Chapter 15
Viewers 1k

⛰️Chapter 15

တိုက်ပေါ်မှခုန်ချ။ 



“အဲ့ဒါက မကောင်းတာတော့မဟုတ်ပါဘူး”


ကုန်တဟွာက ကိုးရို့ကားယားပြုံးပြလာသည်။


“စီနီယာမသိလောက်ဘူးထင်တယ် လူသားအမျိုးသမီးတွေက ဒီလိုဝတ်စုံမျိုးတွေကိုမဝတ်တတ်ကြဘူး အဲ့ဒါဝတ်ထားရင်လူတွေက စီနီယာကို မိန်းမကောင်းတစ်ယောက်မဟုတ်ဘူးလို့ထင်ကြလိမ့်မယ်”


ယွင်ရုန်က နားမလည်ပေ။လက်စသတ်တော့ မိန်းကလေးတွေကိုကောင်းတာနဲ့ မကောင်းတာဆိုပြီးခွဲထားသေးတာလား။သူမကမျက်မှောင်ကြုတ်ကာမေးလိုက်သည်။


“ဒါဆိုရင် ဘာလုပ်မှမိန်းမကောင်းဖြစ်တာလဲ”


ကုန်တဟွာသည် ယွင်ရုန်ကဒါကိုတောင်မသိဘဲရှိနေမည်ဟု မထင်ထားခဲ့ပေ။


“စီနီယာအလုပ်သွားလုပ်တုန်းက ဘော့စ်ကဘာလုပ်ဖို့ပြောခဲ့လဲဟင်”


“သူမပြောတာတော့ အလုပ်ကအရမ်းရိုးရှင်းတယ် ဧည့်သည်ကိုသီချင်းဆိုပြ၊စကားပြောဖို့ ခနလောက်အဖော်လုပ်ပေးရုံဘဲတဲ့”


“စီနီယာ စီနီယာတော့လှည့်စားခံလိုက်ရပြီ”

ကုန်တဟွာက ဒေါသတကြီးပြောလာ၏။


“ဒီတိုင်းစကားပြော၊သီချင်းဆိုရုံဘဲဆိုရင် ဘာလို့ဒီလိုအဝတ်စားမျိုးတွေဝတ်ဖို့လိုမှာလဲ သူတို့ကစီနီယာလှတာကိုမြင်ပြီး ယောက်ျားတွေအတွက်အသုံးတော်ခံအဖြစ်ဆက်ဆံလိုက်တာ”


“အဲ့ဒီကဘယ်ယောက်ျားကမှမကောင်းဘူး သူတို့သာသဘောကျသွားရင်。。。。”


စီနီယာရဲ့ပုံစံက လှပပြီးနူးညံ့သည့်မိန်းမပျိုလေးလိုဖြစ်နေသည်ဟု ကုန်တဟွာကဆက်ပြောချင်သေးသော်ငြား ကုန်တချင်က သူမဘေးကိုလှစ်ခနဲရောက်လာကာ ပါးစပ်ကိုလှမ်းပိတ်လာ၏။


သူက သူမနားထဲသို့တိုးတိုးကပ်ပြောလာသည်။

“ကြီးမြတ်လှတဲ့အဒေါ်ကြီးရေ စကားလျှော့ပြောလို့မရဘူးလား”


သူက ယွင်ရုန်နှင့်ဒါရိုက်တာတို့ ဟိုတယ်ထဲအတူဝင်လာသည်ကို ကိုယ်တိုင်မြင်ခဲ့ရသောသူဖြစ်သည်။ဤစကားများထွက်သွားသည်နှင့် ဘစ်ရှော့ကြီးအားတိုက်ခိုက်သလိုဖြစ်သွားနိုင်ပေသည်။


ထိုစကားများကို အလွန်ရှင်းရှင်းလင်းလင်းပြောလာခြင်းဖြစ်ရာ ယွင်ရုန်ကနားမလည်ဘဲဘယ်နေတော့မလဲ။တစ်စက္ကန့်အတွင်းမှာပင် သူမမျက်နှာကမဲမှောင်လာသည်။သူမလည်း ထိုအလုပ်ကမကောင်းဟုခံစားမိ၏။လက်စသတ်တော့ လျိုဝေ့နဲ့ ကျင်းဟုန်မိန်က သူမကိုလှည့်စားလိုက်တာဘဲ။အဲ့လိုဆိုမှတော့ ငါ့ကိုလဲရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့။


ကလပ်ထဲမှာ အငြိုးတရားအငွေ့ဖျော့ဖျော့နဲ့ပြည့်နေတာ မထူးဆန်းတော့ဘူး။မိန်းကလေးဘယ်လောက်များများ အဲ့ဒီမှာလှည့်စားခံနေရပြီး၊လုပ်ချင်စိတ်မရှိဘဲလုပ်နေရတာတွေကို ဘယ်သူသိမှာလဲ။


ကုန်တချင်က ယွင်ရုန်ကို ပြန်လိုက်ပို့ပေးချင်သော်လည်း သူမကငြင်းလာသည်။ကုန်တချင်အိမ်မှထွက်လာလာချင်းပင် သူမအဝတ်များကို ပုံစံပြောင်းလိုက်သည်။ထို့နောက် မှော်စွမ်းအင်အနည်းငယ်သုံးကာ ချက်ချင်းပင် ကျင်းဟုန်မိန်၏ကလပ်ဆီသို့ ပျံသွားလိုက်ပြီး ရောက်သည်နှင့် အပြစ်ပေးရန်ကြံလိုက်သည်။


~~~~~~~~

ညသန်းခေါင်၊ဟိုင်ရှီးမြို့။


နီယွန်အလင်းရောင်များတလက်လက်တောက်နေပြီး ထူထဲသည့်ယာဉ်အသွားအလာများက ညဘက်တွင်မြို့၏နံရံများလိုတန်းစီနေ၏။အချိန်ကကလပ်အတွက်အလုပ်အများဆုံးအချိန်ဖြစ်သည့် ညသန်းခေါင်မရောက်သေးပေ။ကျင်းဟုန်မိန်ကအရက်ကိုသောက်ကာ ဘေးတွင်ထိုင်နေသည့်ယောက်ျားလေးအား ခက်ထန်စွာကြည့်နေ၏။ရက်စက်မှုတစ်ခုက သူမမျက်လုံးထဲဖြတ်သွားကာ သွေးနီရောင်ဆေးခြယ်ထားသည့် သူမနှုတ်ခမ်းများကိုလှုပ်ရှားလာသည်။


“လျိုဝေ့ မင်းက ဒီကျင်းကျဲရဲ့ပိုက်‌ဆံကို ယူဖို့လွယ်တယ်များထင်နေတာလား”


“ကျင်းကျဲကလည်း ဘာတွေပြောနေတာလဲဗျာ ကျွန်တော်တကယ်နားမလည်ဘူး。。。。”


လျိုဝေ့က သုန်မှုန်နေသောမျက်နှာထားဖြင့် သတိထားကာပြန်ဖြေ၏။ဒီအချိန်က တကယ်ကိုအဆင်‌မပြေသောအချိန်ဖြစ်သည်။သို့သော်ကျင်းဟုန်မိန်၏ပုံစံက သူမအလွတ်ပေးမည်မဟုတ်ကြောင်းကိုဖော်ပြနေပေသည်။


“အပြစ်ကင်းသလိုဟန်ဆောင်မနေနဲ့”


ကျင်းဟုန်မိန်က ဘာမှမသိသလိုလုပ်နေသည့် သူ့ပုံစံကိုမြင်သောအခါ ဒေါသထွက်လာပြီး စားပွဲကိုဘန်းခနဲရိုက်ချလိုက်သည်။


“နင်အခုထိနားမလည်သေးဘူးလား ဒါဆိုငါ့ကိုပြောပြ အဲ့ဒီမိန်းကလေးကိုနင်ဘယ်ကရှာလာတာလဲ ငါ့ကိုပြသနာတက်စေချင်လို့ သူ့ကိုတမင်ခေါ်လာပေးတာလား”


ဤအကြောင်းပြောသောအခါ ကျင်းဟုန်မိန်ကသူမဒေါသကိုမထိန်းနိုင်တော့ပေ။အစပိုင်းတွင် သူမကရတနာတစ်ခုကောက်ရသည်ဟုထင်ပြီး ယွင်ရုန်ကိုခေါင်းဆောင်လုနှင့်ခံစားချက်တစ်ချို့မွေးမြူခိုင်းဖို့ မှီခိုရန်ဖြစ်နိုင်သည်ဟု ထင်ထားခဲ့သည်။


ရလဒ်ကလား။ငါးတောင်မစားရသေးဘူး၊ တစ်ကိုယ်လုံးကငါးနံ့ထွက်နေပြီ။


ခေါင်းဆောင်လုက မိန်းကလေးကြောင့်နဲ့ ခေါင်းဆောင်ကျိုးနဲ့ရန်ဖြစ်ပြီး ဆက်ဆံရေးကိုဖြတ်ပစ်လိုက်တယ်တဲ့လေ။ခေါင်းဆောင်ကျိုးကမကျေနပ်ဘဲ သူမကိုအငြိုးထားတော့တာဘဲ။


ချီးးးးရိုးရိုးလေးကို အတွင်းရောအပြင်မှာပါအပြစ်တင်စရာလူမရှိနေလို့ပဲ။


လုဟယ်နျန်က အသိအသာကြီးကို ယွင်ရုန်ကိုကာကွယ်နေတာ။သူမက ဒေါသဖွင့်ထုတ်စရာလူမရှိတော့ လူလာပို့တဲ့လျိုဝေ့ကိုခေါ်ပြီးဘဲ ပြသနာရှာနိုင်တော့တယ်။


“သူက ကျွန်တော်နဲ့တစ်ရွာတည်း ညီမလေးပါ”


လျိုဝေ့ကရင်တုန်သွားကာ အံကြိတ်လိုက်မိသည်။ဒါက သူမိန်းကလေးများကို ဒီလိုနေရာသို့လှည့်ဖျားခေါ်သည်မှာ ပထမဆုံးအကြိမ်မဟုတ်သလို တစ်ခါမှလည်းပြသနာမတက်ဖူးပေ။ဒီတစ်ကြိမ်ကျမှ ကံမကောင်းတာတော့မဖြစ်လောက်ပါဘူးနော်။


“ငါ့ဖင်ကိုယုံခိုင်းလိုက် နင်တို့ရွာကနေ ဒီလိုကောင်းတဲ့ပစ္စည်းမျိုးဘယ်လိုလုပ်ထွက်လာနိုင်မှာလဲ”


ကျင်းဟုန်မိန်က ဆက်ဆူ‌ချင်သေးသော်လည်း လုံခြုံရေးအစောင့်က ကမန်းကတန်းပြေးဝင်လာသည်ကိုမြင်လိုက်ရ၏။သူ့မျက်နှာတစ်ခုလုံးချွေးရွှဲနေကာ သတင်းပို့လာ၏။


“ကျင်းကျဲ မိန်းမတစ်ယောက်က ကျွန်တော်တို့ကလပ်ခေါင်မိုးထပ်ကနေ ခုန်ချမလို့လုပ်နေတယ် မြန်မြန်သွားကြည့်ပါဦး”


“ဘာလို့ကိစ္စတွေအများကြီးဖြစ်နေတာလဲ”


ကျင်းဟုန်မိန်က မျက်မှောင်ကြုတ်ကာ ကျိန်ဆဲလိုက်မိသည်။သူမကလျိုဝေ့ကိုဂရုမစိုက်နိုင်တော့ဘဲ အပြင်ထွက်လာခဲ့လေသည်။


ယွင်ရုန် ကလပ်သို့ရောက်သောအခါ ကလပ်၏အတွင်းအပြင်၌ လူအုပ်ကြီးဝိုင်းနေသည်ကို မြင်လိုက်ရသည်။သူမကလူအုပ်ထဲတိုးသွားချင်သော်လည်း အသက်၄၀အရွယ်အဒေါ်ကြီးတစ်ယောက်က သူမလက်ကိုဆွဲကာ အသံကျယ်ကျယ်ဖြင့်ပြောလာ၏။


“ကောင်မလေး အထဲမဝင်သွားနဲ့ လူတစ်ယောက်က ခေါင်မိုးပေါ်ကခုန်ချဖို့လုပ်နေတာ နင်အထဲဝင်သွားရင်ရဲတွေလူကယ်နေတာကို နှောင့်ယှက်မိလိမ့်မယ်”


အဒေါ်ကြီးပြောပြီးပြီးချင်းပင် ဘေးမှလူတစ်ယောက်ကမေးလာ၏။

“ဘာတွေဖြစ်ကုန်တာလဲ ဘယ်လိုကိစ္စကြောင့်များဖြေရှင်းလို့်မရနိုင်ဘဲ သတ်သေတဲ့အထိလုပ်ရတာလဲ”


“ငါလဲမသိဘူး ဒီ‌လိုနေရာမျိုးကနေခုန်ချတယ်ဆိုမှတော့ သူ့ယောက်ျားက ကလပ်မယ်တစ်ယောက်ယောက်နဲ့ဇာတ်လမ်းရှိနေလို့ဖြစ်မယ် ဒီနေရာကမိန်းမတွေအားလုံးက‌ မြေခွေးမတွေချည်းဘဲ”


ယွင်ရုန်က ဘေးဘက်သို့သွားကာ အပေါ်ကိုတစ်ချက်မော့ကြည့်လိုက်သည်။သူမက အထပ်နှစ်ဆယ်မြင့်သောတိုက်၏ ခေါင်မိုးထပ်လက်ရန်းတွင် အသက်သုံးဆယ်အရွယ်အမျိုးသမီးထိုင်နေသည်ကိုမြင်လိုက်ရသည်။သူမ၏ဝတ်စုံက အ‌နုစိတ်ပြုလုပ်ထားခြင်းဖြစ်ကာ သူမ၏မိတ်ကပ်ကသိမ်မွေ့နေ၏။သူမခြေထောက်မှ ဒေါက်ဖိနပ်တစ်စုံကလက်ရန်းအပြင်တွင်လှုပ်ရမ်းနေလေသည်။သူမမျက်လုံးများက မြို့တော်၏ညရှုခင်းကို စိတ်ဝိဉာဉ်ကင်းမဲ့စွာ ငေးကြည့်နေ၏။


“ရှောင်ဟွေ့ မင်းအရင်သွားပြီး ခုန်ချတော့မယ့်သူကို စိတ်ငြိမ်အောင်လုပ်ထားလိုက်၊ ကျန်တဲ့လူတွေကငါနဲ့အတူ ဖြေးဖြေးချင်းသူမကိုဝိုင်းသွားကြမယ်。。。。”


ကျူးမင်စစ်နှင့်သူ့အဖွဲ့က ခေါင်မိုးဆီသွားသည့်တံခါးသို့ရောက်လာကြသည်။တံခါးနောက်တွင်ဆောင့်ကြောင့်ထိုင်ကာ နောက်‌ဆုံးလုပ်ရမည့်တာဝန်များကိုခွဲပေးလိုက်သည်။ထို့နောက်သူက ဝေါ်ကီတော်ကီကိုကိုင်ကာ ပြောလိုက်သည်။


“ကယ်ဆယ်ရေးလေဖောင်းအခင်းက အဆင်သင့်ဖြစ်ပြီလား”


တစ်ဖက်မှဝေါ်ကီတော်ကီဖြင့် တက်ကြွစွာပြန်ဖြေလာ၏။


“ပြင်ပြီးပါပြီ ပြင်ဆင်ခြင်းပြီးဆုံး”


 ဒါကလီရှောင်ဟွေ့အတွက် ပထမဆုံးအကြိမ်ကွင်းဆင်းခြင်းဖြစ်သည်။သူမကရဲယူနီဖောင်းတောင်မဝတ်ရသေးဘဲ အပြင်ဝတ်စုံနှင့်ဖြစ်ကာ သူမဆံပင်များက ပုခုံးပေါ်တွင်ဝဲကျနေသည်မှာ ဘေးအိမ်မှမိန်းကလေးနှင့်အတော်တူလှသည်။သူမက ကျူးမင်စစ်ကိုတည်ငြိမ်စွာကြည့်ပြီးနောက် ခေါင်းငြိမ့်ပြကာ တံခါးကိုဖြေးဖြေးချင်းဖွင့်ပြီး အပြင်ဘက်သို့ထွက်လာခဲ့သည်။


အသံကြားသောအခါ လက်ရန်းပေါ်တွင်ထိုင်နေသည့် ကျိုးလန်က လှည့်ကြည့်လာသည်။သူမမျက်လုံးများနီရဲယောင်ကိုင်းနေကာ တစ်ကိုယ်လုံးကအနည်းငယ်တုန်ယင်နေ၏။သူမက လျိုရှောင်ဟွေ့ကိုမြင်သောအခါ ချက်ချင်းအော်ဟစ်လာသည်။


“ဒီကိုမလာနဲ့”


“ကျဲကျဲ စိတ်အလောတကြီးမလုပ်ပါနဲ့ ဘယ်လိုပြသနာများကြုံနေရလို့လဲ ကျွန်မကိုပြောပြလို့ရပါတယ် ကျွန်မတို့နှစ်ယောက်လုံးက အမျိုးသမီးတွေဘဲလေ ကျွန်မကိုပြောပြကြည့်လေ အကြံတစ်ခုခုပေးနိုင်မှာပါ”


လျိုရှောင်ဟွေ့ တံခါးဝတွင်ရပ်ကာ ကျိုးလန်၏ခံစားချက်ကိုသက်ရောက်သွားမည်ကိုစိုးရိမ်သဖြင့် မလှုပ်ရဲပေ။သူမမျက်နှာပေါ်တွင်စိုးရိမ်သည့် အမူအရာရှိနေကာ နူးညံ့စွာပြောနေသဖြင့် လူများကိုစိတ်အေးသွားစေနိုင်ပေသည်။


“စကားပြောရမှာလား ဘာကိုပြောရမှာလဲ နင်ကဘာကိုမှနားမလည်ပါဘူး”


ကျိုးလန်ကမျက်လုံးမှိတ်လိုက်ကာ မျက်ရည်ပူများက ပါးတစ်လျှောက်စီးကျလာသည်။သူမ၏နှလုံးသားကိုဓားဖြင့်အလှီးခံလိုက်ရသလိုခံစားနေရကာ ဘယ်သူမှနားလည်ပေးနိုင်မည်မဟုတ်ပေ။


သူမကထိုသို့ပြောပြီးနောက် လက်ရန်းအပြင်ဘက်သို့ရွှေ့သွားသည်။

“ငါ့ဘဝတစ်ခုလုံးပျက်စီးသွားပြီ ဘာမျှော်လင့်ချက်မှမရှိတော့ဘူး”


အဲ့ဒီလူယုတ်မာ လော့ဝေကြောင့် အကုန်ပျက်စီးသွားပြီ။လော့ဝေနှင့်သူမက သူမဘွဲ့ရသောအချိန်တွင်ငယ်ငယ်ရွယ်ရွယ်နှင့် လက်ထပ်ခဲ့ကြ၏။ထိုအချိန်တုန်းက သူတို့ကနေ့ရက်တိုင်းကိုရိုးရိုးရှင်းရှင်းနှင့် ကျပ်တည်းစွာနေထိုင်ခဲ့ရသည်။သို့သော်သူတို့နှစ်ယောက်ချစ်ကြိုက်သွားပြီးနောက်တွင် ဘဝကပျားရည်ထက်တောင်ချိုမြိန်လာခဲ့သည်။


လော့ဝေနှင့်သူမက သူတို့အလုပ်များကိုသာနှစ်အနည်းငယ်အကြာအထိ တစိုက်မတ်မတ်ကြိုးစားခဲ့ကြကာ နောက်ဆုံးတွင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုစတင်ခဲ့ကြသည်။စီးပွားရေးအခြေအနေက ဤဆယ်နှစ်အတွင်းတွင် ကြီးသထက်ကြီးမားလာပြီး သူတို့၏ပိုင်ဆိုင်မှုများမှာလည်း ဆယ်မီလီယမ်အထိရှိလာခဲ့သည်။သူတို့ကဟိုင်ရှီးတွင် အတော်လေးအခြေအနေကောင်းသည်ဟုယူဆနိုင်ကာ စားဝတ်နေရေးအတွက်စိတ်ပူစရာမလိုတော့ပေ။


အခုသူတို့၌ပိုက်ဆံရှိလာသဖြင့် ကလေးလိုချင်လာကြသည်။သို့သော်သူတို့ဘယ်လောက်ဘဲကြိုးစားပါစေ သူမကကိုယ်ဝန်မဆောင်နိုင်ခဲ့ပေ။လော့ဝေက သူမကိုနှစ်သိမ့်ခဲ့၏။


“ကလေးမရှိလည်း ကိစ္စမရှိပါဘူး မင်းရဲ့ခန္ဓာကိုယ်ကအရေးကြီးဆုံးပဲ”

သူမက လောကတွင်အကောင်းဆုံးယောက်ျားကိုရသည်ဟု ထင်ခဲ့မိသည်။


သို့သော်အရာအားလုံးက အလိမ်အညာတစ်ခုဖြစ်သည်။တစ်ဖက်တွင် လော့ဝေက ပိုင်ဆိုင်မှုများကို တိတ်တဆိတ်ရွှေ့ပြောင်းနေကာ ကျန်တစ်ဖက်တွင် သူကမယားငယ်တစ်ယောက်နှင့် လူးလှိမ့်နေခဲ့သည်။သူမသိသွားသောအချိန်တွင် ကုမ္ပဏီက အခွံလွတ်ကြီးသာကျန်တော့သည်။


ပြီးသွားပြီ၊အကုန်ပြီးသွားပြီ။ သူမယောက်ျား၊သူမလုပ်ငန်း အကုန်မရှိတော့ဘူး။ကျိုးလန်က အောက်တွင်ရပ်ကြည့်နေသည့်သူများ များသထက်များလာသည်ကိုမြင်သောအခါ သူမဘဝတစ်ဝက်လောက်က ဟာသတစ်ခုသာဖြစ်သည်ဟုခံစားလိုက်ရသည်။


“ကျဲကျဲ စိတ်‌ကိုငြိမ်အောင်ထားပါ၊ ကျဲကအခုထိငယ်သေးတယ် ဒီဘဝမှာကျဲမဖြတ်ကျော်နိုင်တဲ့ အခက်အခဲဆိုတာရှိနိုင်ပါ့မလား”


လျိုရှောင်ဟွေ့က ကျိုးလန်တစ်ယောက်လက်ရန်းအပြင်ဘက်ရွှေ့သွားသည်ကိုမြင်သောအခါ အလောတကြီးဖြင့်ရှေ့သို့နှစ်လှမ်းတိုးသွားလိုက်သည်။သူမပတ်ဝန်းကျင်တွင် ကျိုးလန်ကိုဝိုင်းထားရမည့်လုပ်ဖော်ကိုင်ဖက်များမှာ အစွန်းမှခက်ခက်ခဲခဲတွားသွားနေရဆဲပင်။သူတို့ကကျိုးလန်ဆီရောက်ဖို့ နည်းနည်းဝေးသေးပေသည်။


ဘာစကားကများ ကျိုးလန်ကိုလှုံ့ဆော်သွားတာလဲမသိ၊သူမကရုတ်တရက်ထရပ်လာသည်။အောက်ကိုငုံ့မကြည့်ဘဲ ဒီဘက်လှည့်လာပြီးနောက် နီရဲနေသောမျက်လုံးများဖြင့် လေးနက်စွာပြောလာလေသည်။


“ငါမကျော်ဖြတ်နိုင်မှတော့ ဒီနေ့ဒီကလပ်မှာသေလိုက်တော့မယ်၊ အဲ့ဒီမြေခွေးမတွေကို သူတို့ကအခြားသူတွေရဲ့သွေးနဲ့ မျက်ရည်တွေကိုချနင်းပြီး အမြင့်ကိုတက်နေတယ်ဆိုတာကိုသိစေချင်တယ်၊ သူတို့တစ်ဘဝလုံးကို ကြောက်လန့်တကြားနေသွားစေချင်တယ်”


အစပိုင်းတွင် ကျင်းဟုန်မိန်က ဘေးမှနားထောင်နေခြင်းဖြစ်သည်။သို့သော်ထိုစကားကိုကြားသောအခါ သူမကစိုးရိမ်သွားသည်။အကယ်၍ဒီမိန်းမသာ ကလပ်၌သတ်သေသွားပါက သူမကဘယ်လိုအလုပ်ဆက်လုပ်ရတော့မှာလဲ။ဘယ်သူဌေးတွေက သူမနေရာကိုလာပြီး စီးပွားရေးကိစ္စတွေဆွေးနွေးကြတော့မှာလဲ။ဤကံဆိုးမှုအားလုံးက သူမကိုသေချင်စိတ်ပေါက်လာစေသည်။


သူမရင်ထဲတွင် ယွင်ရုန်၏ကိစ္စကြောင့် အလွန်ဒေါသထွက်နေပြီးသားဖြစ်သည်။ချက်ချင်းဆိုသလိုပင် သူမကဒေါသထွက်သလို စိုးရိမ်တကြီးဖြစ်လာပြီး တံခါးကိုဖွင့်ကာ အသံကျယ်ဖြင့်အော်ပြောလိုက်သည်။


“နင်သေချင်နေရင်လည်း အိမ်ပြန်ပြီးသေလိုက်လေ၊ ဘာလို့ငါ့နေရာမှာ သေချင်နေတာလဲ၊ ဟမ် ဒီမိန်းမ ကိုယ့်ယောက်ျားကိုတော့ နိုင်အောင်မထိန်းနိုင်ဘဲ အခြားသူတွေကိုအပြစ်လာတင်နေသေးတယ်。。。。”


သူမပြော၍မပြီးသေးခင်မှာပင် ရဲအရာရှိဆွဲခေါ်သွားသည်ကိုခံလိုက်ရ၏။ ပိုင်ရှင်ကို ဒီနေရာသို့ခေါ်ထားသည်မှာ ရဲများနှင့်ပူးပေါင်းပြီး အကူအညီပေးခိုင်းမလို့ဖြစ်သည်။မီးထဲကိုဓာတ်ဆီထပ်လောင်းထည့်ဖို့မဟုတ်ပေ။


ကျင်းဟုန်မိန်၏စကားများက ကျိုးလန်၏ရင်ထဲသို့ ဓားဖြင့်ရက်ရက်စက်စက်ထိုးလိုက်သလိုပင်ဖြစ်သည်။သူမစိတ်က အစကတည်းက မတည်ငြိမ်တော့ပေ။ဤအချိန်တွင် သူမနှုတ်ခမ်းများက‌ဖြူဖျော့လာကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားသဖြင့် ခေါင်မိုးပေါ်မှပြုတ်ကျလုနီးပါးဖြစ်လာသည်။


အောက်မှကြည့်နေသောသူများက စိုးရိမ်တကြီးအော်ဟစ်လာကြသည်။


“ရှင်ကသေချင်နေမှတော့ ရှင်းရှင်းလင်းလင်းသိထားမှာပဲ အခုရှင်ခုန်ချပြီးသေသွားရင် လမ်းပျောက်နေတဲ့သရဲဘဲဖြစ်လာလိမ့်မယ်”


လူတိုင်း၏နှလုံးသားများက တန်းလန်းဖြစ်နေချိန်တွင် ကြည်လင်ထင်ရှားသည့်အသံတစ်ခုထွက်လာပြီး လေပြေအေးတစ်ခုက မျက်နှာကိုဖြတ်တိုက်သွားသကဲ့သို့ပင် တသိမ့်သိမ့်တုန်နေသောနှလုံးသားကိုချက်ချင်းငြိမ်သက်သွားစေ၏။


ရဲများက အသံရှိရာဆီလှည့်ကြည့်လိုက်သောအခါ ခေါင်မိုး၏ချောင်ကြိုချောင်ကြားနေရာမှ မိန်းမပျိုတစ်ဦးထွက်လာသည်ကိုမြင်လိုက်ရသည်။သူမကမျက်လုံးတောက်တောက်များဖြင့် ကျိုးလန်ကိုကြည့်နေကာ ညကောင်းကင်မှကြယ်များကဲ့သို့ပင်ဖြစ်သည်။


ခေါင်မိုးထပ်မှလူများ : ချီးဘဲ။။။ဒီမိန်းကလေးက ဘယ်ကရောက်လာတာလဲ။ဘာလို့ဘာအသံမှမကြားလိုက်တာလဲ။


ယွင်ရုန်က တစ်ခါမှဒီလောက်စိတ်မဆင်းရဲဖူးပေ။သူမ၏မှော်စွမ်းအင်ကို လူသားများဆီမှဖုံးကွယ်ရန်အတွက် သူမကိုယ်သူမတစ်လက်မအရွယ်အထိကျုံ့ကာ ခက်ခက်ခဲခဲဖြင့် ဒီမှောင်မဲနေသောနေရာကိုရှာတွေ့ခဲ့ခြင်းဖြစ်သည်။၎င်းက သူမလိုတောင်မိစ္ဆာတစ်ယောက်အတွက် မျက်နှာပျက်စရာကိစ္စကြီးဖြစ်သည်။လွန်ခဲ့သည့်နှစ်လေးထောင်ခန့်က သူမထွက်ပေါ်လာတိုင်း လူသားများကခုန်ပျော်မြူးကာ သူမကိုကြိုဆိုခဲ့ကြသည်။ယခုအခြေအနေနှင့် လုံးလုံးမတူပေ။


သူမရင်ထဲတွင် ယွင်ရုန်က‌စာအုပ်ငယ်လေးတစ်အုပ်ကိုထုတ်ကာ ဤအကြွေးကို ကျင်းဟုန်မိန်နှင့်လျိုဝေ့တို့ထဲ ပေါင်းထည့်ထားလိုက်ပြီဖြစ်သည်။


လူအုပ်ထဲတွင်ရပ်နေသည့် ကျင်းဟုန်မိန်နှင့်လျိုဝေ့သည် ရုတ်တရက်ကြက်သီးထလာကြသည်။နွေပူပူကြီးမှာ ဘာလို့ရုတ်တရက်ကြီးအေးလာတာလဲ။


ဤအချိန်တွင် ကျိုးလန်ကလက်ရန်းပေါ်သို့ခွနေပြီဖြစ်သည်။ယွင်ရုန်၏အသံကိုကြားသောအခါ သူမကအလိုအလျောက်လှည့်ကြည့်လိုက်မိသည်။သူမမျက်နှာက မျက်ရည်စီးကြောင်းများဖြင့်ပြည့်နေလေသည်။


“ငါကဘာကိုနားမလည်ရမှာလဲ၊ ငါ့ယောက်ျားကပိုင်ဆိုင်မှုတွေကိုရွှေ့ပြောင်းပြီး မယားငယ်ထားနေတာ‌လေ ၊ ငါတကယ်ပဲသေချင်တယ် နင်တို့တွေငါ့ကိုမနှောင့်ယှက်ဘဲ အေးဆေးသေခွင့်ပေးလိုက်လို့မရဘူးလား”


ယွင်ရုန်က အလျင်မလိုစွာဖြင့်ရှေ့ကိုလျှောက်လာကာ သူမပုံစံက အဆောက်အဦးပေါ်မှခုန်ချတော့မည့်အမျိုးသမီးအစား သူငယ်ချင်းတစ်ယောက်နှင့်စကားပြောနေသလိုပင်ဖြစ်သည်။ကျိုးလန်၏စကားကိုကြားသောအခါ သူမကခေါင်းခါပြီးပြောလာ၏။


“ရှင်သိထားတာတွေက အရမ်းနည်းတယ်၊ ရှင့်ယောက်ျားဆီမှာ အသက်၇နှစ်အရွယ်သားတစ်ယောက်ရှိတယ်ဆိုတာကို ရှင်သိလား၊သူကအခု သူ့သားမွေးနေ့ကိုကျင်းပပေးနေတယ်”


ကျိုးလန်ကချက်ချင်းဆိုသလိုအံ့ဩမင်သက်သွားလေသည်။


ကျူးမင်စစ်က ဒေါသထွက်ပြီးသေတော့မည်ဖြစ်သည်။ဒီလူတွေက တကယ်ဘဲလူဟုတ်ရဲ့လား။သူတို့အားလုံးက အဲ့ဒီသူကိုမြန်မြန်သတ်သေလိုက်ဖို့ဘဲ လှုံ့ဆော်နေကြတယ်။



⛰️