Chapter 20
Viewers 1k

⛰️Chapter 20

စိတ်ဝိညာဉ်ကျောက်စိမ်း။




လူတိုင်းက ဆရာသခင်ကျန်းတစ်ယောက်အလွန်စိတ်လှုပ်ရှားနေသည်ကိုမြင်သောအခါ ဒီဂျင်ဆင်းရိုင်းက အတော်လေးကောင်းသည့် ပစ္စည်းဖြစ်ကြောင်း ‌သဘောပေါက်လာကြသည်။ယွမ်ယွမ်၏ကျောက်စိမ်းထက်တောင် ပိုကောင်းနေနိုင်၏။လုဟွားနျန်က အလိုအလျောက် မေးလိုက်မိသည်။


“ဟယ်နျန်က ဒီဂျင်ဆင်းကိုလည်း ယွင်ရုန်ကပေးလိုက်တာတော့ မဟုတ်ဘူးမလား”


“မဟုတ်ပါဘူး”

လုဟယ်နျန်က တိခနဲပြန်ဖြေ၏။


လုဟယ်နျန်၏အမူအရာက အလွန်ရှင်းလင်းနေလို့လားမသိ ဘယ်သူကမှမေးခွန်းဆက်မထုတ်လာတော့ပေ။လုနန်ရှန်းက ဆရာသခင်ကျန်းသည်ဘာမှမပြောလာတော့ပဲ ဂျင်ဆင်းကိုသာဒီနေရာတွင်ချက်ချင်းဝါးစားလိုက်ချင်သလို အထပ်ထပ်အခါခါကြည့်နေသည်ကိုမြင်သွားသည်။သူက မနေနိုင်တော့ဘဲ ထုတ်မေးလိုက်သည်။


“ဆရာသခင်ကျန်း ဒီဂျင်ဆင်းက တစ်ခုခုထူးခြားတာရှိလို့လား”


လုနန်ရှန်းနှင့် ကျန်းရှုဟွားတို့က အသက်ကြီးလာသဖြင့် တစ်ခါတစ်လေတွင် ခန္ဓာကိုယ်အတွက်အာဟာရစွပ်ပြုတ်များကိုသောက်လေ့ရှိကြသည်။ဂျင်ဆင်းရိုင်းများက အလွန်အဖိုးတန်သော်လည်း ထိုမျှလောက်ထိရှားပါးမနေပေ။သူတို့လည်း နှစ်ရာချီသက်တမ်းရှိသည့် ဂျင်ဆင်းအနည်းငယ်ကိုစုဆောင်းနိုင်ခဲ့ဖူးသည်။


“‌ဒါက  နှစ်တစ်ထောင်ဂျင်ဆင်းပဲ”


ဆရာသခင်ကျန်းက စိတ်လှုပ်ရှားတကြီးအော်ပြောလာ၏။

“အဲ့ဒါအပြင်ကို လတ်ဆတ်နေတုန်းဘဲ သူ့ထဲမှာပါတဲ့စိတ်ဝိညာဉ်စွမ်းအင်က သာမာန်ဂျင်ဆင်းတစ်ခုရဲ့ ဆယ်ဆလောက်ရှိတယ် ဒါကအရေးကြီးတဲ့အခိုက်အတန့်မျိုးမှာဆို လူတစ်ယောက်ရဲ့အသက်ကိုတောင်ကယ်ပေးနိုင်တဲ့ ရတနာဘဲ”


နှစ်ထောင်‌ချီသက်တမ်းရှိတဲ့ဂျင်ဆင်း။ ထိုစကားကိုကြားသောအခါ လူတိုင်းကပင့်သက်ရှိုက်မိသွားသည်။နှစ်ထောင်ချီမပြောနှင့် သူတို့တစ်နိုင်ငံလုံး၌ နှစ်ငါးရာကျော်သက်တမ်းရှိသည့်ဂျင်ဆင်းကိုတောင် အနည်းငယ်မျှသာ ရှာတွေ့နိုင်၏။ဆရာသခင်ကျန်းက အလွန်စိတ်လှုပ်ရှားနေတာ မထူးဆန်းတော့ပေ။


ဆရာသခင်ကျန်းက တောက်လောင်မတတ်မကြည့်များဖြင့် လုဟယ်နျန်ကိုကြည့်ကာ ပြောလာ၏။

“ဟယ်နျန် မင်းသူငယ်ချင်းဆီမှာ ဒီလိုဂျင်ဆင်းရိုင်းတွေရှိသေးလား သူတို့သာအဲ့ဒါကိုရောင်းချင်ရင် ငါဆယ်မီလီယမ်ပေးဖို့ဆန္ဒရှိတယ်”


လုဟယ်နျန်က ခေါင်းခါလိုက်သည်။

“သူ့လက်ထဲမှာ ဒီတစ်ခုပဲရှိတော့တာပါ”


သူက အလိုလိုလိမ်ပြောလိုက်ကာ ယွင်ရုန်ကိုဤကိစ္စထဲ၌ ရှုပ်မထွေးသွားစေရန်ဆုတောင်းလိုက်မိသည်။


“ဖြစ်နိုင်တယ် ဒီလိုပစ္စည်းကောင်းမျိုးက တစ်ခုကိုမြင်လိုက်နိုင်ရုံကတင် ကံတော်တော်ကောင်းနေပြီ ဘယ်လိုလုပ်ပြီးနောက်ထပ်ရှိနိုင်ဦးမှာလဲ。。。”


သူကခေါင်းတငြိမ့်ငြိမ့်ဖြင့်ပြန်ဖြေလာသည်။ဆရာသခင်ကျန်းကအနည်းငယ်စိတ်ပျက်မိသော်လည်း နားလည်နိုင်ဆဲဖြစ်သည်။


သို့သော်သူက လက်မလျှော့လိုသေးပေ။

“ဟယ်နျန် တကယ်တော့ဒီလိုဂျင်ဆင်းမျိုးက ခန္ဓာကိုယ်အတွက် အားဖြည့်စာအဖြစ်ဆိုအရမ်းကောင်းတယ် သူ့ရဲ့ဆေးဖက်ဝင်မှုကတကယ်ပြင်းတယ်၊ မင်းတစ်ခါစားရင် အပိုင်းသေးသေးလေးတစ်ခုလောက်နဲ့တင် လုံလောက်ပြီ၊ ဒီဂျင်ဆင်းကအရမ်းကြီးတာကိုမင်းလည်းမြင်တာဘဲ ငါ့ကိုနည်းနည်းလောက်မျှပေးပါလား”


ထိုသို့ပြောကာ သူကမျှော်လင့်ချက်အပြည့်ဖြင့် လုဟယ်နျန်ကိုကြည့်လာ၏။


အခြားသူဆိုပါက လုဟယ်နျန်ကတိုက်ရိုက်ငြင်းလိုက်မိမှာဖြစ်သည်။ဒီဂျင်ဆင်းက လူတစ်ယောက်အသက်ကိုကယ်နိုင်ရာ သူတို့မိသားစုအနေဖြင့် ဖုံးကွယ်ထားနိုင်သောအရာမဟုတ်ပေ။ အသက်ကယ်နိုင်သောအရာများမှာသိပ်မရှိပေ။ထို့အပြင် ဒါက ယွင်ရုန်ပေးလိုက်သောအရာဖြစ်၏။သူ့ကို အပြုံးအပြည့်ဖြင့်ကြည့်နေခဲ့သည့် ထိုမိန်းကလေးကိုတွေးမိသွားသောအခါ သူမပေးလိုက်သောအရာကို အခြားသူများအားမပေးချင်တော့ပေ။


“ဟယ်နျန် ဒါကဆရာသခင်ကျန်းအတွက်အသုံးဝင်မှတော့ မျှပေးလိုက်ရအောင်”


လုနန်ရှန်းက အရင်ဆုံးပါးစပ်ဖွင့်လာခဲ့သည်။


လုဟယ်နျန်က လုနန်ရှန်းစကားကိုကြားသောအခါ သတိပြန်ဝင်လာပြီး ခေါင်းငြိမ့်ပြလိုက်သည်။ဆရာသခင်ကျန်းက အပြင်လူမဟုတ်ပေ။သူအခုချိန်ထိအေးအေးချမ်းချမ်းလုံခြုံစွာနေနိုင်ခဲ့သည်မှာ ဒီနှစ်များတွင် သူ့ကိုယ်ထဲမှမကောင်းသောစွမ်းအင်များကို ဆရာသခင်ကျန်း၏အကူအညီကိုယူပြီးဖိနှိပ်နေခဲ့သောကြောင့်ဖြစ်သည်။


လုဟယ်နျန်သဘောတူသည်ကိုမြင်သောအခါ ဆရာသခင်ကျန်းကအလွန်ပျော်သွားသည်။သူ၏ မသေမျိုးဆန်ကာ လောကမှဝေးကွာသည့်အသွင်အပြင်ကို ဆက်မထိန်းနိုင်တော့ပေ။ မသေမျိုးတောက်ပညာရှင်ဖြစ်ရတာက ထမင်းတစ်ပန်းကန်ကိုအစားထိုးနိုင်လို့လား။မသေမျိုးတောက်ပညာရှင်က စိတ်ဝိညာဉ်စွမ်းအင်ရှိလား။အဲ့ဒီကျောက်စိမ်းကို နှစ်ပိုင်းချိုးလို့မရပေမယ့် ဒီ‌ဂျင်ဆင်းကတော့ပိုင်းလို့ရတယ်လေ။ဒီလိုဂျင်ဆင်းမျိုးကိုပြန်ယူသွားနိုင်လို့ကတော့ အထူးရုံးကအဖိုးကြီးတွေအားလုံး သူ့ကို မနာလိုဖြစ်နေရုံပဲတတ်နိုင်လိမ့်မယ်။


အဆုံးတွင် ဆရာသခင်ကျန်းက လုမိသားစုသုံးစွဲနိုင်ရန်အတွက် ဂျင်ဆင်းလတ်ဆတ်နေချိန်တွင် အပိုင်းအနည်းငယ်လောက်မြန်မြန်ယူလိုက်သည်။ထို့နောက် သူ့အတွက်အနည်းငယ်ဖယ်ပြီးနောက် ကျန်သည့်ဂျင်ဆင်းများကို ဆေးဖော်ပေးရန်ယူသွားလိုက်သည်။သူက သူ့၏ဆေးဖော်နည်းကို နည်းနည်းလေးတောင်စိုးရိမ်မှုမရှ်ိပေ။


သူပြန်တော့မည့်အချိန်ထိ ဆရာသခင်ကျန်းကပြုံးနေဆဲဖြစ်သည်။တံခါးနားသို့ရောက်သောအခါ သူကတစ်ခုခုကိုသတိရသွား၏။သူကနှုတ်ခမ်းကိုစေ့ကာ အလေးအနက်သတိပေးလိုက်သည်။


“မင်းတို့တွေ အဲ့ဒီအရည်အချင်းရှိတဲ့သူကို တတ်နိုင်သမျှအမြန်ဆုံးရှာသင့်တယ် သူမသာအနားမှာရှိနေပေးရင် ဟယ်နျန်ရဲ့အသက်ကံက ပြောင်းလဲဖို့50%လောက်အခွင့်ရေးရှိတယ်”


ဆရာသခင်ကျန်း၏စကားက ကျန်းရှုဟွာနှင့်လုနန်ရှန်းတို့ကို ယွင်ရုန်ကိုရှာရမည့်ကိစ္စက ဘယ်လောက်တောင်အရေးကြီးကြောင်း တစ်ဖန်သဘောပေါက်သွားစေသည်။ဆရာသခင်ကျန်းပြန်သွားပြီးနောက် လုနန်ရှန်းကပြောလာ၏။


“ငါ့လက်အောက်ကလူတွေကို အသိပေးထားလိုက်မယ်၊ နေ့တစ်ဝက်ပဲကျော်သေးတော့ သူမကဟိုင်ရှီးမြို့ထဲမှာပဲ ရှိနေဦးမှာ”


ကျန်းရှုဟွားကခေါင်းငြိမ့်လိုက်သည်။

“အခွင့်အရေးနည်းနည်းလေးပဲ ရှိတယ်ဆိုရင်တောင်ကျွန်မတို့ကြိုးစားကြည့်ရမှာပဲ”


လုဟယ်နျန်က သူ့မိဘများ၏ပူပန်သောကရောက်နေသောပုံစံကိုမြင်သောအခါ ရင်ထဲတွင်သက်ပြင်းချလိုက်မိသည်။သူလည်း သူ၏ဘဝကံတရားကိုဖြေရှင်းနိုင်ရန် ဆုတောင်းမိ၏။သို့သော်သူက အပြစ်မရှ်ိသောလူတစ်ယောက်ကို ဝင်ပြီးမရှုပ်ထွေးသွားစေချင်ပေ။ထို့အပြင်သူဘယ်လိုပဲကြည့်ပါစေ ယွင်ရုန်ကအရည်အချင်းရှိသည့်လူတစ်ယောက်ပုံစံမပေါက်ပေ။


လူရှာသည့်ကိစ္စက အခုချိန်တွင်သိပ်မလောသေးပေ။ခဏလောက်တိုင်ပင်လိုက်ပြီးနောက် လူတိုင်းက ဆရာသခင်ကျန်းချန်ထားခဲ့သည့် ဂျင်ဆင်းပိုင်းကိုသတိရသွားသည်။သူက အမြန်ဆုံး‌စားသုံးလိုက်ရန် ပြောခဲ့ပြီး မဟုတ်ပါက စိတ်ဝိညာဉ်စွမ်းအင်များကုန်သွားပြီး အာနိသင်သိပ်ရှိတော့မှာမဟုတ်ဟုဆို၏။


ကျန်းရှုဟွားက ချက်ချင်းပင် ဒေါ်လေးချန်အား ဂျင်ဆင်းနှင့်ကြက်သားနှပ်လုပ်ခိုင်းလိုက်သည်။နောက်ပိုင်းနေ့ရက်များတွင် မိသားစုတစ်ခုလုံးက တစ်နေ့လျှင်စွပ်ပြုတ်တစ်ခွက်သောက်ကြရလေသည်။


လုမိသားစုက ယွင်ရုန်၏ကိစ္စများကိုစဉ်းစားရင်း အိပ်မပျော်ကြချိန်၌ ရဲစခန်းရှိလူတစ်ယောက်ကလည်း အိပ်လို့မပျော်ပေ။မအိပ်ရဲဟုပြောပါက ပိုမှန်လိမ့်မည်။


ကျင်းဟုန်မိန်က ရဲစခန်းသို့ရောက်သောအခါ ရိုးရှင်းသည့်စစ်မေးမှုတစ်ခုကြုံလိုက်ရသည်။သူမကကောင်းမွန်သည့် အလုပ်တစ်ခုလုပ်နေသည်ဖြစ်ကြောင်းကိုသာ ဆက်တိုက်ပြောနေ၏။ကလပ်အတွင်းတွင် သူတို့ကသီချင်းဆို‌ဖျော်ဖြေပြီး အရက်၊ဝိုင်ရောင်းရုံလောက်သာလုပ်သည်ဟုဆို၏။သူမသည် သူမ၏ဝန်ထမ်းတစ်ယောက်က ကျိုးလန်ခင်ပွန်းနှင့်အရှုပ်အထွေးဖြစ်နေသည်ကို မသိခဲ့ပေ။မည်သို့ပင်ဖြစ်စေ အရှုပ်အထွေးတစ်ခုရှိသည်က ပြစ်မှုမဟုတ်ပေ။သူမကထိုကိစ္စကိုသိထားလျှင်တောင်မှ ဝင်ပါလို့မကောင်းပေ။


တကယ်တမ်းတွင် အမြင်ကောင်းရှိသည့်သူများက သူမ၏အကြောင်းပြချက်များကို ဖောက်မြင်နိုင်လိမ့်မည်။ကျင်းဟုန်မိန်၏ကလပ်တွင် မသန့်ရှင်းသည့်လဲလှယ်မှုတစ်ချို့ရှိပေသည်။သို့သော် ကျင်းဟုန်မိန်က အလွန်သတိကြီးသဖြင့် စုဆောင်းစရာသက်သေလုံးဝမရှိပေ။ဖောက်ပြန်သည့်ကိစ္စတွင် အကျင့်သိက္ခာနှင့် ကိုယ်ကျင့်စရိုက်ကိုသာ ဝေဖန်နိုင်၏။ဥပဒေက လက်ဆုပ်လက်ကိုင်ပြစရာမရှိသဖြင့် ဘာမှမလုပ်နိုင်ပေ။


စစ်ဆေးရေးခန်းထဲမှထွက်လာပြီးနောက် ရဲအရာရှိရှောင်ဝမ်က စာအုပ်ထဲတွင်ရေးထားသည့် ငွေစာရင်းများကိုကြည့်ကာပြောလာ၏။


“ခေါင်းဆောင် ဒီကလပ်ကမရိုးဘူးလို့ ကျွန်တော်ခံစားနေရတယ် ကျွန်တော်တို့ဖမ်းမိလုနီးပါးဖြစ်ခဲ့တဲ့အချိန်တိုင်းမှာ ချော်ထွက်သွားတာချည်းဘဲ ဒီတစ်ကြိမ်မှာတော့ ခက်ခက်ခဲခဲနဲ့ ဘော့စ်ဖြစ်သူကို ဆင်ခြေသုံးပြီးဖမ်းနိုင်ခဲ့တာ ဒါပေမယ့်သူမကဘာကိုမှထုတ်မပြောမိသေးဘူး”


“ဒီလိုလူမျိုးက မြေခွေးအိုလိုပဲ  နောက်ကျနေပြီ အရင်ဆုံးသူမကို ၂၄နာရီလောက်ချုပ်ထားလိုက်‌တာပေါ့ မနက်ဖြန်ကျရင် အမျိုးသမီးရဲမေတစ်ယောက်ကိုခေါ်ပြီး သူမကိုစစ်ဆေးခိုင်းလိုက်”


ကျူးမင်စစ်က ရှောင်ဝမ်၏ပုခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။သူကဒီလိုရလဒ်မျိုးထွက်လာမည်ကို မျှော်လင့်ပြီးသားဖြစ်သည်။ထို့ကြောင့် သူကအရမ်းစိတ်မပျက်သွားပေ။


စစ်ဆေးရေးအခန်းတံခါးပိတ်သွားသည်ကိုကြည့်ကာ ကျင်းဟုန်မိန်က ထိုင်ခုံပေါ်တွင်ထိုင်ရင်း ယုတ်မာသည့်အမူအရာဖြင့် မဲ့ပြုံးပြုံးလိုက်သည်။သူမကိုအရှေ့ရောအနောက်ကပါ မေးခွန်းတွေထုတ်နေတာ အချိန်တိုင်းအတူတူပဲ။သူမကထိုကိစ္စများကြောင့် ထိန်းသိမ်းခံလိုက်ရနိုင်သော်လည်း သူတို့တွင်သက်သေမရှိပေ။ထို့ကြောင့်သူတို့က သူမကိုဖမ်းမထားနိုင်ပေ။ကလပ်ဖွင့်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး တစ်ခါမှစကား‌မချော်ခဲ့ဖူးပေ။24နာရီပြည့်သည်အထိစောင့်နေရုံသာ၊ထို့နောက်တွက် သူတို့ကနာနာခံခံဖြင့် သူမကိုပြန်လွှတ်ပေးရလိမ့်မည်။


ကျင်းဟုန်မိန်ကတွေးကြည့်ကာ ဂုဏ်ယူသွားသည်။သူမကခြေထောက်ချိတ်ထိုင်ကာလွှဲလိုက်ပြီးနောက် ဒီနေ့တွင်သူမတိုက်ခေါင်မိုးပေါ်မှခုန်ချရန်လုပ်ခဲ့သည့်ကျိုးလန်အကြောင်းသတိရသွားသည်။ သူမကစိတ်ပျက်စွာဖြင့် အသံထွက်ကျိန်ဆဲလိုက်သည်။ 


ဒီကံဆိုးမှုတွေအားလုံးက ကိုယ့်ယောက်ျားကိုနိုင်အောင်မဆွဲထားနိုင်တဲ့ သူမအပြစ်ပဲလေ၊ အဲ့ဒါကို ကလပ်ကကောင်မလေးတွေကိုအပြစ်လာတင်နေတယ်။ပြီးတော့ သူ့ပုံစံသူမမြင်ဘူးလား၊ သေတော့မယ့်အဖွားအိုကြီးလို ရွတ်တွနေတာ။


သရဲတောင်ဖြစ်‌ချင်နေသေးတယ်။သူသာသရဲဖြစ်သွားလို့ကတော့ ကျင်းဟုန်မိန်ကချက်ချင်းတောက်ဆရာကိုခေါ်ပြီး ဖယ်ရှားပစ်လိုက်မှာ။


ခဏလောက်ကျိန်ဆဲနေပြီးနောက် ကျင်းဟုန်မိန်ကပင်ပန်းလာသည်။စစ်ဆေးရေးအခန်းထဲတွင် သူမကထိုင်ခုံနောက်ကျောကိုမှီထားရင်း အိပ်ငိုက်လာ၏။သူမကသံသယရှိသူမဟုတ်သဖြင့် အခန်းထဲတွင်လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ကာ ဘယ်သူကမှ သူမလှုပ်ရှားမှုများကို မကန့်သတ်နိုင်ပေ။


ကျင်းဟုန်မိန်က ညသန်းခေါင်ထိတိုင်အောင်အိပ်ပျော်သွားကာ အမှောင်ထုကတဖြေးဖြေးပို‌နက်ရှိုင်းလာခဲ့သည်။


ဟိုင်ရှီးမြို့ကြီးကလည်း တဖြေးဖြေးတိတ်ဆိတ်လာ၏။ညကောင်းကင်တွင် လမင်းကတောက်ပနေကာ ဘယ်အချိန်ကမှန်းမသိ အနက်ရောင်တိမ်တိုက်တစ်ခုက ညရှုခင်းထဲသို့တိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။


မိုးကုပ်စက်ဝိုင်းအလွန်တွင် ရက်စက်ယုတ်မာမှုလှိုင်းတစ်ခုက ဖြေးဖြေးချင်းလိမ့်တက်လာ၏။ညလေပြေက နှေးကွေးစွာ တိုက်ခိုက်လာကာ တစ်ဝက်‌ဖွင့်ထားသောပြတင်းပေါက်မှ တဟူးဟူးလေတိုက်သံများထွက်ပေါ်လာလေသည်။


ကျင်းဟုန်မိန်ကလေအေးကြောင့် နိုးသွားကာ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်သည်။ဘယ်အချိန်ကမှန်းမသိ စစ်ဆေးရေးအခန်းထဲ၌မီးပိတ်နေကာ ပတ်ဝန်းကျင်ကမှောင်မဲနေပြီး လေတိုက်သံများသာကြားနေရသည်။သူမက သိပ်မဝေးသောနေရာတွင် ခပ်ဖျော့ဖျော့အရိပ်တစ်ခု ရပ်နေသည်ကိုမြင်လိုက်သည်။


ကျင်းဟုန်မိန်က ကြောက်လန့်တကြားထခုန်မိသွားသည်။သူမကဗိုက်ကိုဖိကာ မကျေမနပ်လှမ်းပြောလိုက်သည်။


“ရဲအရာရှိကြီးရေ မီးပိတ်လိုက်တာလား၊ အားလုံးကအများသုံးလျှပ်စစ်‌ဘဲလေ ချွေတာစရာမလိုပါဘူး”


သို့သော်သူမ‌ မကျေမနပ်ပြောလိုက်သော်လည်း ထိုအရိပ်ဖျော့ဖျော့က သူမပြောသည်ကိုမကြားသလိုပင် လှုပ်ရှားမှုမရှိရပ်နေဆဲဖြစ်သည်။


“ရဲအရာရှိကြီး ဘာလို့ဘာမှမပြောတာလဲ၊ ဒီနေ့ညမှာ ကျွန်မကောင်းကောင်းပူးပေါင်းပေးခဲ့တယ်လေ မေးသမျှကိုလည်းဖြေပေးခဲ့တယ် လူကိုအဲ့လိုခြောက်လန့်နေလို့မရဘူးနော်”


ကျင်းဟုန်မိန်က နည်းနည်းလန့်လာကာ ထိုင်ခုံတွင်ကိုယ်ကိုကြုံ့လိုက်သည်။သို့သော်ငြား သူမကမှန်ကန်သောပုံစံဖြင့် အရှက်မရှိ ပါးစပ်က ဆက်ပြီးတတွတ်တွတ်ပြောလာပြန်သည်။


“ကျင်းကျဲ ကျွန်မအရမ်းနာတာဘဲ。。。”


သူမအသံထွက်ရုံလေးတွင် သူမရှေ့မှပုံရိပ်က ‌တဖြေးဖြေးသူမဆီသို့ရွေ့လာပြီး စိတ်ထိခိုက်နေသည့်အသံကနောက်ကပါလာလေသည်။


ထိုအသံက ကျင်းဟုန်မိန်နားထဲကပ်ပြောသလိုပင် သူမခေါင်းတစ်ခုလုံးကျိန်းလာ၏။သူမက ထိုင်ခုံပေါ်မှ ကြောက်လန့်တကြားထရပ်လိုက်သည်။သူမက ထိုအသံနှင့်ရင်းနှီး၊မရင်းနှီးကို အတိအကျမပြောနိုင်သော်လည်း ၎င်းကရဲအရာရှိ၏အသံတော့မဟုတ်ပေ။ထို့အပြင် ရဲဆိုပါက သူမကိုကျင်းကျဲဟုခေါ်မည်မဟုတ်ပေ။


ကလပ်မှကောင်မလေးများနှင့် ဝန်ထမ်းများသာ သူမကိုကျင်းကျဲဟုခေါ်ကြ၏။


“ရဲတစ်ယောက်ဖြစ်ပြီး ဘာလို့လူကိုလှည့်စားဖို့ကြိုးစားနေတာလဲ၊ ရှင်ယုံလားမယုံဘူးလားမသိ‌ဘူး မနက်ဖြန်ကျရင် ကျွန်မတိုင်ကြားစာသွားတင်လိုက်မှာ”


ကျင်းဟုန်မိန်က ရုတ်တရက်ထိုသို့တွေးလိုက်မိသည်။သူမကချွေးစေးများထွက်လာသော်လည်း အမှောင်ထဲတွင်အော်လိုက်ကာ သူမကိုယ်သူမသတ္တိမွေးချင်နေ၏။


သို့သော်သူမထိုသို့ပြောလိုက်သောအချိန်မှာပင် အမှောင်ထဲမှထိုပုံရိပ်က သူမရှေ့သို့ရောက်လာ၏။၎င်းက ကိုယ်လုံးကျွတ်နီးပါးဖြစ်နေသည့်မိန်းကလေးတစ်ယောက်ဖြစ်ကာ သူမတစ်ကိုယ်လုံးကအညိုအမဲများစွဲနေ၏။သွေးမည်းများက ဒဏ်ရာများမှစီးကျနေကာ သူမနှုတ်ခမ်းထောင့်လည်းကွဲနေပြီး ပါးပေါ်တွင်များပြားလှသည့်လက်ဝါးရာများရှိနေပေသည်။သူမက နာကျည်းမှုအပြည့်ဖြင့် ကျင်းဟုန်မိန်ဆီသို့လျှောက်လာသည်။


“ကျင်းကျဲ ကျွန်မအရမ်းနာနေတာကို ကျဲသိတယ်မဟုတ်လား...”


ကျင်းဟုန်မိန်က ထိုမိန်းမသရဲကိုမြင်သောအခါ သူမနှုတ်ခမ်းများက ကြောက်လန့်မှုကြောင့်‌ဖြူဖျော့လာသည်။သူမက တုန်တုန်ယင်ယင်ဖြင့်ပြောလာ၏။


“နင်。。。နင်ကချိုးလီ。。。。ငါ့နားမလာနဲ့ ငါတမင်လုပ်ခဲ့တာမဟုတ်ဘူး နင်သေသွားမယ်လို့ငါမထင်ခဲ့ပါဘူး。。。。”


ဘော့စ်မာက အိပ်ရာပေါ်တွင်ကစားရာ၌ ကိစ္စတစ်ချို့ပြုလုပ်ရသည်ကိုသဘောကျကြောင်း သူမသိ၏။သို့သော်သူက ပိုက်ဆံအမြောက်အမြားပေးခဲ့ပေသည်။


ကစားတာကဘယ်လိုများဖြစ်နိုင်မှာမလို့လဲ။ဒီလိုကိစ္စမျိုးက အစပိုင်းတွင်မရင်းနှီးသော်လည်း နောက်ပိုင်းတွင်အသားကျသွားလိမ့်မည်။သည်းခံလိုက်ပါက သိပ်မကြာခင်မှာဘဲအရာအားလုံးပြီးသွားလိမ့်မည်။သူမက ဘော့စ်မာကစားလိုက်‌တာကြောင့် လူတစ်ယောက်ကသေတဲ့အထိပါဖြစ်သွားမယ်လို့ ဘယ်လိုလုပ်ထင်ထားမိမှာတဲ့လဲ။

 

ကျင်းဟုန်မိန်က ပြင်းပြင်းထန်ထန်တုန်လှုပ်နေချိန်တွင် သူမမြင်ကွင်းက တစ်ယောက်ယောက်သူမမျက်လုံးများကိုဖုံးလိုက်သလိုပင် ရုတ်တရက်အမှောင်ကျသွား၏။သူမက သတိလက်လွတ်ခေါင်းမော့ကြည့်လိုက်ရာ သွေးလိုနီရဲနေသည့်မျက်လုံးနှစ်လုံးနှင့်လျှာအရှည်ကြီးတစ်ခုကိုမြင်လိုက်ရလေသည်။သူမကချက်ချင်းပင်‌ ကြောက်သွားပြီးကြမ်းပြင်ပေါ်သို့လဲကျသွားလေသည်။


“ကျင်းကျဲ ကျွန်မ မလုပ်ချင်ဘူး ဘာလို့ကျွန်မကိုဖိအားပေးတာလဲ”


လျှာပိုင်ရှင်၏မျက်လုံးများက သူမကိုစူးစိုက်ကြည့်နေ၏။ထိုအသံကအရိုးခိုက်မတတ်အေးစက်နေကာ မြွေလေးတစ်ကောင်က ကျင်းဟုန်မိန်၏လည်ပင်းတွင်ဖြေးဖြေးချင်း ရစ်ပတ်လာသလိုခံစားမိသွားသည်။


“ငါတောင်းပန်ပါတယ် တင်းရှောင်ကျင်း ငါနင့်ကိုဖိအားမပေးချင်ပါဘူး ဒါပေမယ့်ဖောက်သည်ကနင့်ကိုသဘောကျနေတော့ ငါ့မှာရွေးချယ်စရာမရှိတော့လို့ပါ。。。。。”


ကျင်းဟုန်မိန်က သူမခေါင်းကိုအုပ်လိုက်မိသည်။သူမကအလွန်ကြောက်ရွံ့နေသဖြင့် တစ်ကိုယ်လုံးကအမှုန့်စစ်ချနေသောဇကာလို သိမ့်သိမ့်တုန်နေ၏။သူမက သူမစကားနားမထောင်သည့်သူများကို နည်းနည်းလောက်ပညာပေးချင်ခဲ့ရုံသာဖြစ်သည်။တင်းရှောင်ကျင်းက အရမ်းခေါင်းမာပြီး ကိုယ့်ကိုကိုယ်ဆွဲကြိုးချသေသွားမယ်လို့ ဘယ်သူကထင်ထားမိမှာလဲ။


လုံခြုံရေးအခန်းထဲတွင် ဂျူတီကျနေသည့်ရဲအရာရှိက ခေါင်းကိုအနည်းငယ်လှုပ်ရှားလိုက်သည်။ချက်ချင်းပင်သူကအိပ်ငိုက်နေရာမှ လုံးဝနိုးလာပြီး မော်နီတာကိုမော့ကြည့်လိုက်သည်။‌စစ်ဆေးရေးအခန်းကိုပြနေသည့်မော်နီတာပေါ်၌  ကျင်းဟုန်မိန်က အခန်းထောင့်တွင်ကျုံ့ကာ ကြောက်လန့်တကြားနှင့် သူမဘာသာစကားပြောနေသည်ကိုမြင်လိုက်ရလေသည်။。。。。

 

“မင်းမြင်လိုက်လား ဘာတွေဖြစ်နေတာလဲ”

သူက ဘေးမှအိပ်ငိုက်နေသည့်ရဲဘော်ကိုလှုပ်နှိုးလိုက်သည်။


သူ့အဖော်ကမော့ကြည့်လာ၏။မော်နီတာပေါ်တွင် ကျင်းဟုန်မိန်တစ်ယောက်ထဲသာတွေးသဖြင့် ဘာမှသိပ်မစဉ်းစားပဲ ပြန်ဖြေလိုက်သည်။


“ပိုးဟပ်မြင်လို့များလား”


တောင်ပိုင်းမှပိုးဟပ်များက တကယ်ကိုကြီး၏။ပြီးတော့ ပျံလည်းပျံနိုင်သေးတယ်။မြောက်ပိုင်းသားဖြစ်သည့် သူအပါအဝင်အကြီးအကဲတစ်ချို့မှာ ပိုးဟပ်ကိုကြောက်ကြ၏။ကျင်းဟုန်မိန်လိုအမျိုးသမီးဆိုလျှင် ပြောနေစရာတောင်မလိုတော့ပေ။



⛰️