⛰️Chapter 24
အနှောင့်အယှက်ပေးမှု။
“ဘာကြီး”
ယွင်ရုန်က သူမသရုပ်မှန်ပေါ်သွားမည်ကို စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။သို့သော်ရုတ်တရက်ပင် သူမရှေ့၌ ဘလက်ကဒ်တစ်ခုပေါ်လာ၏။သူမကတံတွေးမြိုချကာ မေးလိုက်သည်။
“20မီလီယမ်လား”
လုဟယ်နျန်က ယွင်ရုန်တစ်ယောက်မျက်လုံးပြူးသွားသည်အထိ အံ့ဩသွားသည်ကိုမြင်သောအခါ ခံစားချက်ကောင်းလာသည်။သူ့နှုတ်ခမ်း၌အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ဒူးပေါ်တွင်ပုတ်နေသည့်လက်ချောင်းများက သူမခေါင်းကိုပွတ်လိုက်ချင်လာ၏။
မိန်းမငယ်လေး၏ အံ့ဩနေသောအမူအရာအလယ်တွင် သူကခေါင်းအသာငြိမ့်ပြလိုက်သည်။
ယွင်ရုန်က ဘလက်ကဒ်ကို အလွန်ဂရုတစိုက်ယူလိုက်ကာ လုဟယ်နျန်ကိုရင်ထဲမှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လာ၏။သူမကပြုံးပြကာ ပြောလာသည်။
“ရှင့်ဆီမှာတစ်ခုခုဖြစ်လာခဲ့ရင် ကျွန်မသေချာပေါက်ကူညီမှာပါ”
အဆုံးတွင်လုဟယ်နျန်က ရယ်လိုက်မိလေသည်။သူက သူမ၏ကလေးဆန်မှုကြောင့် ရယ်ချင်သွားသည်။
“ဒါက အစကတည်းကမင်းရသင့်တာပါ”
သူက ဘာမှားတာကိုမှမပြောခဲ့ပေ။
လုဟယ်နျန်က တကယ်ပင်လူကောင်းတစ်ယောက်ဖြစ်၏။ အဲ့ဒီကျောက်တုံးနဲ့မြက်ပင်က ဘယ်လိုများ20မီလီယမ်တန်မှာတဲ့လဲ။သူမဆီမှာအဲ့ဒါမျိုးတွေအများကြီးရှိတယ်။ဒါက မနေ့တုန်းက ကလေးမလေးကုယွမ်ယွမ်ကိုကယ်ခဲ့လို့ကျေးဇူးတင်တာဖြစ်မယ်။
သို့သော်ကျေးဇူးတင်ရန်အတွက် အခြားကိစ္စကိုအကြောင်းပြစရာရှာထားလေသည်။
သူမရင်ထဲတွင် ဘဏ်ကဒ်ကိုလက်ခံလိုက်တာပိုကောင်းမည်ဟုတွေးလိုက်မိသည်။လက်ရှိတွင် သူမကတကယ်ပိုက်ဆံလိုနေ၏။ဒီ20မီလီယမ်နှင့်ဆိုပါက သူမ၏ရည်မှန်းချက်100မီလီယမ်ကိုရောက်ရန် ပိုနီးစပ်လာလိမ့်မည်။သူမက ဒီပိုက်ဆံကိုအလဟဿယူလိုက်မှာမဟုတ်ပေ။ဒါရိုက်တာဆီက အကူအညီတစ်ခုယူတယ်လို့ဘဲသတ်မှတ်ပြီး နောက်ပိုင်းကျရင်သူ့ကိုပိုဂရုစိုက်ပေးလိုက်မယ်။
သူ့ကိုကာကွယ်ပြီး ကောင်းချီးပေးရမည်။ထိုမှသာသူက နှစ်တစ်ရာနေနိုင်ပြီး ဆက်လက်ချမ်းသာကြွယ်ဝသွားလိမ့်မည်။
ယွင်ရုန်ကသူမရင်ထဲတွင် ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် သူမမျက်နှာပေါ်မှအပြုံးကပိုလို့တောင်တောက်ပလာလေသည်။
လုဟယ်နျန်က ဘဏ်ကဒ်ကိုမျက်လုံးတောက်တောက်လေးများဖြင့်ကြည့်နေသည့် သူမ၏ပုံစံကိုမြင်သောအခါ ထင်းရှူးသီးတစ်လုံးခိုးနိုင်သွားသည့် ရှဉ့်လေးနှင့်တူသည်ဟုခံစားလိုက်ရသည်။သူကအလိုလိုပြုံးမိသွားကာ ပြောလိုက်သည်။
“အဲ့ဒီကျောက်တုံးတွေနဲ့ ဂျင်ဆင်းရိုင်းတွေကို အလွယ်တကူအပြင်ထုတ်ပြီးမရောင်းနဲ့နော်”
ဒီလိုပစ္စည်းကောင်းများကို သိသောသူမနည်းလောက်ပေ။ထိုအရာများကို မျက်စိကျသည့်သူများရှိလာပါက ယွင်ရုန်တစ်ယောက် အန္တရာယ်ရှိလာမည်ကို စိုးရိမ်မိ၏။
ယွင်ရုန်က နားလည်ကြောင်းခေါင်းငြိမ့်ပြလိုက်သည်။သူမလုံးဝထုတ်ရောင်းမှာမဟုတ်ပေ။သူမသာ ထုတ်ရောင်းလိုက်လို့ လူတွေမြင်သွားပါက ထိုအရာများမှာ အသုံးမဝင်သည့် ကျောက်တုံးနှင့်မြက်ဆိုသည်ကို သိသွားကြလိမ့်မည်။
သူမကို လူလိမ်လို့ထင်သွားရင် ဘယ်လိုလုပ်မလဲ။
လူနှစ်ယောက်၏အတွေးများက အသိအသာပင်မတူညီသော်လည်း ထူးခြားဆန်းကြယ်စွာပင် သဘောတူညီမှုရသွားလေသည်။
ရှေ့ထိုင်ခုံတွင်ထိုင်ကာ နောက်မှစကားဝိုင်းကိုနားစွင့်နေသည့်ကျန်းချုံမင်က အံ့အားတကြီးပင့်သက်ရှိုက်လိုက်မိသည်။ဘယ်လိုအဖိုးတန်ကျောက်တုံးနဲ့ ဂျင်ဆင်းကများ 20မီလီယမ်တန်တာလဲ။
ဒါကသေချာပေါက်ကို ဒါရိုက်တာတစ်ယောက် ပထမဆုံးအကြိမ် မိန်းကလေးနောက်လိုက်ဖူးတာဖြစ်မယ်။သူက အတွေ့အကြုံနည်းနည်းလေးတောင်မရှိပေ။ ဒီလိုဆင်ခြေမျိုးသုံးလာရာ သူတောင်မှမယုံမိပေ။
ကျန်းချုံမင်က အတွေးလွင့်နေသည့်အချိန်တွင် သူ့ဖုန်းမြည်လာ၏။သူကဖုန်းခေါ်သူကိုကြည့်လိုက်သောအခါ သူ့ရည်းစား လော့ရှောင်ယာဖြစ်နေသည်။သူကဖုန်းကိုင်လိုက်ကာ အသံတိုးပြီးပြောလိုက်သည်။
“ရှောင်ယာ မင်းရောက်နေပြီလား”
မနေ့က ခေါင်းဆောင်လုသည် လော့ရှောင်ယာအား ယွင်ရုန်ကိုအဖော်ပြုကာ အဝတ်အစားများဝယ်ပေးရန် ညွှန်ကြားခဲ့၏။
ဖုန်းတစ်ဖက်မှ လော့ရှောင်ယာ၏အသံက အနည်းငယ်အလောတကြီးဖြစ်နေလေသည်။
“ချုံမင် ကျွန်မဒီနေ့မလာနိုင်လောက်ဘူး ရှောင်ဖုန်းပျောက်နေတယ်。。。。”
ကျန်းချုံမင်က အံ့ဩသွားကာမေးလိုက်သည်။
“သူကဘယ်လိုပျောက်သွားတာလဲ သူငယ်ချင်းအိမ်များရောက်နေတာလား ရဲစခန်းရောတိုင်ပြီးပြီလား”
“သူ့သူငယ်ချင်းအားလုံးရဲ့မိသားစုတွေကို မေးပြီးသွားပြီ ဘယ်သူ့အိမ်မှာမှမရှိဘူးတဲ့ ရဲကိုတော့တိုင်ထားပြီးပြီ အခုရဲစခန်းမှာ သူတို့နဲ့အတူလုံခြုံရေးကင်မရာတွေကိုကြည့်ဖို့လုပ်နေတာ”
လော့ရှောင်ယာက ကြာကြာစကားမပြောနိုင်ဘဲ လျင်မြန်စွာဖုန်းချသွားသည်။
ကျန်းချုံမင်က ဖုန်းကျသွားသည်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။သူ့ကောင်မလေး၏ မောင်လော့ရှောင်ဖုန်းက ဒီနှစ်တွင်အသက်14နှစ်ဖြစ်သည်။သူက ကောင်လေးဖြစ်နေပြီဟုဆိုနိုင်၏။ပုံမှန်အားဖြင့် သူအပြင်သွားပါက အဖော်လိုက်ပေးရန်အုပ်ထိန်းသူမလိုဘဲ သူ့ဘာသာအဆင်ပြေလေသည်။
ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးပျောက်သွားတာလဲ။
“ဒါရိုက်တာ အခုလေးတင်ရှောင်ယာဖုန်းဆက်လာတယ် သူကအိမ်မှာကိစ္စလေးရှိလို့ ဒီနေ့မလာနိုင်တော့ဘူးတဲ့ မစ်ယွင်ကိုအဖော်ပြုပေးဖို့ အခြားမိန်းကလေးဝန်ထမ်းတစ်ယောက်ကိုမေးလိုက်ရင်ရော ဘယ်လိုလဲ”
သူက နောက်လှည့်ကာ လုဟယ်နျန်ကိုသတိထားပြီး မေးလာသည်။
“ကျွန်မကိုအဖော်လုပ်ပေးဖို့လား ကျွန်မကဘယ်သူမှအဖော်လုပ်ပေးစရာမလိုပါဘူး”
လုဟယ်နျန်ပြန်မဖြေရသေးခင်မှာဘဲ ယွင်ရုန်ကလက်ခါပြလာလေသည်။
လုဟယ်နျန်က တစ်စက္ကန့်လောက်ကြောင်အစွာစိုက်ကြည့်လိုက်ပြီးမှ ရှောင်ယာဆိုသည်မှာ ကျန်းချုံမင်၏ကောင်မလေးဖြစ်ကြောင်း သတိရသွားသည်။
သူကလက်မှာနာရီကိုတစ်ချက်ကြည့်လိုက်ရာ ကိုးနာရီကျော်နေပြီဖြစ်သည်။ထို့နောက်သူကယွင်ရုန်ဘက်လှည့်ကာမေးလိုက်သည်။
“မနက်စာစားပြီးပြီလား”
“မစားရသေးဘူး”
ယွင်ရုန်က အလိုလိုပြန်ဖြေလိုက်သည်။တကယ်တော့ သူမက အစာစားစရာမလိုပေ။
“လုံဝေ လက်ဖက်ရည်စံအိမ်ကို သွားမယ်”
လုဟယ်နျန်က သူမအဖြေကိုကြားသောအခါ ဒရိုင်ဘာကိုလှမ်းပြောလိုက်သည်။ထို့နောက်သူက ကျန်းချုံမင်ကိုပြောလာ၏။
“ဒီနေ့မနက်အစည်းအဝေးကို နေ့လယ်ရွှေ့လိုက်ပါ”
ကျန်းချုံမင်က ဒါရိုက်တာကို အံ့ဩတကြီးကြည့်လိုက်မိသည်။သူက ဒါရိုက်တာဘေးတွင် အတွင်းရေးမှူးလုပ်ခဲ့သည်မှာ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်သဖြင့် ဒါရိုက်တာကိုနားအလည်ဆုံးဖြစ်သည်။သူက သတ်မှတ်ပြီးသောကိစ္စများအတိုင်းလုပ်ဆောင်လေ့ရှိကာ ဘယ်တော့မှပြောင်းလဲလေ့မရှိပေ။သို့သော်အခုတွင်မူ မစ်ယွင်အတွက် အစည်းအဝေးကိုနောက်ဆုတ်လိုက်လေသည်။
ကျန်းချုံမင်က ယွင်ရုန်ကို ခနလောက်လေးစားစွာကြည့်လိုက်မိသည်။ဒါရိုက်တာကို ခြွင်းချက်ထားအောင်လုပ်နိုင်တဲ့မိန်းကလေးသည် မဒမ်ကျန်း၊သခင်မလေးနှင့် သခင်မငယ်လေးတို့ကလွဲလျှင် လေးယောက်မြောက်သူမရှိခဲ့ပေ။အခုတွင် ယွင်ရုန်ပါထပ်ပေါင်းသွားလေပြီ။
ယွင်ရုန်က ကျန်းချုံမင်၏အကြည့်များက အလွန်ထူးဆန်းနေသလိုခံစားမိသွားသည်။သို့သော် သူမက သူ့ရင်ထဲမှ ပြင်းထန်သန်မာသည့်အတင်းအဖျင်းသိလိုစိတ်ကို ဘယ်တော့မှနားလည်နိုင်မည်မဟုတ်ပေ။လုဟယ်နျန်က လက်ဖက်ရည်စံအိမ်ဟုပြောသည်ကိုကြားသောအခါ သူတို့ကလက်ဖက်ရည်သွားသောက်ကြမှာဟုထင်သွား၏။သူမကလွှတ်ခနဲပြောလိုက်သည်။
“ကျွန်မ လက်ဖက်ရည်သွားမသောက်ချင်ဘူး”
“ငါတို့မနက်စာသွားစားမှာပါ”
လုဟယ်နျန်က ကျန်းချုံမင်၏အမူအရာကိုမြင်သွားပေသည်။သူ့ရင်ထဲတွင်ပွက်ပွက်ဆူသွားကာ ဘာလို့ရုတ်တရက်ကြီးအစည်းအဝေးရွှေ့လိုက်မိသည်ကို မသိတော့ပေ။သူက ဒီမိန်းကလေးကို ကိုယ်တိုင်ကိုယ်ကျအဖော်ပြုပေးချင်၏။၎င်းက သူ့အစ်မတစ်ယောက် သူယွင်ရုန်ကိုရှာတွေ့ပါက သူ့အနေဖြင့်နည်းနည်းပိုနူးညံ့ပေးပြီး သူမကိုမခြောက်မိသွားစေဖို့ ထပ်ခါတလဲလဲတိုက်တွန်းထားလို့များလားမသိပေ။သူ သူမကိုဂရုစိုက်ပေးနိုင်ပါက ဂရုစိုက်ပေးလိုက်သင့်သည်။
ထိုသို့တွေးလိုက်မှ လုဟယ်နျန်က သူ့လုပ်ရပ်အတွက် အကျိုးအကြောင်းခိုင်လုံသဖြင့် စိတ်သက်သာသွားကာ သက်ပြင်းချလိုက်သည်။သူ့အသံကလည်း ပိုနူးညံ့သွားသည်။
ယွင်ရုန်က ပါးစပ်ပိတ်လိုက်သည်။ဘော့စ်ကဒီလောက်ပြောနေမှတော့ သူမဆက်မငြင်းတာအကောင်းဆုံးဘဲ။ပြီးတော့ အခုလေးတင်20မီလီယမ်ကိုယူထားတာလေ၊ ဒီအတိုင်းသူစားတာကိုအဖော်ပြုပေးလိုက်ရုံဘဲ အိုကေတယ်။
သူတို့က လုံဝေလက်ဖက်ရည်စံအိမ်သို့ လျင်မြန်စွာရောက်ရှိလာကြသည်။မနက်ကိုးနာရီအချိန်က လက်ဖက်ရည်စံအိမ်အတွက် အလုပ်အများဆုံးအချိန်ဖြစ်သည်။စားပွဲတိုင်းက စားသုံးသူများပြည့်နေ၏။လုံဝေလက်ဖက်ရည်စံအိမ်သည် ဟိုင်ရှီးမြို့၌ သမိုင်းရှည်ကြီးရှိသည်။စဖွင့်သောအချိန်မှ ယခုအထိ သူတို့က မူပိုင်ထူးခြားချက်အဖြစ် ကျယ်ဝန်းသည့်နေရာလပ်တစ်ခုကို ရိုးရာစတိုင်အတိုင်းပြင်ဆင်ထားလေသည်။ထို့ကြောင့်စံအိမ်ထဲ၌ သီးသန့်ခန်းမရှိဘဲ စားသောက်ရန်ဟောခန်းမကြီးသာရှိသည်။
လူသုံးယောက်က ပြတင်းပေါက်နားတွင်ထိုင်ရန် နေရာရှာလိုက်သည်။လုဟယ်နျန်က ဒီလိုဆူညံသောပတ်ဝန်းကျင်ကိုမကြိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ပုံမှန်အားဖြင့် သူကပါဆယ်ဝယ်သွားကာ အထဲတွင်ထိုင်စားလေ့မရှိပေ။သို့သော်ဒီနေရာကို သူကိုယ်တိုင်ရွေးခဲ့သဖြင့် ဒီမှာသာစားရလိမ့်မည်။သူက တည်ငြိမ်အေးစက်သောပုံစံမပျက်စေဘဲ ယွင်ရုန်ကိုမီနူးကမ်းပေးလိုက်သည်။
“ဘာစားချင်လဲ”
လက်ဖက်ရည်စံအိမ်ထဲဝင်လာကတည်းက ယွင်ရုန်ကလေထဲမှစားစရာရနံ့များကြောင့် ဆွဲဆောင်ခံလိုက်ရပြီဖြစ်သည်။
မွှေးတယ် အရမ်းမွှေးတာဘဲ။လူသားတွေရဲ့ စားစရာက ဘယ်အချိန်ကစပြီး ဒီလောက်တောင်မွှေးကြိုင်သွားတာလဲ။
သူတို့မှာဒီလိုမွှေးကြိုင်တာတွေရှိရင် ဘာလို့သူမကိုကျ လတ်လတ်ဆတ်ဆတ်သတ်ထားတဲ့ ဝက်တွေ၊နွားနဲ့သိုးတွေပဲ ဆက်သကြတာလဲ။
သူမကတွေးရင်းဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။ထို့နောက် လုဟယ်နျန်ကမီနူးကမ်းပေးလာသောအခါ သူမမျက်လုံးများကတလက်လက်တောက်လာလေသည်။မီနူးတွင်ပုံများပါသော်လည်း သူမကဘယ်တစ်ခုကိုစားရမလဲမသိပေ။ထို့ကြောင့် သူမကကြည့်ကောင်းသောအရာတစ်ချို့ကိုသာ ညွှန်ပြလိုက်တော့သည်။ဘေးတွင်ထိုင်နေသည့် ကျန်းချုံမင်က ယွင်ရုန်၏အမှာစာရင်းကို အမှန်ခြစ်လိုက်သည်။
ဒင်ဆမ်းများက လျင်မြန်စွာရောက်လာကာ စားပွဲတစ်ခုလုံးပြည့်သွားသည်။အပူငွေ့များက အနံ့ကိုပိုပြီးမွှေးလာစေကာ တစ်ချက်ရှူမိလိုက်ရုံဖြင့်တင် သွားရည်ယိုလာစေ၏။ယွင်ရုန်က စားပွဲပေါ်မှစားစရာမျိုးစုံကိုမြင်သောအခါ ဘာကိုအရင်စစားရမလဲမသိတော့ပေ။
လုဟယ်နျန်က တူကိုကောက်ကိုင်ပြီးနောက် ပုစွန်ဖက်ထုပ်တစ်ခုကိုယူကာ ယွင်ရုန်၏ပန်းကန်ထဲထည့်ပေးလိုက်သည်။သူကပြုံးကာပြောလာ၏။
“စားလေ”
“ကျေးဇူးပါ ဒါရိုက်တာ”
ယွင်ရုန်က သူမပန်းကန်ထဲမှ ထွင်းဖောက်မြင်နေရသည့် ဖက်ထုပ်လေးကိုကြည့်လိုက်သည်။သူမက ခေါင်းမော့ကာ လုဟယ်နျန်ကို အပြစ်ကင်းစင်စွာပြုံးပြလိုက်ပြီးနောက် သူမ တူကိုကောက်ကိုင်ကာ စတင်စားသုံးလေသည်။
လုဟယ်နျန်က အံ့ဩသွားကာ ထိုအပြုံးကိုအလွန်ရင်းနှီးသည်ဟုခံစားလိုက်မိသည်။သူ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ပင်။
သို့သော်သူကထိုကိစ္စကိုဆက်မတွေးနိုင်တော့ပေ။သူခေါင်းငုံ့ကာ ပုစွန်ဖက်ထုပ်တစ်ခုစားပြီးသည့်နောက်၌ သူ့ရှေ့မှဝါးခြင်းငါးခုခြောက်ခုလောက်က ပြောင်သွားပြီဖြစ်သည်။ထိုအချိန်တွင် ယွင်ရုန်က နောက်ဆုံးသော ရှုမိုင်ကို သူမပါးစပ်ရှေ့၌ကိုင်ထားလေသည်။
ယွင်ရုန်က လူသားများ၏စားစရာသည်အလွန်အရသာရှိကြောင်း မသိခဲ့ပေ။ကြည့်လို့ကောင်းသလို အရသာလည်းရှိ၏။သူမကို ဆက်သခဲ့သည့်အရာများက ယှဉ်ကြည့်လျှင်ရွှံ့သာသာလောက်သာရှိပေသည်။အရင်တုန်းက သူမသည် ဆက်သလာသည်များကိုလက်မခံခဲ့ပေ။ဒီလိုအရသာရှိတာတွေကိုပါ ဆက်သလိုက်ပါလား သူမကမစားဘဲဘယ်လိုနေနိုင်မှာလဲ။သေချာပေါက်အကုန်စားပစ်မှာ။
ယွင်ရုန်က ပျော်ရွှင်စွာစားနေပြီး ခေါင်းမော့လိုက်သောအခါ လုဟယ်နျန်ကသူမကိုကြည့်နေသည်ကိုမြင်သွားသည်။သူမက နောက်ဆုံးကျန်သည့်ကြက်ဥနို့ပေါင်းကိုယူပြီး သူ့ပန်းကန်ထဲသို့ အလိုလိုထည့်ပေးလိုက်မိသည်။ထို့နောက် သူမ ပြုံးကာပြောလိုက်၏။
“ဒါက အရမ်းအရသာရှိတယ် စားကြည့်လိုက်”
“ဒါရိုက်တာ。。。。”
ကျန်းချုံမင်က အသံတိုးတိုးဖြင့်လှမ်းခေါ်လိုက်သည်။ဒါရိုက်တာက အခြားသူများသုံးသည့်တူဖြင့် ထိထားသည့် ဘယ်အရာကိုမဆိုလုံးဝမစားကြောင်း သိထားပေသည်။
သို့သော်တစ်စက္ကန့်အတွင်းမှာဘဲ သူ့မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသည်။
လုဟယ်နျန်က ယွင်ရုန်၏တလက်လက်တောက်နေသောမျက်လုံးများကို နှစ်စက္ကန့်လောက်ကြည့်နေပြီးနောက် သူ၏တူဖြင့် ကြက်ဥနို့ပေါင်းကိုဖြေးဖြေးချင်းယူလိုက်သည်။တစ်ကိုက်ကိုက်လိုက်ပြီးနောက် သူကခေါင်းငြိမ့်ပြလာ၏။
“အရမ်းအရသာရှိတယ်”
“ကျွန်မကတော့ အကုန်လုံးကအရသာရှိတယ်လို့ခံစားနေရတယ်”
ယွင်ရုန်က သူစားသည်ကိုမြင်သောအခါ ဘာမှမှားနေသလိုမခံစားမိပေ။သူမကအပြုံးအပြည့်ဖြင့်သူ့ကို ပြန်ဖြေလိုက်သည်။
ဒီတိုင်းအရမ်းနည်းနေရုံဘဲ နည်းနည်းဘဲစားရသေးတယ် ဝါးပေါင်းခြင်းထဲမှအရာအားလုံးကုန်သွားလေသည်။
ကျန်းချုံမင်က မျက်လုံးကျွတ်ကျလုမတတ်ဖြစ်သွားသည်။သူ့ရင်ထဲတွင် ယွင်ရုန်၏နာမည်ဖြင့်စာအုပ်လေးတစ်ခုထုတ်ကာ ဘေးတွင်ခရေပွင့်ကြီးတစ်ခု(*)ပြထားလိုက်သည်။
လုဟယ်နျန်က မနက်စာစားပြီးပြီဖြစ်သဖြင့် နည်းနည်းသာစားလိုက်သည်။သူကစားပွဲပေါ်တွင် ဒင်ဆမ်းဆယ်မျိုးလောက်ကျန်နေသေးသည်ကိုမြင်သွား၏။သူမက အရသာလေးသောဒင်ဆမ်းများကိုသာကြိုက်ပြီး ချိုသည့်ရိုးရာမုန့်များကိုမကြိုက်ပေ။
ခဏကြာပြီး ဒင်ဆမ်းနောက်တစ်ပေါင်းရောက်လာ၏။ယွင်ရုန်က ထပ်ရောက်လာသောအရာများသည် သူမစားလိုက်ပြီးနောက် ထပ်စားချင်နေသောအရာများဖြစ်သည်ကို မြင်လိုက်ရလေသည်။သူမကချက်ချင်းပင်ပျော်သွားပြီး တူများကိုစားစရာပေါ်သို့ လျင်မြန်စွာညှပ်ယူလိုက်သည်။
သူမရှေ့တွင်ထိုင်နေသည့်လုဟယ်နျန်က ယွင်ရုန်စားနေရင်းဖြင့် သူမပါးများဖောင်းလာသည်ကိုမြင်နေရကာ သူမနှုတ်ခမ်းထောင့်တွင်လည်း အနီရောင်ဆော့စ်ပေနေသည်ကိုမြင်၏။ရွံရှာမိသည့်ခံစားချက်အစား သူမက ချစ်စရာကောင်းကာ ရယ်ချင်စဖွယ်ဟုတွေးလိုက်မိသည်။
သူက ဖူအာလက်ဖက်ရည်တစ်ခွက်ငှဲ့ကာ သူမလက်ထဲထည့်ပေးလိုက်သည်။
“ဖြေးဖြေးစားလေ”
ယွင်ရုန်က လက်ဖက်ရည်ကိုတစ်ငုံသောက်လိုက်ပြီးနောက် ခါးပြီးသောက်လို့မကောင်းဟုတွေးလိုက်မိသည်။သို့သော် သူမအတွက်ငှဲ့ပေးသည့် လုဟယ်နျန်၏မျက်နှာကိုထောက်ကာ မြိုချလိုက်လေသည်။တစ်ငုံသောက်ပြီးနောက် သူမကချက်ချင်းပင်ခွက်ကို အဝေးသို့ချထားလိုက်သည်။
လုဟယ်နျန်က သူမလုပ်နေသည်များကိုမြင်သောအခါ အလိုလိုက်လိုမှုများပြည့်နေသောအပြုံးဖြင့်ပြုံးလိုက်မိသည်။သူ့ရှေ့မှမိန်းကလေးသည် ယွမ်ယွမ်နှင့်တူသည်ဟုခံစားမိသွားသည်။နှစ်ယောက်လုံးက ကလေးဆန်ကြ၏။
ကျန်းချုံမင်က သူ့ဒါရိုက်တာ၏အမူအရာကို ကောင်းကောင်းနားလည်လေသည်။ဒီနေ့တွင် သူရှော့ရစရာအချက်အလက်များစွာကိုလက်ခံခဲ့ရသဖြင့် ထုံတောင်ထုံနေပြီဖြစ်သည်။သူက တိတ်တဆိတ်ဖြင့်ထောင့်တစ်နေရာသို့ကပ်သွားကာ ဒါရိုက်တာဖလစ်နေသည်ကိုမနှောင့်ယှက်မိစေရန်အတွက် စားပွဲမှအလှဆင်ပစ္စည်းလေးတစ်ခုဖြစ်သွားဖို့သာ ဆုတောင်းလိုက်မိသည်။
ယွင်ရုန်က အားရပါးရစားနေသည့်အချိန်တွင် အံ့ဩသွားသည့် အသံတစ်ခုကိုကြားလိုက်ရသည်။
“ယွင်ရုန်!”
လုဟွားနျန်က ဒီနေ့အပြင်ထွက်လာကာ သူမကိစ္စများကိုလုပ်ပြီးနောက် လမ်းသင့်သဖြင့်လက်ဖက်ရည်စံအိမ်၌ရပ်လိုက်သည်။မနေ့က ယွမ်ယွမ်တစ်ယောက်ကြောက်လန့်သွားရကာ ဘာမှမဖြစ်သွားသော်လည်း မူကြိုသွားတက်ခိုင်းမည့်အစား အိမ်မှာသာနားနေခိုင်းလိုက်သည်။အမှန်တွင် လုဟွားနျန်က အလုပ်ကိစ္စတစ်ချို့ဖြေရှင်းရန်အတွက် မနက်စောစောထလာခဲ့ခြင်းဖြစ်သည်။သို့သော်ယွမ်ယွမ်ကဖုန်းဆက်ပြီး လုံဝေလက်ဖက်ရည်စံအိမ်မှ ဒင်ဆမ်းစားချင်သည်ဟုပြောလာသဖြင့် နည်းနည်းဝင်ဝယ်ခြင်းဖြစ်သည်။
လုဟွားနျန်က အထဲဝင်လာလာချင်းပင် ပြတင်းပေါက်နား၌ထိုင်နေသော ယွင်ရုန်ကိုတန်းမြင်သွားသည်။သူမဘေးတွင်ယောက်ျားနှစ်ယောက်လည်းထိုင်နေ၏။သို့သော်ထိုလူနှစ်ယောက်မှာ သူမအမြင်ကွယ်ရာတွင်ရှိနေပေသည်။သူမကအနားရောက်လာမှ သူတို့ကိုမြင်သွားကာ အံ့ဩတကြီးမေးလိုက်မိသည်။
“ဟယ်နျန် နင်ကဒီကိုဘယ်လိုဖြစ်ပြီးရောက်နေတာလဲ”
လုဟယ်နျန်၏မျက်နှာကတောင့်တင်းသွားကာ သူ့ရင်ထဲတွင် လူမိသွားသည့်ခံစားချက်ကြောင့် ရှက်ရွံ့သွားလေသည်။
⛰️