Chapter 18
Viewers 1k

⛰️Chapter 18.

စိတ်ဝိဉာဉ်ကျောက်စိမ်း 



သေစေနိုင်တဲ့အန္တရာယ်ကနေ ထိုးဖောက်ထွက်မှာလား။


လူတိုင်းက ‌ခနလောက်ကြောင်အနေပြီးမှ ပျော်ရွှင်သောအမူအရာများဖော်ပြလာကြသည်။လုနန်ရှန်းက အတည်ငြိမ်ဆုံးဖြစ်ကာ သတိတကြီးဖြင့်မေးလာ၏။


“ဒါဆို ဆရာသခင်ကျန်းဆိုလိုတာက အဲ့ဒီမျှော်လင့်ချက်မဲ့တဲ့အခြေအနေကနေဖောက်ထွက်နိုင်မယ့် နည်းလမ်းကိုရှာတွေ့သွားပြီလို့ပြောချင်တာလား”


ဆရာသခင်ကျန်းက ခေါင်းခါလိုက်ပြီးနောက် သက်ပြင်းချကာပြန်ဖြေလာ၏။


“100%သက်ရောက်မှုရှိတဲ့ နည်းလမ်းကိုတော့ ရှာမတွေ့သေးပါဘူး ဒါပေမယ့်ကျုပ်ရဲ့တွက်ချက်မှုအရ‌ဆိုရင် ဟယ်နျန်ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်မယ့်‌ကြားခံက ဟိုင်ရှီးမှာဘဲရှိလိမ့်မယ်၊ သူကအဲ့ဒီကြားခံကိုဆုပ်ကိုင်နိုင်သရွေ့ အသက်ဆက်ရှင်နိုင်ဖို့မျှော်လင့်ချက်ကြီးရှိလာလိမ့်မယ်”


လောကရှိသက်ရှိအရာမှန်သမျှသည် ကြိုတင်ခန့်မှန်း၍မရနိုင်ပေ။ဆရာသခင်ကျန်းသည် သဘာဝလွန်နယ်ပယ်တွင် ဆရာတစ်ဆူဟုသတ်မှတ်ခံထားရ၏။သို့သော် လူတစ်ယောက်၏ဘဝကံတရားကိုမူ ကောင်းကင်ဥပဒေကသတ်မှတ်ထားပြီးသားဖြစ်သည်။လူတစ်ယောက်အတွက် ကောင်းကင်ဥပဒေကိုအံတုရန်မှာ အ‌ဆုံးတွင်မဖြစ်နိုင်သောအရာတစ်ခုကိုကြိုးစားနေခြင်းသာဖြစ်သည်။


လုနန်ရှန်းသည်လည်း ဤစည်းမျဉ်းကိုနားလည်၏။သူကအနည်းငယ်စိတ်ပျက်သွားသော်လည်း ခေါင်းငြိမ့်လိုက်ဆဲဖြစ်သည်။


“ဒါဆိုရင် ကျွန်တော်တို့ဘက်က လုပ်နိုင်တာတစ်ခုခုရှိလား”


“ဒီကိစ္စအတွက်စိုးရိမ်နေစရာမလိုပါဘူး အချိန်တစ်နှစ်တောင်ရှိသေးတယ် အခုချိန်မှာတော့ အဲ့ဒီကြားခံကဘယ်မှာလဲဆိုတာကိုကျုပ်တို့လည်းမသိဘူး လူတစ်ယောက်လား၊အရာဝတ္ထုလားဆိုတာကိုလဲ မသိသေးဘူး”


ဆရာသခင်ကျန်းကနှစ်သိမ့်လာပြီးနောက် အနောက်မှတပည့်ဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။


ဝမ်းပေါ်က ချက်ချင်းပင် ကျောက်စိမ်းနှစ်ခုကိုထုတ်ကာ သူ့ကိုကမ်းပေးလာ၏။ကျောက်စိမ်းများက ရှားပါးအဖိုးတန်ပုံမပေါ်သော်လည်း အလွန်ကြည်လင်နေကာ အညစ်အကြေးနည်းနည်းတောင်မှမတွေ့ရပေ။အလင်းရောင်အောက်တွင် တလက်လက်တောက်နေသောဖန်သားလိုကြည်လင်နေ၏။


သူကကျောက်စိမ်းပိုင်းများကိုယူကာ စားပွဲပေါ်တင်လိုက်သည်။


“ကျုပ်ဟိုင်ရှီးကနေ အကြမ်းဖျင်းလဝက်လောက်ထွက်သွားဖြစ်မယ် ဒါတွေကဟယ်နျန်လိုအပ်လာရင်သုံးဖို့လုပ်ထားတာပါ”


“ဆရာသခင်ကျန်း ဆရာကဟိုင်ရှီးမှာမရှိရင် ကျွန်မတို့တော့စိုးရိမ်နေရမှာပဲ”


ကျန်းရှုဟွားကထိုအကြောင်းကိုကြားသောအခါ ‌တုန့်ဆိုင်းသွားသည်။


“စိတ်မပူပါနဲ့ ကျုပ်ကဝမ်းပေါ်ကိုဒီမှာချန်ထားခဲ့မှာပါ တစ်ခုခုဆို သူ့ကိုဆက်သွယ်လို့ရတယ်”


ဆရာသခင်ကျန်းက လက်ခါပြလိုက်ပြီးနောက် လုနန်ရှန်းကို မျက်နှာချင်းဆိုင်ကာ ဆက်ပြောလာ၏။


“သခင်ကြီးလု ဒီတလောမှာ ငြိမ်းချမ်းဘေးကင်းအောင်ဆောင်ထားဖို့ သင့်တော်တဲ့ကျောက်စိမ်းတွေက ပိုပိုပြီးရှားပါးလာတယ်၊ သခင်ကြီးအနေနဲ့ကျောက်စိမ်းတွေကိုဆက်ရှာနိုင်ရင်အကောင်းဆုံးပါပဲ ဟယ်နျန်အတွက်ဆောင်ထားဖို့ သင့်တော်တဲ့ကျောက်စိမ်းမရှိရင် အခြားသူတွေအပေါ်သက်ရောက်လာမယ့် သူ့ရဲ့နိမိတ်မကောင်းတဲ့အရောင်အဝါတွေကတကယ်ကိုကြီးမားလာလိမ့်မယ်”


ထိုစကားကိုကြားသောအခါ လုနန်ရှန်းကသက်ပြင်းချလိုက်သည်။၎င်းကသူကြိုးစားပြီး မရှာလို့မဟုတ်ပေ။လုဟယ်နျန်အသုံးပြုရမည့်ကျောက်စိမ်းများမှာ တကယ်ပင် အလွန်ထူးခြားလွန်းသောကြောင့်ဖြစ်သည်။လုမိသားစု၏စီးပွားရေးအင်အားနှင့် ပိုက်ဆံတို့ကိုအသုံးမပြုထားပါက ဒီလိုကျောက်စိမ်းကောင်းများကိုရှာတွေ့ရန်မဖြစ်နိုင်ချေ။


“စိတ်ချပါ ဆရာသခင်ကျန်း ကျောက်စိမ်းရှာမယ့်ကိစ္စအတွက် အဲ့ဒီဘက်မှာအထူးကျွမ်းကျင်တဲ့အဖွဲ့တစ်ခုကိုငှားထားပြီးပါပြီ၊ ဒီတလောအတွင်းမှာဘဲ မြန်မာနိုင်ငံထဲမှာ အရည်အသွေးအရမ်းကောင်းတဲ့ မိုင်းတွင်းဟောင်းတစ်ခုကိုရှာတွေ့ခဲ့တယ်လို့ကြားမိတယ် အဲ့ဒါတွေကိုနိုင်ငံထဲတင်သွင်းပြီးတာနဲ့ ချက်ချင်းဘဲဆရာ့နေရာကိုပို့လိုက်ပါ့မယ်”

 

ဆရာသခင်ကျန်းက  ကျောက်စိမ်းကောင်းရှာရသည်မှာ ကျွမ်းကျင်မှုလိုမှန်းသိသဖြင့်ခေါင်းညိတ်လိုက်သည်။ထို့အပြင် ၎င်းကတကယ်ကိုရိုးရှင်းသောကိစ္စမဟုတ်ပေ။ကျောက်စိမ်းပိုင်းများလုပ်သည်မှာ ကျောက်စိမ်းထဲတွင်အဆောင်များရေးဆွဲခြင်းဖြစ်ပြီး ကျောက်စိမ်း၏စိတ်ဝိဉာဉ်‌အရောင်အဝါကိုသုံးကာ လုဟယ်နျန်ကိုယ်ထဲမှနိမိတ်မကောင်းသောစွမ်းအင်ကိုဖိနှိပ်ခြင်းဖြစ်သည်။

 

၎င်းကယခုလို စိတ်ဝိဉာဉ်လွှမ်းမိုးမှုများ လုံးဝပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ခေတ်မျိုးတွင်တကယ်ကိုခက်ခဲလှသည်။ စိတ်ဝိဉာဉ်ပေါများသည့် ကျောက်စိမ်းတစ်တုံးကိုလိုချင်ပါက ပိုလို့တောင်ခက်ခဲသည်။ကျောက်စိမ်းတစ်တုံးလုံး အညစ်အကြေးနည်းနည်းလေးတောင်မရှိဘဲ ကြည်လင်လေလေ အရည်အသွေးအမြင့်ဆုံးကျောက်စိမ်းဖြစ်လေပင်။


ဒါကတင်အလွန်ရှားပါးနေပြီဖြစ်ရာ စိတ်ဝိဉာဉ်စွမ်းအင်ပေါများသည့်ကျောက်စိမ်းကိုမူ ပြောနေစရာတောင်မလိုတော့ပေ။၎င်းက ကောက်ရိုးပုံထဲတွင်အပ်ပျောက်ရှာနေခြင်းဖြစ်သည်။


နှစ်များစွာကြာခဲ့ပြီးနောက် လုမိသားစုက သင့်တော်တဲ့ကျောက်စိမ်းတွေကိုတွေ့နိုင်ဖို့ လူအင်အား၊ငွေအင်အားတွေဘယ်လောက်တောင်ရင်းနှီးခဲ့ပြီးပြီလဲ၊ သာမာန်မိသားစု‌ဆိုပါက တကယ်ပင်ထောက်ပံ့နိုင်စွမ်းရှိမည်မဟုတ်ပေ။


ထိုသို့တွေးမိပြီးနောက် ဆရာသခင်ကျန်းက ဒီကိစ္စကိုဦးစားပေးထားရန် သူ့ကိုယ်သူသတိပေးလိုက်သည်။လူတိုင်းကစိတ်အားထက်သန်စွာနားထောင်နေချိန်တွင် လှေကားပေါ်တွင်သစ်သားအိမ်နှင့်ကစားနေသည့် ကုယွမ်ယွမ်က လက်ချော်သွားလေသည်။သစ်သားအိမ်လေးက တဒေါက်ဒေါက်ဖြင့်လှေကားပေါ်မှပြုတ်ကျလာသည်။


သစ်သားအိမ်လေးက လှေကားအောက်ရောက်သည်အထိ ‌ဆက်လိမ့်သွားကာ လှေကားဘေးမှ အလှပန်းအိုးနှင့်တိုက်မိသွားသည်။ဘန်းခနဲအသံဖြင့် သစ်သားအိမ်လေးကရပ်တန့်သွား၏။သို့သော် တဒေါက်ဒေါက်အသံကိုကြားနေရဆဲဖြစ်ကာ ခနလောက်ကြာပြီးနောက် အပြာရောင်အစင်းကျားရှိသည့် အစိမ်းရောင်ကျောက်တုံးတစ်တုံးသည် သစ်သားအိမ်၏ကျိုးသွားသောအပိုင်းထဲမှလိမ့်ထွက်လာလေသည်။၎င်းကမီတာအနည်းငယ်အဝေးထိတိုင် လိမ့်သွားသည်။


ထိုအသံကရုတ်တရက်ထွက်လာကာ စကားဝိုင်းကိုနှောင့်ယှက်လာသဖြင့် ဆရာသခင်ကျန်းကတစ်ချက်လှည့်ကြည့်လိုက်သည်။


ဒေါ်လေးချန်က မီးဖိုချောင်ထဲမှချက်ချင်းထွက်လာကာ ပြန့်ကျဲနေသည်များကိုကောက်သိမ်းလိုက်ပြီး ကုယွမ်ယွမ်ဆီသွားကာ ပြုံးပြီးပြောလိုက်သည်။


“ယွမ်ယွမ် ဒေါ်လေးချန်က သမီးနဲ့အတူအပေါ်ထပ်မှာဆော့ပေးမယ်နော် ဟုတ်ပြီလား၊ အိမ်လေးထဲကအရုပ်ကိုဆေးပြီးသွားပြီ ယွမ်ယွမ်ယူဖို့ကို အရုပ်လေးကစောင့်နေတာ”

 

ကုယွမ်ယွမ်က နာနီချန်လက်ထဲမှကျောက်တုံးကိုယူကာ သူမလက်ထဲတွင်ကိုင်ထားလိုက်သည်။ထို့နောက် သူမကခေါင်းငြိမ့်ကာ ပြန်ဖြေလာ၏။


“ဟုတ်ကဲ့ပါ”


နာနီချန်က ကုယွမ်ယွမ်လက်ကိုဆွဲကာ အပေါ်ထပ်သို့သွားတော့မည့်အချိန်တွင် ဆရာသခင်ကျန်းကရုတ်တရက်ထရပ်လာသည်။သူက ကုယွမ်ယွမ်ဆီသို့ဖြေးဖြေးချင်းလျှောက်သွားကာ သူမဘေးတွင်ဆောင့်ကြောင့်ထိုင်လိုက်သည်။သူက ကလေးမလေးကိုညင်သာစွာကြည့်ပြီး ပြုံးပြလိုက်သည်။


“ယွမ်ယွမ် သမီးလက်ထဲကကျောက်တုံးက အရမ်းလှတာဘဲ ဖိုးဖိုးကျန်းကိုခနလောက်ပြလို့ရမလား”


လုနန်ရှန်း၊ ကျန်းရှုဟွားနှင့် လုဟွားနျန်တို့က ဆရာသခင်ကျန်း၏အပြုအမူကိုမြင်သောအခါ ထူးဆန်းသလိုခံစားမိသွားပြီး သူတို့နှစ်ယောက်ဆီသို့လျှောက်လာခဲ့ကြသည်။


လုနန်ရှန်းက နူးညံ့စွာမေးလာ၏။

“ဆရာသခင်ကျန်း ဘာများဖြစ်လို့လဲ”


ဆရာသခင်ကျန်းက လက်မြှောက်ကာ လူတိုင်းကိုစကားမပြောရန်သတိပေးလိုက်သည်။သူ့အကြည့်က ကုယွမ်ယွမ်၏တင်းတင်းဆုပ်ထားသောလက်တွင်သာ မြဲမြံနေ၏။အတိအကျပြောရလျှင် သူက ကုယွမ်ယွမ်လက်သီးဆုပ်ထားသည့်ကြားထဲမှ စိတ်ဝိဉာဉ်စွမ်းအင်ခပ်ဖျော့ဖျော့ကိုကြည့်နေခြင်းဖြစ်သည်။


ကုယွမ်ယွမ်က ဆရာသခင်ကျန်း၏အကြည့်ကိုသတိထားမိသောအခါ စိတ်ရှုပ်ထွေးသည့်အမူအရာကိုဖော်ပြလာ၏။ဤကျောက်တုံးကို မမယွင်ရုန်ပေးခဲ့ခြင်းဖြစ်ကာ အခြားဘယ်သူ့ကိုမှမမြင်စေချင်ပေ။ဒီဖိုးဖိုးပုံစံက ကျောက်တုံးလေးကိုအရမ်းသဘောကျနေသည့်ပုံပင်။သူယူပြီး သူမကိုပြန်မပေးတော့ရင် ဘယ်လိုလုပ်မလဲ။


ကလေးများက အာရုံခံနိုင်စွမ်းအမြင့်ဆုံးဖြစ်သည်။သူမက ဆရာသခင်ကျန်း၏တောက်လောင်နေသောအကြည့်ကို မြင်နေရ၏။သူမက နောက်သို့ကျုံ့သွားကာ ကျောက်တုံးကိုင်ထားသောလက်ကို သူမရင်ဘတ်ဆီအုပ်ထားလိုက်သည်။သူမလေး၏လက်ပုပုလေးများက ကျောက်တုံးကိုကောင်းကောင်းမဖုံးနိုင်ဘဲ လက်ချောင်းများကြားမှတစ်ဆင့် အစိမ်းရောင်ဖျော့ဖျော့ကိုမြင်နေရ၏။၎င်းက သူမလက်ထဲမှအရာသည် သာမာန်မဟုတ်ကြောင်း အခြားလူများကိုသိသွားစေခဲ့သည်။


သူမလက်ထဲမှ အစိမ်းရောင်ကျောက်တုံးက ပေါ်လုနီးပါးဖြစ်နေသည်ကိုမြင်သောအခါ ကုယွမ်ယွမ်ကစိုးရိမ်လာသည်။သူမက နောက်သို့နှစ်လှမ်းလောက်ဆုတ်ပြီး လေးနက်စွာပြောလိုက်သည်။


“ဖိုးဖိုး တစ်ချက်တော့ကြည့်လို့ရတယ် ဒါပေမယ့် အပိုင်ယူသွားလို့မရဘူးနော်”


“ဟုတ်ပါပြီ ဖိုးဖိုးကခနပဲကြည့်ချင်တာပါ မယူသွားဘူးလို့ကတိပေးတယ်”


ဆရာသခင်ကျန်းက လက်မထပ်ဖူးသလို သားသမီးလည်းမရှိပေ။ယွမ်ယွမ်၏သတိတကြီးဖြစ်နေသောအမူအရာကိုမြင်သောအခါ ၎င်းကအလွန်ချစ်စရာကောင်းသည်ဟု ခံစားမိသွားပြီး လေးလေးနက်နက်ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ထိုအရာက ပစ္စည်းကောင်းဆိုလျှင်တောင်မှ ကလေးတစ်ယောက်နှင့်ပြိုင်လုစရာအကြောင်းမရှိပေ။


ဆရာသခင်ကျန်းက ကတိပေးလာသဖြင့် ယွမ်ယွမ်ကစိတ်အေးသွားသည်။ထို့နောက်သူမက လက်ကိုဆန့်ပြလာလေသည်။သူမလေး၏လက်ဖဝါးနုနုပေါ်တွင် ကြက်ဥအရွယ်လောက်ရှိသည့် ဘဲဥပုံမကျတကျကျောက်တုံးတစ်တုံးရှိနေ၏။ကျောက်တုံးတစ်ခုလုံးက ဘာအညစ်အကြေးမှမရှိဘဲ အစိမ်းရင့်ရောင်သန်းနေပေသည်။အလင်းရောင်အောက်တွင် ကျောက်တုံးထဲ၌ ရေများစီးဆင်းနေသလိုပုံစံဖြစ်ကာ ရွှန်းစိုသည့်အလင်းတန်းများ အလင်းပြန်နေ၏။


ဆရာသခင်ကျန်းက အံ့ဩသည့်အမူအရာကိုဖော်ပြလာသည်။ခုနတုန်းက စိတ်ဝိဉာဉ်စွမ်းအင်ဖျော့ဖျော့ကိုခံစားမိလိုက်သဖြင့် ဘာမှသိပ်မတွေးဘဲမေးကြည့်လိုက်ခြင်းဖြစ်သည်။‌မမျှော်လင့်ထားစွာဖြင့် ဤကျောက်စိမ်း၏အရောင်အဝါကအလွန်ကောင်းမွန်လှသည်။သူက ၎င်း၏အဆီအနှစ်ကိုမြင်နေရသလိုပင် ခံစားမိနေပေသည်။


အခြားကျောက်တုံးများမှ စိတ်ဝိဉာဥ်စွမ်းအင်ကို ရေငွေ့နှင့်နှိုင်းပါက ဤကျောက်တုံးထဲမှစွမ်းအင်သည် ရေစက်အဖြစ်ပြောင်းနေပြီဟုတောင် ဆိုနိုင်သည်။


“ယွမ်ယွမ် သမီးဒါကိုဘယ်ကရလာတာလဲ”


သူမသမီးဆီတွင် ဒီလိုကျောက်တုံးမျိုးမရှိသည်ကို လုဟွားနျန်က အသိဆုံးဖြစ်သည်။တစ်ချက်ကြည့်လိုက်ရုံဖြင့်တင် သူမကဒီကျောက်တုံးကိုတစ်ခါမှမမြင်ဖူးကြောင်းသိလိုက်သည်။တောက်ပကာ အရောင်အဆင်းလှပြီး ‌အလွယ်တကူကောက်နိုင်သည့် ကျောက်တုံးမျိုးနှင့်မတူပေ။


“သမီးကိုမူကြိုကသူငယ်ချင်းတစ်ယောက်ယောက် ပေးလိုက်တာလား”


ကုယွမ်ယွမ်‌ပြန်မဖြေရသေးခင်တွင် ဆရာသခင်ကျန်းက လက်ဆန့်ကာ ဂရုတစိုက်ဖြင့်ကျောက်တုံးကိုယူလိုက်သည်။တစ်ချက်ထိလိုက်ရုံဖြင့် သူ့လက်ချောင်းထိပ်များမှ အေးစက်မှုကိုခံစားလိုက်ရ၏။၎င်းက သူ့လက်များကိုဖြတ်ကာ ခြေလက်လေးချောင်းနှင့် ကိုယ်ထဲမှရာနှင့်ချီသောအရိုးများဆီ‌ဆက်သွားလေသည်။


ဆရာသခင်ကျန်းက ခေါင်းအစခြေအဆုံးသူ့တစ်ကိုယ်လုံး ပြေလျော့လာပြီး ဆန်းကြယ်ကြည်လင်ကာ သန့်စင်သည့်အယောင်အဝါတစ်ခုကို ခံစားမိသွားသည်။သူ့မျက်လုံးများက အံ့ဩမှုများဖြင့်ပြည့်နှက်သွားကာ အသက်ပြင်းပြင်းရှူပြီးပြောလာ၏။


“ဒါကကျောက်တုံးမဟုတ်ဘူး ဒါကကျောက်စိမ်းတစ်ခုဘဲ”


ကျောက်စိမ်းလား။


လူတိုင်းက ကြောင်အစွာစိုက်ကြည့်မိသွားသည်။ဒီလိုအရောင်၊ ရွှန်းစိုပုံများနှင့်ဆိုလျှင် ဖန်သားဆိုလျှင်တောင်မှ ယုံကြည်မိကြမှာဖြစ်သည်။သို့သော်ကျောက်စိမ်းဟုပြောလျှင်မူ တွေဝေမိကြလိမ့်မည်။အရွယ်အစားကြီးသည့် ဒီလိုကျောက်စိမ်းမျိုးသည် 10မီလီယမ်ပေးပြီးဝယ်ချင်လျှင်တောင်မှ ရှာမတွေ့နိုင်သောအရာမျိုးဖြစ်သည်။ဘယ်လိုမိသားစုမှာများ ဒီလိုကျောက်စိမ်းတုံးကြီးရှိမှာလဲ။မိသားစုရတနာအဖြစ်တောင် မှတ်ယူလိုက်လို့ရတယ်။


လုနန်ရှန်းကသတိပြန်ဝင်လာ၏။ဒီနှစ်များတွင် သူကလုဟယ်နျန်အတွက်သင့်တော်မည့်ကျောက်စိမ်းများကိုရှာဖွေနေခဲ့ရာ ကျောက်စိမ်းအကြောင်းသိလာပြီး ထူးချွန်သူဟုတောင်ယူဆနိုင်၏။သူကဆရာသခင်ကျန်းလက်ထဲမှအစိမ်းရင့်ရောင်ကျောက်တုံးကို ယူလိုက်သည်။ထိလိုက်ရုံဖြင့်တင် သူ့ရင်ထဲ၌သေချာသွားပြီဖြစ်ကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်ပြောလာ၏။


“ဒါကတကယ်ကိုကျောက်စိမ်းဘဲ ဒီလိုအရောင်နဲ့သန့်စင်မှုအရဆို အရည်အသွေးအမြင့်‌ဆုံး အစိမ်းရောင်အင်ပါယာဘဲဖြစ်ရမယ်”


အစိမ်းရောင်အင်ပါယာက အရည်အသွေးအမြင့်ဆုံးကျောက်စိမ်းဖြစ်သည်။ပုံမှန်အားဖြင့်ခြေမအရွယ်ဆိုလျှင် တစ်မီလီယမ်လောက်တန်ကြေးရှိရာ ဒီလိုဘဲဥပုံကျောက်စိမ်းတုံးကြီးဆိုလျှင် ပြောနေစရာတောင်မလိုတော့ပေ။အလွန်ကြီးမားသဖြင့် ဆယ်မီလီယမ်နှင့်တောင် ဝယ်မရမှာစိုးရိမ်မိသည်။အနည်းဆုံး 20မီလီယမ်လောက်တန်ကြေးရှိနိုင်ပေသည်။


လုမိသားစု၏သမီးအနေဖြင့် လုဟွားနျန်သည် အ‌ရည်အသွေးမြင့်ပစ္စည်းအများပြားကို မြင်တွေ့ဖူး၏။သို့သော်ဒီလိုအရည်အသွေးမြင့်ကျောက်စိမ်းကို တစ်ခါမှမမြင်ဖူးပေ။သူမ ရင်ထဲတွင် ‌၎င်း၏တန်ဖိုးကိုခန့်မှန်းမိသွားသဖြင့် ကမန်းကတန်းမေးလိုက်သည်။


“ယွမ်ယွမ် သမီးဒီကျောက်စိမ်းကိုဘယ်ကရလာတာလဲ”


ကုယွမ်ယွမ်က နှုတ်ခမ်းကိုကိုက်ထားကာ ပြန်မဖြေပေ။ဒါကမမယွင်ရုန်‌လက်ဆောင်ပေးထားတာ၊ပြီးတော့ သူတို့နှစ်ယောက်ကြားကလျို့ဝှက်ချက်လေး။သူမဘယ်သူ့ကိုမှမပြောပြချင်ပေ။


“မူကြိုက သူငယ်ချင်းက သမီးကိုပေးလိုက်တာလား”


လုဟွားနျန်က သူမသမီးပြန်မဖြေသည်ကိုမြင်သောအခါ စိုးရိမ်လာသည်။ဒီလိုအဖိုးတန်ပစ္စည်းက သူမသမီးလက်ထဲရောက်နေရာ ပိုင်ရှင်ဆိုရင် ဘယ်လောက်တောင်ပူပန်နေမလဲ။သူမပထမဆုံးတွေးမိသောနေရာမှာ မူကြိုကျောင်းပင်။ယွမ်ယွမ်တက်သောမူကြိုကျောင်းသည် ဟိုင်ရှီးမြို့တွင်အကောင်းဆုံးကျောင်းဖြစ်သည်။ထိုနေရာ၌တက်သောကလေးများသည်လည်း သဘာဝကျစွာပင်နောက်ခံရှိသောမိသားစုများမှဖြစ်၏။ဒီလိုကျောက်စိမ်းမျိုးရှိနေနိုင်သည်မှာမထူးဆန်းပေ။


သို့သော်ပိုက်ဆံရှိလျှင်တောင်မှ ဒီလို‌အရည်အသွေးမြင့်ကျောက်စိမ်းမျိုးဆုံးရှူံးသွားလျှင် ရင်နာမိဆဲဖြစ်လိမ့်မည်။


ယွမ်ယွမ်ကပြောပြရန်ငြင်းဆန်နေသည်ကိုမြင်သောအခါ ကျန်းရှူဟွားက ဆောင့်ကြောင့်ထိုင်ပြီး သူမမြေးမလေးကိုနူးညံ့စွာကြည့်လိုက်သည်။သူမကနွေးထွေးသောလေသံဖြင့်မေးလာ၏။


“ယွမ်ယွမ် ဖွားဖွားကို ပြောပြပါလား ဒါကျောက်တုံးကို သမီးကိုဘယ်သူပေးလိုက်တာလဲ၊ ဒါကသမီးသူငယ်ချင်းကို သူ့ရဲ့မားမားနဲ့ပါးပါးပေးထားတာဆိုရင် သူတို့ကစိတ်မကောင်း‌ဖြစ်နေကြမှာပေါ့”


“ဒါကမူကြိုက သူငယ်ချင်းဆီကမဟုတ်ပါဘူး”


ကုယွမ်ယွမ်ကခေါင်းငုံ့သွားသည်။သူမရင်ထဲတွင်ကြောက်နေပြီး အထင်မှားခံနေသလိုခံစားနေရသည်။


လုဟွားနျန်က ထိုစကားကိုကြားသောအခါ ပိုလို့တောင်စိုးရိမ်လာသည်။မူကြိုမှ သူငယ်ချင်းဟာဆိုပါက မနက်ဖြန်ကျလျှင် ယွမ်ယွမ်ကိုကျောင်းပို့ရင်း ပြန်ပေးလိုက်လို့ရသည်။မဟုတ်ရင်ကျောက်စိမ်းကို ဘယ်နေရာကရလာတာလဲ။ဒါက ဘယ်နေရာမှာမဆိုကောက်ရနိုင်တာမျိုးလဲမဟုတ်ဘူးလေ။


သူမက လုနန်ရှန်းလက်ထဲကျောက်စိမ်းကိုယူပြီး ထိကြည့်လိုက်သောအခါ နူးညံ့ပြီးအဖိုးထိုက်သည့်ခံစားမှုကြောင့် အံ့ဩသွားသည်။ဒီကျောက်စိမ်း၏ အရည်အသွေးသည် သူမထင်ထားသည်ထက် သာလွန်နေ၏။သူမက တွေးကြည့်လိုက်ပြီးနောက် တမင်မျက်နှာကိုတည်ကာ ပြောလိုက်သည်။


“ယွမ်ယွမ် သမီးဒါကိုဘယ်ကရခဲ့တာလဲဆိုတာကို မပြောပြရင် မား သမီးကိုဒီကျောက်တုံးပြန်မပေးတော့ဘူး”


ကုယွမ်ယွမ်က လုဟွားနျန်ကိုမယုံနိုင်စွာကြည့်လာပြီး ချက်ချင်းဆိုသလိုပင် သူမမျက်လုံးများကနီရဲလာလေသည်။သူမက ဝမ်းနည်းစွာဖြင့် စိတ်ထဲမှစကားများကိုထုတ်ပြောလာသည်။


“မားမားပြောတော့ ကြည့်ပြီးတာနဲ့ သမီးကိုပြန်ပေးမှာဆို”


ကုယွမ်ယွမ်က ငိုချတော့မည့်အချိန်တွင် ရုတ်တရက် တံခါးမကြီးပွင့်လာ၏။လုဟယ်နျန်က လက်ထဲတွင်အပေါ်ဝတ်အင်္ကျီကိုကိုင်ပြီး အိမ်ထဲသို့ဝင်လာသည်။လူတိုင်းက သူ့တူမနားတွင်ဝိုင်းနေသည်ကိုမြင်သောအခါ ခေါင်းခြောက်သွားပြီးမေးလိုက်သည်။


“ဘာဖြစ်လို့လဲ”


“ဦးဦး ”


ကုယွမ်ယွမ်က တံခါးဆီပြေးသွားကာ လုဟယ်နျန်၏ပေါင်ကိုဖက်လိုက်သည်။သူမက အနိုင်ကျင့်ခံနေရပါသည်ဟူသော မျက်နှာလေးဖြင့်မော့ကြည့်ကာ တိုင်ပြောလာလေသည်။


“ဦးဦး မားမားက သမီးကျောက်တုံးလေးကိုလုသွားတယ်”



⛰️