Chapter 19
Viewers 478

⛰️Chapter 19

စိတ်ဝိဉာဉ်ကျောက်စိမ်း



လုဟယ်နျန်က ခါးကိုင်းကာ လက်တစ်ဖက်တည်းဖြင့် သူ့တူမလေးကိုချီလိုက်သည်။သူကအိမ်ထဲသို့ဝင်လာရင်း မေးလာ၏။


“ဘာတွေဖြစ်နေတာလဲ”

လုဟွားနျန်က ယွမ်ယွမ်၏ပစ္စည်းများကိုယူရသည်မှာ အကြောင်းရင်းတစ်ခုခုတော့ရှိနေလိမ့်မည်။


သူက ဆရာသခင်ကျန်းလည်းရှိနေသည်ကို မြင်သောအခါ ခေါင်းတစ်ချက်ငြိမ့်ပြီး လေးစားစွာနှုတ်ဆက်လာ၏။


“ဆရာသခင်ကျန်း”


“ဟယ်နျန် မင်းပြန်လာပြီဘဲ မင်းအသားအရောင်ကိုကြည့်ရတာ အဆင်ပြေတဲ့ပုံဘဲ”

ဆရာသခင်ကျန်းက လုဟယ်နျန်၏ဘေးသို့လျှောက်လာပြီး သူ့တစ်ကိုယ်လုံးကို ဂရုတစိုက်ကြည့်လာသည်။သူက နိမိတ်မကောင်းသည့်အရောင်အဝါနည်းနည်းလေးကိုမှ မမြင်မိသဖြင့် စိတ်ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။


“ဒါအတွက် ကျောက်စိမ်းအဆောင်ထဲက ဖိနှိပ်နိုင်စွမ်းကိုတိုးတက်အောင်လုပ်ပေးတဲ့ ဆရာသခင်ကျန်းကို ကျေးဇူးတင်ရမှာပါဘဲ၊ နိမိတ်မကောင်းတဲ့စွမ်းအင်က ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကိုမထိခိုက်စေဘူး”

လုဟယ်နျန်က ယွမ်ယွမ်ကိုချီကာ ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။


“ဦးလေးကို ချီထားခိုင်းလို့မရဘူး ယွမ်ယွမ် မားမားကသမီးနဲ့စကားကောင်းကောင်းပြောနေတာ ဒီနေ့မားမားကိုပြောပြမှရမယ် ဒီကျောက်စိမ်းကိုဘယ်ကရလာတာလဲ”


လုဟွားနျန်က ဆိုဖာဆီသို့လျှောက်သွားပြီး သူမဘေးတွင်ထိုင်ချကာ ယွမ်ယွမ်အားလေးနက်စွာကြည့်လိုက်သည်။


ယွမ်ယွမ်က လုဟွားနျန်စကားကိုကြားသောအခါ ချက်ချင်းပင်လုဟယ်နျန်၏လည်ပင်းထဲ၌ မျက်နှာကိုဝှက်လိုက်သည်။သူမ၏ ဖင်ဖောင်းဖောင်းလေးက နောက်တွင်ထွက်နေ၏။သူမပုံစံက အမှန်တရားမှထွက်ပြေးဖို့ကြိုးစားနေသည့် ငုံးတစ်ကောင်လိုပင်ဖြစ်သည်။


သူမ၏*အခြားသူများကိုလှည့်စားပြီး သူမကိုယ်သူမပါလှည့်စားနေသည့်ပုံစံ*က လူတိုင်း၏မျက်လုံးထဲဝင်လာသောအခါ အားလုံးကကူကယ်ရာမဲ့ ပြုံးလိုက်မိကြသည်။လေထုကချက်ချင်းပင် အနည်းငယ်ပြေလျော့လာလေသည်။ကျန်းရှုဟွားက သူမသမီးကိုနူးနူးညံ့ညံ့လေသံဖြင့်ပြောလိုက်သည်။


“အခုချိန်မှာ ယွမ်ယွမ်ကမပြောပြချင်သေးဘူးလေ သမီးသူ့ကိုထပ်မမေးနေနဲ့တော့ ကလေးစိတ်ပြေသွားတဲ့အချိန်ထိစောင့်ပြီးမှ ထပ်မေးကြည့်လိုက်”

(Tn:**ယွမ်ယွမ်ကသူ့မျက်နှာသူဖွက်ထားပြီး သူဘယ်သူ့ကိုမှမမြင်ရတော့ရင် အခြားသူတွေလည်းသူ့ကိုမမြင်ရတော့ဘူးဆိုပြီးထင်နေတာပါ)


ရွေးချယ်စရာမရှိတော့သဖြင့် လုဟွားနျန်က သူမလက်ထဲမှအစိမ်းရောင်ကျောက်စိမ်းကိုကြည့်ကာ မေးလာ၏။

“ဆရာသခင်ကျန်းက ဒီကျောက်စိမ်းကိုအရမ်းအာရုံစိုက်နေမိတာကို ကျွန်မမြင်တယ်၊ ဒီကျောက်စိမ်းနဲ့ပတ်သက်ပြီး တစ်ခုခုထူးခြားတာများရှိလို့လား”


လုနန်ရှန်းနှင့် ကျန်းရှုဟွားတို့ကလည်း ၎င်းကိုသတိထားမိ၏။ကျောက်စိမ်းတန်ဖိုးတစ်ခုတည်းကြောင့်ဆိုပါက ဆရာသခင်ကျန်းက တိုက်ရိုက်ချဉ်းကပ်လာပြီးစစ်ဆေးကြည့်မှာမဟုတ်ပေ။ဤကျောက်စိမ်းကအဖိုးမဖြတ်နိုင်သော်လည်း ဆရာသခင်ကျန်းက ရွှမ်းမန်မှဖြစ်ကာ အဖိုးတန်ကျောက်တုံး၊ကျောက်စိမ်းအများအပြားကို ထိတွေ့ဖူးလိမ့်မည်။သူမမြင်ဖူးသောအရာဟူ၍မရှိဘဲ သူ့အိမ်တွင်ကျောက်စိမ်းအများအပြားရှိနေမှာကိုတောင်စိုးမိပေသည်။


ခုနလေးတင် သူ၏အံ့ဩသွားပြီးဂရုစိုက်သောအမူအရာမှအကဲဖြတ်ရမည်ဆိုလျှင် ဒီကျောက်စိမ်းက တစ်ခုခုထူးခြားနေတာများလား။


ဆရာသခင်ကျန်းက ဘာကိုမှဖုံးကွယ်ရန်အစီအစဉ်မရှိဘဲ အမှန်တိုင်းပြောပြလာသည်။

“ဒီကျောက်စိမ်းရဲ့ အကြီးဆုံးတန်ဖိုးက အရောင်တွေ၊အရည်အသွေးပေါ်မူတည်တာမဟုတ်ဘူး များပြားလွန်းတဲ့စိတ်ဝိဉာဉ်စွမ်းအင်တွေပဲ ငါ့သက်တမ်းတစ်လျှောက် စိတ်ဝိဉာဉ်စွမ်းအင်ဒီလောက်များတဲ့ ကျောက်စိမ်းမျိုးကိုမတွေ့ဖူးဘူး”


အစပိုင်းတွင်ကျောက်စိမ်းကို အာရုံမရှိသည့်လုဟယ်နျန်က လုဟွားနျန်လက်ထဲမှကျောက်စိမ်းကိုလှမ်းကြည့်လာသည်။ထို့နောက် သူကနှုတ်ခမ်းကိုစေ့ကာပြောလာ၏။

“ဆရာသခင်ကျန်းအရင်တုန်း‌ကပြောဖူးတာက ကျောက်စိမ်းအဆောင်လုပ်ဖို့ ဝိဉာဉ်စွမ်းအင်ရှိတဲ့ကျောက်စိမ်းလိုတယ်လို့ပြောခဲ့တာမလား ဒါ‌ဆိုဒီကျောက်စိမ်းက အရင်တုန်းကကျောက်စိမ်းတွေနဲ့ တူတူပဲမဟုတ်ဘူးလား” 


“မတူဘူး ဟယ်နျန် ငါတို့သာဒီကျောက်စိမ်းကိုသုံးပြီး မင်းရဲ့ဘေးကင်း‌လုံခြုံရေးအဆောင်လုပ်မယ်ဆိုရင် နှစ်ဝက်လောက်ထိအစားလဲစရာမလိုတော့ဘူး”

ဆရာသခင်ကျန်းက ဆက်ပြောလာသည်။


“လတိုင်းလတိုင်းက မင်းကျောက်စိမ်းအဆောင်ကို အသစ်လဲနေရတဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတော့ ကျောက်စိမ်းထဲကစိတ်ဝိဉာဉ်စွမ်းအင်တွေ ခန်းခြောက်သွားလို့ပဲ”


ဆရာသခင်ကျန်း၏စကားကိုကြားသောအခါ လုမိသားစုဝင်တိုင်းက ကြက်ဥအရွယ်လောက်ရှိသည့်ကျောက်စိမ်းတုံးကို စိတ်အားထက်သန်စွာကြည့်လိုက်ကြသည်။ဆရာသခင်ကျန်းအဆောင်လုပ်မည့်ကျောက်စိမ်းများအား အလွန်ဂရုတစိုက်ရွေးချယ်ရသည်ကို လူတိုင်းသိပြီးသားဖြစ်သည်။ထိုအထဲမှတွေ့ရာကောက်လိုက်သော ကျောက်စိမ်းတစ်တုံးကပင် မီလီယမ်အနည်းငယ်နှင့်ချီသည့်တန်ဖိုးရှိ၏။သို့သော်ငြား တကယ်အသုံးပြုနိုင်သောကျောက်စိမ်းဟူ၍ အနည်းငယ်လောက်သာရှိပြီး ထိုကျောက်စိမ်းအဆောင်များကို တစ်လနှစ်လလောက်ထိသာအသုံးပြုနိုင်သည်။ထို့နောက်တွင် နိမိတ်မကောင်းသည့်စွမ်းအင်များစွန်းထင်းလာသဖြင့် ဆက်လက်ဝတ်ဆင်လို့မရတော့ပေ။


အကယ်၍သူတို့သာ ဒီကျောက်စိမ်းမှကျောက်စိမ်းအဆောင်လုပ်လိုက်ပါက ပထမဆုံးအနေဖြင့်နှစ်ဝက်လောက်ခံနိုင်သည့် အဆောင်ဖြစ်သွားနိုင်ပေသည်။


တခဏလောက် လူတိုင်း အပြင်းအထန်စိတ်လှုပ်ရှားလာကြသည်။နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် သူမသားငယ်၏ခန္ဓာကိုယ်သည် သူမနှလုံးရောဂါ၏အကြောင်းခံဖြစ်နေခဲ့သည်။သူမက ချက်ချင်းပင် လုဟယ်နျန်လက်ထဲမှ ယွမ်ယွမ်ကိုကြည့်လာကာ ဖြေးဖြေးချင်းပြောလာ၏။


“ယွမ်ယွမ် ဖွားဖွားကိုပြောပြစမ်းပါကွယ် ဒီကျောက်စိမ်းကိုသမီးဘယ်ကရလာတာလဲ ဒါကသမီးဦးလေးအတွက်အရမ်းကိုအရေးကြီးတယ်”


ဒါက ဘယ်သူ့ကျောက်စိမ်းဆိုသည်ကိုသိသွားပါက လုမိသားစုအနေဖြင့် ဘယ်လောက်ဘဲကုန်ကျပါစေ ဝယ်ဖြစ်အောင်ဝယ်ရလိမ့်မည်။ဖြစ်နိုင်ပါက သူတို့ကဤကျောက်စိမ်းဘယ်ကထွက်လာသည်ကိုသိလာနိုင်ပြီး ဟယ်နျန်လည်း ကျောက်စိမ်းသုံးစရာလိုပါက စိုးရိမ်နေစရာလိုတော့မည်မဟုတ်ပေ။ဤအကြံက လုမိသားစုဝင်တိုင်း၏စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။


“မား အဲ့လိုမလုပ်ပါနဲ့ မား ယွမ်ယွမ်ကိုကြောက်အောင်လုပ်မိလိမ့်မယ်”


လုဟယ်နျန်က သူ့လက်ထဲမှ‌ဘောလုံးလေးကျုံ့သထက်ကျုံ့သွားသည်ကိုခံစားမိသောအခါ ကျန်းရှုဟွားကိုလှမ်းတားလာ၏။

 

“ဘာကိုအဲ့လိုမလုပ်ရမှာလဲ ကလေးကနားမလည်လို့ထားပါတော့ နင်ကပါဂရုမစိုက်တော့ဘူးလား ဒီလိုကျောက်စိမ်းမျိုးက နင့်ခန္ဓာကိုယ်အတွက် အကျိုးအရမ်းရှိတယ်”


လုဟွားနျန်က လုဟယ်နျန်ကိုစိုက်ကြည့်ပေးလိုက်သည်။

သူမ၏မောင်လေးက အေးစက်ကာခက်ထန်သည့်ပုံပေါ်သော်လည်း တကယ်တမ်းတွင်သူကစည်းကမ်းမတင်းကြပ်ဆုံးသူဖြစ်သည်။


ယွမ်ယွမ်က ဦးလေးဟု နူးနူးညံ့ညံ့လေးခေါ်လိုက်ရုံဖြင့် သူက ဘာမဆိုဖြစ်အောင်ကတိပေးလာလိမ့်မည်။သို့သော်အခုကိစ္စတွင် ကလေးတစ်ယောက်နှင့် ကျိုးကြောင်းညှိဖို့လိုအပ်နေဆဲဖြစ်သည်။


ထို့နောက်သူမက ယွမ်ယွမ်ကိုလှည့်ကြည့်လာသည်။

“ယွမ်ယွမ် သမီးရဲ့ဦးလေးကိုသဘောကျလား”


ကုယွမ်ယွမ်ကခေါင်းမော့ပြီး သူမအမေကိုနားမလည်စွာကြည့်လာသည်။အဲ့ဒါကမေးဖို့လိုသေးလို့လား။ယွမ်ယွမ်က ဦးလေးကိုအချစ်ဆုံးဘဲလေ။ သူမကအလိုအလျောက်ခေါင်းညိတ်ကာပြန်ဖြေလိုက်သည်။

“သဘောကျတယ် ယွမ်ယွမ်ကဦးလေးကိုသဘောအကျဆုံးပဲ”


“ဒါဆိုရင် ယွမ်ယွမ်က နှစ်တိုင်းနှစ်တိုင်းဦးလေးရဲ့မွေးနေ့မှာအတူမရှိချင်ဘူးလား”

လုဟွားနျန်က ဆက်မေးလာသည်။


လုဟယ်နျန်၏မွေးနေ့က ဩဂုတ်လတွင်ဖြစ်သည်။သို့သော်သူ၏နိမိတ်မကောင်းသည့်စွမ်းအင်များက သူ့မွေးနေ့တဝိုက်တွင် အပြင်းထန်ဆုံးဖြစ်သဖြင့် မွေးနေ့မတိုင်မီသုံးရက်အလိုတွင် သီးသန့်နေရန်အတွက် ဆရာသခင်ကျန်း၏အိမ်သို့သွားရပြီး မွေးနေ့ပြီးသုံးရက်အကြာမှသာ ပြန်လာရသည်။ထို့ကြောင့် ယွမ်ယွမ်မှတ်မိသလောက် လုဟယ်နျန်၏မွေးနေ့တိုင်းတွင် သူတို့ကအတူတူမဖြတ်သန်းဖူးဘဲ သူမ၊သူမအမေမွေးနေ့များနှင့်ကွာခြားလှပေသည်။


သူ့အမေ မေးခွန်းကိုကြားသောအခါ လုဟယ်နျန်က ကုယွမ်ယွမ်ကိုတင်းတင်းဖက်လိုက်မိသည်။မျှော်လင့်မှုတစ်စွန်းတစ်စက သူ့ရင်ထဲတွင်ဖြစ်ပေါ်လာခဲ့သည်။


ကုယွမ်ယွမ်က လုဟယ်နျန်ကိုကြည့်ပြီးနောက် သူ့အမေကိုပြန်ကြည့်လာသည်။သူမကသေချာပေါက်ပင် ဦးလေးဖြစ်သူ၏မွေးနေ့တွင် အတူတူရှိချင်၏။သို့သော်ယွင်ရုန်ကျဲကျဲနှင့် ပေးထားသောကတိကိုလည်းမဖျက်ချင်ပေ။အဲ့တော့သူဘယ်လိုလုပ်ရမှာလဲ။


ယွမ်ယွမ်ကခနလောက်တိတ်နေပြီးနောက်  အံကြိတ်က အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။


“ယွင်ရုန်ကျဲကျဲက သမီးကိုပေးတာပါ”

 

ထိုစကားထွက်လာသောအခါ လုဟယ်နျန်ရောလုဟွားနျန်ပါ အံ့ဩသွားကြသည်။


ယွင်ရုန်ပေးတာလား။


လုဟယ်နျန်က အံ့ဩသွားကာ လေးလံလာသောသူ့အကြည့်များကိုငုံ့ထားလိုက်သည်။သူက ကျောက်စိမ်းပေးလိုက်သောသူမှာ ထိုမိန်းမငယ်လေးဖြစ်နေမည်ဟု တကယ်မထင်ထားခဲ့ပေ။

 

“‌ဒါကို ယွင်ရုန်ပေးလိုက်တာ ဘယ်လိုဖြစ်နိုင်မှာလဲ”


လုဟွားနျန်က လက်မခံနိုင်ပေ။ထိုအချိန်တုန်းက ယွင်ရုန်၏ပုံစံသည် ဆယ်မီလီယမ်တန်သည့်ကျောက်စိမ်းကိုပိုင်ဆိုင်ထားနိုင်သည့် ပုံစံမျိုးမဟုတ်ပေ။ဒီလိုအဖိုးတန်ကျောက်စိမ်းမျိုးကို ကလေးတစ်ယောက်အားအလွယ်တကူပေးလိုက်နိုင်ဖို့ဆို ပြောနေစရာတောင်မလိုတော့ပေ။အဲ့လိုဆိုသူမက ပိုက်ဆံငါးထောင်ပဲလိုချင်တယ်လို့ ဘာလို့ပြောခဲ့မှာလဲ။


“ဒါကတကယ်ပဲ ယွင်ရုန်ကျဲကျဲပေးခဲ့တာပါ”


ကုယွမ်ယွမ်က လူတိုင်းကသူမကိုမယုံသည်ကိုမြင်သောအခါ စိတ်သောကရောက်လာသည်။ဒီလူကြီးတွေကဘာဖြစ်နေတာလဲ။ သူမမပြောပြချင်တုန်းကကျ အတင်းတွေမေးနေပြီး ပြောပြလိုက်ပြန်တော့လည်း မယုံကြဘူး။ထို့ကြောင့် သူမကချက်ချင်းပင်အခိုင်အမာပြန်ပြောလိုက်သည်။


အစကတည်းက ဆရာသခင်ကျန်းက ဘေးမှသာနားထောင်နေကာ ဘာမှဝင်မပြောခဲ့ပေ။သူ့မျက်လုံးများက သိချင်မှုများဖြင့် တလက်လက်တောက်နေကာ အပြုံးအပြည့်‌ဖြင့်မေးလာ၏။


“ယွင်ရုန်ကျဲကျဲက သမီးကိုဒါပေးခဲ့တုန်းက တစ်ခုခုပြောခဲ့သေးလား”


သူမအမှန်တိုင်းပြောနေကြောင်း သက်သေပြနိုင်ရန်အတွက် ကုယွမ်ယွမ်ကသေချာပြန်စဉ်းစားလိုက်သည်။ထို့နောက်သူမက မသေချာမရေရာစွာဖြင့်ပြောလာ၏။

“ကြည့်ရတာ ကျဲကျဲက ဒါကသမီးကိုဘေးကင်းလုံခြုံစေမယ်လို့ပြောခဲ့တာထင်တယ်。。。ဘေးကင်းလုံခြုံစေမယ်ဆိုတာ ဘာကိုပြောချင်တာလဲဟင်”


“ဘေးအန္တရာယ်ကင်းပြီး ကျန်းကျန်းမာမာရှိစေမယ်တဲ့လား သူမကလည်း ရွှမ်းမန်ကသူများလား”

ဆရာသခင်ကျန်းဘေးတွင်ရပ်နေသည့် ဝမ်းပေါ်ကအသံတိုးတိုးဖြင့်ဝင်ပြောလာသည်။


“ဖြစ်နိုင်တယ် သူမကရွှမ်းမန်ကလူဖြစ်ရုံတင်မကဘူး ထိပ်တန်းအရည်အချင်းရှိတဲ့သူပါဖြစ်နိုင်တယ်”

 

ဆရာသခင်ကျန်းက တစ်ဖက်ပြန်လှည့်သွားပြီးနောက် လက်ထဲမှကျောက်စိမ်းကို သေချာဂရုတစိုက်စစ်ဆေးကြည့်လိုက်သည်။စိတ်ဝိဉာဉ်စွမ်းအင်များကလွဲလျှင် အထဲ၌ဘာရှိနေသည်ဟု၍ သူမမြင်ရပေ။ငြိမ်းချမ်းရေးအဆောင်ကိုအထဲတွင်ဆွဲထားပါက ဘေးကင်းလုံခြုံ‌စေမည်ဟုပြောခဲ့သည်မှာ သင့်တော်၏။သာမန်ကျောက်စိမ်းဆိုပါက လူတစ်ယောက်၏ခန္ဓာကိုယ်အပူချိန်ကိုနွေးထွေးစေရုံလောက်သာတတ်နိုင်ကာ ဘေးကင်းလုံခြုံစေနိုင်သည့် အစွမ်းမရှိပေ။


သူကိုယ်တိုင်တောင် အထဲကိုမမြင်နိုင်ရာ ဒီလူသည်သူ့ထက်ကျင့်ကြံမှုမြင့်သောသူသာဖြစ်လိမ့်မည်။


“ဆရာသခင်ကျန်းထက် အင်အားကြီးတဲ့သူရှိသေးတာလား”

လုနန်ရှန်းက လက်မခံနိုင်စွာမေးလာ၏။


ဆရာသခင်ကျန်းက‌ရယ်လိုက်သည်။

“လူတွေရဲ့အပြင်မှာ လူတွေရှိသလို တောင်တွေရဲ့အပြင်မှာလည်းတောင်တွေရှိတယ် သဘာဝလွန်ကိစ္စကိုကိုင်တွယ်‌ဖြေရှင်းနိုင်စွမ်းက မွေးရာပါစွမ်းရည်တစ်ခုပါပဲ ကျုပ်လည်းဒါတွေကို လုပ်ရင်းနဲ့တစ်ဖက်မှာအခြားသူတွေရဲ့အတွေ့အကြုံတွေအပေါ်မှီခိုပြီး ဒီလိုကိစ္စတွေကိုဖြေရှင်းလာတာ နှစ်နည်းနည်းလောက်ပဲရှိပါသေးတယ်၊ ဒီအရည်အချင်းရှိတဲ့သူသာ ကူညီပေးလိုစိတ်ရှိမယ်ဆို ဟယ်နျန်ရဲ့ကံကြမ္မာကိုပြောင်းလဲကောင်းပြောင်းလဲနိုင်လိမ့်မယ်”


“ဆရာသခင်ကျန်း တကယ်ပြောနေတာလား”

ကျန်းရှုဟွားက ခံစားချက်များပြင်းထန်လာသည်။


ဆရာသခင်ကျန်းကခေါင်းငြိမ့်ပြသည်။

“အမှန်ပါဘဲ ဒီလူရဲ့‌စွမ်းဆောင်ရည်က ကျုပ်ထက်အမြင့်ကြီးမှာရှိနေတယ်လို့ ခံစားမိတယ်”


ထိုစကားကိုကြားလိုက်ရသောအခါ လုမိသားစုဝင်တိုင်းက ခံစားချက်များနှင့်ဆို့နင့်လာကြသည်။လုဟယ်နျန်၏လက်ချောင်းများက ဒူးပေါ်တွင်တောက်နေ၏။ဘယ်လိုပဲဖြစ်နေပါစေ သူ့စိတ်ထဲတွင် ယွင်ရုန်ကိုအရည်အချင်းရှိသည့်လူတစ်ယောက်ပုံစံအဖြစ်မှတ်ယူလို့မရဖြစ်နေ၏။


လူတိုင်းက ယွင်ရုန်ကိုဘယ်လိုရှာရမလဲဆွေးနွေးနေကြချိန်တွင် လုဟယ်နျန်ပေါ်တွင်မှီနေသည့်ကုယွမ်ယွမ်က ရုတ်တရက်ထပြောလာ၏။

“ဦးလေး ဦးလေးဆီမှာဘာလို့ယွင်ရုန်ကျဲကျဲရဲ့ အနံ့ရနေတာလဲ”


ယွင်ရုန်ဟူသည့်နာမည်ကိုကြားသောအခါ လူတိုင်းက တိုက်စရာမလိုဘဲ လုဟယ်နျန်ကိုလှည့်ကြည့်လာကြသည်။


လုဟယ်နျန်ကခေါင်းအစခြေအဆုံးတောင့်တင်းသွားကာ သူ့အမူအရာကတစက္ကန့်လောက်တန့်သွားသည်။ထို့နောက် သူကအမူအရာမဲ့စွာဖြင့် ယွမ်ယွမ်ကိုအောက်ချပေးကာပြောလိုက်သည်။


“မဟုတ်ပါဘူး သမီးအနံ့မှားရတာဖြစ်မယ်”


ဘာကြောင့်မှန်းမသိ သူ၏ဘဝကံတရားနှင့်ပတ်သက်သောကိစ္စတွင် မိန်းမငယ်လေးအားမပါစေချင်ပေ။သူ၏မျှော်လင့်ချက်မဲ့နေသောအခြေအနေမှချိုး‌ဖျက်ရန် သူကသေခြင်းတရားကို ကိုးခါရင်ဆိုင်ရမည်ဟု ဆရာသခင်ကျန်းပြောခဲ့ဖူး၏။သူက ဘာလို့ အပြစ်မရှိတဲ့မိန်းကလေးကို သူ့ကိစ္စထဲဝင်ဒုက္ခရောက်စေရမှာလဲ။


“မဟုတ်ပါဘူးနော်”


ကုယွမ်ယွမ်က ခြေထောက်ဆောင့်လိုက်သည်။သူမ၏အနံ့ခံနိုင်စွမ်းကအလွန်ကောင်း၏။လုဟယ်နျန်ကသူမကိုငြင်းလာသောအခါ ချက်ချင်းပင်မျက်မှောင်ကြုတ်ပြီးပြန်ပြောလိုက်သည်။


“ဒီနေ့မူကြိုကျောင်းမှာ ယွင်ရုန်ကျဲကျဲ သမီးကိုချီခဲ့တုန်းက အတိအကျကိုဒီအနံ့ရခဲ့တာ ယွမ်ယွမ်ကအနံ့ခံမမှားဘူး”


လုဟယ်နျန်:。。。。ယွမ်ယွမ်က ငါအချစ်ရဆုံးတူမမဟုတ်တော့ဘူး။


သူတစ်ဖက်လှည့်လိုက်သောအခါ သူ့အမေ၏သံသယဝင်နေသောအကြည့်ကိုမြင်လိုက်ရ၏။လုဟယ်နျန်ကမျက်မှောင်ကြုတ်ကာ ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။


“မားး မားကပါဘာလို့အဲ့လို。。。。。”


သူပြော၍မပြီးသေးခင်တွင် အပေါ်ဝတ်ကိုင်ထားသည့်လက်ကိုလှုပ်လိုက်ရာ အင်္ကျီကကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။ထို့နောက်အထဲမှ ဖြူဖွေးနူးညံ့သည့်အရာတစ်ခုပေါ်လာ၏။အဖြူရောင်မုန်လာဥကြီးနှင့်တူကာ တောင်ပေါ်မှာဂျင်ဆင်းရိုင်းတစ်ခုနှင့်လည်းဆင်လေသည်။。。。。。


ဂျင်ဆင်း၏အနံ့ပြင်းပြင်းက အိမ်ထဲတွင်ပျံ့နှံ့သွားသည်။


လုဟယ်နျန်က ခနတန့်သွားကာ သူဟိုတယ်မှထွက်လာချိန်တွင် ယွင်ရုန်ကသူ့လက်ထဲသို့ဒါကိုထိုးထည့်ပေးခဲ့သည်ကိုသတိရသွားမိ၏။သူ့ဦးနှောက်ထဲတွင် ဒီကိစ္စအားဘယ်လိုရှင်းပြရမလဲတွေးနေချိန်တွင် မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ဆရာသခင်ကျန်းက ထူးခြားနေသောအမူအရာဖြင့်ထရပ်လာလေသည်။


“ဒါ 。。。。ဒါက တောင်ဂျင်ဆင်းရိုင်းဘဲ”


ဂျင်ဆင်းနားဆီရောက်လာသောအခါ သူ့အမူအရာကပို၍အံ့ဩလာလေပင်။သူကဂရုတစိုက်ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ဂျင်ဆင်းကိုလက်နှစ်ဖက်လုံးဖြင့်သေချာကောက်ယူလိုက်သည်။သူကထရပ်လိုက်ကာ အမြစ်နားမှအစင်းကြောင်းများကို သေချာကြည့်လိုက်သည်။တစ်လွှာပြီးတစ်လွှာစက်ဝိုင်းပုံစံဖြစ်နေပြီး သက်ကြီးရွယ်အိုတစ်ယောက်၏ တွန့်ရှူံ့နေသောအရေပြားများနှင့်တူလှသည်။ဂျင်ဆင်းကအလွန်ကြီးကာအကောင်းပကတိအတိုင်းရှိနေဆဲဖြစ်ပြီး သက်တမ်းက မတိုသည့်ပုံပေါ်၏။


ဆရာသခင်ကျန်းအား အံ့ဩစေသောအရာမှာ တောင်ဂျင်ဆင်းရိုင်းများက ရှာရမလွယ်သော်လည်း တစ်ချို့တလေတော့ရှာတွေ့နိုင်ဆဲဖြစ်သည်။ထိုဂျင်ဆင်းများကို ပြုပြင်မွမ်းမံပြီးသောအခါ စိတ်ဝိဉာဉ်စွမ်းအင်ကပျောက်ဆုံးသွားပြီး ဘာမှမကျန်တော့ပဲ သာမာန်မြင်နေကျဆေးဝါးများ၏အခြေအနေသာရှိတော့သည်။သို့သော်သူ့လက်ထဲမှဂျင်ဆင်းကမူ လတ်ဆတ်ပြီးစိုရွှမ်းနေကာ မနက်စောစောလာရောင်းသည့်ဟင်းသီးဟင်းရွက်များလိုပင်ဖြစ်သည်။စိတ်ဝိညာဉ်စွမ်းအင်များက လျှံထွက်နေကာ အပြင်သို့ထွက်ခွင့်ပြုရန်တောင်းဆိုနေကြ၏။ခုနကကျောက်စိမ်းထက် ဤဂျင်ဆင်းကစိတ်ဝိညာဉ်စွမ်းအင်ပိုများလေသည်။


ဒီဂျင်ဆင်းရိုင်းမှာ ဟိုင်ရှီးတစ်မြို့လုံးရဲ့ အဆီအနှစ်တွေပါနေမှာတောင် စိုးမိတယ်။


ဆရာသခင်ကျန်းက ပစ္စည်းကောင်းများကိုမြင်ဖူးသော်လည်း ဂျင်ဆင်းကိုကိုင်ထားသည့်သူ့လက်များက တုန်နေဆဲဖြစ်သည်။သူကစိတ်အားထက်သန်စွာမေးလာ၏။


“ဟယ်နျန် မင်းဒီဂျင်ဆင်းကိုဘယ်ကရလာတာလဲ”


လုဟယ်နျန်က အရေးမကြီးသလိုပြန်ဖြေ၏။

“သူငယ်ချင်းတစ်ယောက်ပေးလိုက်တာပါ”


ထိုအဖြေကိုကြားသောခါ ဆရာသခင်ကျန်းက သူ့ဗိုက်ထဲမှနာလာသလိုပင် ခံစားမိသွားသည်။


ခုဏတုန်းကကျောက်စိမ်းတုံးကြီးက ထားပါတော့ အဆင်ပြေတယ်။အခုလည်း နောက်ထပ်ဂျင်ဆင်းရိုင်းတစ်ခုပေါ်လာပြန်ပြီ။နှစ်ခုလုံးကို အပြင်ဘက်ဈေးကွက်တွင်တင်သွင်းလိုက်ပါက ရွှမ်းမန်တစ်ခုလုံးမှသူများစုစည်းလာလိမ့်မည်။အခုတော့ ဒီနှစ်ခုလုံးကို သူငယ်ချင်းကပေးထားတာတဲ့။


သူ့ဆီမှာကျ ဘာဖြစ်လို့အဲ့လိုသူငယ်ချင်းမျိုးမရှိရတာလဲ။



⛰️