⛰️Chapter 14
ခွေးတစ်ကောင်ကိုကယ်ခြင်း။
ကုန်တချင်က ဟိုတယ်သို့ပြန်ပြေးလာနေချိန်တွင် ယွင်ရုန်က ဆိုဖာပေါ်တွင်ထိုင်ကာ TVကြည့်နေ၏။TVတွင်ဂန္တဝင်သမိုင်းရှိသည့်တောင်တန်းပင်လယ်များဆီမှ နာမည်ကြီးပြီးရက်စက်ကြမ်းကြုတ်သည့် ဒဏ္ဍာရီလာသတ္တဝါဖြစ်သော ထောင်ထျဲ့ပါဝင်သည့် သဘာဝလွန်ဇာတ်ကားကိုထုတ်လွှင့်နေ၏။ဤဇာတ်ကားက မော်ဒန်ခေတ်ကိုအခြေတည်ထားကာ ထောင်ထျဲ့က ထိပ်တန်းစာရင်းဝင်ကုမ္ပဏီ၏စီအီးအိုတစ်ယောက်ဖြစ်လာခဲ့၏။၎င်းက သူနှင့်သာမာန်မိန်းကလေးတစ်ယောက်ကြားမှအချစ်ဇာတ်လမ်းလေးပင်ဖြစ်သည်။
(Tn:ထောင်ထျဲ့-နဂါးမင်း၏ငါးယောက်မြောက်သားတော်)
ယွင်ရုန်က ထိုဇာတ်ကားကိုကြည့်ရင်း လူသားများ၏စိတ်ကူးများက ပိုပိုပြီးတရားလွန်လာသည်ကိုတွေးကာ မျက်ဖြူလှန်လိုက်မိသည်။ဒီလိုရက်စက်ကြမ်းကြုတ်တဲ့သတ္တဝါကို စိတ်ကူးယဉ်အချစ်ဇာတ်ကားထဲမှ အဓိကမင်းသားလုပ်ခိုင်းထား၏။ဇာတ်ကားထဲတွင် ထောင်ထျဲ့က မျက်စိကျိန်းလောက်အောင်ချောမောသည့် ယောက်ျားအသွင်ပြောင်းသွားလေသည်။အမျိုးသမီးဇာတ်ဆောင်သာ ထောင်ထျဲ့ကိုအပြင်မှာ တွေ့ဖူးရင် လက်ထပ်ဖို့သဘောတူဦးမှာတဲ့လား။
ကုန်တချင်က presidential suiteအခန်း၏ တံခါးဆီသို့ရောက်သောအခါ အခန်းထဲမှအသံတစ်ချို့ကိုကြားလိုက်ရသည်။
“ကျွန်မတောင်းပန်ပါတယ် ကျွန်မရှင်နဲ့အတူရှိပေးလို့မရဘူး လူသားနဲ့မိစ္ဆာဆိုတာ ချစ်လို့မရနိုင်ဘူး ကျွန်မတို့တွေ မိုးကောင်ကင်ရဲ့အပြစ်ပေးတာကို ခံရလိမ့်မယ်。。。。”
ထို့နောက် ဆွဲဆောင်အားကောင်းသော်ငြား သုန်မှုန်နေသည့်အသံထွက်လာ၏။
“မိုးကောင်ကင်ကအပြစ်ဒဏ်ကိုဘာလုပ်ရမှာလဲ ငါ၊ထောင်ထျဲ့က မိုးကောင်ကင်ဥပဒေကိုတစ်ခါမှမကြောက်ဖူးဘူး ငါမင်းနဲ့အတူရှိချင်တယ်၊မင်းနဲ့အတူအိုမင်းသွားချင်တယ်。。。。”
ကုန်တချင်က တစ်ကိုယ်လုံးကြက်သီးထသွားသည်။ဒီဘစ်ရှော့ကြီးရဲ့အကြိုက်က တစ်မူထူးပါလား။
သူ့မိန်းမအခြေအနေကြောင့် စိုးရိမ်တကြီးဖြစ်နေသည့်သူ့စိတ်က အနည်းငယ်တည်ငြိမ်သွားသည်။သူကတံခါးရှေ့တွင်ရပ်ကာ တွန့်ဆုတ်နေ၏။သူ လူသားအသွင်ပြောင်းနိုင်ပြီးကတည်းက ဒီလိုအင်အားကြီးသည့်မိစ္ဆာမျိုးကို မကြုံဖူးသေးပေ။သူက ယွင်ရုန်၏မူလအသွင်ကိုမမြင်နိုင်သည်ကို တွေးမိသွားသောအခါ သူ့ရင်ထဲတွင်အံ့သြလေးစားမိသလို တစ်ချိန်တည်းတွင် စိတ်လှုပ်ရှားနေမိသည်။
အင်အားကြီးသည့်မိစ္ဆာများ၏ စိတ်နေစိတ်ထားက သိပ်မကောင်းဟုသူကြားဖူး၏။သူမက သူ့ကိုကူညီပေးလိုစိတ်မရှိရင် ဘယ်လိုလုပ်ရမလဲ။
သို့သော် အချိန်ကလူကိုမစောင့်ပေ။အိမ်တွင်နာနာကျင်ကျင်လှဲနေသည့် ကုန်တဟွာကိုတွေးပြီးနောက် ကုန်တချင်က အံကြိတ်ကာ တံခါးဘဲလ်ကိုတီးလိုက်သည်။
ယွင်ရုန်က မိစ္ဆာရှိနေသည်ကို အစောကတည်းကသိပြီးသားဖြစ်သည်။သို့သော် သူမကသိပ်ဂရုမစိုက်ပေ။လွန်ခဲ့သည့်နှစ်ပေါင်းသုံးထောင်ကတည်းက တန့်ချိုးတောင်တွင် အသိဉာဏ်ရကာ မိစ္ဆာဖြစ်လာသည့် သတ္တဝါအများအပြားရှိခဲ့ပေသည်။သူမနိုးလာပြီးနောက်တွင် သူတို့၏တည်ရှိမှုကကျဆင်းသွားမည်ဟုမထင်ထားခဲ့ပေ။တန့်ချိုးတောင်တွင် သူမတစ်ယောက်ထဲသာကျန်ခဲ့၏။
တံခါးခေါက်သံကြားသောအခါ ယွင်ရုန်ကတံခါးဖွင့်လိုက်ပြီး စိတ်မဝင်စားစွာပြောလိုက်သည်။
“နင်က အဲ့ဒီခွေးမိစ္ဆာမလား ငါကိုဘာလို့လာရှာတာလဲ”
“ကျွန်တော့်မိန်းမအသက်ကိုကယ်ပေးဖို့ စီနီယာကိုတောင်းဆိုပါတယ်”
တံခါးပွင့်လာသောအခါ သူ့ဆီချဉ်းကပ်လာသည့်အင်အားက ဖိအားအလွန်ပေးနိုင်စွမ်းရှိကာ သူ့တစ်ကိုယ်လုံးချုပ်ကိုင်ခံထားရသလိုခံစားနေရသဖြင့် ချက်ချင်းဒူးထောက်ကျသွားသည်။
ခုနတုန်းက ဒါရိုက်တာနှင့်အတွင်းရေးမှူးတို့ရှိနေချိန်က သူတောင့်ခံလို့ရသေးသည်။သို့သော်အခုချိန်တွင်ယွင်ရုန်ကိုတစ်ယောက်တည်းရင်ဆိုင်လိုက်ရသောအခါ သူက လူသားအသွင်ကိုတောင် မထိန်းနိုင်လုနီးပါးဖြစ်လာသည်။
“နင်ကခွေးမိစ္ဆာဆိုပေမယ့် တော်တော်လေးအားနည်းတာပဲ”
ယွင်ရုန်က ကုန်တချင်၏ပုံစံကိုမြင်သောအခါ သူမ၏အသက်ရှူသံကို နည်းနည်းပြန်ထိန်းလိုက်သည်။
ထင်ထားသလိုပင် ကုန်တချင်၏မျက်နှာပေါ်တွင်ထောင်နေသောခွေးမွှေးများက ပြန်ကျုံ့ဝင်သွားသည်။သူကလည်ပင်းကိုပုကာ ရှိုက်ပြီးပြောလာ၏။
“စီနီယာ ကျွန်တော့်မိန်းမက ကလေးမွေးဖို့အခက်အခဲရှိနေပါတယ် ကျေးဇူးပြုပြီး သူမကိုကယ်ပေးပါ ကျွန်တော် စီနီယာရဲ့နွားလိုမြင်းလိုလုပ်*ပြီးကျေးဇူးပြန်ဆပ်ပါ့မယ် ”
(Tn: ဘာအမိန့်ဘဲပေးလာလာ ကြိုးကြိုးစားစားလုပ်ပေးပါ့မယ်ဟုဆိုလိုခြင်း)
“မတ်တပ်ရပ်ပြီးစကားပြော အခုခေတ်မိစ္ဆာတွေက နင့်လိုပဲ စကားကိုရွှန်းရွှန်းဝေအောင်ပြောတတ်ကြတာလား၊ နင်က အသိအသာကိုခွေးလေ နွားလိုမြင်းလိုအလုပ်အကျွေးပြုမယ်ဆိုတာကဘာလဲ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် နင်ကကျေးဇူးပြန်ဆပ်တတ်တဲ့သူမဟုတ်ဘူးဆိုတာကိုမြင်နေရတယ်”
ယွင်ရုန်က မျက်မှောင်ကြုတ်လိုက်သည်။လူတိုင်းက အမဲလိုက်ခွေးတွေကို ရိုးသားပြီးစစ်မှန်တယ်လို့ပြောနေကြတာ။အခုတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူကခွေးကောင်းမဟုတ်သည်ကို မြင်နေရ၏။
သူမစကားကိုကြားသောအခါ ကုန်တချင်က ပိုလို့တောင်စိတ်လှုပ်ရှားသွားပြီး ကမန်းကတန်းရှင်းပြလာသည်။
“စီနီယာ ကျွန်တော်အဲ့လိုမျိုးမဆိုလိုပါဘူး ကျွန်တော်ပြောချင်တာက စီနီယာသာ ကျွန်တော့်မိန်းမကိုကယ်ပေးသရွေ့ စီနီယာလိုအပ်တဲ့အချိန်တိုင်း ဘာတာဝန်ကိုမဆို ကျွန်တော်အကောင်းဆုံးလုပ်ဆောင်ပေးမှာပါ。。。。”
ကုန်တချင်က မန်နေဂျာအလုပ်လုပ်နေခြင်းဖြစ်ရာ သူစကားပြောလိုက်သည်နှင့် စကားရှည်ကြီးများထွက်လာပြီး အစည်းအဝေးတစ်ခုအတွက်အကျဉ်းချုပ်နေသလိုပင်ဖြစ်သည်။ယွင်ရုန်က စိတ်မရှည်စွာနားထောင်နေရသဖြင့် လက်ရမ်းပြကာ အလေးအနက်မေးလိုက်သည်။
“နင်က ငါ့ကိုဘာများကူညီပေးနိုင်မယ်လို့ ထင်လဲ”
ကုန်တချင် :QAQ သူတကယ်ဘဲဘာမှမကူညီနိုင်ပါလား။သူအင်အားရှိသမျှအကုန်ထုတ်သုံးထားတာတောင် ယွင်ရုန်ရဲ့အသက်ရှူငွေ့ကိုရင်ဆိုင်လိုက်ရရုံနဲ့ ကြောက်ပြီးတောင့်တင်းသွားတဲ့မိစ္ဆာငယ်လေးဖြစ်သွားတယ်။ နောက်ခံအကြောင်းပြောမယ်ဆိုရင်လဲ တစ်ဖက်လူက သူ့ဘော့စ်ရဲ့သူငယ်ချင်း။သူတို့ရဲ့ဆက်ဆံရေးက သူငယ်ချင်းထက်လွန်ကဲနေတာတောင်ဖြစ်နိုင်သေးတယ်။
ကုန်တချင်က စိတ်သောကရောက်နေချိန်တွင် ယွင်ရုန်က မျက်စိကိုမှေးကာမေးလာ၏။
“နင်ကချမ်းသာလား”
“အာ。。。。”
ကုန်တချင်က သတိလွတ်သွားပြီး အလိုအလျောက်ခေါင်းကိုငြိမ့်ပြလိုက်သည်။ဆယ်နှစ်ကျော်အလုပ်လုပ်ခဲ့ပြီးနောက် သူ့ဆီတွင် အိမ်နှင့်ကားလည်းပိုင်ဆိုင်ထား၏။
ယွင်ရုန်ကခေါင်းငြိမ့်လိုက်သည်။
“ဒါဆိုလည်း သွားကြမယ်”
ကုန်တချင်က အံ့ဩနေဆဲဖြစ်ကာ ဘစ်ရှော့ကြီးကကူညီပေးဖို့သဘောတူသဖြင့် အာခနဲအသံပြုမိသွားသည်။အခုချိန်တွေ မေးခွန်းသိပ်ထုတ်စရာမလိုသဖြင့် သူကချက်ချင်းလမ်းပြလိုက်သည်။
သူတို့နှစ်ယောက် ကုန်တချင်၏အိမ်သို့ရောက်သည့်အချိန်တွင် ကုန်တဟွာက လူသားအသွင်နှင့် အဖြူအနက်စပ်ခွေးအသွင်ကြား ပြောင်းလဲနေပြီဖြစ်သည်။သူမကဆိုဖာပေါ်တွင်လှဲပြီး မချိတင်ကဲဝေဒနာကြောင့်အော်ဟစ်နေကာ လူနှစ်ယောက်ဝင်လာသည်ကိုမြင်သည်နှင့် ဒေါသတကြီးအံကြိတ်ကာ ကုန်တချင်ကိုပြောလာ၏။
“ရှင်က တကယ်ကိုကောင်းလိုက်တဲ့ခွေးပဲ ဒီအဖွားကြီးတောင်မသေသေးဘူး ရှင်က မြေခွေးဝိညာဉ်ကိုခေါ်ပြီးရောက်လာတယ်ပေါ့၊ ရှင်ယုံလားမယုံဘူးလား ဒီအဖွားကြီးကအခုချက်ချင်းထပြီး ရှင့်ကိုသတ်ပစ်မယ် ”
“ကြီးမြတ်လှတဲ့အဒေါ်ရေ သူက မင်းကိုကူညီပေးဖို့ကိုယ်ဖိတ်လာတဲ့သူပါ”
ကုန်တဟွာစကားကိုကြားသောအခါ ကုန်တချင်က ကြောက်လွန်းသဖြင့် နေရာတွင်သေလုမတတ်ဖြစ်သွားသည်။သူက ကမန်းကတန်းသူ့မိန်းမပါးစပ်ကိုပြေးပိတ်ကာ ယွင်ရုန်ကိုကြောက်ရွံ့တကြီးကြည့်လာ၏။
ယွင်ရုန်က စိတ်ရှုပ်စွာနှုတ်ခမ်းစေ့လိုက်သည်။သူမလို အံ့မခန်းတောင်မိစ္ဆာကို မြေခွေးဝိညာဉ်နဲ့နှိုင်းလိုက်တာလား။ သူမကိုအထင်သေးလိုက်တာပဲ။ လွန်ခဲ့သည့်နှစ်သုံးထောင်ဆိုပါက သူမကိုမလေးမစားပြောဆိုသောသူများကို ချက်ချင်းသတ်ပစ်လိုက်ပြီဖြစ်သည်။
သို့သော်ပိုက်ဆံအတွက် ယွင်ရုန်ကသည်းခံရန်ဆုံးဖြတ်လိုက်သည်။သူမက ကုန်တချင်ကိုကြည့်ပြီး စိတ်မပါတပါဖြင့်ပြောလိုက်သည်။
“သူ ငါ့ကိုဆဲတယ် နောက်ထပ်50,000ထပ်ပေါင်းလိုက်”
အဲ့လောက်တောင်ရိုးရှင်းလား။ကုန်တချင်က မယုံနိုင်သလိုခံစားနေရကာ မျက်လုံးပြူးသွားသည်။သူက လျင်မြန်စွာသဘောတူလိုက်သည်။
“ဟုတ်ပြီ ဟုတ်ပါပြီ”
ယွင်ရုန်ကသူသဘောတူသည်ကိုမြင်ပြီးနောက် ကုန်တဟွာ၏ဘေးသို့လျှောက်သွားသည်။ထို့နောက်သူမကလက်ဆန့်ကာ ကုန်တဟွာ၏ဗိုက်ကြီးပေါ်တွင်တင်လိုက်၏။အစိမ်းရောင်အလင်းတစ်စုက ကုန်တဟွာ၏ဗိုက်ထဲသို့ဝင်သွားသည်။စက္ကန့်အနည်းငယ်လောက်အတွင်းမှာဘဲ ကုန်တဟွာသည် ခုနကအသည်းအသန်ဖြစ်နေခဲ့သော သူမကိုယ်က ချက်ချင်းပေါ့ပါးလာသည်ကိုခံစားလိုက်ရသည်။သူမ၏အသက်စွမ်းအင်တောင်မှ ပြန်ကောင်းလာသည့်ပုံပင်။
သူမတစ်ကိုယ်လုံးက စွမ်းအင်များဖြင့်ပြည့်ဝလာသလိုခံစားလိုက်ရ၏။
သူမရင်ထဲတွင် ဝမ်းသာသွားကာ သူမ၏တိရစ္ဆာန်အသိစိတ်ဖြင့် အားစိုက်ထုတ်လိုက်သည်။နောက်ဆုံးတွင် ငါးမိနစ်ကြာပြီးနောက် အဝါရောင်ခွေးပေါက်လေးတစ်ကောင်ထွက်လာ၏။နာရီဝက်မပြည့်သေးခင်မှာဘဲ ခွေးပေါက်လေးငါးကောင်ကိုမွေးပြီးသွားပြီဖြစ်သည်။
ခွေးလေးနှစ်ကောင်က အဝါရောင်အမွှေးရှိကာ နောက်နှစ်ကောင်က အဖြူအမဲစပ်ဖြစ်ပြီး နောက်ဆုံးတစ်ကောင်ကမူ တစ်ကိုယ်လုံးအမဲရောင်ဖြစ်သည်။သူတို့က ဝက်သားလုံးကြီးများလိုပင် အချင်းချင်းတိုးဝှေ့ပူးကပ်နေကြကာ အလွန်အမင်းကိုချစ်စရာကောင်းနေလေသည်။
တစ်ချိန်တည်းတွင် ကုန်တဟွာက သူမ၏ခွေးအသွင်မှ နူးညံ့ကာချောမောသည့်အမျိုးသမီးအဖြစ်ပြန်ပြောင်းလာသည်။
“မိန်းမ မင်းအဆင်ပြေရဲ့လား”
ကုန်တချင်က သူ၏ခွေးပေါက်လေးများကိုထိကြည့်ပြီးနောက် သူ့မိန်းမဘေးသို့ကပ်ပြီး စိုးရိမ်တကြီးမေးလာ၏။
ကုန်တဟွာက အခုလေးတင်မီးဖွားခဲ့ခြင်းဖြစ်သော်လည်း ချက်ချင်းပင်ထရပ်ကာ လမ်းအနည်းငယ်လျှောက်နိုင်နေပြီဖြစ်သည်။အစပိုင်းတွင် သူမကမယုံရဲသေးပေ။ထို့နောက်သူမကပျော်ရွှင်စွာပြောလာ၏။
“ယောက်ျား ကျွန်မအရမ်းကိုအဆင်ပြေတယ် အနည်းဆုံးတော့ ရှင့်ကိုဆယ်ကြိမ်လောက်ရိုက်နိုင်သေးတယ်”
ကုန်တချင်က မယားကြောက်ဖြစ်ပြီး သူမစကားကိုကြားသောအခါ သတိတကြီးဖြစ်လာပြီး အလိုအလျောက်နောက်သို့ဆုတ်လိုက်လေသည်။
သို့သော်ကုန်တဟွာက သူ့ကိုဂရုစိုက်မနေဘဲ ယွင်ရုန်ဆီလျှောက်လာပြီးနောက် ဒူးထောက်ကာပြောလာ၏။
“စီနီယာရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် အနာဂတ်မှာ တဟွာရဲ့အသက်က စီနီယာရဲ့အပိုင်ပါဘဲ တဟွာကိုတစ်ခုခုလုပ်ခိုင်းဖို့လိုအပ်ချိန်တိုင်း ပြောသာပြောလိုက်ပါ တဟွာကစီနီယာရဲ့အမိန့်ကိုနာခံပါ့မယ်”
ဤစကားကအလွန်ပြင်းထန်၏။သူမက သူမတို့တစ်မိသားစုလုံး၏အသက်ကို ယွင်ရုန်လက်ထဲထည့်ပေးလိုက်ခြင်းဖြစ်သည်။သို့သော်တကယ်တမ်းတွင် ကုန်တဟွာကလည်း တစ်ကိုယ်ကောင်းဆန်တတ်သောသဘောရှိ၏။သူမသည် နိုင်ငံတည်ပြီးမှမွေးဖွားလာခဲ့ခြင်းဖြစ်သည်။သူမကြားဖူးသည်မှာ ရှေးအချိန်တုန်းက အင်အားကြီးမိစ္ဆာများသည် လက်အောက်ငယ်သားရှိသည်ကို သဘောကျကြသည်ဟုဆို၏။ယွင်ရုန်က သဘောကောင်းသည့်မိစ္ဆာဟုသူမမြင်မိသည်။သူတို့သာ ယွင်ရုန်နောက်ကိုလိုက်နိုင်ပါက သူမ၏ကာကွယ်မှုအောက်တွင်နေနိုင်မည်ဖြစ်သည်။၎င်းက သူမယွင်ရုန်ကိုမျက်နှာချိုသွေးနေရသည့် အကြောင်းရင်းပင်ဖြစ်သည်။
ယွင်ရုန်က ဘာလက်အောက်ငယ်သားမှမလိုချင်သဖြင့် လက်ရမ်းပြလိုက်သည်။
“မလိုဘူး နင့်ယောက်ျားက ငါ့ကိုပိုက်ဆံပေးလိမ့်မယ်”
ထို့နောက်သူမက ကုန်တချင်ကိုလှည့်ပြောလာသည်။
“တစ်သိန်း”
“တစ်သိန်း?”
ကုန်တချင်က နားကြားမှားသည်ဟုထင်သွားကာ နားကလော်ပြီး ရူးကြောင်ကြောင်ဖြင့်ပြန်မေးလိုက်မိသည်။
“ယွမ်တစ်သိန်းလား”
အဲ့ဒါကအရမ်းဈေးမပေါလွန်းဘူးလား။အဲ့ဒါယူတာနဲ့ အလကားလုပ်ပေးတာက ဘာများကွာသေးလို့လဲ။
ယွင်ရုန်က သူမတောင်းတာများသည်ဟုထင်သွားကာ သူမမျက်လုံးထဲတွင် ရှက်ရွံ့သောအရိပ်အယောင်များပေါ်လာသည်။တကယ်ပဲသူမကနည်းနည်းလွန်သွားတာ၊ အစကတည်းကဒါက သူမအတွက်စွမ်းအင်နည်းနည်းလေးထုတ်သုံးရုံလောက်ဘဲရှိတာ။ ဝိညာဥ်စွမ်းအင်ဆိုသည်မှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် သဘာဝအလျောက်တည်ရှိနေသောအရာဖြစ်သည်။ဘယ်သူမဆို၎င်းကိုရယူနိုင်သော်လည်း သူမကတစ်သိန်းတောင်တောင်းလိုက်မိသည်။ဒါက သိသိသာသာကို နေ့ဘက်ကြီးဓားပြတိုက်လိုက်သလိုပဲ။
အခုချိန်တွင်သူမအတွက်ပိုက်ဆံလိုအပ်နေလို့သာ။အတိတ်နှင့်ယှဉ်ကြည့်ပါက အသက်များကိုကယ်တင်ခြင်းသည် ကုသိုလ်ကောင်းမှုတစ်ခုဖြစ်သည်။သူမကဘာလို့သူတို့ကိုကျေးဇူးပြန်ဆပ်ခိုင်းရမှာလဲ။
ယွင်ရုန်တစ်ယောက် ဒီလိုကိစ္စမျိုးကိုပထမဆုံးအကြိမ်လုပ်ဖူးခြင်းဖြစ်သဖြင့် နေရခက်နေပေသည်။သူမကနှုတ်ခမ်းကိုစေ့ကာပြောလာ၏။
“တစ်သိန်းမရှိရင်......ငါးသောင်းဆိုလဲအဆင်ပြေတယ်”
“တစ်မီလီယမ်ယူလိုက်ပါ စီနီယာရဲ့ဝိညာဥ်စွမ်းအင်ကုန်သွားတာကို ပိုက်ဆံနဲ့တိုင်းတာလို့မရပေမယ့် ကျွန်တော်တို့လိုအဆင့်နိမ့်မိစ္ဆာတွေမှာ စီနီယာရဲ့ကျေးဇူးကိုဆပ်ဖို့ အခြားဘာမှမရှိလို့ပါ၊ တစ်မီလီယမ်က ကျွန်တော်တို့ခံစားချက်ရဲ့ အနည်းငယ်လောက်လေးပါဘဲ စီနီယာလက်ခံပေးဖို့မျှော်လင့်ပါတယ်”
ယွမ်တစ်သိန်းတဲ့လား။သူမကိုပေးဖို့ ယွမ်တစ်သိန်းဘဲထုတ်မိရင် သူ့ကိုယ်သူတောင်ရှက်မိလိမ့်မည်။ကုန်တချင်ကဆက်ပြောလာ၏။
“စီနီယာရဲ့ ဘဏ်အကောင့်နံပါတ်လေးများသိလို့ရမလား ကျွန်တော်ချက်ချင်းလွှဲပေးလိုက်ပါ့မယ်”
“ငါ့မှာဘဏ်ကဒ်မရှိဘူး”
ယွင်ရုန်က ကုန်တချင်၏စိတ်လှုပ်ရှားနေသောပုံစံကိုကြောင်အစွာကြည့်လိုက်မိသည်။သူမက ဝိညာဥ်စွမ်းအင်အဲ့လောက်ထိမကုန်သွားပါဘူးဟု သူ့ကိုရှင်းပြချင်နေမိသည်။သူမအတွက် ၎င်းကပင်လယ်ထဲမှရေတစ်စက်စာလောက်သာရှိသည်။
သို့သော် အဆုံးတွင်သူမကဘာမှမပြောလိုက်ဘဲ ရင်ထဲတွင်တွေးလိုက်မိသည်။
အခုချိန်မှာဝိညာဥ်စွမ်းအင်က အရမ်းဈေးကြီးနေပြီလား။
ကုန်တချင်သာ သူမတွေးနေသည်များကိုကြားနိုင်ပါက အလွန်အမင်းကိုနောင်တရသွားလိမ့်မည်။အရင်တစ်ခါ သူဝိဉာဉ်စွမ်းအင်အနည်းငယ်ပါသောဆေးကိုဝယ်ခဲ့ချိန်က တစ်ခုကိုတစ်မီလီယမ်ပေးခဲ့ရ၏။ယွင်ရုန်၏ ထိုနည်းနည်းသောစွမ်းအင်ပမာဏသည် ဆေးဆယ်ခုနှင့်ယှဉ်လို့ရပေသည်။
“ဒါဆိုရင် စီနီယာမှာ Alipay ဒါမှမဟုတ် wechatရောရှိလား”
ယွင်ရုန်ကပြန်ဖြေ၏။
“အဲ့ဒါတွေလည်းမရှိဘူး”
ကုန်တချင်က ယွင်ရုန်တစ်ယောက် ဘဏ်ကဒ်တင်မက Alipayနှင့် wechatပါမရှိသည်ကိုကြားလိုက်ရသောအခါ အံ့ဩသွားသော်လည်း မကြာခင်မှာဘဲစိတ်ပေါ့သွားသည်။ ကြည့်ရသည်မှာ ယွင်ရုန်က နှစ်ရာအနည်းငယ်ကြာအောင် နက်နက်ရှိုင်းရှိုင်းကျင့်ကြံနေခဲ့သည့်ပုံပင်။
ထိုအချိန်များမှဆိုလျှင် မော်ဒန်နည်းပညာများကိုမကြိုက်သည်မှာ မထူးဆန်းတော့ပေ။အထူးရွှေ့ပြောင်းရေးရုံးတွင် နှစ်ထောင်ချီနေသည့်လိပ်အိုတစ်ကောင်ရှိသည်ဟု သူကြားဖူး၏။သူကလည်း လက်ရှိခေတ်သယ်ယူပို့ဆောင်ရေးများသုံးရသည်ကို သဘောမကျဘဲ လမ်းလျှောက်ပြီးသာသွားလေ့ရှိသည်။သူကဖြေးဖြေးချင်းလျှောက်သောကြောင့် မကြာခနပင်ရုံးနောက်ကျလေ့ရှိသည်။
သူကခေါင်းငြိမ့်လိုက်သည်။
“အခုချိန်ဆို ဘဏ်တွေကပိတ်ပြီးလောက်ပြီ၊ မနက်ဖြန်ကျမှ ကျွန်တော်ပိုက်ဆံသွားထုတ်ပြီး စီနီယာဆီကို ကိုယ်တိုင်ကိုယ်ကျလာပို့ပေးပါ့မယ်”
သူတို့နှစ်ယောက်စကားပြောနေချိန်တွင် ကုန်တဟွာကဘေးမှနေ၍ ယွင်ရုန်တစ်ကိုယ်လုံးကိုအကဲခတ်ကြည့်နေ၏။ယွင်ရုန်က ယုန်ဝတ်စုံကိုဝတ်ထားဆဲဖြစ်ရာ သူမ၏ကောက်ကြောင်းများနှင့် ဆွဲဆောင်မှုရှိသောကိုယ်ကိုမြင်နေရ၏။သူမ၏ရိုးသားဖြူစင်သော်ငြား အေးစက်သည့်အသွင်အပြင်နှင့်ပေါင်းစပ်လိုက်သောအခါ ဘယ်သူကမှ သူမကိုမရိုမသေပြုရဲမည်မဟုတ်ပေ။ယောက်ျားများမပြောနှင့် မိန်းမတစ်ယောက်ဖြစ်သည့် သူမတောင်မှ ယွင်ရုန်ကိုအဆက်မပြတ်ကြည့်နေမိကာ သူမမျက်နှာကရှက်သွေးဖြာလာပြီး ရင်ခုန်လာလေသည်။
ကုန်တဟွာက တဲ့တိုးလုပ်တတ်သောသူဖြစ်ရာ ချက်ချင်းမေးလိုက်လေသည်။
“စီနီယာ ဘယ်လိုဖြစ်လို့ ဒီလိုအဝတ်အစားမျိုးတွေကိုဝတ်ထားတာလဲဟင်”
ကုန်တချင်က သူ့မိန်းမပါးစပ်ကိုလှမ်းပိတ်ဖို့နောက်ကျသွားပြီဖြစ်သည်။သူက ကုန်တဟွာကို တိတ်တဆိတ်လှမ်းတို့လိုက်သည်။အဲ့ဒါကမင်းမေးသင့်တဲ့အရာဟုတ်လို့လားကွာ။ စီနီယာကဘာဘဲဝတ်ချင်ပါစေ မင်းဂရုစိုက်ရမှာလား။ စီနီယာသာ အရှက်ရပြီးဒေါသထွက်သွားရင် ငါတို့ကဘယ်လိုလုပ်ကြမှာလဲ။
ပြီးတော့စီနီယာနဲ့ ဒါရိုက်တာရဲ့အခြေအနေက ဒီလိုမျိုးအလွယ်တကူမေးခွန်းထုတ်လို့ရရင်တောင် လူကိုရှက်သွားစေနိုင်တယ်မဟုတ်ဘူးလား။
ကုန်တချင်နှင့် ကုန်တဟွာတို့၏ထူးဆန်းသောအမူအရာများကြောင့် နောက်ဆုံးတွင်ယွင်ရုန်က သူမဝတ်ထားသောဝတ်စုံတွင် ပြသနာရှိနေကြောင်း သဘောပေါက်သွားသည်။သူမမျက်နှာပေါ်တွင် ဘာအမူအရာမှမပြဘဲမေးလိုက်သည်။
“ဒါဝတ်ဖို့က အဆင်မပြေလို့လား။ဒါက ငါ့အရင်အလုပ်နေရာကဝတ်စုံလေ”
⛰️