Chapter 23
Viewers 3k

⛰️Chapter 23

:အနှောင့်အယှက်ပေးမှု။ 



ယွင်ရုန်ကရပ်သွားကာ သူမနောက်ကျောက အနည်းငယ်အေးလာသလိုခံစားမိသွားသည်။သူမ လှည့်ကြည့်လိုက်သောအခါ သူမနှင့်သိပ်မဝေးသောနေရာ၌ရပ်နေသည့် လုဟယ်နျန်ကိုမြင်သွားသည်။ သူ့လက်နှစ်ဖက်လုံးက အိပ်ကပ်ထဲတွင်ထည့်ထားကာ နှုတ်ခမ်းကိုတင်းတင်းစေ့ထား၏။ဒေါသဖျော့ဖျော့က သူ၏ဂရုမစိုက်ဟန်ရှိကာခန့်ညားသောမျက်နှာ၌‌ ပေါ်လာလေသည်။


ဘာကြောင့်မှန်းမသိ ယွင်ရုန်ကအနည်းငယ်အပြစ်ရှိသလိုခံစားမိသွားသည်။သူမက အလိုလိုပြုံးကာလှမ်းပြောလိုက်၏။


“ဒါ ဒါရိုက်တာလည်းဒီကိုရောက်နေတာလား ကျွန်မကိုအလုပ်သွားဖို့လာခေါ်တာလားဟင်”


အလုပ်၊အလုပ် သူမခေါင်းထဲမှာ အလုပ်နဲ့ပဲပြည့်နေတာ။လုဟယ်နျန်က ဒေါသဖြင့်ရယ်ချင်သလိုခံစားလိုက်ရသည်။သို့သော်သူမ၏နူးညံ့သောအပြုံးကိုမြင်သောအခါ ဒေါသမထွက်နိုင်တော့ပေ။သူကမျက်မှန်ကိုတွန်းတင်ပြီး အေးစက်စွာပြောလိုက်သည်။


“အခုလေးတင် မင်းမသိဘူးလား。。。。”


ဘယ်လောက်တောင်အန္တရာယ်များလဲဆိုတာကို။လူအများကြီးရှိနေပေမယ့် မင်းလိုကောင်မလေးကရှေ့ထွက်လာရလား။


သို့သော်သူပြော၍မပြီးသေးခင်မှာဘဲ ယွင်ရုန်၏အပြုံးကရုတ်တရက်ပျောက်သွားပြီး သူမတစ်ကိုယ်လုံးကသူ့ဆီသို့တရှိန်ထိုးပြေးလာသည်ကိုမြင်လိုက်ရသည်။


“ထွက်သွားစမ်း”


ယွင်ရုန်က ကျယ်လောင်စွာအော်ပြောလိုက်သည်။လုဟယ်နျန်ကိုမျက်နှာချင်းဆိုင်နေသည့် သူမမျက်နှာက စက်ဆုပ်ရွံရှာမှုကိုဖော်ပြ‌လာ၏။အတိအကျပြောရလျှင် ၎င်းက သူ့အနောက်မှအရာဆီဦးတည်နေခြင်းဖြစ်သည်။


လုဟယ်နျန်၏နောက်၌ ရပ်နေသောသူမှာ လမ်းလယ်မှသွေးများစိုရွှဲနေသောအမျိုးသားဖြစ်သည်။သူကပါးစပ်ဖွင့်ကာ ရက်စက်သွေးဆာသောမဲ့ပြုံးပြုံးပြလာ၏။သူကပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်သောအခါ အစွယ်များကပါးစပ်တစ်ခုလုံးပြည့်နေပြီး ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။


“ငါ့ကိစ္စမှာဝင်ရှုပ်နေတာလား၊ ဒီနိမိတ်မကောင်းတဲ့စွမ်းအင်နဲ့ယောက်ျားက နေရာလဲဖို့ကောင်းမွန်တဲ့အစားထိုးပဲ သူ့ကို ငါ့နေရာမှာဝင်နေခိုင်းလိုက်စမ်း”


လုဟယ်နျန်က အလိုအလျောက်ရှေ့သို့နှစ်လှမ်းတိုးလိုက်သည်။သို့သော် သူ့နောက်ကျော၌အေးစက်မှုတစ်ခုကိုခံစားလိုက်ရကာ ၎င်းက တစ်ခုခုကသူ့ပုခုံးကိုလှမ်းဆွဲထားသလိုပင်ဖြစ်သည်။အသိအသာကြီးပင်နွေလယ်ခေါင်ဖြစ်သော်လည်း သူ့တစ်ကိုယ်လုံးက ရေခဲဂူထဲပြုတ်ကျသွားသလိုခံစားနေရကာ ရပ်နေသောနေရာမှာပင် တောင့်တင်းသွားပြီး မလှုပ်နိုင်တော့ပေ။


သူ့အမူအရာကပြောင်းလဲသွားသည်။သူက‌မကောင်းသောအရာ၏ထောင်ချောက်ဆင်ခြင်းကို ထပ်ခံလိုက်ရပြီ‌ဖြစ်ကြောင်း သူ့ရင်ထဲတွင်သဘောပေါက်သွားသည်။သူကအသံတိုးတိုးဖြင့်ပြောလိုက်သည်။


“ဒီကိုမလာခဲ့နဲ့”


သူ့ကိုယ်ပေါ်တွင်ဆရာသခင်ကျန်းပေးထားသည့် ကျောက်စိမ်းအဆောင်ရှိ၏။ထို့ကြောင့်သာမာန်သရဲများက သူ့အပေါ်ဘာမှလုပ်နိုင်မည်မဟုတ်ပေ။


သို့သော်အသိအသာပင် ယွင်ရုန်ကဂရုမစိုက်ပေ။


ထိုသရဲ၏လက်က လုဟယ်နျန်၏ပုခုံးကိုလှမ်းဆွဲထားသည်ကိုမြင်သောအခါ သူမမျက်လုံးများကမည်းမှောင်လာသည်။သူမရင်ထဲတွင် တကယ်မပျော်မရွှင်ဖြစ်နေ၏။သူမ၏တည်ရှိမှုအောက်တွင် ထိုသို့သောကိစ္စများလုပ်သည်ကို လျစ်လျူရှုပေးလို့ရသေးသည်။သို့သော်သူမ၏ဘော့စ်ကိုမှလာရှုပ်နေရာ ကိုယ့်ဒုက္ခကိုယ်ရှာလိုက်ခြင်းပင်။သူမ တန့်ချိုးတောင်ကိုပြန်ရရန်အတွက် ဒီဘော့စ်အပေါ်တွင်သာ အလုံးစုံမှီခိုနေရခြင်းဖြစ်သည်။


“မြေအောက်‌လောကကသရဲ ကိုယ့်ကိုကိုယ်အထင်ကြီးနေတာပဲ”


လုဟယ်နျန်က ယွင်ရုန်၏အသံနိမ့်နိမ့်ဖြင့်အော်လိုက်သောအသံကိုကြားလိုက်ရသည်။သူမကတစ်ချက်တည်းဖြင့် သူ့လက်ကောက်ဝတ်မှလှမ်းဆွဲကာ‌ ဘေးကိုဆွဲလိုက်ပြီး ကျန်လက်တစ်ဖက်ကလေထဲကိုရိုက်လိုက်သည်။သူကအသံစူးစူးတစ်ခုကိုတောင် ကြားလိုက်ရလေသည်။


“အစတုန်းက နင်အသေဆိုးနဲ့သေခဲ့ရတာကိုမြင်လို့ ဘာမှမလုပ်ချင်တာ၊ ငါ့ရဲ့ဘော့စ်ကိုများလာချိန်ရဲသေးတယ်ပေါ့ ရက်စက်ကြမ်းကြုတ်တဲ့သရဲတစ်ကောင်အနေနဲ့ နင့်မှာအမြင်ရောရှိရဲ့လား”


ယွင်ရုန်က သူမရိုက်လိုက်သဖြင့် ကြောက်သွားပြီးတောင့်တင်းနေသောသရဲကို အကြည့်လွှဲကာ အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။


လုဟယ်နျန်က သူ့ခြေလက်များကိုပြန်လှုပ်လို့ရနေပြီဖြစ်သည်။သို့သော်သူ့လက်ကောက်ဝတ်ကိုကိုင်ထားသည့် သေးငယ်ကာကျောက်စိမ်းတမျှဖြူစွတ်သည့်လက်လေးကိုကြည့်နေမိကာ ပန်းရနံ့သင်းသင်းလေးကလည်း သူ့နှာခေါင်းဝဆီဝေ့တက်လာသဖြင့် မျက်လွှာချလိုက်သည်။ဘာကြောင့်မှန်းမသိ သူ မလှုပ်လိုက်ချင်ပေ။


ယွင်ရုန်က တတွတ်တွတ်ရေရွတ်ပြီးနောက် နောက်လှည့်လာရာ လုဟယ်နျန်ကသူမဘေးတွင်ရှိနေဆဲဖြစ်သည်ကိုသတိရသွားသည်။ထို့နောက် သူ့ပုံခုံးပေါ်မှ လက်ကျန်ယင်အငွေ့အသက်များကို ပုတ်ထုတ်ပေးရင်း ပြောလာ၏။


“အခုအကုန်အဆင်ပြေသွားပါပြီ အိမ်ပြန်ရောက်ရင် ရေပူလေးနဲ့ရေချိုးလိုက် အဆင်ပြေသွားလိမ့်မယ်”


လုဟယ်နျန်က သူ့ဝမ်းဗိုက်ထဲတွင်နွေးထွေးလာသလိုခံစားလိုက်ရသည်။သူကနူးညံ့စွာဖြင့် သဘောပေါက်ကြောင်း အမ်းခနဲအသံပြန်ပြုလိုက်သည်။သူစကားပြောတော့မည့်အချိန်တွင် ဘေးဘက်မှ ကျန်းချုံမင်၏အသံထွက်လာလေသည်။


အက်စီးဒန့်တစ်ခုဖြစ်လုနီးပါးဖြစ်ခဲ့သဖြင့် ပတ်ပတ်လည်းတွင်စပ်စုနေသည့်လျှောက်သွားလျှောက်လာများဝိုင်းနေ၏။ဟွားကော်တွင် လူများကစိတ်လှုပ်ရှားစရာရှိသောနေရာ၌ စုဝေးတတ်ကြ၏။ထို့အပြင် မနက်အလုပ်သွားချိန်ဖြစ်ကာ လမ်းပေါ်တွင်ကားအများအပြားရှိနေ၏။ကျန်းချုံမင်က ဝိုင်းကြည့်နေသူများကိုခက်ခက်ခဲခဲတိုးထွက်လာခဲ့ရ၏။သူကအသက်ပြင်းပြင်းရှူကာပြောလိုက်သည်။


“ဒါရိုက်တာ မစ်ယွင်ရုန် အဆင်ပြေရဲ့လား ဆေးရုံသွားဖို့လို。。。。”


သူပြော၍မပြီးသေးခင်မှာဘဲ မော့ကြည့်လိုက်ရာ ဒါရိုက်တာနှင့်မစ်ယွင်ရုန်ကနီးကပ်စွာရပ်နေသည်ကိုမြင်လိုက်ရသည်။မစ်ယွင်၏လက်တစ်ဖက်က ဒါရိုက်တာ၏ပုခုံးပေါ်၌ရောက်နေ၏။ကျန်းချုံမင်၏နေရာမှဆိုလျှင် လူနှစ်ယောက်ကပွေ့ဖက်နေကြသလိုဖြစ်နေပေသည်။ထို့အပြင် ‌အရင်ဆုံးဖက်ထားသူမှာလည်း မစ်ယွင်ရုန်ဖြစ်နေ၏။

 

ကျန်းချုံမင်ကအံ့ဩသွားကာ သူပြောမည့်စကားများကလည်ချောင်းထဲတွင်တစ်နေပြီး ဘာမှမပြောနိုင်တော့ပေ။သူသတိပြန်ဝင်လာသောအခါ လုဟယ်နျန်ကသူ့ကို‌မှုန်မှိုင်းစွာစိုက်ကြည့်နေသည်ကိုမြင်လိုက်ရလေသည်။


သူကအလိုလိုနောက်သို့နှစ်လှမ်းဆုတ်လိုက်မိကာ သူ့ဦးနှောက်ထဲတွင်အော်ဟစ်နေမိသည်။


ငါတော့သွားပြီ၊ ငါတော့သွားပါပြီ။


ဒါရိုက်တာကသူ့ကို လောကဝတ်အရ ပြစ်တင်ဝေဖန်လာခြင်းမရှိသည်ကိုမြင်လိုက်ရ၏။အခြားလူများက သူ့ကိုကြည့်နိုင်သော်လည်း သူတော့မဟုတ်ပေ။အကြောင်းမှာအခြားသူများက ပါဝင်နေသောသူများကိုမသိလို့ပေ။သူကတော့သိနေလေသည်။


“ကျွန်မအ‌ဆင်ပြေပါတယ် အတွင်းရေးမှူးကျန်း ရှင်လည်းရောက်လာတာလား”


သူ့အသံကိုကြားသောအခါ ယွင်ရုန်က လုဟယ်နျန်လက်ကိုလွှတ်လိုက်ပြီး လှည့်နှုတ်ဆက်လာသည်။


လုဟယ်နျန်က ဗလာဖြစ်‌သွားသည့် သူ့လက်ကိုကြည့်ကာ သူ့အကြည့်များကတုန်လှုပ်သွားသည်။စိတ်ပျက်မှုတစ်စွန်းတစ်စက သူ့ရင်ထဲ၌ဖြစ်ပေါ်လာလေသည်။


“အာ ဟုတ်ပါတယ် မစ်ယွင်ရောဘယ်လိုနေလဲဟင်”


ကျန်းချုံမင်က သူမကိုလေးနက်စွာနှုတ်ဆက်လိုက်သည်။ဒါရိုက်တာက ယဉ်ကျေးမှုအရ သူ့ကိုအပြစ်မတင်လာသော်လည်း သူ့အကြည့်များမှတစ်ဆင့် ကျန်းချုံမင်က အပြစ်တစ်ခုကိုလုပ်လိုက်မိပြီ‌ဖြစ်ကြောင်း အတည်ပြုနိုင်သွားသည်။


“လုပ်လေ မြန်မြန်လေး ကျဲကျဲကိုကျေးဇူးတင်လိုက်”


ဘေးတွင်ခုနကကြောက်သွားခဲ့သည့်သားအမိက နောက်ဆုံးတွင်အသိပြန်ဝင်လာကြသည်။အမေဖြစ်သူဝမ်ချွန်းမိန်က သူမသား၏ခေါင်းကိုဖိပြီးငုံ့ခိုင်းကာ အလေးအနက်ကျေးဇူးတင်လာလေသည်။


ကောင်လေးယွမ်ကျားနန်က သွားမစုံသေးသည့်ပါးစပ်လေးကိုဖွင့်ကာ အသံကျယ်ကျယ်ဖြင့်ကျေးဇူးတင်လာ၏။

“ကျေးဇူးတင်ပါတယ် ကျဲကျဲ”


ဝမ်ချွန်းမိန်က သူမသား‌ပြောပြီးသည်ကိုကြည့်ပြီးမှ ခါးကိုတစ်ဝက်နီးပါးငုံ့ကာ အလေးအနက်ပြောလာ၏။


“မိန်းကလေး မင်းကအဒေါ်ရဲ့ကျေးဇူးရှင်ပါပဲကွယ် မင်းကြောင့်သာမဟုတ်ရင် အဒေါ့်သားကအသက်ရှိတော့မှာတောင်မဟုတ်ဘူး  မင်းကအဒေါ့်သားရဲ့ကျေးဇူးရှင်ပါ၊ အဒေါ်တို့တစ်မိသားစုလုံးက ဒီကျေးဇူးကိုတစ်သက်လုံးမှတ်ထားပါ့မယ်”


သူမကဒီအတိုင်းပေါ့ပေါ့ပါးပါးပြောလိုက်ခြင်းမဟုတ်ပေ။လွန်ခဲ့သည့်လအနည်းငယ်လောက်က သူမယောက်ျားသည် ကင်ဆာရောဂါဖြင့်ဆုံးသွားပြီး သူတို့သားအမိကအချင်းချင်းသာမှီခိုနေခဲ့ရသည်။သူမ၏သားသာမရှိတော့ပါက သူမပိုက်‌ဆံကြိုးစားရှာနေတာက ဘာလုပ်ရတော့မှာလဲ။သူမလည်း အတူလိုက်သေမိမှာ။


“ကျေးဇူးတင်စရာမလိုပါဘူး”


ယွင်ရုန်က ဒါကိုကိစ္စကြီးကြီးမားမားဟုမထင်ပေ။သူမက လွန်ခဲ့သည့်နှစ်သုံးထောင်ကျော်ကလည်း ဒီလိုကိစ္စမျိုးကိုမကြာခဏလုပ်ပေးဖူး၏။နှစ်ထောင်ချီကြာပြီးနောက် လူသားများက သူမကိုမေ့ပျောက်သွားသော်လည်း သူမက ကူညီဖို့လိုသောလူများကို ဆက်လက်ကူညီနေဦးမှာဖြစ်သည်။


“ဘယ်လိုလုပ်ပြီး ကျေးဇူးမတင်ရမှာလဲ မိန်းကလေး နာမည်ကဘာလဲဟင် အဒေါ်တို့သားအမိက နင့်နာမည်ကိုသေချာမှတ်ထားပြီး အသက်‌ကယ်ခဲ့တဲ့ကျေးဇူးကိုလုံးဝမမေ့ပါဘူး”


ဝမ်‌ချွန်းမိန်က အလေးအနက်ပြောလာလေသည်။


“ကျွန်မနာမည်က ယွင်ရုန်ပါ”

ယွင်ရုန်ကပြန်ဖြေလိုက်သည်။


ဝမ်ချွန်းမိန်ကပြုံးလိုက်သည်။

“ယွင်ရုန် ယွင်ရုန် နာမည်လေးကနားထောင်ရကောင်းလိုက်တာ”


ယွင်ရုန်၏နာမည်ကိုရေရွတ်ရင်း သူမသားကိုခေါ်ကာ နောက်သို့ပြန်သွားလိုက်သည်။နေရောင်ခြည်နွေးနွေးကတောက်ပလာပြီး ရွှေရောင်အလင်းလုံးတစ်ခုက ဝမ်ချွန်းမိန်ကိုယ်မှထွက်လာလေသည်။၎င်းက ယွင်ရုန်ဆီလွင့်လာပြီး သူမကိုယ်ထဲသို့ဝင်သွားသည်။


ယွင်ရုန်က သက်ပြင်းရှိုက်လိုက်ကာ ခေါင်းအစခြေအဆုံးနွေးထွေးသွားသလို ခံစားလိုက်ရ၏။၎င်းကအလွန်သက်တောင့်သက်သာရှိလှသည်။သူမကမျက်လုံးများကိုမှေးကျဉ်းကာ ပြုံးလိုက်မိသည်။


“လူတစ်ယောက်ကိုကယ်ပြီးရင် အရမ်းပျော်တာပဲလား”

သူမဘေးမှလုဟယ်နျန်ကမေးလာ၏။


“ကုသိုလ်ကောင်းမှုလုပ်တာက သေချာပေါက်ပျော်ရတဲ့အရာပဲလေ”


ယွင်ရုန်က ခေါင်းလေးကိုစောင်းကာလှည့်ကြည့်လာ၏။လုဟယ်နျန်ကလမ်းဘေးတွင်ရပ်နေပြီး နေရောင်ခြည်ကသူ့ပေါ်တွင်တောက်ပနေသည်မှာ အလင်းလွှာတစ်ခုရှိနေသလိုပင်ဖြစ်သည်။သူမက လွှတ်ခနဲပြောလိုက်မိသည်။


“ရှင်ကတကယ်ကိုကြည့်ကောင်းတာပဲ”


လုဟယ်နျန်ကကြောင်အစွာစိုက်ကြည့်လိုက်သည်။အစကသူစိတ်ပူသဖြင့်‌ ဒေါသထွက်နေခဲ့၏။သို့သော်တခဏအတွင်းမှာပင် ဒေါသအားလုံးကရေနှင့်အပက်ခံလိုက်ရသလိုပင်။သူက ယွင်ရုန်၏ပြုံးနေသောမျက်နှာကိုမြင်သောအခါ အလိုလိုခံစားချက်ကောင်းလာခဲ့သည်။သို့သော်သူတစ်ဖက်လှည့်လိုက်သောအခါ အံ့ဩကြောင်အနေသည့် ကျန်းချုံမင် ကိုမြင်လိုက်ရ၏။


ဒီနေ့ကျမှ ကျန်းချုံမင်က ဘာလို့အထူးတလည်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနေတာလဲ။


ဒါရိုက်တာ၏အကြည့်ကိုဘာသာပြန်နိုင်သော ထိပ်တန်းအတွင်းရေးမှူးအနေဖြင့် ကျန်းချုံမင်က ချက်ချင်းပင်ဒါရိုက်တာဆိုလိုသည်ကို သဘောပေါက်သွားသည်။သူကလှစ်ခနဲအနောက်သို့ဆုတ်ကာ သူမရှိသလိုဟန်ဆောင်လိုက်၏။


“မစ်ယွင်ရုန် ”


သူတို့သုံးယောက်ပြန်တော့မည့်အချိန်တွင် သတင်းရလာသည့် ရဲအရာရှိကလျင်မြန်စွာရောက်လာ၏။ အက်စီးဒန့်မဖြစ်သွားသော်လည်း လူအုပ်ထဲမှတစ်ယောက်က ရဲကိုအကြောင်းကြားလိုက်လေသည်။ရဲကားပေါ်မှဆင်းလာသောသူမှာ အသိအကျွမ်းတစ်ယောက်ဖြစ်သည်။


ကျူးမင်စစ်က ယွင်ရုန်ကိုမြင်သောအခါ ချက်ချင်းပြုံးလိုက်မိသည်။သူက အခုလေးတင်ဆေးရုံမှထွက်လာခဲ့ခြင်းဖြစ်ကာ စခန်းသို့ပြန်နေချိန်၌ အက်စီးဒန့်အကြောင်းဖုန်းဆက်အသိပေးလာခြင်းဖြစ်သည်။သူကအမြန်မောင်းလာခဲ့ပြီးနောက် ရောက်‌လာသောအခါ ယွင်ရုန်ကိုတန်းမှတ်မိသွား၏။


“ရဲဦးလေးကြီး”


ယွင်ရုန်က ကျူးမင်စစ်ကိုမြင်သောအခါပျော်သွား၏။သူက သူမအနားရောက်လာသောအခါ လှမ်းမေးလိုက်သည်။


“ကျွန်မ အဲ့ဒီကောင်လေးကိုကယ်ခဲ့တာ ချီးမွှမ်းထိုက်တဲ့ဆုရှိလား”


ကျူးမင်စစ်မျက်နှာပေါ်မှအပြုံးက တောင့်တင်းသွားသည်။


“ဒီတစ်ကြိမ်တော့မရှိဘူး ဆုကအချိန်တိုင်းပေးနေလို့မရဘူးလေ”


ရဲစခန်းမှာလည်း အဲ့လောက်ပိုက်ဆံမရှိဘူးလို့။


ယွင်ရုန်၏မျက်နှာတွင် စိတ်ပျက်မှုများဖော်ပြနေသော်ငြား ကျူးမင်စစ်က စိတ်လှုပ်ရှားနေသည့်ပုံပေါ်၏။သူကယွင်ရုန်နားကပ်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။


“ဒီနေ့မနက်မှာ ငါ့မိန်းမကသမီးလေးမွေးမယ်ဆိုတာကို မင်းဘယ်လိုသိတာလဲ”


သူ့ဆီတွင်သားတစ်‌ယောက်ရှိပြီးသားဖြစ်ကာ နူးနူးညံ့ညံ့နှင့်မွှေးကြိုင်သည့် သမီးတစ်ယောက်လိုချင်နေခဲ့၏။သို့သော် ကလေးတစ်ယောက်သာယူရမည့် ဥပဒေကြောင့် သူတို့ကနောက်တစ်ယောက်မမွေးနိုင်တော့ပေ။တကယ်တမ်းပြောရလျှင် သူ့မိန်းမကနောက်ထပ်ကိုယ်ဝန်လွယ်ထားရမှန်းသိလိုက်ရသောအချိန်တွင် ဖျက်ချချင်ခဲ့၏။သူမက နောက်ထပ်နတ်ဆိုးလေးထွက်လာမှာကို စိုးရိမ်နေခဲ့သည်။မထင်မှတ်ထားစွာဖြင့် သူမကသမီးလေးတစ်ယောက်မွေးခဲ့လေသည်။သူ့အတွက်သားနှင့်ယှဉ်လျှင် သမီးလေးရသည်ကိုပိုပျော်၏။ဒါကပျော်ရွှင်စရာကောင်းပြီး ကံကောင်းတဲ့ကိစ္စပဲမလား။


သူကယွင်ရုန်၏စကားသည် တကယ်ဖြစ်လာလိမ့်မည်ဟုမထင်ထားခဲ့ပေ။


“ကျွန်မဦးလေးကြီးကိုမြင်လိုက်တာနဲ့ ချက်ချင်းသိသွားတာ”


ယွင်ရုန်က အရေးမကြီးသောကိစ္စလိုပြန်ဖြေလိုက်သည်။သူမကကျူးမင်စစ်၏ကံကြမ္မာကိုကြည့်လိုက်သောအခါ သူ့ဆီ၌သားတစ်ယောက်၊သမီးတစ်ယောက်ရှိလာမည်ကို တွေ့ခဲ့၏။သားကမွေးပြီးသွားပြီဖြစ်သည်။မိသားစုထဲတွင်နောက်ထပ်ကလေးတစ်ယောက်တိုးလာခြင်းက ပျော်စရာကိစ္စပဲမလား။


ကျူးမင်စစ်က ထိုစကားကိုကြားသောအခါ ယွင်ရုန်ကသူသမီးတစ်ယောက်လိုချင်နေသည်ကိုတောင် သိနေသဖြင့် သူ့ရင်ထဲတွင်လေးစားမှုများမြင့်တက်လာသည်။သူ့ရှေ့က ဒီမိန်းကလေးက တကယ်တော်တဲ့ရှေ့ဖြစ်ဟောသူများလား။ထိုသို့သောအရာများကိုမယုံသည့် သူ့ရင်ထဲတွင် သံသယကြိုးစတစ်ခုဖြစ်ပေါ်လာသည်။


ကျန်ရှိသောကိစ္စများကို ရဲများကကိုင်တွယ်မှာဖြစ်သဖြင့် ယွင်ရုန်နှင့်လုဟယ်နျန်တို့က ကားထဲဝင်လိုက်ကြသည်။ကျန်းချုံမင်က လက်ဦးမှုယူပြီး ရှေ့ခုံတွင်ဝင်ထိုင်လိုက်ကာ လူနှစ်ယောက်ကို အနောက်ဘက်တွင်ထိုင်ခိုင်းလိုက်၏။သို့သော် သူ့နားရွက်များက အတင်းအဖျင်းတစ်ခုခုလွတ်သွားမှာစိုးရိမ်နေသည့်အတိုင်း တည့်တည့်ထောင်နေလေသည်။


“ခုဏတုန်းက ငါ့နောက်ကဟာကဘာကြီးလဲ”


ကားစထွက်လာပြီးနောက် လုဟယ်နျန်ကမေးလိုက်သည်။ခုနကလမ်းပေါ်တွင်လူအများကြီးရှိနေသဖြင့် သူ့အတွက်မေးလို့အဆင်‌မပြေခဲ့ပေ။သို့သော်မိန်းကလေးပါးစပ်မှရေရွတ်လာသည်များကို ကြားခဲ့သဖြင့်မျက်မှောင်ကြုတ်လိုက်မိသည်။


“ရက်စက်ကြမ်းကြုတ်တဲ့ဝိညာဥ်လား”


ယွင်ရုန်က ကြောင်အစွာစိုက်ကြည့်လိုက်သည်။သူက သူမပြောတာကိုကြားသွားမည်ဟုမထင်ထားခဲ့ပေ။သို့သော်သူမက သူ့ကိုဘာမှမဖုံးကွယ်လိုက်ပေ။သူမကခေါင်းငြိမ့်ပြလိုက်သည်။


“ရက်စက်ကြမ်းကြုတ်တဲ့ဝိညာဉ်လို့တော့ ပြော‌လို့မရသေးဘူး ဒီတိုင်းအစားထိုးရှာနေတဲ့သရဲသာသာပါပဲ သူက အဲ့ဒီလမ်းဆုံမှာ ဆိုးဆိုးရွားရွားသေခဲ့ရတာလေ သူ့နေရာမှာအခြားသူတွေကိုအစားထိုးချင်လို့ စိတ်ညှို့ပြီးလူတွေကိုစိတ်ရှုပ်ထွေးအောင်လုပ်နေတာ သူ့နေရာမှာအစားဝင်မယ့်သူကိုရှာတွေ့သွားမှ ပြန်ဝင်စားလို့ရမှာ”


“ခုဏကအတွက်ကျေးဇူးပါဘဲ”


လုဟယ်နျန်က တည်ငြိမ်စွာပြောလိုက်သည်။သူက မနေ့ညနေတုန်းက ဆရာသခင်ကျန်းပြောခဲ့သည်များကို တွေးမိသွားကာ ဒီမိန်းကလေးတကယ်တော့စွမ်းဆောင်ရည်နည်းနည်းရှိတာဘဲဟု ခံစားမိသွားသည်။


“ရှင်ကကျွန်မအတွက် အလုပ်ရှာပေးမှာလေ သေချာပေါက် ကျွန်မက ကူညီပေးရမှာပေါ့”


ယွင်ရုန်က သိပ်ဂရုမစိုက်ဘဲလက်ရမ်းပြလိုက်သည်။

“တကယ်တော့ ကျွန်မရှင့်ကိုမကယ်ရင်တောင် အဲ့ဒီအစားထိုးသရဲက ရှင့်ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး သူ့ရဲ့နိမိတ်မကောင်းတဲ့စွမ်းအင်က ရှင့်ထက်နိမ့်နေတာ”


“ငါ့ကိုယ်ထဲမှာ နိမိတ်မကောင်းတဲ့စွမ်းအင်ရှိတယ်ဆိုတာကို မင်းဘယ်လိုသိလဲ”

လုဟယ်နျန်က သိပ်မတွေးဘဲ သာမာန်စကားဝိုင်းတစ်ခုလိုမေးလိုက်သည်။


“မင်းကလည်း ရွှမ်းမန်ကသူပဲလား”


လုဟယ်နျန်၏ပထမမေးခွန်းကိုကြားသောအခါ ယွင်ရုန်က ကြောက်လန့်တကြားထခုန်မိမတတ်ဖြစ်သွားသည်။သူမရင်ထဲတွင်တွေးနေမိသည်မှာ သူရှာတွေ့သွားတာတော့မဟုတ်လောက်ပါဘူးနော်။သူ၏နောက်ထပ်မေးခွန်း‌ကိုကြားလိုက်ရမှ သူမကသက်ပြင်းချနိုင်တော့သည်။


“ရွှမ်းမန် ဟုတ်တယ် ကျွန်မက ရွှမ်းမန်ကသူပါ”


သူမကဖြေရင်းဖြင့် ဘေးတွင်ထိုင်နေသောသူကို သတိဖြင့်ကြည့်လိုက်သည်။သူမက အရာအားလုံးထိုးဖောက်မြင်ခံလိုက်ရသလို ခံစားနေရ၏။ဒီဒါရိုက်တာက သူမလူသားမဟုတ်ဘူးဆိုတာကို မသိလောက်ပါဘူးနော်။

သူသိပြီး သူမကိုအလုပ်မပေးတော့ရင် ဘယ်လိုလုပ်မလဲ။


ပြီးတော့ ရွှမ်းမန်ကလူဆိုတာကရော ဘာကြီးလဲ။

ယွင်ရုန်က သူမရင်ထဲတွင်တွေးလိုက်မိသည်။ ပြန်ရောက်တာနဲ့ ကုန်တချင်ကို လူသားလောကထဲဘယ်လိုမြန်မြန်ရောနှောဝင်ရမလဲဆိုတာကို မေးကြည့်ရမယ်။


ယွင်ရုန်၏အတွေးများက နယ်ချဲ့နေချိန်တွင် လုဟယ်နျန်၏ရင်ထဲ၌လည်း အနည်းငယ်အံ့ဩသွားခဲ့သည်။ယွင်ရုန်က တကယ်ပင်ရွှမ်းမန်မှသူဖြစ်နေမည်ဟု သူမထင်ထားခဲ့ပေ။မနေ့ညကကျောက်စိမ်းတုံးနှင့် ဂျင်ဆင်းရိုင်းများကိုသတိရသွားသောအခါ သူက‌ပါးစပ်ဖွင့်ပြီးပြောလိုက်သည်။


“အရင်တစ်ခေါက်က မင်းပိုက်ဆံလိုနေတယ်လို့ပြောခဲ့တယ်မလား၊ နောက်တစ်ခါကျရင် လူတွေကို အစိမ်းရောင်အင်ပါယာနဲ့ဂျင်ဆင်းရိုင်း‌ကို ဂရုမစိုက်ပဲထုတ်မပေးလိုက်နဲ့၊ ငါမင်းကိုပိုက်‌ဆံပေးမယ် ဒီမှာ ဒီကဒ်ထဲမှာ ယွမ်20မီလီယမ်ရှိတယ် အခုတော့ဒါကိုသုံးထားလိုက်”




⛰️