⛰️Chapter 16.
မြေရှင်ပဒေသရာဇ်စနစ်ဆိုင်ရာ အယူသည်းခြင်း။
“နင်ဘာပြောလိုက်တာ”
ကျိုးလန်က စိတ်ဗလာဖြစ်နေကာ သူမနားကိုတောင်မယုံနိုင်တော့ပေ။စိတ်ဆင်းရဲလွန်း၍ တိုက်ပေါ်မှခုန်ချကာကိုယ့်ကိုကိုယ်သတ်သေမည့်သူကို ရုတ်တရက်လူတစ်ယောက်က ‘နင်ခုန်ချလိုက်ရင် ရေနစ်ရုံတင်မကဘူး ငါးမန်းစားတာပါခံရလိမ့်မယ်’ဟုပြောလိုက်သလိုပင်။ထို့နောက် သေချာပေါက်ပင် ကိုယ့်ကိုကိုယ်သတ်သေချင်နေသောသူက အနည်းငယ်တွေဝေသွားလိမ့်မည်။
“ရှင့်ယောက်ျားမှာ အသက်၇နှစ်အရွယ်သားတစ်ယောက်ရှိနေပေမယ့် ဘာလို့ရှင့်ကိုမကွာရှင်းသေးတာလဲသိလား”
ယွင်ရုန်ကဆက်မေးလိုက်သည်။ကျိုးလန်၏သိချင်နေသောအမူအရာကိုမြင်သောအခါသူမကရယ်မောကာပြောလာ၏။
“ဘာလို့လဲဆိုတော့ ရှင့်ရဲ့ဘဝလက္ခဏာက ကောင်းလို့လေ၊ ရှင်ကရှင့်ယောက်ျားနဲ့အိမ်ကိုချမ်းသာကြွယ်ဝအောင်လုပ်ပေးနေတာ၊ ဘဝကရွှေစင်လိုဘဲ ရှင့်ယောက်ျားကရှင့်ကိုမကွာရှင်းနိုင်ဘူး ရှင်တို့ကွာရှင်းလိုက်တာနဲ့ သူကဒေဝါလီခံရပြီး ခါးသီးအထီးကျန်တဲ့ဘဝမှာနေသွားရမှာ သူစုဆောင်းထားတဲ့ချမ်းသာကြွယ်ဝမှုတွေကလုံလောက်ပြီလို့ထင်သွားကတည်းက ထွက်သွားဖို့မစောင့်နိုင်တော့ဘူးဖြစ်နေတာ”
“ခေါင်းဆောင် ဒါကမြေရှင်စနစ်ကအယူသည်းမှုတွေကိုသုံးပြီး ကသောင်းကနင်းဖြစ်အောင်လုပ်နေတာမလား”
ရှောင်လင်းက ကျူးမင်စစ်နားကပ်ကာ အသံတိုးတိုးဖြင့်လှမ်းပြောလာ၏။ရဲအရာရှိများရှေ့တွင် ရှေးရိုးစွဲအယူသည်းမှုများပြောရဲသည့် ဒီမိန်းကလေးကသတ္တိမသေးပေ။
ကျူးမင်စစ်၏အကြည့်များက လက်ရန်းတွင်မှီနေသည့် ကျိုးလန်အပေါ်တွင်သာမြဲနေ၏။သူ၏ရဲယူနီဖောင်းက စိတ်လှုပ်ရှားလွန်း၍ ချွေးများဖြင့်စိုရွှဲနေပြီဖြစ်သည်။သူက ရှောင်လင်းစကားကိုကြားသောအခါ မသိစိတ်အတိုင်းပြန်ဖြေလိုက်သည်။
“ခနလောက်စောင့်ကြည့်လိုက် အဲ့ဒါကဒီအမျိုးသမီးကိုစိတ်ပြောင်းအောင်လုပ်နိုင်ရင် အဖြူရောင်မုသားလို့ပဲယူဆလိုက်လို့ရတယ်”
ရှောင်လင်း :。。。。。ဒါက အတန်းထဲမှာ ကိစ္စတွေကိုဘယ်လိုသတင်းပို့ရမလဲဆိုတဲ့ဆွေးနွေးမှုမှာ ဆရာပြောခဲ့တာတွေမဟုတ်ဘူးနော်။
ကျိုးလန်၏နှလုံးသားကယိမ်းယိုင်လာသည်။စီးပွားရေးလုပ်ရာတွင် အယူသည်းမှုတစ်ချို့လည်းရှိပေသည်။သူမက မသိလိုက်ပဲ လက်ရန်းဆီမှခြေနှစ်လှမ်းလောက်ဆုတ်လာကာ သူမရှေ့မှမိန်းကလေးကို တောင်လောင်နေသောမျက်လုံးများဖြင့်ကြည့်လာ၏။
“နင်ပြောတာတွေက အမှန်ဘဲလား”
သူမအသံကတုန်ယင်နေကာ ရေနစ်နေသူက သစ်တုံးတစ်ခုမျောလာသည်ကိုတွေ့သဖြင့် လှမ်းဆွဲလိုက်ချင်သော်လည်း အနည်းငယ်မယုံမကြည်ဖြစ်နေသည့်ပုံစံမျိုးကို ဖော်ပြနေပေသည်။
တံခါးနားတွင်ပုန်းနေသည့် ကျူးမင်စစ်က သူမအမူအရာကိုမြင်သောအခါ ရင်ထဲတွင်ကြိတ်ပျော်သွားသည်။သူက ဘေးတွင်လှဲနေသောကယ်ဆယ်ရေးအသင်းကိုအချက်လှမ်းပြလိုက်သည်။ သူတို့နှစ်ယောက်က ဖြေးဖြေးချင်းချဉ်းကပ်လာသည်မှာ ငါးမီတာလောက်သာဝေးတော့သည်။အချက်ပြမှုကိုမြင်သောအခါ သူတို့ကလှဲနေရာမှ ထရပ်လာပြီး ရုတ်တရက်ဆိုသလိုပင် ကျိုးလန်ဆီပြေးလာကြသည်။
ကျိုးလန်က မျက်ဝန်းထောင့်မှ အရိပ်တစ်ခုဖြတ်ပြေးသွားသည်ကိုခံစားလိုက်ရကာ သူမမျက်နှာပေါ်တွင်စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်များပေါ်လာ၏။လူတိုင်း၏အံ့အားသင့်မှုအောက်တွင် သူမက လက်ရန်းဆီသို့လှစ်ခနဲပြေးသွားကာ ဘာသတိပေးချက်မှမရှိဘဲခုန်ချလိုက်လေသည်။
“အားးးးး”အောက်ဘက်မှနေ၍ အံ့ဩတကြီးအော်သံများထွက်လာ၏။လူတိုင်း၏နှလုံးသားက လေထဲတွင်တန်းလန်းဖြစ်နေကြသည်။
ကျိုးလန်ကိုကြမ်းပြင်ပေါ်သို့တွန်းလှဲချင်သော ကယ်ဆယ်ရေးအဖွဲ့ဝင်သည် ဗလာဖြစ်နေသောလေကိုသာဆုပ်ကိုင်မိသွားသည်။သူက သူမကိုယ်အလယ်ပိုင်းနှင့်ပုခုံးကိုဆွဲလို့မမှီလိုက်သဖြင့် ကမန်းကတန်းသူမလက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်သည်။ကျိုးလန်ကိုလှမ်းဆွဲရင်း သူ့တစ်ကိုယ်လုံးပါလွင့်ထွက်သွားကာ ချက်ချင်းပျောက်ကွယ်သွားလေသည်။
“ရှောင်လျို့”
ကျူးမင်စစ်က ကြောက်လန့်တကြားလှမ်းအော်လိုက်သည်။သူကမျက်လုံးပြူးသွားပြီး လေကဲ့သို့အရှိန်ပြင်းစွာ ပြေးထွက်လာ၏။သို့သော်သူဘယ်လိုဘဲမြန်မြန်ပြေးနေပါစေ ကျသွားသောလူနှစ်ယောက်၏နောက်ကျောကိုသာ ကူကယ်ရာမဲ့စွာဖြင့်ကြည့်ဘဲကြည့်နေနိုင်တော့သည်။
လူတိုင်းက မျှော်လင့်ချက်ပျောက်ဆုံးသွားချိန်တွင် နူးညံ့သည့်ပုံရိပ်တစ်ခုကဖြတ်ပြေးလာ၏။သူမက အရိပ်တစ်ခုကိုသာချန်ထားခဲ့ပြီး လက်ရန်းဆီပြေးသွားကာ ရှောင်လျို့၏လက်ကို အတတ်နိုင်ဆုံးလှမ်းဆွဲလိုက်သည်။
ရှောင်လျို့က သူ့ကိုယ်သူဒီတစ်ကြိမ်တော့ သေချာပေါက်သေပြီဟုထင်ထားခဲ့ခြင်းဖြစ်သည်။ဤအသင်းတွင်လုပ်ခြင်းဖြင့် သူကလူ့အသက်ကိုကယ်ရန် သူ့ကိုယ်သူစတေးရန်ကတိပေးထားခြင်းဖြစ်ကြောင်း နားလည်ပေသည်။သို့သော်အရေးကြီးသောအခိုက်အတန့်တွင် သူ့ကိုယ်သူတည်ငြိမ်အောင်မထိန်းနိုင်ဘဲ သူ့နှလုံးက ဗုံတီးသလိုလိုဒုန်းစိုင်းခုန်နေပြီး ရင်ဘတ်ထဲမှခုန်ထွက်လုမတတ်ဖြစ်နေပေသည်။
သို့သော်တစ်စက္ကန့်ကြာပြီးနောက် သူ့လက်ကောက်ဝတ်ကို နူးညံ့သောလက်တစ်စုံက လှမ်းဆွဲလာ၏။
“မဆွဲလိုက်နဲ့”
သူက မသိစိတ်အရဝိုးတဝါးသတိပေးလိုက်သည်။သူ့လက်တစ်ဖက်က ကျိုးလန်ကိုဆွဲထားဆဲဖြစ်သည်။အမျိုးသမီးတစ်ယောက်၏အလေးချိန်ပါပေါင်းထားသည့် ယောက်ျားတစ်ယောက်ကို မိန်းမငယ်လေးတစ်ယောက်က ဆွဲတင်နိုင်မည်မဟုတ်ပေ။သူမပါသူတို့နှင့်အတူ ပြုတ်ကျသွားနိုင်ခြေများ၏။
“ရှင်ကလူကောင်းတစ်ယောက်ပါ ကျွန်မရှင့်ကိုသေခွင့်မပြုနိုင်ဘူး”
ဘယ်သူကထင်ထားမှာလဲ။မိန်းကလေးက သူမလက်ကိုမလွှတ်လိုက်ရုံသာမက နှုတ်ခမ်းများကိုကွေးကာ တည်ငြိမ်သောအပြုံးတစ်ခုကိုဖော်ပြလာ၏။တခနကြာပြီးနောက် သူ့လက်ကောက်ဝတ်၌တင်းအားတစ်ခုကိုခံစားလိုက်ရကာ လူတစ်ကိုယ်လုံးကမြှောက်တက်သွားလေသည်။နောက်တစက္ကန့်တောင်မကြာသေးခင်မှာဘဲ ဂေါ်ဖီထုပ်တစ်ထုပ်လိုပင် သူရောကျိုးလန်ပါ အပေါ်သို့မြှောက်လာပြီး ခေါင်မိုးထပ်၏ကြမ်းပြင်ပေါ်သို့လဲကျသွားလေသည်။
ရှောင်လျို့ :。。。。。
အင်အားရှိသမျှပြေးလာကြသော ကျူးမင်စစ်နှင့် အဖွဲ့သားများ : “Damn!”
ကျူးမင်စစ်က ယွင်ရုန်၏လက်ကိုတစ်လှည့် ကြမ်းပြင်ပေါ်တွင်ထိုင်နေသောရှောင်လျို့နှင့်ကျိုးလန်ကိုတစ်လှည့်ဖြင့် အကြိမ်အနည်းငယ်လောက်ကြည့်နေမိပြီး သူအိပ်မက်မက်နေတာများလားဟုတွေးနေမိသည်။ဒီလူနှစ်ယောက်လုံးပေါင်းလိုက်လျှင် ခန့်မှန်းခြေအားဖြင့် 150kgလောက်ရှိပေသည်။သို့သော် မိန်းမငယ်လေးက သူတို့ကိုဆွဲတင်လိုက်တာ ဘာအခက်အခဲမှမရှိသလိုဘဲ။
ကျူးမင်စစ်ကြည့်သည်ကိုခံနေရသည့် ယွင်ရုန်၏မျက်နှာကတည်ငြိမ်နေသော်လည်း သူမရင်ထဲ၌စိတ်လှုပ်ရှားနေပြီဖြစ်သည်။ခုနတုန်းက လူနှစ်ယောက်ကိုဆွဲတင်နိုင်ရန် သူမကအသိအသာပင်မှော်စွမ်းအင်သုံးလိုက်နိုင်သော်လည်း လူသိမခံရစေရန်အတွက် သူမကိုယ်တိုင်သူတို့ကိုဆွဲတင်လိုက်ခြင်းဖြစ်သည်။
ဒီလိုဆိုမထူးဆန်းနေလောက်ပါဘူးနော် ဟုတ်တယ်မလား။
ဘေးမှလူများက ရှောင်လျို့နှင့်ကျိုးလန်၏အခြေအနေကိုစစ်ဆေးလာကြသည်။ရှောင်လျို့ကအဆင်ပြေသော်လည်း ကျိုးလန်ကလက်ရန်းပေါ်မှခုန်ချရင်း ထိခိုက်သွားလေသည်။သူမပေါင်တွင် ကြီးမားသည့်ဟက်တက်ကွဲဒဏ်ရာတစ်ခုရှိနေကာ သွေးများကဖြေးဖြေးချင်းစိမ့်ထွက်နေသဖြင့် မြင်လိုက်သူတိုင်းကိုကြောက်ရွံ့သွားစေနိုင်ပေသည်။
အစတွင် သူတို့ကသတ်သေချင်သောသူကိုထိန်းသိမ်းရမှာဖြစ်သော်လည်း ကျိုးလန်၏လက်ရှိအခြေအနေကိုမြင်သောအခါသူမကို ဆေးရုံသို့ပို့လိုက်ရသည်။မည်သည့်ကိစ္စတွင်မဆို မတော်တဆမှုများဖြစ်လာမည်ကိုစိုးရိမ်သဖြင့် လူနာတင်ယာဉ်ကို အောက်ထပ်၌အဆင့်သင့်လုပ်ထားပြီးသားဖြစ်သည်။
တခဏကြာပြီးနောက် ဆရာဝန်နှင့်သူနာပြုများက လူနာတင်ကတ်ကိုယူပြီးရောက်လာကာ ကျိုးလန်ကိုသယ်ရန်လုပ်လိုက်သည်။
ယွင်ရုန်နားမှဖြတ်သွားသောအခါ အသက်မဲ့နေသည့်ကျိုးလန်က ယွင်ရုန်၏လက်ကိုလှမ်းဆွဲကာ စိတ်အားထက်သန်စွာဖြင့်မေးလာ၏။
“နင်ခုဏတုန်းကပြောလိုက်တာတွေက အမှန်ပဲလား”
“ကျွန်မကဘယ်တော့မှမလိမ်ဘူး”
ယွင်ရုန်ကခေါင်းငြိမ့်ပြလိုက်သည်။
“ကျွန်မပြောပြနိုင်တာကတော့ အခုချိန်မှာ ရှင်ကရှင့်ယောက်ျားရဲ့မိန်းမဖြစ်နေတုန်းဘဲ၊ ခုဏတုန်းက သတ်သေလိုက်ရင်တောင်မှ ရှင့်ယောက်ျားကိုဆက်ပြီးချမ်းသာနေအောင်လုပ်သွားဖို့အဖြစ်များတယ်၊ ရှင်ကသရဲဘဝရောက်သွားတာတောင် ရှင့်ယောက်ျားအသုံးချတာကိုခံဦးမှာလား”
အသိအသာကြီးပင်သူမက မိန်းမပျိုတစ်ယောက်သာဖြစ်သော်လည်း သူမ၏စကားပြောပုံ၊ကြည့်ပုံတို့က လေးနက်ကာ တာဝန်သိတတ်ပြီး သက်ရှိအားလုံးအပေါ်သနားကရုဏာနှင့် သည်းခံမှုများကိုဖော်ပြနေပေသည်။
ကျိုးလန်ကအံ့ဩသွားကာ ခနကြာပြီးနောက် စိတ်သောကရောက်နေသည့်သူမအမူအရာက ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်သလိုပြောင်းလဲသွားလေသည်။
ရုတ်တရက်ပင် နားလည်ခြင်းတရားက သူမပေါ်သို့တောက်ပလာခဲ့သည်။၎င်းကဤနှစ်များတွင် သူမဘဝကိုဖုံးအုပ်နေခဲ့သည့်မြူများက မှုတ်ထုတ်ခံလိုက်ရသလိုပင် အရာအားလုံးကခရစ်စတယ်လိုကြည်လင်လာခဲ့သည်။ လော့ဝေကဘာလို့ရုတ်တရက်ကြီးသူမကိုလက်ထပ်ခွင့်တောင်းခဲ့တာလဲဆိုတာရဲ့အကြောင်းရင်း။ သူမနှစ်တွေအများကြီးတိုင်အောင် ကလေးမရနိုင်တာတောင်မှ လော့ဝေကဘာလို့စိတ်မပျက်တာလဲဆိုတဲ့အကြောင်းရင်း။သူမတစ်ယောက်တည်းကသာ ရူးမတတ်ကလေးလိုချင်နေခဲ့သောသူဖြစ်သည်။
အစတွင်ကျိုးလန်က သူမခင်ပွန်းသည်ယာယီစိတ်ရှုပ်သွားတာလောက်ဘဲဖြစ်မည်ဟုထင်ထားခဲ့ခြင်းဖြစ်သည်။၎င်းကိုအချိန်အတော်ကြာကတည်းက ကြိုတင်စီစဉ်ထားခြင်းဖြစ်မည်ဟု မထင်ထားခဲ့ပေ။ထိုချစ်လှပါသည်ဟူသောကြင်နာမှုများသည် သူမကိုယ်သူမလှည့်စားနေခဲ့ခြင်းသာဖြစ်နေခဲ့၏။တင့်တယ်လှပသောအခွံအောက်တွင် ပျက်စီးခြင်းများနှင့်သာပြည့်နှက်နေခဲ့ပေသည်။
“ကျေးဇူးပါ”
ကျိုးလန်ကယွင်ရုန်လက်ကိုဖြေးဖြေးချင်းလွှတ်ပေးလာသည်။ မျက်ရည်တစ်စက်က သူမမျက်လုံးထောင့်မှစီးကျလာသော်လည်း သူမစိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သည်။လော့ဝေမရှိဘဲ သူမ၊ကျိုးလန်က ပြန်လည်ရပ်တည်နိုင်သည်။ဤလောကကြီးတွင် ဘယ်သူကမှတစ်ယောက်တည်းဖြစ်သွား၍ အသက်မရှင်ချင်တာမျိုးမဖြစ်သင့်ပေ။
ကျိုးလန်က တဖြေးဖြေးချင်းအဝေးသို့သယ်သွားခံရချိန်တွင် သူမ၏ဝမ်းဗိုက်မှရွှေရောင်အလင်းလုံးတစ်ခုထွက်လာပြီး ယွင်ရုန်ဆီသို့လျင်မြန်စွာပျံသန်းလာကာ သူမကိုယ်ထဲဝင်သွားလေသည်။
ယွင်ရုန်၏မျက်စိကိုမှေးလိုက်ကာ သူမတစ်ကိုယ်လုံးဆီမှပျော်ရွှင်မှုကိုခံစားလိုက်ရသည်။ သူမခံစားချက်ကလည်း အနည်းငယ်ပိုကောင်းလာခဲ့၏။
ကျူးမင်စစ်က ခေါင်မိုးထပ်အစွန်သို့လျှောက်လာချိန်တွင် ယွင်ရုန်နှင့်ကျိုးလန်တို့၏စကားဝိုင်းကိုအကုန်ကြားလိုက်ရသည်။အစတွင်သူကတားချင်သော်လည်း ကျိုးလန်၏အမူအရာက ဖြေးဖြေးချင်းမျှော်လင့်ချက်များပြည့်လာသည်ကိုမြင်သောအခါ စိတ်ပြောင်းသွားပြီး သူတို့ကိုမနှောင့်ယှက်တော့ပေ။
ကျိုးလန်ထွက်သွားပြီးနောက် သူကယွင်ရုန်ဘေးသို့လျှောက်လာပြီး ကြင်နာသောအသံဖြင့်ဖြေးဖြေးချင်းပြောပြလာ၏။
“ကောင်မလေး ငါမင်းလူကယ်ချင်တာကိုသိပါတယ် ဒါပေမယ့်အခုလေးတင်မင်းပြောလိုက်တဲ့စကားတွေက နောက်ဆိုမပြောသင့်ဘူး၊အဲ့ဒါက မြေရှင်ပဒေသရာဇ်ခေတ်က အယူသည်းမှုတွေကိုအားပေးနေသလိုဘဲ နားလည်လား”
မြေရှင်ပဒေသရာဇ်ခေတ်အယူသည်းမှုသည် ပြောလို့ကောင်းသောအရာမဟုတ်ပေ။ယွင်ရုန်က ဝူစုန့်ယာ၏ချွေးမက ဤအချက်ကိုသုံးပြီးဆူဆဲခဲ့သည်ကိုကြားခဲ့ရရာ မျက်မှောင်ကြုတ်လိုက်မိသည်။သူမကိုစကားပြောနေသောသူအား လှည့်ကြည့်လိုက်သောအခါ သူကအပြာအနက်စပ်ရဲယူနီဖောင်းဝတ်ထားသည်ကိုမြင်လိုက်ရ၏။သူမက သူ့မျက်နှာမှတစ်ဆင့် ရွှေရောင်အလင်းတန်းအရိပ်အယောင်ကိုမြင်နေရရာ ကိုယ်ကျင့်သိက္ခာကောင်းပြီး ကုသိုလ်ကောင်းရှိသည့်လူဟုဖော်ပြနေပေသည်။
သူတော်ကောင်းတရားရှိတဲ့သူလား?။
ထားလိုက်တော့။ ယွင်ရုန်က နှုတ်ခမ်းကိုစေ့ကာ ဘာမှပြန်မပြောလိုက်ပေ။
ကျူးမင်စစ်က ယွင်ရုန်ဘာမှမပြောသည်ကိုမြင်လိုက်ရကာ သူမက သူ့သားနှင့်အသက်တူတူနီးပါးဖြစ်သည်ကို သတိပြုမိသွားသည်။သူမက ကလေးငယ်လေးဖြစ်နေဆဲဟုတွေးမိသွားသောအခါ ဘာမှဆက်မပြောရက်တော့သဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။
“ဘာပဲဖြစ်ဖြစ်ပါ ဒီနေ့မှာမင်းရဲ့သတ္တိရှိရှိလုပ်ဆောင်ခဲ့တာက တကယ်ကိုချီးကျူးထိုက်တယ်၊ မနက်ဖြန်ကျရင် တပ်ဖွဲ့10ဆီလာခဲ့ ချီးမွှမ်းထိုက်တဲ့ဆုပေးမယ် မင်းနာမည်ကဘာလဲ”
မိန်းမငယ်လေးက ကိစ္စကောင်းလုပ်ပေးထားတာ ဘာလို့ဆုမပေးရမှာလဲ။ကျူးမင်စစ်ကသူ့ဘာသာတွေးလိုက်သည်။သူမက ရှောင်လျို့နှင်ကျိုးလန်ကို ဆွဲတင်နိုင်ခဲ့သဖြင့် သူကျေးဇူးတင်မိသည်။ထိုအချိန်တုန်းက သူတို့အမြန်ပြေးလာသော်လည်း နှစ်စက္ကန့်လောက်နောက်ကျသွားပြီဖြစ်သည်။နှစ်စက္ကန့်အတွင်းတွင် ဟင်းပွဲများကအေးစက်သွားနိုင်ရာ လူနှစ်ယောက်အသက်ကရောဘယ်လိုဖြစ်သွားနိုင်မလဲ။
အထပ်နှစ်ဆယ်အဆောက်အဦးပေါ်မှပြုတ်ကျသွားသဖြင့် အောက်ရှိလေဖောင်းအခင်းကလည်း အလှဆင်သလိုသာဖြစ်နေလိမ့်မည်။ပြည်သူ့လုံခြုံရေးစနစ်နေရာတွင်ရှိနေချိန်၌ ချက်ချင်းဆိုသလိုလူနှစ်ယောက်သေသွားပါက မတော်တဆမှုကြီးဖြစ်သည်။သူက ခုနကထိဒါကိုမတွေးနိုင်ခဲ့ပေ။အခုမှသူ့စိတ်ထဲပေါ်လာရာ ကျူးမင်စစ်က ချွေးစေးများထွက်လာပြီး အဆုံးမရှိနိုင်အောင် စိတ်သက်သာသွားသည်။
ဤအတွေးရထားဖြင့် သူကယွင်ရုန်ကို ဆုတစ်ခုပေးသင့်သည်ဟု ပိုပိုပြီးခံစားမိလာခဲ့သည်။
“ကျွန်မနာမည်ကယွင်ရုန်ပါ ဘာဆုမျိုးလဲ”
“ခန့်မှန်းခြေအားဖြင့် တစ်ထောင်ဝန်းကျင်ပေါ့”
ချီးမွှမ်းထိုက်သောဆုသည် သိပ်မများပေ။
ချက်ချင်းပင် ယွင်ရုန်၏မျက်လုံးများကအရောင်တောက်လာ၏။သူမကခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပါပြီ ကျွန်မသေချာပေါက်သွားလိုက်ပါ့မယ်”
ကုန်တချင်က သူမကိုတစ်မီလီယမ်ပေးချင်သော်လည်း သူမတန့်ချိုးတောင်ကိုရဖို့ ငွေဘယ်လောက်လိုနိုင်သည်ကို ဘယ်သူကသိမှာလဲ။တတ်နိုင်သမှငွေများများရှာထားခြင်းကသာ အကောင်းဆုံးဖြစ်သည်။
ထို့အပြင် ဆောက်လုပ်ရေးဝန်ထမ်းက ခေါင်းဆောင်လုအကြောင်းပြောခဲ့သေးသည်။သူမက တစ်ရာမီလီယမ်တန်ကြေးရှိမှသာ သူ့ကိုတွေ့နိုင်မှာဖြစ်သည်။ထိုအချိန်တုန်းက သူမကသတိမထားမိဘဲ ၁၀၀မီလီယမ်တန်ဖိုးသည် အားကောင်းသည့်မှော်စွမ်းအားတစ်မျိုးကိုပြောနေသည်ဟု တွေးခဲ့မိသည်။အခုတော့သူမနားလည်သွားလေသည်။၁၀၀မီလီယမ်တန်ရမည်မှာ ပိုက်ဆံအများကြီးရှိခြင်းကိုဆိုလို၏။
ဒီလိုလူမျိုးနှင့်ရင်ဆိုင်ရသောအခါ သူမဆီတွင်သူ့ထက်ပိုက်ဆံပိုရှိနေဖို့လိုသည်။
ယွင်ရုန်က နှုတ်ခမ်းကိုကိုက်ရင်း ထိုအချိန်ရောက်လျှင် သူမကမျှတစွာဖြင့် မှော်စွမ်းအင်ကိုမသုံးဟုတွေးလိုက်မိသည်။မဟုတ်ပါက သူမကခေါင်းဆောင်လုကိုအနိုင်ကျင့်သလိုဖြစ်သွားလိမ့်မည်။သူမက သူမ၏ပိုက်ဆံများဖြင့်သာ သူ့ကိုတိုက်ရိုက်နင်းခြေလိုက်တော့မည်။
ယွင်ရုန်က ကျူးမင်စစ်နောက်မှလိုက်လာ၏။သူမအောက်ထပ်သို့ရောက်သောအခါ ကျင်းဟုန်မိန်က ရဲကားထဲခေါ်သွင်းခံနေရသည်ကိုမြင်လိုက်ရသည်။အသိအသာပင် ကျင်းဟုန်မိန်ကဆန္ဒမရှိပေ။
“ရဲအရာရှိကြီး ဘာလို့လူတွေကိုလက်လွတ်စပယ်ဖမ်းနေတာလဲ အဲ့ဒီမိန်းမကကျွန်မရဲ့တိုက်ပေါ်ကခုန်ချတော့မှာလေ အဲ့ဒါကတင်ကံမကောင်းတဲ့သေဆုံးမှုဖြစ်နေပြီကို ရှင်ကကျွန်မကိုစကားနည်းနည်းတောင်ပြောခွင့်မပေးနိုင်ဘူးလား အဲ့ဒါကလည်း ကျွန်မကအရမ်းစိုးရိမ်တကြီးဖြစ်နေလို့ ပါးစပ်ကလွှတ်ခနဲပြင်းပြင်းထန်ထန်ပြောမိသွားတာပါ ဟုတ်ပြီလား”
“မဒမ်ကျင်း ဒီကိစ္စကမင်းရဲ့ကလပ်မှာဖြစ်သွားတာပါ၊ ပိုင်ရှင်တစ်ယောက်အနေနဲ့ မင်းကရဲတွေရဲ့စုံစမ်းစစ်ဆေးမှုမှာပူးပေါင်းပေးဖို့လိုပါတယ်”
လီရှောင်ဟွေ့က အမျိုးသမီးရဲဖြစ်သော်လည်း သူမကအင်အားမနည်းပေ။ကျင်းဟုန်မိန်ကိုဖမ်းနေချိန်တွင် သူမ၏စကားပြောပုံက ကိုယ့်ကိုကိုယ်နှိမ့်ချမနေသလို ထောင်လဲမထောင်လွှားနေပေ။
“ဘာအတွက်လဲ ကျွန်မတို့ရဲ့ကလပ်ကလည်း မတော်တဆအဖြစ်ခံလိုက်ရတာပါနော်ဟုတ်ပြီလား”
ကျင်းဟုန်မိန်က လီရှောင်ဟွေ့သည် စီးပွားရေးဆန်ဆန်တင်းကြပ်သောအမူအရာဖြင့် ကိုင်တွယ်နေသည်ကိုမြင်သောအခါ သူမအသားအရောင်ကချက်ချင်းပင် မည်းမှောင်လာခဲ့သည်။သူမက မျက်လုံးပြူးကာ လီရှောင်ဟွေ့ကိုစိုက်ကြည့်ပြီးပြောလာ၏။
“ယုံချင်ယုံ၊မယုံချင်နေ ကျွန်မ ရှင်တို့တွေကိုအာဏာရှင်ဆန်ဆန် ဥပဒေကိုသုံးပြီးအတင်းအကြပ်လုပ်နေကြတယ်လို့ သွားတိုင်ပစ်မယ်。。。”
ကျူးမင်စစ်က ထိုစကားကိုကြားသောအခါ ရှေ့သို့လျှောက်သွားပြီး ခက်ထန်စွာပြောလိုက်သည်။
“မဒမ်ကျင်း ကျွန်တော်တို့က ဥပဒေအတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ လူသိရှင်ကြားလုပ်ဆောင်နေတာပါ၊ ခင်ဗျားမကျေနပ်တာရှိရင် တိုင်တန်းစာတင်လို့ရပါတယ် ဒါပေမယ့်အခုချိန်မှာတော့ ခင်ဗျားကိုကျွန်တော်တို့နဲ့အရင်ပူးပေါင်းပေးဖို့ဒုက္ခပေးရတော့မှာဘဲ”
အခုလေးတင် ရဲအရာရှိမလေးကို အနိုင်ကျင့်နေခဲ့သောကျင်းဟုန်မိန်သည် ကျူးမင်စစ်၏အားကောင်းသောအရှိန်အဝါနှင့်ရင်ဆိုင်လိုက်ရသောအခါ ချက်ချင်းဆိုသလိုကြောက်လန့်သွားပြီး ရှက်ရွံ့စွာပြန်ဖြေလိုက်သည်။
“ကျွန်မက ဥပဒေလိုက်နာတဲ့သူပါ သဘာဝကျကျကို ကျွန်မကပူးပေါင်းပေးမှာပါ 。。。。。。”
ထိုသို့ပြောပြီးနောက်သူမဘက်မှအရင် ကားထဲသို့ဝင်သွားသည်။
သူမတစ်ဖက်လှည့်သွားသောအချိန်တွင် ယွင်ရုန်၏နှုတ်ခမ်းကိုကွေးလိုက်ကာ အေးစက်စက်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။သူမလက်ချောင်းများလှုပ်ရှားလိုက်သောအခါ အစိမ်းရောင်အလင်းတစ်ခုပေါ်လာပြီး ကျင်းဟုန်မိန်ဆီသို့မျောလွင့်သွားသည်။ထို့နောက်မျက်စိတမှိတ်အတွင်းတွင် ၎င်းကသူမကိုယ်ထဲသို့ဝင်ပြီးပျောက်ကွယ်သွားလေသည်။
ကျင်းဟုန်မိန်က ကားထဲ၌ထိုင်လိုက်ပြီးနောက် သူမတစ်ကိုယ်လုံးအေးစက်သွားသလိုခံစားလိုက်ရသည်။သူမက မထိန်းချုပ်နိုင်စွာတုန်ယင်လာပြီး မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
“ရဲအရာရှိကြီး ကားလေအေးပေးစက်ကိုနည်းနည်းလျှော့ပေးနိုင်မလား ဒါကအရမ်းအေးတယ်。。。。”
ကားမောင်းနေသောရဲအရာရှိက ကြောင်အစွာစိုက်ကြည့်လိုက်ကာ ကျင်းဟုန်မိန်က တမင်အမှားရှာနေသည်ဟုခံစားလိုက်ရသည်။သို့သော် သူက သူမကိုချိုသာသောလေသံဖြင့် ပြန်ဖြေပေးလိုက်ဆဲပင်။
“လေအေးပေးစက်ကို မဖွင့်ထားပါဘူး”
⛰️