Chapter 22
Viewers 2k

⛰️Chapter 22

 100မီလီယမ်



“ကျွန်မတို့အချင်းချင်းမသိပါဘူး”


ယွင်ရုန်က ဆုငွေကိုပျော်ရွှင်စွာလက်ခံပြီး ခေါင်းခါပြလိုက်သည်။

“ကျွန်မကခေါင်မိုးပေါ်မှာ လူကယ်ပေးခဲ့လို့ဖြစ်မှာပါ”


သူတို့နှစ်ယောက်စကားပြောနေချိန်တွင် စစ်ဆေးရေးအခန်းထဲမှ စူးခနဲအော်သံကြီးထွက်လာ၏။လီရှောင်ဟွေ့က မစပ်စုနိုင်တော့ဘဲ စစ်ဆေးရေးအခန်းဆီသွားလိုက်သည်။


ယွင်ရုန်က ကျင်းဟုန်မိန်၏အသံမှန်းမှတ်မိသဖြင့် လီရှောင်ဟွေ့နောက်မှလိုက်သွားလိုက်သည်။


စစ်ဆေးရေးအခန်းထဲတွင် ကျင်းဟုန်မိန်ကအခန်းထောင့်၌ကွေးနေ၏။သူမက ထိုအခြေအနေအတိုင်းတစ်ညလုံးနေခဲ့ကာ သူမမျက်လုံးများကသွေးလိုနီရဲနေပြီဖြစ်သည်။သူမကိုယ်ပေါ်မှ အဝတ်များက တွန့်ကြေနေကာ တစ်ညတည်းနှင့်အသက်ဆယ်နှစ်လောက်အိုသွားသလိုပင်။သူမကခြေထောက်ကိုဖက်ကာ တုန်ယင်နေ၏။သူမနှုတ်ခမ်းများက တစ်ခုခုပြောချင်နေသလို ပြင်းပြင်းထန်ထန်တုန်ရီနေလေသည်။


“ဘာဖြစ်တာလဲ ခုဏတုန်းကမနက်စာစားနေတုန်းကတောင် အကောင်းကြီးမဟုတ်ဘူးလား”


လီရှောင်ဟွေ့က ကျင်းဟုန်မိန်ထောင့်တွင်ခွေနေသည်ကိုမြင်လိုက်ရရာ ခေါင်းကိုက်လာသည်။သူမက ညလယ်ကြီးတွင် သရဲမြင်ရသည်ဟုဆူညံပွက်လောရိုက်လာပြီး ကြောက်လွန်းသဖြင့်ဆီးများထွက်ကျခဲ့သည်။သို့သော်မော်နီတာပေါ်၌ ဘာမှမတွေ့ရပေ။ အစမှအဆုံးသူမ၏ခြေလက်များကသာ လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။နောက်‌ဆုံးတွင် သူမက ကျင်းဟုန်မိန်ကို ဘောင်းဘီငှားလိုက်ရသည်။


အခုလည်း အော်ဟစ်နေပြန်ပြီ၊သူ့ကိုယ်သူကလေးများထင်နေတာလား။


စစ်ဆေးရေးအခန်းထဲမှ ရဲကလည်းခေါင်းခြောက်နေ၏။သူကမှတ်စုစာအုပ်ကိုပိတ်ကာပြောလာသည်။

“ငါတို့မှတ်တမ်းတင်ထားတာက တော်တော်လေးလုံလောက်နေပြီ၊ ကိစ္စတော်တော်များများကိုလည်း ဖြေရှင်းပြီးသွားပြီ ငါထင်တာတော့ သူ့ကိုဆေးရုံမြန်မြန်ပို့လိုက်တာကောင်းမယ်လို့ထင်တယ်”


နောက်ထပ်ရဲအရာရှိကသဘောမတူပေ။

“ဘာလို့ဆေးရုံပို့ရမှာလဲ ငါမြင်သလောက်ဆို သူမကဒီအတိုင်း。。。。”ရူးချင်ယောင်ဆောင်နေတာ။

အခုခေတ်တွင်ထိုကဲ့သို့လူများက များပြားလှသည်။ဥပဒေချိုးဖောက်ပြီးနောက် အပြစ်အပေးမခံရရန်အတွက် စိတ်ရောဂါရှိသလိုဟန်ဆောင်ကြ၏။


“တော်လောက်ပြီ ဒါကဟန်ဆောင်နေတာဆိုရင်တောင်မှ ငါတို့တွေသူ့ရဲ့ စိတ်ကျန်းမာရေးနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို သေချာအောင်လုပ်ရဦးမှာဘဲ ကားယူလာခဲ့လိုက်”

စစ်ဆေးရေးအရာရှိက ရဲသားငယ်လေးကိုဖြတ်ပြောလိုက်သည်။သူကကျင်းဟုန်မိန်ကို စက်ဆုပ်ရွံရှာစွာကြည့်လိုက်၏။အစတွင်သူတို့က ကျင်းဟုန်မိန်ကို စစ်ဆေးရာတွင်အထောက်အကူဖြစ်စေရန် ခေါ်လာခဲ့ရုံသာဖြစ်သည်။အကျင့်စာရိတ္တပျက်ပြားမှု၊ ပြည့်တန်ဆာမှုတို့အပြင် လူသတ်မှုပါရှိနေမည်ဟု ထင်မထားခဲ့ပေ။


မိန်းကလေးဘယ်လောက်များများက ဒီမိန်းမလက်ထဲတွင်သေခဲ့ရမည်ကို ပြန်တွေးကြည့်လိုက်သောအခါ ရဲအရာရှိတိုင်းကတိတ်ဆိတ်နေသော်ငြား လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။သို့သော်ဤပြစ်မှုများကိုအဆုံးတွင် ဥပဒေအရကိုင်တွယ်ပြီးသာအပြစ်ပေးရလိမ့်မည်။ရဲအရာရှိများအနေဖြင့်သူတို့က သံသယရှိသူကိုစောင့်ကြည့်ပေးရပေမည်။ထိုမှသာ သံသယရှိသူက ကျန်းကျန်းမာမာဖြင့် တရားရုံးကိုအသက်ရှင်လျက်တက်နိုင်မှာဖြစ်သည်။


ယွင်ရုန်က ကျင်းဟုန်မိန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။အမှန်တွင် ကျင်းဟုန်မိန်ကမလိမ်ပေ။အကြောင်းမှာ မနေ့ည သူမ မသွားခင်တုန်းက ကျင်းဟုန်မိန်၏‌ကိုယ်ပေါ်တွင် နိမိတ်မကောင်းသောအရောင်အဝါကိုထားခဲ့ခြင်းကြောင့်ဖြစ်သည်။


တကယ်တမ်းတွင်ထိုအရောင်အဝါအနည်းငယ်က လူသားများအပေါ်သက်ရောက်မှုကြီးကြီးမားမားမရှိပေ။အများဆုံးအနေဖြင့် အိပ်မက်ဆိုးမက်ရုံလောက်သာဖြစ်သည်။သို့သော် ကျင်းဟုန်မိန်အတွက်မူ သက်ရောက်မှုမတူတော့ပေ။ ထိုအရောင်အဝါက သူမနှလုံးသားထဲမှ အကြောက်ဆုံးအကြောက်တရားကိုဆွဲထုတ်လာခဲ့လေသည်။သူမပြုခဲ့သမျှ ထိုရှက်စရာအကုသိုလ်များကြောင့် အပေါ်ယံတွင် သူမပုံစံက ဘာမှမဖြစ်ပုံပေါ်သော်လည်း သူမရင်ထဲတွင်ဝဋ်လည်နေခဲ့ပြီဖြစ်သည်။သူမကပိုကြောက်လေလေ သူမ၏၀ဋ်ကမြန်မြန်ရောက်လာလေပင်ဖြစ်သည်။


ဒါက သူမ၏ပြစ်မှုများအတွက် အသင့်တော်ဆုံးအပြစ်ဒဏ်ပင်။ယွင်ရုန်၏အကြည့်များက နက်ရှိုင်းသွားကာ သူမရင်ထဲတွင်နည်းနည်းလေးတောင် မသနားမိပေ။


လီရှောင်ဟွေ့နှင့်အခြားရဲများက စိတ်လွတ်နေသောကျင်းဟုန်မိန်ကို ‌ရဲကားဆီသို့ခက်ခက်ခဲခဲခေါ်လာခဲ့ကြသည်။သူမနောက်လှည့်ကြည့်လိုက်သောအခါ ယွင်ရုန်ရှိနေသေးသည်ကိုမြင်လိုက်ရ၏။သူမက တွန့်ကြေသွားသောယူနီဖောင်းကို‌ဖြန့်ကာ လှမ်းမေးလိုက်သည်။


“နင်ကရှိနေတုန်းပဲလား”


ယွင်ရုန်က ကျင်းဟုန်မိန်ကို စိတ်၏နောက်ဆုံးပိုင်းထဲထည့်ကာ နံရံ‌တွင်ကပ်ထားသည့် ဟိုင်ရှီးမြို့မြေပုံကိုကြည့်လိုက်သည်။တန့်ချိုးတောင်ကဟိုင်ရှီးမြို့မှတောင်ဘက်အကျဆုံးနေရာတွင်တည်ရှိ၏။သူမက လွမ်းမောစွာမေးလိုက်သည်။


“‌ဒါနဲ့ တောင်တစ်တောင်လုံးကိုဝယ်ချင်ရင် ဘယ်လောက်လောက်ကုန်နိုင်လဲဆိုတာကိုသိလား”


လူတိုင်းက အခက်အခဲရှိလျှင်ရဲများကိုအကူအညီတောင်းခိုင်းကြသည်။သူတို့ကဒီလိုကိစ္စမျိုးကို သေချာပေါက်သိလိမ့်မည်။


လီရှောင်ဟွေ့ကအံ့ဩသွားသည်။သူမက ယွင်ရုန်တစ်ယောက်ရုတ်တရက်ကြီး ဒီလိုမေးခွန်းမေးလာမည်ဟုမထင်ထားခဲ့ပေ။သို့သော်သူမကအဖြေပြန်ပေးလိုက်ဆဲဖြစ်သည်။


“အဲ့ဒါက တောင်ဘယ်လောက်ကြီးလဲဆိုတာအပေါ်မူတည်တာပေါ့”


“တန့်ချိုးတောင်အရွယ်လောက်‌”

ယွင်ရုန်က မြေပုံပေါ်သို့လက်ညှိုးထိုးပြလိုက်သည်။


“တန့်ချိုးတောင်က မူ20,000ကျော်အရွယ်အစားရှိတယ် တစ်မူကို500ဆိုတော့ 100မီလီယမ်လောက်ရှိမှာပေါ့”


လီရှောင်ဟွေ့က သိပ်မတွေးဘဲပြန်ဖြေလိုက်သည်။

“ဒါပေမယ့်ငါလည်းသေချာမသိဘူး နင်သစ်တောရုံးကိုသွားမေးကြည့်သင့်တယ် ”


ယွင်ရုန်က ရဲစခန်းမှစိတ်ပျက်လက်ပျက်ဖြင့်ထွက်လာခဲ့သည်။100မီလီယမ်ကဘယ်လောက်တောင်လဲ။သူမဆယ်စုနှစ်အနည်းငယ်အလုပ်လုပ်လိုက်ရင်တောင်မှ တန့်ချိုးတောင်ကိုဝယ်နိုင်ပါ့မလား။


✧ ✧ ✧ ✧ ✧ ✧ ✧ ✧ ✧ ✧ ✧ ✧ ✧ ✧


“ဒါရိုက်တာ မစ်ယွင်ရုန်ကအခန်းထဲမှာမရှိပါဘူး”


ယွင်ရုန်တည်းနေသည့် ဟိုင်ကျင်းဟိုတယ်အခန်းထဲတွင် အမျိုးသမီးဝန်ထမ်း၏အဖြေကိုကြားသောအခါ လုဟယ်နျန်ကမျက်မှောင်ကြုတ်လိုက်မိသည်။


ဒီနေ့ ဒီကိုလာနိုင်ရန်အတွက် အထူးတလှယ်ပင်ဖောက်သည်နှင့်စောစောတွေ့ခဲ့၏။သူ ထိုမိန်းကလေးပေးခဲ့သည့် ဂျင်ဆင်းနှင့်ကျောက်စိမ်းတုံးတို့၏တန်ဖိုးကို ပြန်ပေးချေချင်သည်။


မိန်းကလေးက ပစ္စည်းကောင်းတွေရဲ့တန်ဖိုးကိုမသိဘူးဆိုပေမယ့် သူကတော့ ဒီလိုအဖိုးတန်ပစ္စည်းတွေကိုမျက်နှာပြောင်တိုက်ပြီးယူလို့မရဘူးလေ။


သို့သော် ‌သူယွင်ရုန်၏အခန်းတံခါးကိုခေါက်နေသည်မှာ နေ့တစ်ဝက်လောက်ရှိပြီဖြစ်သော်လည်း ဘယ်သူမှတံခါးမဖွင့်ပေးလာပေ။သူက အခန်းထဲတွင် မိန်းကလေးမတော်တဆဖြစ်နေမည်ကိုစိုးရိမ်သဖြင့် အမျိုးသမီးဝန်ထမ်းတစ်ယောက်ကိုခေါ်ကာ တံခါးဖွင့်ခိုင်းလိုက်သည်။


ရလဒ်မှာ တံခါးပွင့်သွားသော်လည်း အထဲတွင်ဘယ်သူမှရှိမနေပေ။


လုဟယ်နျန်၏တစ်ကိုယ်လုံးက အေးစက်စက်အငွေ့အသက်များထုတ်လွှင့်လာကာ သူ့နားမှလူများက ဖိအားတိုးလာသလိုခံစားမိလာကြသည်။သူက နှုတ်ခမ်းကိုစေ့ကာမေးလာ၏။


“မစ်ယွင်ထွက်သွား‌တုန်းက အရှေ့ကောင်တာကသူတွေတစ်ယောက်မှမမြင်လိုက်ဘူးလား”


အရှေ့ကောင်‌တာတွင်တာဝန်ကျသည့်မိန်းကလေး အလုပ်ဝင်တာမကြာသေးပေ။ဒါက သူမအတွက် ပထမဆုံးအကြိမ် ဘော့စ်နှင့်တွေ့ရခြင်းဖြစ်သဖြင့် တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလာလေသည်။


“ဒါရိုက်တာ ကျွန်မရဲ့တာဝန်ချိန်က မနေ့ညသန်းခေါင်ကနေပြီးတော့ ဒီမနက်ထိပါ၊ မစ်ယွင်ထွက်လာတာကို တကယ်ဘဲမတွေ့မိပါဘူးရှင့်”


လုဟယ်နျန်က အရှေ့ကောင်တာမှဝန်ထမ်းကြောက်ပြီးတုန်နေသည်ကိုမြင်သောအခါ မျက်စိမှိတ်လိုက်မိသည်။သူကမျက်စိပြန်ဖွင့်လာပြီးနောက် အနောက်မှအတွင်းရေးမှူးကျန်းကို ပြောလိုက်သည်။


“မင်း စောင့်ကြည့်ရေးမော်နီတာကို တစ်ချက်သွားကြည့်လိုက်”


လုဟယ်နျန်ပြောသည်ကိုကြားသောအခါ အတွင်းရေးမှူးကျန်းကချက်ချင်းသွားကြည့်လိုက်သည်။ခဏနေပြီးနောက်သူပြန်ရောက်လာ၏။သူက ပြင်ထားရမည့်ဖိုင်များကိုပြောထားပြီးပြီဖြစ်သဖြင့် မှတ်တမ်းကိုသေချာကြည့်လိုက်ရုံသာဖြစ်သည်။သို့သော် ယွင်ရုန်ဟိုတယ်အပြင်ထွက်သွားသည့် လက္ခဏာများကိုမတွေ့ခဲ့ပေ။


လူတစ်ယောက်လုံးက အကြောင်းပြချက်မရှိဘဲ ဘယ်လိုလုပ်ပျောက်သွားနိုင်မှာလဲ။


“ဒီမှာလည်းမရှိဘူး သူမကဒီမှာမရှိတာဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”


ကမန်းကတန်းပြေးလာသော ကုန်တချင်က လွတ်ခနဲပြောမိသွားသည်။မနက်တုန်းကတောင် ယွင်ရုန်နဲ့တွေ့ခဲ့သေးတာလေ။


“ဒါရိုက်တာ လွန်ခဲ့တဲ့နာရီဝက်လောက်က ကျွန်တော်မစ်ယွင်ရုန်ရဲ့အခန်းကိုသွားပြီး လိုအပ်တာရှိမရှိမေးခဲ့ပါသေးတယ် အဲ့ဒီအချိန်တုန်းကအခန်းထဲမှာရှိနေတုန်းပဲဗျ”


ကုန်တချင်က သူပိုက်ဆံသွားပို့သည်ဟုမပြောရဲပေ။သူက ငွေတစ်မီလီယမ်သွားပို့ခဲ့ခြင်းဖြစ်ရာ လူတွေအထင်လွဲသွားရင်ဘယ်လိုလုပ်မှာလဲ။


ကုန်တချင်၏စကားများက လုံခြုံရေးမှတ်တမ်းနှင့်ကိုက်ညီ၏။Presidential suiteအခန်းဖြစ်သဖြင့် သူတို့ကဧည့်သည်၏ကိုယ်ရေးကိုယ်တာကို ပိုပြီးဂရုစိုက်ရလိမ့်မည်။ထို့ကြောင့် အခန်းရှေ့၌ ‌စီစီတီဗီမတပ်ထားပေ။သို့သော် လုံခြုံရေးမှတ်တမ်းထဲတွင် ကုန်တချင်အပေါ်ထပ်သို့တက်သွားသည်ကိုမြင်နေရ၏။


လုဟယ်နျန်က မျက်မှန်ကိုပင့်တင်လိုက်ကာ သူ့အကြည့်များကစိတ်မဝင်စားသလိုဖြစ်နေသော်လည်း သူ့ရင်ထဲတွင် စိုးရိမ်မှုများဖြင့်ပြည့်နှက်နေပြီဖြစ်သည်။သူမကနာရီဝက်အတွင်းတွင် အဝေးကြီးသို့မရောက်နိုင်သေးပေ။သူ လျှောက်ထွက်သွားရင်းပြောလိုက်သည်။


“ယာဉ်ကြောထိန်းသိမ်းရေးကင်မရာတွေကနေ သတင်းရနိုင်အောင် ငါတို့ရဲ့အဆက်အသွယ်တွေသုံးလိုက် ‌လမ်းတစ်လျှောက်လုံးရှာသွားရမယ်”


သူက ထိုကောင်မလေးထပ်လှည့်စားခံရပြီး မနေ့ညကလိုနေရာများဆီသို့ထပ်ရောက်သွားမည်ကို တကယ်စိုးရိမ်နေပေသည်။


‌အတွင်းရေး‌မှူးကျန်းက လုဟယ်နျန်နောက်မှလိုက်သွားရင်း သက်ဆိုင်ရာဌာနများနှင့်လုပ်ဆောင်လိုက်သည်။သူတို့ကားထဲသို့ရောက်သောအခါ သူကချက်ချင်းပင်ဒရိုင်ဘာအား ဖြေးဖြေးမောင်းရန်ပြောလိုက်ပြီး လမ်းဘေးမှသွားလာနေသောသူများကို သေချာကြည့်သွားကြသည်။


ဟိုင်ရှီးရဲစခန်းက ဟိုင်ကျင်းဟိုတယ်နှင့်သိပ်မဝေးပေ။၎င်းကခြေကျင်လျှောက်ပါက ငါးမိနစ်လောက်သာကြာပြီး ကားဖြင့်သွားပါကပိုမြန်လိမ့်မည်။ကားကလမ်းဆုံသို့ရောက်သောအခါ အဝါရောင်အင်္ကျီဝတ်ထားသည့်မိန်းကလေးတစ်ဦးက ဖြေးဖြေးချင်းလျှောက်လာသည်ကိုမြင်သွားလေသည်။သူမကငေးငိုင်ပြီး မပျော်မရွှင်ဖြစ်နေပုံပေါ်၏။


ယွင်ရုန်ကဘယ်လိုလုပ်ပျော်နိုင်မှာလဲ။သူမက ‌100မီလီယမ်ရှာရမှာကိုတွေးလိုက်ရုံနဲ့တင် ခေါင်းပေါက်ထွက်တော့မလိုခံစားနေရတာ။ဒါကသူမလိုတောင်မိစ္ဆာအတွက် ခက်ခဲအောင်လုပ်နေသလိုဘဲ။ဟူးး


ယွင်ရုန်ကမပျော်မရွှင်ဖြင့် သူမဘာသာညည်းညူနေ၏။သူမက အံ့ဖွယ်တောင်မိစ္ဆာဖြစ်သော်လည်း တောင်ပေါ်တွင်နေပြီး လူသားများ၏ဆုတောင်းများကိုနားထောင်ကာ လှူဖွယ်ဆက်သမှုများကိုပျော်မွေ့ပြီး.. တစ်ချိန်တည်းတွင် သူတို့ကို‌စိုက်ပျိုးမြေများအထွက်တိုးစေရန်အတွက် ရာသီဥတုကောင်းများဖြင့်ကောင်းချီးပေးခြင်းတို့ကိုမလုပ်နိုင်ပေ။


ထိုအစားသူမ‌ကတောင်အောင်သို့ဆင်းကာ ပိုက်ဆံရှာနေရ၏။


လောကတွင်ဒီလိုကိစ္စများမှာပုံသေမဟုတ်ဘဲ အချိန်နှင့်အမျှပြောင်းလဲသွားနိုင်ပေသည်။ရုတ်တရက်သူမကမျက်မှောင်ကြုတ်လိုက်မိသည်။သူမရှေ့တွင် ယင်စွမ်းအင်တစ်စွန်းတစ်စ လွင့်မျောလာသည်ကိုမြင်လိုက်ရ၏။

 

ဒါကဘယ်လိုတ‌စ္ဆေပစ္စည်းမျိုးလဲ။


ယွင်ရုန် မျက်မှောင်ကြုတ်လိုက်သည်။သူမ မော့ကြည့်လိုက်သောအခါ သိပ်မဝေးသည့်လမ်းဆုံနေရာ၌ ခေါင်းအစခြေအဆုံး သွေးများရွှဲနေသည့်ယောက်ျားတစ်ယောက်ကိုမြင်မိသွားသည်။


သူ့လက်မှသွေးများက ဖြေးဖြေးချင်းမြေကြီးပေါ်သို့တစ်စက်ချင်းကျနေပြီး အနက်ရောင်မီးခိုးများဖြစ်သွားလေသည်။


“ယွမ်ကျားနန် ဒီကိုလာခဲ့ ဒီဦးဦးဆီလာခဲ့。。。。”


သူကထိုနေရာတွင်ရပ်နေကာ ယာဉ်များကသူ့ကိုဖြတ်သွားကြလေသည်။သူ့နှုတ်ခမ်းများက အပြုံးတစ်ခုကိုဖော်ပြလာ၏။သူက သိပ်မဝေးသည့်လမ်းဘေးနေရာသို့မျက်နှာချင်းဆိုင်ကာ လက်ယပ်ခေါ်လိုက်သည်။


လမ်းဘေးတွင် တရုတ်ပန်ကိတ်များရောင်းနေသောပျံကျဈေးသည်တစ်ဦးရှိ၏။တိုက်ဆိုင်စွာပင် ယခုချိန်က အလုပ်သွားကြသောအချိန်ဖြစ်သဖြင့် ပန်ကိတ်သည်ဘေး၌ အလျင်စလိုဖြစ်နေသည့် ရုံးဝန်ထမ်းနှင့်ကျောင်းသားဆယ်ယောက်ကျော်ဝန်းရံနေကြသည်။

လျင်မြန်တိကျသောလှုပ်ရှားမှုများဖြင့် အသားမဲမဲသက်လတ်ပိုင်းအရွယ်မိန်းမကြီးသည့် ပန်ကိတ်အတွက်မုန့်နှစ်ပြင်ရာတွင်သာအာရုံစိုက်ထားလေသည်။


သူမက လမ်းမအလယ်နှင့်တဖြေးဖြေးနီးလာသော သူမ၏ငါးနှစ်အရွယ်ကလေးကို နည်းနည်းလေးတောင်သတိမထားမိသေးပေ။


“ယွမ်ကျားနန် ဒီကိုမြန်မြန်လာ~”


ထိုယောက်ျားအသံက အရမ်းမကျယ်သော်ငြား ကောင်လေး၏နားထဲတွင်ရှင်းလင်းစွာကြားနေရလေသည်။ 


လမ်းဘေးတွင်ထိုင်ကာ ပုရွက်ဆိတ်များကိုရေတွက်နေသည့် ယွမ်ကျားနန်ကထရပ်လိုက်သည်။သူက အနားတစ်ဝိုက်ကိုနားမလည်နိုင်စွာကြည့်လိုက်ပြီးနောက် လူကူးလမ်းပေါ်သို့အကြည့်ရောက်သွားသည်။ တခဏအတွင်းတွင် သူကတွေဝေသွားပြီး ခြေထောက်တိုတိုလေးများနှင့် အပြေးသွားလိုက်၏။တစ်လှမ်းပြီးတစ်လှမ်း လမ်း‌ဆုံဆီသို့လျှောက်လာလေသည်။


ယွင်ရုန် ခေါင်းမော့လိုက်သောအခါ ယွမ်ကျားနန်က ထို‌လူနှင့်နှစ်မီတာလောက်သာကွာတော့သည်ကိုမြင်လိုက်ရသည်။


သိပ်မဝေးသောနေရာတွင် ကုန်တင်ကားကြီးတစ်စီးက ‌အကွေ့ကိုဖြတ်ကာ လျင်မြန်စွာမောင်းနှင်လာ၏။ဒရိုင်ဘာကရုတ်တရက်ပင် ထိန်းမထားနိုင်လောက်အောင်အိပ်ငိုက်လာရာ မျက်စိကိုနှိပ်လိုက်မိသည်။သူ့မျက်လုံးပြန်ဖွင့်လိုက်သောအခါ ကုန်တင်ကားကလမ်း‌ဆုံသို့ရောက်တော့မည်ဖြစ်သည်။ကုန်တင်ကားက လမ်း‌ဆုံနှင့်လေးမီတာလောက်သာကွာတော့သောအချိန်တွင် ကလေးတစ်ယောက်က ဖြေးဖြေးချင်းလမ်းပေါ်လျှောက်လာနေလေသည်။


ဒရိုင်ဘာ၏ရင်ထဲတွင်တုန်လှုပ်သွားသည်။သူအိပ်ငိုက်နေသည်က အရိပ်အယောင်တောင်မကျန်ပျောက်ကွယ်သွားပြီး သူ့နှလုံးကလည်ချောင်းထဲမှထွက်လာတော့မတတ်ခံစားလိုက်ရသည်။သူကတစ်ကိုယ်လုံးမှအားကိုသုံးကာ ဘရိတ်နင်းလိုက်သည်။


သူ့ရင်ထဲတွင် စကားလုံးနှစ်လုံးသာ တဝဲလည်လည်ဖြစ်နေတော့သည်။


သွားပြီ သွားပြီ。。。。。


အကွာအဝေးကအရမ်းနီးနေသဖြင့် အရှိန်အပြည့်လာသောကုန်တင်ကားကို ရုတ်တရက်ရပ်လိုက်ရန်မှာမဖြစ်နိုင်တော့ပေ။


ပတ်ဝန်းကျင်မှသူများက ထိုမြင်ကွင်းကိုမြင်သောအခါ ကျယ်လောင်သည့် စီခနဲအော်သံများ ပြုလုပ်လာကြသည်။


အချိန်မလောက်ဘူး。。。。


ယွင်ရုန်၏အကြည့်များကအေးစက်သွားသည်။ သူမကလှစ်ခနဲကောင်လေးဆီသို့ပြေးသွားလိုက်သည်။ လူတိုင်းက အရိပ်တစ်ခုဖြတ်သွားသည်ကိုသာမြင်လိုက်ရ၏။သူတို့အသိပြန်ဝင်လာသောအခါ ကုန်တင်ကားရှေ့၌ မိန်းမငယ်လေးတစ်ယောက်ပေါ်လာသည်ကိုမြင်လိုက်ရသည်။အသက်ရှူတစ်ချက်အတွင်းမှာပင် သူမက ကလေးကို‌ကောက်ချီလိုက်ပြီး ငါးမီတာခြောက်မီတာဝေးသောနေရာသို့ပြေးသွားလိုက်သည်။


“ယွင်ရုန်”


လုဟယ်နျန်ကားက လမ်း၏အခြားတစ်ဖက်တွင်ဖြစ်သည်။သူကားပေါ်မှဆင်းလာလာချင်းပင် ယွင်ရုန်ပြေးသွားသောမြင်ကွင်းကိုမြင်လိုက်ရ၏။သူ့နှလုံးခုန်သံများက စည်းချက်လွဲသွားကာ စိုးရိမ်တကြီးအော်ခေါ်လိုက်တော့သည်။


ဒီလိုကုန်တင်ကားကြီးဖြင့် အတိုက်ခံလိုက်ရပါက သေချာပေါက်အသက်ပါဆုံးသွားနိုင်၏။


သို့သော်သူလှမ်းအော်လိုက်သောအချိန်တွင် ကုန်တင်ကားကဖြတ်ခနဲ သူစိုးရိမ်နေရသောမြင်ကွင်းကို ကာသွားလေသည်။ထို့နောက် ကျယ်လောင်သည့်ဘရိတ်အုပ်သံထွက်လာ၏။ကတ္တရာလမ်းမ‌ကြီးပေါ်တွင် ကားဘီးမှအနက်ရောင်အစင်းများကျန်ခဲ့လေသည်။


“ယွင်ရုန်。。。。”


လုဟယ်နျန်၏မျက်နှာက သေလူလိုဖြူဖျော့သွားကာ သူ့ကိုယ်က ခဏလောက်တောင့်တင်းနေပြီးနောက် ကုန်တင်ကားကြီးဆီပြေးသွားလိုက်သည်။


သူ ကားဘေးသို့ရောက်သောအခါ ဖြေးဖြေးချင်းရပ်လိုက်သည်။ထို့နောက်ကတုန်ကယင်ဖြင့် အခြေအနေကိုငုံ့ကာစစ်ဆေးကြည့်ရန်လုပ်လိုက်သော်လည်း သူနှင့်သိပ်မဝေးသောနေရာမှ စူးရှကာနားဝင်ချိုသည့်မိန်းမငယ်လေးအသံကိုကြားလိုက်ရလေသည်။


“နောက်တစ်ခါကျ လူစိမ်းတွေခေါ်ရင် နားမထောင်နဲ့နော် နားလည်လား”


ယွမ်ကျားနန်ကိုချီထားသည့်ယွင်ရုန်က လမ်းဘေးသို့ရောက်သောအခါ ကလေးကိုအောက်ချပေးလိုက်သည်။ထို့နောက်သူ့နဖူးကိုပုတ်ကာ ပြင်းပြင်းထန်ထန်ဆုံးမလိုက်၏။


ထို့နောက် သူမကအခုလေးတင် သူမနာမည်ကိုတစ်ယောက်ယောက်ခေါ်သည်အားကြားလိုက်ရသဖြင့် အနားတဝိုက်ကိုလှည့်ကြည့်လိုက်လေသည်။


ယွမ်ကျားနန်က အခုလေးတင်ကြောက်စရာကြီးကိုကြုံခဲ့ရ၏။သူကဘာမှမပြောနိုင်ဘဲ ကြောင်အအနှင့်သာခေါင်းငြိမ့်ပြလေသည်။


“နန်နန်。。。。。”


တစ်ဖက်တွင်ကောင်လေး၏အမေကပြေးလာရင်း ချော်လဲလုနီးပါးဖြစ်သွားသည်။သူမလက်တွင်ဆီနှင့်ဂျုံမှုန့်များပေနေသည်ကို ဂရုမစိုက်နိုင်တော့ဘဲ ယွမ်ကျားနန်ကိုပွေ့ဖက်လိုက်သည်။


“မားမားကိုလန့်သေအောင်လုပ်လိုက်တာဘဲ သားက မားမားကိုလန့်ပြီးသေသွားစေချင်တာလား အိုင်းယားးး”


မတိုင်ခင်နှင့်ဖြစ်ပြီးနောက်တွင် ကွာခြားချက်အနည်းငယ်သာရှိ၏။သူမက သူမ၏တစ်ဦးတည်းသောသားလေး ကားတိုက်ခံတော့မည်ကို မြင်လုနီးပါးဖြစ်ခဲ့လေသည်။ထိုအချိန်တုန်းက သူမ နှလုံးသားက မခုန်နိုင်တော့သလိုတောင်ခံစားမိသွားသည်။


နှစ်စက္ကန့်လောက်ငိုပြီးနောက် ကောင်လေး၏အမေက ယွမ်ကျားနန်ကိုလွှတ်ပေးလိုက်သည်။သူမကမျက်ရည်သုတ်လိုက်ပြီးနောက် ဒေါသထွက်သောအမူအရာဖြင့် ‌ကလေး၏တင်ပါးကိုရိုက်ပြီး ဆူ‌လိုက်သည်။


“အရမ်းတွေသတ္တိကောင်းနေပါလား ဟမ်၊ လမ်းလယ်ခေါင်မှာတက်ကစားရတယ်လို့ နင် မားကိုဒေါသထွက်ပြီးသေသွားစေချင်တာလား ဘယ်လိုတောင်ဆိုးလိုက်တဲ့ကလေးလဲ”


ကလေးကကျယ်လောင်စွာအော်ငိုနေသည်ကိုမြင်သောအခါ ယွင်ရုန်ကရှင်းပြပေးဖို့လိုသည်ဟုခံစားမိသွားသည်။


“သူကတမင်လုပ်တာမဟုတ်ပါဘူး。。。。。”


“ယွင် ရုန် ”


သူမ မပြောရသေးခင်မှာဘဲ အနည်းငယ်ဒေါသထွက်နေသည့်အသံက သူမနောက်မှ ထွက်လာလေသည်။


⛰️