်မရဲ့ခန္ဓာကိုယ်ကို ကျွန်မသိတယ် ခွေးတစ်ကောင်အနေနဲ့ ကလေးမွေးတာက အရမ်းကိုလွယ်ကူတဲ့ကိစ္စဘဲ၊ ဒါပေမယ့်ကျွန်မဗိုက်နာနေတာ တော်တော်ကြာပြီ ကလေးတွေကမထွက်လာသေးဘူး ကျွန်မကြောက်တာက အဲ့ဒါ。。。。”
ကုန်တဟွာ၏အသံက ပိုလို့တောင်ပျော့ပြောင်းလာသည်။လက်ရှိတွင် မိစ္ဆာမျိုးနွယ်အပေါ် ကောင်းကင်စည်းမျဉ်းများက ပိုမိုတင်းကြပ်လာခဲ့သည်။ဒီနှစ်များတွင် မိစ္ဆာများအတွက်မျိုးဆက်မွေးဖွားသည်မှာ မရှိသလောက်ရှားလာခဲ့၏။သူမက ၎င်းသည်ဘေးဒုက္ခတစ်ခုဖြစ်သွားမှာကိုစိုးရိမ်နေမိသည်။
ကုန်တချင်၏မျက်လုံးများကချက်ချင်းပင် နီရဲလာသည်။သူကလက်ဆန့်ကာ သူ့မိန်းမ၏ခွေးခေါင်းလေးကိုထိလိုက်ပြီး အံကြိတ်ကာပြောလိုက်သည်။
“အားဟွာ စိတ်မပူနဲ့နော် ကိုယ်မင်းကိုကယ်ပေးနိုင်မယ့်သူကိုသိတယ် ကိုယ်မင်းကိုသေချာပေါက်ရအောင်ကယ်မှာပါ”
ထိုသို့ပြောပြီးနောက်သူကချက်ချင်းပင် ခွေးပုံစံပြောင်းကာ ဟိုတယ်ဆီသို့ပြေးသွားသည်။အဲ့ဒီပုဂ္ဂိုလ်ကြီးက အင်အားကြီးမယ့်ပုံပဲ၊ သေချာပေါက်အားဟွာကိုကယ်ပေးနိုင်မှာပါ။
ယာဉ်ကြောထိန်းသိမ်းရေးအဖွဲ့က လမ်းများကိုစောင့်ကြည့်နေသော ရဲအရာရှိသည် အံ့ဩတကြီးအော်ပြောလာ၏။
“ဝိုး အဲ့ဒီခွေးကိုကောင်းကောင်းလေ့ကျင့်ပေးထားတာဘဲ မီးပွိုင့်လည်းကြည့်တတ်တဲ့အပြင် လူသွားလမ်းပေါ်ကဘဲသွားနေတာ”
Greyhound (ကုန်တချင်တို့လင်မယား၏မူလပုံစံ)
⛰️