Chapter 17
Viewers 469

⛰️Chapter 17.

အသက်ခွန်အား။



ထိုသို့လုပ်ပြီးနောက် ယွင်ရုန်က မဲ့ပြုံးပြုံးလိုက်ကာ တစ်ဖက်လူ၏ကံဆိုးမှုကိုပျော်ရွှင်နေလေသည်။ကျူးမင်စစ်သူမအနားကဖြတ်သွားသောအခါ သူက ခေါင်မိုးထပ်တွင်အယူသည်းမှုအကြောင်းပြောပြခဲ့သည်များကို ပြန်တွေးမိသွား၏။သူမက မျက်ဖြူလှန်ကာ သူ့ကိုလှမ်းပြောလိုက်သည်။


“ဦးလေးရဲကြီး မနက်ဖြန်မနက်ငါးနာရီလောက်ကျရင် ဦးလေးသတင်းကောင်းတစ်ခုရလိမ့်မယ်”


ဝူစုန့်ယာ၏မှတ်ဉာဏ်အရ ရဲအရာရှိနှင့်တွေ့သောအခါ သူတို့ကိုဦးလေးရဲကြီးဟုခေါ်၏။ဒီလိုခေါ်လိုက်တာက မမှားပါဘူးနော်ဟုတ်တယ်မလား။သို့သော် သူမရှေ့တွင်ရပ်နေသောလူသားကို ထိုသို့ခေါ်လိုက်ရသည်က သူမအတွက်အနည်းငယ်အဆင့်အတန်းမရှိသလိုခံစားလိုက်ရသည်။


ကျူးမင်စစ်က ကြောင်အသွားကာ သူမကိုဘာသတင်းကောင်းလဲဟုမေးတော့မည့်အချိန်တွင် သူ့လုပ်ဖော်ကိုင်ဖက်ကလှမ်းခေါ်လာ၏။သူကရဲကားပေါ်သို့တက်လိုက်ကာ ယွင်ရုန်၏စကားကိုမိန်းမငယ်လေးတစ်ဦး၏ဟာသဟုသာတွေးလိုက်ပြီး ခေါင်းအနောက်ထဲသို့ပို့ထားလိုက်သည်။


ကျူးမင်စစ်ထွက်သွားပြီးနောက် အနားတွင်ဝိုင်းကာ စိတ်လှုပ်ရှားစွာစောင့်ကြည့်နေသည့်သူများက လူစုခွဲသွားကြသည်။ယွင်ရုန်ကလှည့်ကြည့်လိုက်သောအခါ ကလပ်ဆိုင်းဘုတ်၏ မီးအိမ်အောက်တွင် ရပ်‌နေသောလျိုဝေ့ကိုမြင်သွားသည်။သူက နှုတ်ခမ်းကိုမဲ့ကာရူးမိုက်မိုက်အမူအရာဖြင့် ခေါင်းထုတ်ပြီး အပြင်မှအခြေအနေကိုချောင်းကြည့်နေ၏။ထို့နောက်သူက ကလပ်နှင့်သိပ်မဝေးသောနေရာမှ လမ်းကြားထဲသို့ဝင်သွားသည်။


ယွင်ရုန်က မျက်လုံးကိုမှေးလိုက်ကာ သူ့နောက်လိုက်ပြီး အလည်အပတ်တစ်ခုလုပ်ပေးရမည်ဟုတွေးလိုက်မိသည်။ထို့နောက်တွင်မူ သူမကသူ့နောက်မလိုက်တော့ဘဲ ကျင်းဟုန်မိန်ကိုလုပ်လိုက်သလို တစ်ပုံစံတည်းလုပ်ရန်ဆုံးဖြတ်လိုက်သည်။သူမလက်ချောင်းများကိုလျိုဝေ့ရှိရာဘက်သို့ လှုပ်ရှားလိုက်ကာ အစိမ်းရောင်အလင်းတစ်ခုက ဝှစ်ခနဲသူ့ကိုယ်ထဲသို့ဝင်သွားလေသည်။


အဝေးမှလမ်းလျှောက်နေသောလျိုဝေ့သည် သူ့ရှေ့မှ သံဘူးခွံတစ်ခုကို ဘန်းခနဲကန်လိုက်ပြီးလိမ့်သွားစေ၏။ရုတ်တရက်ပင် သူက သံဘူးခွံကိုနင်းမိပြီး ခြေထောက်ခေါက်သွားလေသည်။သူ့ကိုယ်ကမျှခြေမထိန်းနိုင်တော့ဘဲ ဘန်းခနဲလဲကျသွားသည်။


ကံမကောင်းစွာပင် သူ့ဘေးတွင် အမှိုက်ပုံးရှိနေသဖြင့် လျိုဝေ့ကအမှိုက်ပုံးထဲသို့လဲကျသွားပြီး အမှိုက်များကိုလွင့်ထွက်သွားစေ၏။ထို့နောက်နံဟောင်ကာ ညစ်ပတ်သည့်အမှိုက်များက သူ့ကိုယ်ပေါ်သို့ပြုတ်ကျလာလေသည်။


“ချီးတဲ့မှ စောက်ရမ်းနံလိုက်တာ”


လျိုဝေ့ကကြောက်လန့်တကြားထရပ်လိုက်သောအချိန်တွင် အမှိုက်နောက်တစ်သုတ်က သူ့ပေါ်သို့ထပ်ကျလာပြီး ထမခုန်ခင်တွင် နှစ်စက္ကန့်လောက်ကြောင်အသွားစေ၏။သူ့ပါးစပ်က အဆဲစကားများဖြင့်ပြည့်နှက်သွားလေသည်။


“fuck ဒီတလောအတွင်းမှာ လောင်ဇီက ကံဆိုးနေတာချည်းဘဲ”


သူကကျိန်ဆဲရင်း အမှိုက်ပုံးကိုကန်လိုက်သည်။ဤအချိန်တွင်အစင်းကြားကြောင်တစ်ကောင်က လမ်းကြားထဲမှရုတ်တရက်ထွက်လာလေသည်။လျိုဝေ့ကဒေါသထွက်လာပြီး အုတ်ခဲတစ်လုံးကိုဆွဲကာ ကြောင်ဆီလှမ်းပစ်လိုက်သည်။


“ထွီ လမ်းဘေးတိရစ္ဆာန် ဘာကြည့်နေတာလဲ”

အုတ်ခဲကိုပစ်လိုက်ပြီး ကိုယ်ပေါ်မှအမှိုက်များကိုခါကာ ထွက်သွားလေသည်။


ယွင်ရုန်က လျိုဝေ့၏ကံသည်အလွန်ဆိုးရွားနေမည်ဟု ထင်မထားခဲ့ပေ။သူမက ကံဆိုးမှုများဖိတ်ခေါ်ရန်အတွက် သူ့ကိုယ်ပေါ်တွင်  နိမိတ်မကောင်းသောစွမ်းအင်အနည်းငယ်လောက်ကိုသာ ထည့်လိုက်ခြင်းဖြစ်သည်။သို့သော်သူ့ကံက ချက်ချင်းဆိုသလိုအဆိုးဆုံးအခြေအနေသို့ပြောင်းလဲသွားသည်။ကြည့်ရတာ သူမလက်သုံးစရာတောင်မလိုတဲ့ပုံပဲ။လျိုဝေ့ကိုယ်တိုင်ကိုက မကောင်းသောအရာများကိုပြုလုပ်ခဲ့ရာ သူ့တစ်ကိုယ်လုံး၏အရောင်အဝါက မကောင်းတော့ပေ။သိပ်မကြာခင်မှာဘဲ သူစိုက်ပျိုးခဲ့သည်များကို ပြန်ရိတ်သိမ်းရတော့မည်။


֎    ֎    ֎


ဆေးရုံတွင်ယွမ်ယွမ်က အကြောဆေးချိတ်ပြီးသွားသဖြင့် လုဟွားနျန်က သူမကိုလုအိမ်သို့ပြန်ခေါ်သွားရန်လုပ်လိုက်သည်။ကျန်းရှုဟွားက ဖြစ်ပျက်ခဲ့သည်များကိုကြားသောအခါ ဆေးရုံကိုလိုက်လာချင်သွားသည်။သို့သော်သူမသမီးကမလာဖို့ပြောသဖြင့် အိမ်တွင်သာစိုးရိမ်တကြီးစောင့်နေရလေသည်။


သူမ၏အဖိုးတန်မြေးမလေးကို သူမသမီးကချီထားပြီး အိမ်ထဲဝင်လာသည်ကိုမြင်သောအခါ ချက်ချင်းပင်ဆိုဖာပေါ်မှထရပ်လိုက်ပြီး ယွမ်ယွမ်ကိုပွေ့ဖက်လိုက်ပြီး စိတ်ဆင်းရဲတကြီးဆိုလာ၏။

“အဖွားရဲ့ယွမ်ယွမ်လေး လန့်သွားမှာဘဲ၊ အဲ့ဒါကအဖွားကိုအရမ်းစိတ်ပူသွားစေတာ”


“ဖွားဖွား သမီးဘာမှမဖြစ်ပါဘူး”


ယွမ်ယွမ်တစ်ယောက် ယွင်ရုန်၏ကျောက်စိမ်းကိုရလာကတည်းက ကြောက်လန့်သွားသောသူမ၏ဝိဉာဉ်သည် နှစ်သိမ့်သွားကာ တည်ငြိမ်လာခဲ့သည်။ကလေးငယ်များက မြန်မြန်မေ့သွားတတ်သဖြင့် ခနကြာပြီးနောက်သူမကမကြောက်တော့ပေ။ကျန်းရှုဟွားကိုကြည့်ကာ ယွမ်ယွမ်ကအပြုံးချိုချိုလေးတစ်ခုပြုံးပြလိုက်လေသည်။


“ဟုတ်တာပေါ့ အဖွားတို့ရဲ့ယွမ်ယွမ်ကဘာမှမဖြစ်ဘူး ယွမ်ယွမ်ကနေကောင်းတယ်”

ကျန်းရှုဟွားက ယွမ်ယွမ်တစ်ယောက်ပုံမှန်အတိုင်း ပြုံးနိုင်၊ပြောနိုင်သည်ကိုမြင်သောအခါမှ စိတ်ပူနေသောသူမစိတ်ကလည်း အနားရနိုင်တော့သည်။ကလေး၏ဆံပင်ပျော့လေးများကိုပွတ်ကာ အိမ်စေအားပြောလိုက်သည်။


“ဒေါ်လေးချန် ဒီကိုအချိုပွဲလေးယူခဲ့ပေးပါဦး”


ဒေါ်လေးချန်က အချိုပွဲယူလာကာ ယွမ်ယွမ်ကိုကျွေးလိုက်သည်။စားပွဲတွင်စကားပြောနေသော သူမ၏မြေးမလေးကိုကြည့်ကာ ကျန်းရှုဟွားက သူမသမီးကိုသက်ပြင်းချပြလိုက်သည်။

“ယွမ်ယွမ်ဘာမှမဖြစ်တာကောင်းတယ် ဒီနေ့တစ်နေ့လုံးမားစိတ်ပူနေတာ”


ကိစ္စများစွာဖြစ်လာခဲ့ရာ ယနေ့၏နေ့ခင်းသတင်းတိုင်းက ဤဖြစ်ရပ်အကြောင်းကိုတင်ပြခဲ့ကြသည်။၎င်းတွင် ရှူထောင့်မျိုးစုံ၊အဖြစ်အပျက်မျိုးစုံရှိ၏။သူမဤအကြောင်းကိုကြားသောအခါ ကြောက်လန့်တကြားဖြင့်တုန်လှုပ်ကာ မေ့လဲမတတ်ဖြစ်သွားပေသည်။ လုဟွားနျန်က သူမကိုဖုန်းဆက်ပြီး ယွမ်ယွမ်ကနည်းနည်းလေးတောင် မထိခိုက်သွားကြောင်း ပြောလာသောကြောင့်ပင်၊ မဟုတ်ပါက သူမကိုလည်းဆေးရုံတင်လိုက်ရလောက်သည်။


“ယွမ်ယွမ်မှာ ဘာနောက်ဆက်တွဲဆိုးကျိုးမှမရှိလောက်ပါဘူးနော် ဆရာဝန်ကတစ်ခုခုပြောသေးလား”


“မရှိပါဘူး သူကကြောက်သွားပြီးအဖျားနည်းနည်းဝင်သွားတာ အခုတော့အဖျားလည်းသက်သာသွားပြီ သမီးတို့သူ့ကိုသေချာဂရုစိုက်ပေးဖို့ပဲလိုတယ်”


ဒီနေ့တစ်နေ့လုံးလုဟွားနျန်၏ အာရုံကြောများတင်းမာနေကာ အခုမှဘဲသူမလည်း စိတ်အေးသွားနိုင်တော့သည်။သူမက လက်ဖက်ရည်တစ်ခွက်ငှဲ့ရင်း သူမမိခင်ကိုစကားပြောနေသော်လည်း သူမအကြည့်များက အစမှအဆုံးယွမ်ယွမ်ဆီမှမလွှဲသွားပေ။


သားအမိနှစ်ယောက်စကားပြောနေချိန်တွင် အသက်ခြောက်ဆယ်အရွယ်ယောက်ျားတစ်ယောက်က အပေါ်ထပ်မှဆင်းလာ၏။သူ၏နက်မှောင်နေသောဆံပင်တွင် ငွေရောင်ဆံပင်တစ်ချို့ရောယှက်နေ၏။သို့သော်သူ၏စကားပြောပုံနှင့် အသွင်အပြင်ကခံ့ညားထည်ဝါလှသည်။သူ့လက်ထဲတွင် သစ်သားအိမ်သေးသေးလေးကိုကိုင်ထားကာ အောက်ထပ်သို့ဖြေးဖြေးချင်းဆင်းလာ၏။


သို့သော်သူ၏ခံ့ညားသောအသွင်အပြင်က တစ်စက္ကန့်လောက်သာရှိသည်။စားပွဲတွင်ထိုင်ပြီး အချိုပွဲစားနေသောယွမ်ယွမ်ကိုတွေ့သောအခါ သူ၏အမူအရာတစ်ခုလုံးက ချစ်မြတ်နိုးနေသောပုံစံပြောင်းသွားသည်။


“ယွမ်ယွမ် အဖိုးကမြေးအတွက် ဘာလုပ်ပေးထားလဲဆိုတာကိုကြည့်ပါဦး”


“ဖိုးဖိုး”

ထိုအသံကိုကြားသောအခါ ယွမ်ယွမ်ကမော့ကြည့်‌လာပြီး လိမ်မာစွာလှမ်းခေါ်လာ၏။သူမအကြည့်က လုနန်ရှန်း၏လက်ထဲသို့ရောက်သောအခါ အံ့ဩသွားလေသည်။

“ဒါက လူပုလေးခုနှစ်ယောက်ရဲ့သစ်သားအိမ်လေးဘဲ ဖိုးဖိုးကဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန်လုပ်ပြီးသွားတာလဲ”


“ဒါပေါ့ အဲ့ဒါကယွမ်ယွမ်လေးလိုချင်တာဆိုမှတော့ ဖိုးဖိုးကမြန်မြန်လုပ်ရတာပေါ့”

လုနန်ရှန်းက မျက်လုံးများမှေးသည်အထိပြုံးပြလာသည်။ထို့နောက်သူ့လက်ထဲမှသစ်သားအိမ်ကို ယွမ်ယွမ်၏လက်ထဲသို့ထည့်ပေးလာသည်။


ယွမ်ယွမ်က သူမလက်ထဲမှသစ်သားအိမ်လေးကို ဂရုတစိုက်ကိုင်လိုက်သည်။အဖိုးဖြစ်သူ၏စကားများကိုကြားသောအခါ သူမကပြန်ငြင်းလိုက်လေသည်။


“အဲ့လိုမဟုတ်ပါဘူးနော် အရင်တစ်ခါသမီး ဘာဘီအသုံးအဆောင်လေးတွေလိုချင်တယ်လို့ပြောခဲ့ပေမယ့် နှစ်ဝက်လောက်ကြာသွားတာတောင် အဖိုးကမလုပ်ပေးသေးဘူးလေ”


“ဒီကလေးမလေးကတော့ ဘာလို့အဲ့လောက်တောင်မှတ်ဉာဏ်ကောင်းရတာလဲ”


လုနန်ရှန်းက ကူကယ်ရာမဲ့စွာဖြင့်တောင့်တင်းသွားကာ ရယ်ပြီး ယွမ်ယွမ်၏နဖူးကိုပုတ်လိုက်သည်။၎င်းက သူ မလုပ်နိုင်တာမဟုတ်ပါပေ။သို့သော်ဒီသစ်သားအိမ်လေးကိုဆောက်ရန်အတွက် ၁၁နာရီမှ၁နာရီအထိ နာရီအနည်းငယ်လောက်လိုကာ လုပ်နေချိန်တွင်သစ်သားတုံးတစ်ချို့ကိုလည်းပျက်စီးစေခဲ့သည်။


သူ့မြေးမလေးက ကြောက်လန့်စရာကိုခံစားခဲ့ရပြီး ဒီလိုအရာများကိုလုပ်နိုင်သည့် အခြားအဖိုးဖြစ်သူများနှင့်ဆက်တိုက်နှိုင်းယှဉ်ခံနေရလို့သာမဟုတ်ရင်。。。。လုအုပ်စုရဲ့ဥက္ကဠအနေနဲ့သူက ဒီလိုဟာမျိုးလေးတွေကိုလုပ်ပေးဖို့အချိန်ရှိမှာတဲ့လား။


ယွမ်ယွမ်ကပျော်ရွှင်စွာကစားနေသည်ကိုကြည့်ပြီးနောက် လုနန်ရှန်းကတစ်ဖက်လှည့်သွားကာ သူ့မျက်နှာကပုံမှန်တည်တင်းသောပုံစံသို့ပြောင်းလာလေသည်။သူက ကျန်းရှုဟွားဘေးလျှောက်လာပြီး သူမဘေးတွင်ထိုင်ကာ မေးလာ၏။


“ဖုန်းဆက်တုန်းက ယွမ်ယွမ်ကိုကောင်မလေးတစ်ယောက်က ကယ်ခဲ့တယ်လို့ပြောခဲ့တယ်မလား သမီးသူ့ကိုဘယ်လိုကျေးဇူးတင်ဖို့စီစဉ်ထားလဲ”


လုဟွားနျန်က ယွင်ရုန်အကြောင်းရောက်လာသောအခါ မျက်မှောင်ကြုတ်လိုက်သည်။


“သမီးသူ့ကိုကျေးဇူးတင်ဖို့လုပ်ပါသေးတယ် ဒါပေမယ့်သမီးအာရုံမစိုက်မိတဲ့အချိန်လေးမှာ အဲ့မိန်းကလေးကထွက်သွားပြီ၊ အဲ့ဒီအချိန်တုန်းက သူ့ကိုယွမ်ငါးသောင်းထည့်ထားတဲ့ဘဏ်ကဒ်ကိုဘဲပေးလိုက်ရသေးတယ် အစတုန်းကယွမ်ယွမ်ကိစ္စကိုဖြေရှင်းပြီးရင် သူ့ကိုထမင်းစားဖိတ်မလို့ပါပဲ。。。”


“ဘယ်လိုဖြစ်ပြီးလူတစ်ယောက်ကို ပိုက်ဆံပဲပေးလိုက်ရတာလဲ”

လုနန်ရှန်းကဘာမှမပြောရသေးခင်တွင် ကျန်းရှုဟွားကကန့်ကွက်လာ၏။


“အဲ့ဒီကောင်မလေးက လူ့အသက်ကိုကယ်ခဲ့တာ၊ ငါတို့မိသားစုရဲ့ကျေးဇူးရှင်ပဲ အဲ့ဒါကိုသမီးက ပိုက်ဆံပေးလိုက်တော့ သူ့ကိုစော်ကားသလိုမဖြစ်သွားဘူးလား”


“မား သမီးကအဲ့လိုဆိုလိုတာမဟုတ်ပါဘူး”

လုဟွားနျန်က လျင်မြန်စွာရှင်းပြလာ၏။


“သမီးကသူ့ကိုကျေးဇူးတင်လို့တောင်မလုံလောက်ပါဘူး အဲ့ဒီအချိန်တုန်းက သူ့ကိုဘာများလိုအပ်တာရှိလဲဆိုပြီးမေးလိုက်သေးတယ် သူမက ယွမ်ငါးထောင်လောက်ဘဲတောင်းလာတယ်လေ သူ့ပုံစံကိုကြည့်ရတာ သိပ်အဆင်မပြေတဲ့ပုံပါပဲ သမီးက သူအဲ့ပိုက်ဆံတွေကို အရေးတကြီးလိုနေမှာကိုစိုးရိမ်ပြီး သူသုံးလို့ရအောင် ယွမ်ငါးသောင်းထည့်ထားတဲ့ကဒ်ကိုပေးလိုက်တာပါ၊ ကျန်တာတွေကို ယွမ်ယွမ်ဆေးရုံဆင်းမှဘဲဆက်လုပ်တော့မယ်ဆိုပြီးပေါ့ မထင်ထားတာက သူမကဖုန်းနံပါတ်လေးတောင်မချန်သွားဘူး。。。。”


“ဒီကိစ္စကို သမီးရင်ထဲမှာလဲအဆင်မပြေခံစားနေရတယ်”

လုဟွားနျန်ကသက်ပြင်းချလိုက်သည်။


“သမီး ဟယ်နျန်ကို အဲ့ကောင်မလေးကိုကူရှာပေးဖို့ပြောထားတယ်၊ သူရှာတွေ့ရင် သေချာပေါက်ကောင်းကောင်းမွန်မွန်ကျေးဇူးတင်လိုက်ပါ့မယ်”


သူ့သမီး၏ရှင်းပြချက်ကိုကြားသောအခါ ကျန်းရှုဟွားက မျက်ခုံးပင့်လိုက်မိသည်။


“သမီးကြည့်ရတာ အဲ့ဒီမိန်းကလေးကိုအရမ်းသဘောကျပုံပဲ”


သူမက သူမ၏သမီးကိုနားလည်နေဆဲဖြစ်သည်။လုဟွားနျန်က အလွန်စိတ်အားထက်သန်ကာ ကြင်နာတတ်သောသူမျိုးမဟုတ်ပေ။တစ်ဖက်လူက ထွက်သွားပြီဖြစ်ကာ ပိုက်ဆံလည်းပေးလိုက်သော်လည်း သူမက ထိုကောင်မလေးကိုပြန်ရှာချင်သေး၏။ဒါကသူမ၏ပုံမှန်သဘောထားနှင့် လုံးဝမကိုက်ညီပေ။


“မားမသိပါဘူး အဲ့ဒီမိန်းကလေးက တောက်ပလင်းလက်ပြီးလှပနေရော သူ့အပြုအမူတွေကလည်း သန့်ရှင်းသပ်ရပ်တယ် သမီးကသူ့ကိုအမြင်ကောင်းရှိတယ် အဲ့ဒါက သူများသမီးကိုကြည့်နေရသလိုပဲ”

(Tn:မိဘများက ကိုယ့်ကလေးများကိုဆုံးမရာတွင် ယှဉ်ပြောလေ့ရှိသည့် သူများအိမ်မှလိမ်မာထက်မြက်သည့်ကလေးကို သူများကလေးလို့ပြောချင်တာပါ)


ထိုသို့ပြောနေချိန်တွင် လုဟွားနျန်ကပြုံးလိုက်မိကာ သူမအကြည့်များကလည်းနူးညံ့လာသည်။


“သမီးလူတွေအများကြီးကို တွေ့ဖူးပါတယ် ဒါပေမယ့် ဘယ်သူကမှသမီးကို ဒီလိုခံစားချက်မျိုးမဖြစ်စေဘူး”


ကျန်းရှုဟွားကလည်း ထူးထူးခြားခြားခံစားမိသွားကာ ပြုံးလိုက်မိသည်။

“သူ့ကိုရှာတွေ့ရင် မားလည်းသူနဲ့တွေ့ချင်တယ် ဒီလောက်တောင် နှစ်လိုဖွယ်ကောင်းတဲ့မိန်းကလေးမျိုးရှိတာလား”


လုမိသားစုကစကားကောင်းနေချိန်တွင် အိမ်ဖော်က ‌အကြောင်းကြားလာလေသည်။

“သခင်ကြီး၊ သခင်မ ဆရာသခင်ကျန်းရောက်လာပါတယ်”


ဆရာသခင်ကျန်းလား။


လူတိုင်း၏အမူအရာက တည်ကြည်သွားလေသည်။ဆရာသခင်ကျန်းက ဟိုင်ရှီးအထူးရုံးမှ ဗျူရိုခေါင်းဆောင်တစ်ယောက်ဖြစ်သည်။သဘာဝလွန်နယ်ပယ်တွင် သူကအတော်ဆုံးများထဲမှတစ်ယောက်ဟု သတ်မှတ်ခံထားရပြီး သာမာန်လူများကသူ့ကိုဖိတ်ခေါ်နိုင်စွမ်းမရှိပေ။သို့သော်လွန်ခဲ့သည့်နှစ်၃၀ခန့်က ကိစ္စတစ်ချို့ကြောင့် လုနန်ရှန်းက တိုက်တိုက်ဆိုင်ဆိုင် ဆရာသခင်ကျန်း၏အသက်ကိုကယ်ခဲ့ရာ သူနှင့်ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့လေသည်။


ကျန်းရှုဟွားတစ်ယောက် လုဟယ်နျန်ကိုမွေးသောအချိန်တွင် မိုးကြိုးများကတဂျိန်းဂျိန်းပစ်ခတ်နေပြီး ဆေးရုံထဲတွင် သရဲငိုသံ၊ ဝံပုလွေအူသံများစသည့် ထူးဆန်းသည့်အသံများဆက်တိုက်ထွက်ပေါ်နေခဲ့သည်။ဆရာသခင်ကျန်း၏လျင်မြန်စွာရောက်ရှိလာမှုကြောင့်သာ သူမက ချောချောမွေ့မွေ့ မီးဖွားနိုင်ခဲ့ခြင်းဖြစ်သည်။


ထိုအချိန်တုန်းက ဆရာသခင်ကျန်းတစ်ယောက် လုဟယ်နျန်ကိုပထမဆုံးအကြိမ်မြင်သောအခါ ကြီးကြီးကျယ်ကျယ်ကိုလန့်ဖျပ်သွားခဲ့သည်။ထို့နောက် သူကသူတို့အား လုဟယ်နျန်၏ကိုယ်နားတွင် နိမိတ်မကောင်းသည့်အရောင်အဝါတစ်ချို့ဝန်းရံနေသဖြင့် ခက်ခဲကာ လက်မထပ်နိုင်သည့်အထီးကျန်ဘဝတွင်နေရမည်ဟုပြောပြလာခဲ့သည်။ ၎င်းကိုဖိနှိပ်ရန်အတွက် သူတို့က လတိုင်းလတိုင်းဆရာသခင်ကျန်းရောက်လာပြီး လုဟယ်နျန်အတွက် အေးချမ်းပြီး ဘေးကင်းစေသည့်အဆောင်လုပ်ပေးမှာကိုသာ မှီခိုနေခဲ့ရပေသည်။


ထို့ကြောင့်ဆရာသခင်ကျန်းရောက်လာသောအခါ လူတိုင်းကစိတ်လှုပ်ရှားလာပြီး လုဟယ်နျန်၏အခြေအနေကပိုပြင်းထန်လာမည်ကို ကြောက်ရွံ့နေကြသည်။


လုနန်ရှန်းက ဆရာသခင်ကျန်းကိုတံခါးဆီ၌ ကိုယ်တိုင်ကိုယ်ကျကြိုဆိုလာ၏။ခဏလောက်ကြာပြီးနောက်တွင် သူက အဖြူရောင်တာအိုဝတ်စုံဝတ်ထားကာ လောကကြီးမှလွတ်ကင်းနေသည့်မသေမျိုး ဟုထင်ရသည့် အဖိုးအိုတစ်ယောက်ကိုခေါ်လာလေသည်။တစ်ဖက်တွင် သူကcrew-cutညှပ်ထားသည့် အဖြူရောင်ဆံပင်နှင့်ဖြစ်ကာ သူ့မျက်နှာအသွင်အပြင်များကလည်း အသက်၄၀အရွယ်သက်လတ်ပိုင်းတစ်ယောက်ဟုသာ ထင်နေရဆဲဖြစ်သည်။


အသက်၃၀အရွယ်ယောက်ျားတစ်ယောက်က လက်ထဲတွင်အိတ်တစ်လုံးကိုကိုင်ကာ နောက်မှလိုက်လာ၏။သူက ဆရာသခင်ကျန်း၏တပည့် ဝမ်းပေါ်ပင်။


“ဆရာသခင်ကျန်း ဒီလိုနောက်ကျမှ ဘာဖြစ်လို့ရောက်လာတာလဲ ဟယ်နျန်ရဲ့အသက်အက္ခရာက ပြသနာတစ်ခုခုပြနေလို့လား”


အမေတစ်ယောက်အနေဖြင့် ကျန်းရှုဟွားကအလွန်စိတ်ပူနေမိသည်။တစ်ဖက်လူထိုင်နေသည်ကိုစောင့်ပြီးနောက် သူမကချက်ချင်းမေးခွန်းထုတ်လာလေသည်။


“မဒမ်လုစိတ်မပူပါနဲ့ ကျုပ်ကသတင်းကောင်းပြောစရာရှိလို့ပါ”

ဆရာသခင်ကျန်းက နှစ်သိမ့်သည့်အပြုံးပြုံးပြလိုက်သည်။


သတင်းကောင်းလား။


လုမိသားစုဝင်တိုင်းက အံ့ဩသွားပြီး လုနန်ရှန်းကကမန်းကတန်းမေးလာ၏။

“ဘာသတင်းကောင်းလဲ”


“မနေ့ညတုန်းက ဟယ်နျန်အတွက် ငြိမ်းချမ်းစေတဲ့ဘေးကင်းအဆောင်လုပ်နေတုန်း သူ့ရဲ့အသက်လက္ခဏာကို တစ်ချက်တွက်ကြည့်လိုက်တယ် ကျုပ်အရင်ကပြောဖူးပါတယ် ဟယ်နျန်အသက်၃၀ရောက်တဲ့အချိန်ဟာ သူစစ်ဆေးခံရမယ့်အချိန်ဆိုပြီးတော့၊ သူသာအဲ့ဒါကိုဖြတ်ကျော်နိုင်ရင် သူ့ဘဝကံတရားကပြောင်းလဲသွားလိမ့်မယ် သာမာန်လူတစ်ယောက်လိုမျိုးကောင်းကောင်းနေနိုင်သွားမှာတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမယ့်သူမဖြတ်ကျော်နိုင်ရင်တော့ သူ့အသက်ကိုကာကွယ်ဖို့ခက်ခဲမှာဘဲ”


“ကျုပ် ဟယ်နျန်ဒီစစ်ဆေးမှုကိုကျော်ဖြတ်နိုင်ဖို့ နည်းလမ်းမျိုးစုံကိုဆက်တိုက်ရှာနေခဲ့ပေမယ့် ဘာမှရှာမတွေ့ခဲ့ဘူး”


ဆရာသခင်ကျန်းက ခနရပ်လိုက်သည်။

“ကျုပ်တွက်ချက်ကြည့်လိုက်တော့ မျှော်လင့်ချက်မဲ့နေတဲ့အခြေအနေအလယ်မှာ အသက်ခွန်အားတစ်ခုပေါ်လာတယ်”


“မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေဟုတ်လား”

ကျန်းရှုဟွား၏အသားအရောင်က သေလုမတတ်ဖြူဖျော့သွားသည်။


“အရင်တုန်းက ဒီအသက်၃၀အရွယ်မှာစစ်ဆေးမှုကြုံရမယ်လို့ ကျွန်မတို့ကိုပြောခဲ့တုန်းက တကယ်ပဲမျှော်လင့်ချက်မဲ့တဲ့အခြေအနေဟုတ်လို့လား”


အရင်တုန်းက လုဟယ်နျန်၏တောင်းဆိုမှုကြောင့် ဆရာသခင်ကျန်းက ကျန်းရှုဟွားနှင့်လုနန်ရှန်းတို့ကိုဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။လုဟယ်နျန်ကိုယ်တိုင်လည်း မနှစ်ကမှ ဒါကိုသိခဲ့ခြင်းဖြစ်သည်။လုဟယ်နျန်က သူ့ဆီတွင်အသက်ရှင်နိုင်မည့်အခွင့်အရေးက 20%ဘဲရှိသည်ကိုသိသောအချိန်တွင် အလွန်တည်ငြိမ်နေခဲ့ပြီး ဆရာသခင်ကျန်းကို ဖုံးကွယ်ထားရန်သာတောင်းဆိုခဲ့သည်။


ဆရာသခင်ကျန်းက လေးနက်စွာခေါင်းညိတ်ပြလာသည်။


“အဲ့ဒီတုန်းက မျှော်လင့်ချက်မဲ့နေတဲ့အခြေအနေပါ အခုတော့ သူကသေစေနိုင်မယ့်ဘေးအန္တရာယ်ကနေ ထိုးဖောက်ထွက်ဖို့ ကြိုးစားလို့ရပြီ”


⛰️