Chapter 21
Viewers 3k

⛰️Chapter 21

100မီလီယမ်



“ဘာပိုးဟပ်လဲ ငါတို့ရုံးမှာဘယ်နေရာကပိုးဟပ်ရှိလို့လဲ”


ရဲအရာရှိက စကားလုံးတစ်ချို့ကိုရေရွတ်လာကာ သူ့မျက်လုံးများကမော်နီတာပေါ်မှမခွာသေးပေ။သူပြောနေချိန်တွင် မော်နီတာပေါ်ရှိ ကျင်းဟုန်မိန်က ရုတ်တရက်မတ်တပ်ရပ်လာပြီး ‌နံရံဆီသို့ပြေးသွားသည်ကိုမြင်လိုက်ရ၏။ထို့နောက်သူမခေါင်းကိုနံရံနှင့် ပြင်းထန်စွာဆောင့်ချလိုက်လေသည်။


“ထတော့ မြန်မြန် မြန်မြန်ထစမ်းပါဟ အက်စီးဒန့်တစ်ခုဖြစ်နေပြီ အဲ့ဒီကျင်းဟုန်မိန်က စစ်ဆေးရေးခန်းထဲမှာသတ်သေဖို့လုပ်နေတယ်”


အိပ်ငိုက်နေသောရဲဘော်ကချက်ချင်းနိုးလာသည်။ မော်နီတာမှတစ်ဆင့် ရူးသွပ်နေသည့်ကျင်းဟုန်မိန်က နံရံကိုပြေးတိုက်နေသည်ကိုမြင်သောအခါ လန့်သွားပြီးမအိပ်ငိုက်နိုင်တော့ပေ။


“ချီးပဲ မြန်မြန်သွား မြန်မြန်သွားကြမယ် ဒီလိုသာဆက်လုပ်နေရင် တကယ် မတော်တဆဖြစ်တော့မှာ”


စစ်ဆေးရေးအခန်းထဲတွင် ကျင်းဟုန်မိန်၏မျက်နှာတစ်ခုလုံးက မျက်ရည်များ၊နှာရည်များဖြင့်ပြည့်နေလေသည်။သူမကနံရံကိုကြောက်လန့်တကြီးကြည့်ကာ နံရံနှင့်ဝေးအောင်အင်အားရှိသမျှရုန်းကန်နေ၏။သို့သော်တစ်ခုခုက သူမ၏ခြေလက်များကိုဆွဲထားသလိုပင် သူမကိုယ်ကသူမ၏အမိန့်ကိုနာမခံပေ။သူမ၏အနောက်တွင် ပုပ်သိုးနေသည့်သရဲမျက်နှာကရက်စက်သည့်ပုံစံကိုဖော်ပြနေပြီး ကျင်းဟုန်မိန်၏ခေါင်းကိုကိုင်ကာ နံရံနှင့်ဆွဲတိုက်ပြီး အံကြိတ်ကာပြောလာ၏။


“ကျင်းကျဲ နာလားဟင် နာလား မနာဘူးလား၊ ကျွန်မအဲ့ဒီအချိန်မှာခုန်ချခဲ့တုန်းက ဒီလောက်ထိနာခဲ့ရတာ”


“ငါ့ကိုလွှတ်‌ ကယ်ကြပါဦး ကယ်ကြပါ”


ကျင်းဟုန်မိန်က ခေါင်းကွဲမတတ်ခေါင်းကိုက်သွားကာ ကြယ်များကိုတောင်မြင်နေပြီဖြစ်သည်။သူမက မအော်ပါကအသက်ပါသွားတော့မလို ကျယ်လောင်စွာအော်ဟစ်လာ၏။အ‌ဆုံးတွင် သူမသည်းမခံနိုင်လုနီးပါးဖြစ်လာသည့်အချိန်၌ အခန်းတံခါးကဘန်းခနဲပွင့်သွားကာ တာဝန်ကျအရာရှိနှစ်ဦးက အထဲပြေးဝင်လာခဲ့သည်။


လူနှစ်ယောက်ဝင်လာသည့်အချိန်တွင် ကျင်းဟုန်မိန်၏တစ်ကိုယ်လုံးပေါ့ပါးသွားပြီး သူမကိုတွန်းနေသည့်ဖိအားပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။သူမရှေ့မှ အမှောင်ထုကလည်းပျောက်ကွယ်သွားကာ မီးအလင်းရောင်တောက်တောက်များဖြင့်အစားထိုးလာသဖြင့် ကြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်မိသည်။သူမကတစက္ကန့်အတွင်းမှာဘဲ ကိုယ့်ကိုလှည့်လာပြီး လျှပ်စီး‌တစ်ခုလိုပင် ရဲအရာရှိနှစ်ယောက်ဆီသို့ ကတုန်ကယင်နှင့်တွားသွားလိုက်သည်။


“သရဲရှိတယ် သရဲ ကျွန်မကိုကယ်ပါဦး”


ကျင်းဟုန်မိန်က ရဲများဆီသို့ရောက်သည်နှင့် ကျယ်လောင်စွာအော်ဟစ်လာ၏။သူမပြောနေရင် နံဟောင်သည့်ဆီးနံ့တစ်ခုထွက်လာလေသည်။လူတိုင်းကငုံ့ကြည့်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင်အဝါရောင်အရည်အကွက်ကြီးပေါ်လာသည်ကိုမြင်လိုက်လေသည်။。。。。


ရဲနှစ်ယောက်ကအချင်းချင်းအကြည့်ဖလှယ်လိုက်ပြီးနောက် ကျင်းဟုန်မိန်၏ဘေးနှစ်ဖက်မှဝိုင်းထူပြီးပြောလိုက်သည်။


“မဒမ်ကျင်း ခုဏကဘာ‌ဖြစ်သွားတာလဲ ခင်ဗျားကကျွန်တော်တို့ရုံးမှာ ကိုယ့်ကိုကိုယ်သတ်သေချင်နေတာလား ပြီးတော့ ချိုးလီ၊တင်းရှောင်ကျင်း၊ဝူဝမ်းမိန်ဆိုတာကရော ဘယ်သူတွေလဲ ခင်ဗျားမှာသင့်တော်တဲ့ရှင်းပြချက်တစ်ခုရှိနေဖို့မျှော်လင့်ပါတယ်”


သူမကတိုက်ရိုက်သို့မဟုတ်သွယ်ဝိုက်သောနည်းဖြင့် သေစေခဲ့သည့် မိန်းကလေးများ၏နာမည်ကိုကြားသောအခါ ကျင်းဟုန်မိန်ကအလိုလိုတုန်ယင်သွားသည်။သူမကရဲအရာရှိ၏လက်ကိုတင်းတင်းဆွဲကာပြောလာ၏။


“ကျွန်မပြောပါ့မယ် ကျွန်မအကုန်ဝန်ခံပါ့မယ် ကျွန်မကိုဒီမှာတစ်ယောက်တည်းမထားခဲ့ပါနဲ့”


ဒီလိုကြောက်လန့်စရာအခိုက်အတန့်မျိုးကြုံလိုက်ရပြီးနောက်တွင် ကျင်းဟုန်မိန်ကဘာကိုများသိုဝှက်ထားနိုင်ဦးမှာလဲ။သူမကအကုန်လုံးကိုသာဝန်ခံလိုက်ချင်တော့သည်။သူမတစ်ယောက်တည်းမနေခဲ့လိုပေ။မည်သို့ပင်ဖြစ်စေ သူမဝန်မခံလျှင်တောင်မှ ထိုမိန်းကလေးသရဲများ၏နာမည်များကိုအခြေပြုကာ ရဲများက သဲလွန်စများရှာတွေ့နိုင်ရန် ဆက်လက်ပြီးအကျယ်ဖြန့်စုံစမ်းကြလိမ့်မည်။


ကျင်းဟုန်မိန်က ဤကိစ္စကို သူမကိုယ်တိုင်ဖြစ်ပေါ်စေခဲ့ခြင်းပင်။


¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤


ယွင်ရုန်က ထိုနေ့ညတွင် လုမိသားစုကသူမကိုထိပ်တန်းအရည်အချင်းရှိသူအဖြစ်သတ်မှတ်လိုက်ပြီဖြစ်ကြောင်းမသိပေ။သူမကကလပ်သို့သွားပြီးနောက် အနားယူရန်ဟိုင်ကျင်းဟိုတယ်သို့ ပြန်လာခဲ့သည်။သူမက ‌အာရုံမတက်ခင်အချိန်၌အိပ်ရာနိုးလာ၏။


Presidential suiteအခန်း၏ဝရံတာတွင် နေမထွက်သေးချိန်၌ နေ့နှင့်ညအကူးအပြောင်းအချိန်စတင်လာသည်။


ဤအချိန်တွင် စိတ်ဝိညာဉ်စွမ်းအင်ဖျော့ဖျော့ပါသည့်တိမ်တိုက်များက ဟိုင်ရှီးမြို့အပေါ်၌လွင့်မျောနေပေသည်။သူတို့ကဖြေးဖြေးချင်းစုစည်းလာပြီးနောက် တန့်ချိုးတောင်ရှိရာသို့ဦးတည်သွားကြသည်။‌ထိုနေရာသို့ရောက်သောအခါ တိမ်များကတန့်ချိုးတောင်မှသဘာဝပေါက်ပင်များ၏အစိမ်းရောင်စိတ်ဝိညာဉ်စွမ်းအင်နှင့်အတူ အချင်းချင်းပေါင်းစည်းလိုက်ကြသည်။ထို့နောက်အစိမ်းရောင်အလင်းတန်းအသွင်ဖြစ်လာကာ အရှိန်ပြင်းပြင်းနှင့် ဟိုင်ကျင်းဟိုတယ်ထဲမှပုံရိပ်ငယ်ဆီလွင့်မျောလာကြလေသည်။


စိတ်ဝိညာဉ်စွမ်းအင်က သူမကိုယ်ထဲဝင်လာသောအခါ ယွင်ရုန်ကသက်တောင့်သက်သာရှိသည့်အသံတစ်ခုပြုလိုက်မိသည်။သူမကထရပ်လိုက်ပြီး စိတ်ဝိညာဉ်မျက်လုံးကိုသုံးကာ ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်သော်လည်း စိတ်ဝိညာဉ်စွမ်းအင်အရောင်အဝါများကို စုပ်ယူသည့် မိစ္ဆာတစ်ကောင်ကိုမှမတွေ့ရပေ။သူမကခေါင်းရမ်းလိုက်မိသည်။


ဒီနေ့ခေတ်မိစ္ဆာတွေကတော့လေ စွမ်းအင်အားနည်းရုံသာမကဘူး၊လေ့ကျင့်တဲ့အခါမှာလည်း လုံ့လဝီရိယမရှိကြဘူးပဲ။သူတို့ရဲ့အရေအတွက်ကကျဆင်းလာပြီး လူသားအရေအတွက်က ထိုးတက်သွားတာ မအံ့ဩတော့ဘူး။


သူမ လမ်းမကြီးပေါ်သို့ကြည့်လိုက်သောအခါ လူများကအလုပ်သွားရန်လမ်းပေါ်ရောက်လာသည်ကိုမြင်သွားသည်။လူသားကလေးများတောင်မှ ကျောင်းသွားရန်အတွက်အိပ်ရာနိုးလာကြပြီဖြစ်သည်။


မြင်လား ဘာမှငြင်းစရာကိုမရှိတော့ဘူး လူသားတွေက မိစ္ဆာတွေထက် အလုပ်ပိုကြိုး‌စားနေကြတာပဲ။


ယွင်ရုန်က ညည်းညူနေချိန်တွင် တံခါးခေါက်သံတစ်ခုထွက်လာ၏။သူမတံခါးဖွင့်လိုက်သောအခါ ကုန်တချင်က ဘီးပါသောခရီးဆောင်အိတ်ကိုကိုင်ပြီး ရပ်နေသည်ကိုမြင်လိုက်ရသည်။သူမကိုမြင်သောအခါ ကုန်တချင်ကနေရခက်စွာပြောလာ၏။


“စီနီယာအနားယူနေတာကိုနှောင့်ယှက်မိသွားလားမသိဘူးဗျ ပိုက်ဆံလာပို့တာပါ”


တကယ်တော့သူလည်း အစောကြီးမလာချင်ပေ။သို့သော်အခြားလူများမြင်သွားပြီး မဟုတ်မမှန်အတင်းတုပ်မှာစိုးရိမ်၏။သူကစီနီယာကိုအခက်အခဲဖြစ်သွားစေရင်ဘယ်လိုလုပ်မလဲ။


ပိုက်ဆံရောက်လာသည်ကိုကြားသောအခါ ယွင်ရုန်၏မျက်နှာ၌အပြုံးဖျော့ဖျော့တစ်ခုပေါ်လာ၏။သူမကတံခါးကိုကျယ်ကျယ်ဖွင့်ပေးကာ ပြောလိုက်သည်။


“အထဲဝင်လာလေ ငါအစောကြီးကတည်းကနိုးနေတာ”


ကုန်တချင်က အိတ်ကိုဆွဲပြီးအထဲဝင်လာသည်ကိုကြည့်ရင်း သူမကပြောလာ၏။


“ဒီနေ့ရဲ့စိတ်ဝိဉာဉ်စွမ်းအင်က အရင်နေ့တွေကထက်စာရင်ပိုပြီးသန့်စင်တယ်၊ ပြီးတော့လပြည့်ညအလင်းရောင်ရဲ့သန့်စင်မှုကြောင့်လည်းပါတယ် နင်လည်းဒီကိုမလာခင်စိတ်ဝိညာဉ်စွမ်းအင်ကိုစုပ်ယူဖို့ စောစောထတာလား”


“အာ..”


ကုန်တချင်က ကြမ်းပြင်ပေါ်တွင်ဆောင့်ကြောင့်ထိုင်ကာ အိတ်ကိုနေရာချဖို့လုပ်နေ၏။ထိုစကားကိုကြားသောအခါ သူ့လက်များကရပ်သွားပြီး မျက်နှာပေါ်တွင်နားမလည်မှုအပြည့်ဖြင့် ယွင်ရုန်ကိုမော့ကြည့်လာသည်။


“စီနီယာ ဘာတွေပြောနေတာလဲဟင်”


“နင်က နေမင်းနဲ့လမင်းဆီက စိတ်ဝိညဉ်စွမ်းအင်တွေကိုမစုပ်ယူဘူးလား”


သူ၏နားမလည်သောအမူအရာကိုမြင်သောအခါ ယွင်ရုန်ကမျက်မှောင်ကြုတ်လိုက်သည်။


ကုန်တချင်ကခေါင်းခါပြလိုက်သည်။သူတို့ကနေမင်းနှင့်လမင်းဆီမှ စိတ်ဝိညာဉ်စွမ်းအင်များစုပ်ယူနိုင်သည်ကို တစ်ခါမှမကြားဖူးပေ။သူကရှက်ရှက်ဖြင့်ခေါင်းကုတ်ကာ ရယ်ပြီးပြန်ဖြေလိုက်သည်။


“ကျွန်တော်အဲ့ဒါကိုမသိဘူးဗျ ကျွန်တော်ကအဆင့်နိမ့်မိစ္ဆာမလို့ထင်တယ် ပြီးတော့ကျွန်တော့်မှာသင်ပေးတဲ့ဆရာလည်းမရှိဘူးလေ”


“နင်အဲ့ဒါကိုလုပ်တတ်အောင်သင်ပေးဖို့ ဆရာမလိုဘူးလေ၊ အဲ့ဒါကမျိုးဆက်အလိုက်လွှဲပြောင်းလာတဲ့ အမွေဆက်ခံမှု‌ပဲ ဉာဏ်အလင်းပွင့်သွားပြီဆိုရင် ဒီအတွေးကပေါ်လာမှာ ဒီအကြောင်းက နင့်ရဲ့သွေးထဲမှာကိုထွင်းထုထားတာ ဒီစည်းမျဉ်းကိုအလိုလိုသိနေရမှာပဲလေ”

ယွင်ရုန်ကရှင်းပြလာ၏။


“ဟိုလေ နှစ်ထောင်ချီအောင်ကျင့်ကြံနေခဲ့တဲ့မိစ္ဆာတွေကပဲ အမွေဆက်ခံတာကိုရတာမဟုတ်ဘူးလား”


ကုန်တချင်ကပိုလို့တောင်ရှက်ရွံ့သွားသည်။သူကသာမာန်ခွေးလေးတစ်ကောင်ဘဲလေ။မှတ်ဉာဏ်အမွေဆက်ခံဖို့ကို ဘယ်လိုများမျှော်လင့်ရဲမှာလဲ။


အမွေဆက်ခံတာမရှိဘူးလား။ယွင်ရုန်ကကြောင်အစွာစိုက်ကြည့်လိုက်သည်။သူမကဒီခေတ်မှမိစ္ဆာများသည် ဒီလိုမျိုးအခြေခံလစ်လပ်နေကြမည်ဟု မထင်ထားမိပေ။အမွေဆက်ခံတာမရှိမှတော့ တိုက်ခိုက်နိုင်စွမ်းမရှိတာကို မအံ့ဩတော့ဘူး။


“စီနီယာ အရင်ဆုံးရေကြည့်လိုက်ပါဦး ဒီပမာဏကမှန်လားဆိုတာ”


ယွင်ရုန်ကအတွေးနစ်နေချိန်တွင် ကုန်တချင်ကခရီးဆောင်အိတ်ကိုဖွင့်လိုက်သည်။


“စီနီယာအနေနဲ့ Alipayဒါမှမဟုတ်WeChat accတစ်ခုဖွင့်ထားတာပိုကောင်းမယ်၊ အခုခေတ်မှာ ငွေသားကိုသိပ်မကိုင်ကြတော့ဘူး”


သူက ဒီပိုက်ဆံတစ်မီလီယမ်ကိုရဖို့ ATMအခုငါးဆယ်လောက်ထိသွားခဲ့ရသည်ကို မပြောရဲပေ။


သူ၏တင်ပါးရိုးများအလွန်မြန်နေလို့သာမဟုတ်ပါက သူဒီပိုက်ဆံများကို လျင်မြန်စွာစုဆောင်းနိုင်မည်မဟုတ်ပေ။


“ဘာ *ကျီ(အကိုင်း)*လို့ပြောလိုက်တာ”

ဝူစုန့်ယာ၏မှတ်ဉာဏ်ထဲ၌ ထိုသို့သောအရာမျိုးမရှိပေ။

(Tn: Alipayကို 'ကျီဖုပေါင်'လို့ခေါ်ပါတယ် ယွင်ရုန်ကပထမစာလုံး'ကျီ'ကိုဘဲကြားသွားပြီး အဲ့ဒီ'ကျီ'ကအကိုင်းအခက်လို့အဓိပ္ပါယ်ရပါတယ်)


“Alipayလေ စီနီယာမသိဘူးလား”


ကုန်တချင်က ယွင်ရုန်ကထိုသို့ပြောလာသည်ကိုမြင်သောအခါ သူ့သတ္တိများကပိုကြီးလာခဲ့သည်။သူကဖုန်းကိုထုတ်ကာ သူမကိုပြလိုက်ပြီး ဖုန်းခေါ်မှုနှင့် အွန်လိုင်းလုပ်ဆောင်မှုများအကြောင်းကို လျင်မြန်စွာရှင်းပြလိုက်သည်။


ယွင်ရုန်က အလွန်အံ့ဩသွားလေသည်။အဆုံးတွင် ဝူစုန့်ယာက ‌ကျေးလက်မှအမျိုးသမီးအိုကြီးဖြစ်ကာ နှစ်အနည်းငယ်လောက်လည်းစိတ်လွတ်နေခဲ့၏။ဤအရာများအားလုံးက သူမမှတ်ဉာဏ်ထဲ၌ရှိမနေပေ။သူမကလူသားများနှင့်အလုပ်လုပ်ရန် ပြင်ဆင်လိုက်သည့်အချိန်ကတည်းက လူသားများသုံးသောအရာများကိုလိုက်သုံးရမည်မှာ အရေးကြီးပေသည်။


ယွင်ရုန်ကဆုံးဖြတ်ချက်ချလိုက်သည်။သူမကလူသားများ၏。。。ဒီဖုန်းဆိုတာကိုချက်ချင်းဝယ်ရလိမ့်မည်။


ကုန်တချင်က ယွင်ရုန်တွင်ဘစ်ရှော့ဟူသောပုံစံမျိုးမရှိသည်ကိုမြင်သောအခါ ပိုပြီးစိတ်အားတက်ကြွလာခဲ့သည်။အစကတည်းကသူက အလွန်တက်ကြွလှုပ်ရှားတတ်သည့် အိမ်မွေးခွေးဖြစ်ရာ အတင်းအဖျင်းများသိလိုစိတ်ကိုမထိန်းနိုင်ပေ။


“စီနီယာက ကျွန်တော်တို့ဒါရိုက်တာနဲ့သူငယ်ချင်းတွေလား”


“မဟုတ်ပါဘူး သူကငါ့ကိုအလုပ်ပေးထားတာ တစ်လကိုယွမ်30,000လေ”

ယွင်ရုန်ကပြန်ဖြေလိုက်သည်။


မိတ်ဆွေတွေပဲလား။


မည်သို့ပင်ဖြစ်စေ ကုန်တချင်ကဟိုင်ကျင်းဟိုတယ်၌အလုပ်လုပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ဒါရိုက်တာက မရင်းနှီးသောမိန်းကလေးတစ်ယောက်ကိုမှ ဟိုတယ်သို့ခေါ်မလာဖူးပေ။ဒီတစ်ကြိမ်တွင်မူ ၎င်းကရှင်းရှင်းလင်းလင်းကိုမတူတော့ပေ။သို့သော်ယွင်ရုန်၏စိတ်အေးလက်အေးနှင့် မထူးဆန်းနေသောပုံစံကိုကြည့်ကာ သူမကဒါရိုက်တာ၏ရည်ရွယ်ချက်ကိုသတိမပြုမိသေးတာများလားဟု တွေးလိုက်မိသည်။


ဤထိတွေးနေပြီးနောက် ဟိုင်ကျင်းဟိုတယ်၏ထူးချွန်ဝန်ထမ်းဖြစ်သည့်အပြင် လုဟယ်နျန်၏အားကိုးရသောအလုပ်သမားအနေဖြင့် ကုန်တချင်က သူတစ်ခုခုမလုပ်လိုက်ရပါက ခွင့်မလွှတ်နိုင်စရာဘဲဟုခံစားမိသွားသည်။ဒီအချိန်က သူလုဟယ်နျန်ကိုလက်တစ်ဖက်ကမ်းပေးရမယ့်အချိန်ပဲ။


“ကျွန်တော်တို့ရဲ့ဒါရိုက်တာက အကောင်းဆုံးဘော့စ်ဘဲ သူကကျွန်တော်တို့ဝန်ထမ်းတွေကို အကောင်းဆုံးဂရုစိုက်ပေးရုံတင်မကဘူး ဟွားကော်ရဲ့ထိပ်တန်းလူတစ်ယောက်အဖြစ်လဲ သတ်မှတ်ခံထားရတာ”


ကုန်တချင်ကခနလောက်ရပ်ပြီးနောက် သူသိသမျှစကားလုံးကောင်းများကိုသုံးကာဆက်ပြောလာသည်။


“သူကအသက်သုံးဆယ်တောင်မရှိသေးပေမယ့် ထိပ်တန်းစာရင်းဝင်ကုမ္ပဏီတစ်ခုရဲ့ဒါရိုက်တာဖြစ်နေပြီ သူ့မျက်နှာအစိတ်အပိုင်းတွေကလည်းဓားနဲ့တစ်ချက်ချင်းထွင်းထားသလို စူးရှပြတ်သားနေရော ပြီးတော့သူကခက်ထန်လေးနက်ပြီး ကိုယ့်အားကိုယ်ကိုးတတ်တယ် ရိုးရိုးပြောရရင်မိန်းမတိုင်းရဲ့အိပ်မက်ထဲကယောက်ျားပေါ့ဗျာ ဒါပေမယ့်ကျွန်တော်တို့ရဲ့ဒါရိုက်တာက ဘယ်သူ့ကိုမှအကြည့်တစ်ချက်တောင်မပေးဖူးဘူး ဒီလိုသန့်ရှင်းတဲ့ယောက်ျားမျိုးကရှာရမလွယ်ဘူးဗျ。。。。。”


ယွင်ရုန်က ဒီခွေးကအရမ်းစကားများတာဘဲဟုတွေးကာ မျက်မှောင်ကြုတ်လိုက်သည်။သူမက အလုပ်လာလုပ်မှာလေ၊ ဒါရိုက်တာဆီမှာသဘောကျတဲ့ကောင်မလေးရှိမရှိက သူမနဲ့ဘာဆိုင်လို့လဲ။


သူမကကြမ်းပြင်ပေါ်မှပိုက်ဆံကိုကြည့်ကာ ကုန်တချင်အပေါ်အခွင့်ကောင်းယူလိုက်သလိုခံစားမိသွားသည်။ကုန်တချင်က ‌နည်းနည်းလေရှည်သော်လည်း သူကအရမ်းရက်ရောလေသည်။သူမအနေဖြင့် ဒီလိုမိစ္ဆာမျိုးကိုနစ်နာသွားအောင်မလုပ်သင့်ပေ။


ထိုသို့တွေးလိုက်ပြီးနောက် သူမမနက်ကစုပ်ယူထားသည့်စိတ်ဝိဉာဉ်စွမ်းအင်များကိုစုစည်းလိုက်သည်။သူမက လက်မအရွယ်အလုံးငါးလုံးဖြစ်အောင်စုပြီးသည်နှင့် ကုန်တချင်ကိုပေးလိုက်သည်။


“ဒါကသဘာဝပေါက်ပင်တွေကစွမ်းအင် မြိုချဖို့အကောင်းဆုံးဘဲ နင့်ဆီကပိုက်ဆံရထားလို့ ဒီစွမ်းအင်လုံးငါးလုံးက နင့်ကလေးငါးယောက်အတွက် ရော့ ”


“ဟမ်...”

မရပ်တမ်းပြောနေသည့်ကုန်တချင်က ယွင်ရုန်ကြောင့်ရပ်သွားသည်။သူ့ပါးစပ်က သူမစကားကြောင့်ဆွံ့အနေပြီး လက်ထဲသို့စွမ်းအင်လုံးငါးလုံးရောက်လာမှသာ တုံ့ပြန်နိုင်တော့သည်။ဒါကစိတ်ဝိညာဉ်စွမ်းအင်လေ၊ အရမ်းကိုထူထဲလွန်းလို့ ထုထည်ပေါ်ပြီးထိလို့တောင်ရတယ်!!


ငယ်ရာမှကြီးလာသည်အထိ သူကစိတ်ဝိညာဉ်စွမ်းအင်အများကြီးကို တစ်ခါမှမမြင်ဖူးပေ။ကုန်တချင်က ဘယ်လိုတုံ့ပြန်ရမလဲတောင်မသိတော့ပေ။ယွင်ရုန်ကသူ့ကိုသတိပေးလာမှ သူကစိတ်ဝိညာဉ်လုံးများကိုလက်နှစ်ဖက်ဖြင့်သေချာကိုင်ကာ အပျော်လွန်စွာဖြင့်ထွက်သွားလေသည်။


ဒါရိုက်တာအတွက်စကားကောင်းတွေပြောပေးချင်တဲ့ ဆန္ဒကရောဘယ်ရောက်သွားပြီလဲ။


မရှိတော့ဘူး။ 


အခုချိန်တွင် သူ့မျက်လုံးထဲ၌ ဒါရိုက်တာအကြောင်းမရှိတော့ပေ။


ကုန်တချင်ထွက်သွားပြီးနောက် ယွင်ရုန်ကကြမ်းပေါ်မှပိုက်ဆံများကို သူမ၏ချန်ခွင်းအိတ်ထဲထည့်လိုက်သည်။ဒါရိုက်တာ သူမကိုအလုပ်လာမပေးခင်အထိအချိန်တစ်ချို့ကျန်သေးသည်ကို သတိထားမိသွားသောအခါ အရင်ဆုံးရဲစခန်းကိုသွားပြီး ချီးမွှမ်းထိုက်သောဆုကိုယူရန်တွေးလိုက်မိသည်။ချက်ချင်းပင်မျက်တောင်တစ်ခပ်အတွင်း၌ သူမကပြည်သူ့လုံခြုံရေးဗျူရိုရှေ့သို့ရောက်သွားလေသည်။


ဒီတစ်ကြိမ်တွင် သူမကအဝါရောင်ဝတ်စုံကိုပြောင်းလိုက်သည်။ဒီလိုဆိုပြသနာမရှိလောက်တော့ပါဘူးနော် ဟုတ်တယ်မလား။လမ်းပေါ်မှမိန်းကလေးတွေလည်း ဒီလိုအဝတ်အစားမျိုးကိုဝတ်ထားကြတာဘဲလေ။


မနက်၇နာရီတွင် ဟိုင်ရှီးပြည်သူ့လုံခြုံရေးရုံးက အလုပ်လုပ်ချိန်မစသေးသဖြင့် အထဲတွင် တာဝန်ကျသူနှစ်ယောက်သုံးယောက်လောက်သာရှိ၏။ယွင်ရုန်ကအထဲဝင်လာပြီးနောက် လျှောက်လမ်းနံရံတွင် မနေ့ညကသူမကို‌ဆုလာယူရန်ပြောခဲ့သည့်ရဲအရာရှိ၏ပုံချိတ်ထားသည်ကိုမြင်လိုက်ရသည်။ယွင်ရုန်သူမဘာသာခေါင်းငြိမ့်လိုက်သည်။


ကြည့်ရတာ ငါလာတဲ့နေရာ‌မှန်သားဘဲ။


ဤအချိန်တွင် ရဲယူနီဖောင်းဝတ်ထားပြီး ဆံပင်ကိုမြင့်မြင့်စီးထားသည့် အမျိုးသမီးရဲမေက ဘေးအခန်းထဲမှထွက်လာသည်။သူမကယွင်ရုန်ကိုမြင်သောအခါ အံ့ဩသွားပြီး သူမပုခုံးကိုသွားပုတ်လိုက်သည်။


“နင်ကယွင်ရုန်ဟုတ်တယ်မလား”


ယွင်ရုန်ကလှည့်ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။သူမကိုမှတ်မိသွားသောသူမှာ မနေ့ညကခေါင်မိုးထပ်ပေါ်တွင် ကျိုးလန်ကိုဖြောင်းဖြနေခဲ့သည့် ရဲမေဖြစ်သည်။ယွင်ရုန်ကပြုံးကာပြောလာ၏။


“ကျွန်မက ချီးမွှမ်းထိုက်တဲ့ဆုကိုလာယူတာပါ”


မနေ့ညကအလွန်မှောင်နေသည့်အပြင် လီရှောင်ဟွေ့ကအနီးကပ်လည်းမကြည့်ခဲ့ရသဖြင့် မိန်းကလေးကအလွန်နားထောင်ကောင်းသည့်အသံရှိသည်ကိုသာသိခဲ့သည်။မထင်မှတ်ထားစွာဖြင့် သူမကိုနေ့ဘက်တွင်မြင်လိုက်ရသောအခါ အလွန်လှလွန်းသဖြင့် တစ်စက္ကန့်လောက်ငေးကြည့်မိသွားပြီးမှ တုံ့ပြန်နိုင်တော့သည်။


“အဲ့ဒါကိုပြင်ထားပြီးပါပြီ မနေ့ညကခေါင်းဆောင်စခန်းကိုပြန်ရောက်တာနဲ့ ချက်ချင်းလုပ်ခိုင်းခဲ့တာ”


ဒီယွမ်ထောင်ကျော်က ဆုသေးသေးလေးသာဖြစ်သဖြင့် အထက်မှအတည်ပြုချက်ကိုမလိုပေ။ပြည်သူ့လုံခြုံရေးဗျူရိုတွင် အသုံးပြုရန်အထူးရန်ပုံငွေရှိသဖြင့် ဒီဆုအတွက်လျှောက်ထားချက်ကို တိုက်ရိုက်အတည်ပြုနိုင်၏။လီရှောင်ဟွေ့က ရုံးခန်းထဲဝင်သွားပြီးနောက် စာအိတ်တစ်ခုကိုယူကာ ယွင်ရုန်ကိုပေးလိုက်သည်။


“အစကတော့ ခေါင်းဆောင်ကသူကိုယ်တိုင်ပေးချင်နေတာ ဒါပေမယ့်မနက်ငါးနာရီလောက်မှာ ငါတို့‌ယောက်မက မိန်းကလေးတစ်ယောက်မွေးလိုက်ပြီဆိုပြီး ဖုန်းရလာလို့လေ ချက်ချင်းဘဲဆေးရုံသွားလိုက်ရတယ်”


လီရှောင်ဟွေ့ကပြောနေရင်း သိချင်စိတ်ဖြင့်မေးလာ၏။


“နင်ကခေါင်းဆောင်နဲ့ရင်းနှီးလား သူမသွားခင်က နင့်ကိုကျေးဇူးတင်ဖို့မမေ့ဖို့ကိုထပ်ခါတလဲလဲမှာသွားတာ ပြီးတော့ငါကိုယ်တိုင် နင့်ကိုဆုပေးစေချင်တယ်တဲ့”


⛰️