part-14
ယွမ်ရှ လက်ထောက်ချန်းဆီမှ သူမ၏ခရီးဆောင်အိတ်ကို ယူပြီးနောက် သူမအတွက်အခန်းကိုအလျင်မြန်စွာပင်ရှာတွေ့သွားလေသည်။သူမအခန်းကဒ်ဖြင့်တံခါးကိုဖွင့်လိုက်၍အထဲကိုဝင်လိုက်သည်။သူတို့ လွန်ခဲ့သည့်နှစ်နှစ်ကမှ ပြန်လည်ပြင်ဆင်ထားသည့်ကြယ်ငါးပွင့်ဟိုတယ်တွင်နေနေကြခြင်းဖြစ်သည်။ထို့ကြောင့်ပရိဘောဂအသုံးဆောင်များအားလုံးကအသစ်တိုင်းဖြစ်နေသည်။
သူမ၏အခန်းကသုံးရာလေးရာစတုရန်းမီတာကြားကျယ်ဝန်းပြီး လိုအပ်နိုင်သမျှအရာအားလုံးရှိနေပေသည်။သူမ အဖေနှင့်သားအတွဲဆီသို့သွားမတွေ့တော့ပဲ ခရီးဆောင်အိတ်ကိုဘေးတွင်ထားလိုက်ပြီးအိပ်ယာပေါ်သို့ပစ်လှဲလိုက်သည်။ သူမခေါင်းလှည့်လိုက်သည်နှင့်မျက်နှာကျက်မှနေပြီးကြမ်းပြင်ထိတိုင်အောင်တပ်ဆင်ထားသည့်ပြတင်းတံခါးကိုတွေ့လိုက်ရသည်။
မြင်ကွင်းကအလွန်ပင်ကောင်းမွန်လှပြီးညဘက်ကြည့်လျှင်ပို၍ကောင်းမွန်ပေလိမ့်မည်။အရင်ကလဲ သူမမြို့တော် A ဆီသို့အလည်ပတ်လာခဲ့ဖူးသည်။သို့သော်လဲယခုအခါ၌အအပျော်အပါးထွက်လာခြင်းမဟုတ်ပဲအသက်တချောင်းကိုကယ်တင်မည့်ကုသိုလ်ကောင်းမှုလုပ်ရန်ဖြစ်သည်။သူမမြို့တော်A ဆီသို့အလျင်စလိုလာခဲ့ရခြင်းက ဝတ္ထုထဲမှအချိန်အရ မစ္စတာစုန့်သည် နောက်ထပ်နှစ်ရက်အကြာတွင်သေဆုံးတော့မည်ဖြစ်သည်။
ဝတ္ထုဇာတ်လမ်းထဲတွင်ကလေးလေးစုန့်သည် အလွန်အဖျားကြီးခဲ့သည်။ထို့ကြောင့်ကလေးထိန်းက မူလယွမ်ရှကိုလဲဆက်သွယ်၍မရလေရာမစ္စတာစုန့်ဆီသို့ဖုန်းခေါ်ဆိုခဲ့သည်။မူလအစီအစဉ်အရမစ္စတာစုန့်သည်နောက်တနေ့မနက်လေယာဉ်နှင့်မှပြန်လာဖို့စီစဉ်ထားခဲ့သော်လဲ သူကချက်ချင်းပင်ညဉ့်နက်လေယာဉ်ချိန်ကိုပြောင်းလဲခဲ့လိုက်သည်။နွေအလယ်ရာသီပင်ဖြစ်သော်လဲကြိုတင်မခန့်မှန်းနိုင်သောအခြေအနေအရ ထိုည၌မိုးသည်းထန်စွာရွာသွန်းခဲ့လေသည်။
လေဆိပ်သို့သွားရာလမ်းတွင် သူတို့၏ကားကကုန်ကားတစီးနှင့်တိုက်မိခဲ့သည်။ မစ္စတာစုန့်နှင့်သူ့၏လက်ထောက်တို့က ကားထဲမှာပင်ပွဲကျင်းပြီးသေဆုံးခဲ့လေသည်။တကယ်တမ်းပြောရမည်ဆိုလျှင်ထိုဇာတ်လမ်းဇာတ်ကွက်အရမစ္စတာစုန့်သာ ညဘက်အလျင်စလိုပြန်သွားခြင်းမရှိပါက သူသေဆုံးမည်မဟုတ်ပေ။
ထိုကဲ့သို့သာဖြစ်ပါက ယွမ်ရှသည်လဲမြို့တော်ဆီသို့လာစရာမလိုပေ။သို့သော်လဲယွမ်ရှဝတ္ထုဖတ်သည့်အချိန်၌ မစ္စတာစုန့်သေဆုံးရသည့်ကိစ္စရပ်တွင် သံသယဖြစ်စရာကိစ္စရပ်များရှိနေသည်ဟု ခံစားခဲ့မိသည်။
မစ္စတာစုန့်သေဆုံးသွားပြီးသည့်အချိန်၌ စာရေးသူကထူးခြားမှုတချို့ကိုအရိပ်အယောင်ပြခဲ့သည်ဟု သူမထင်မြင်ယူဆခဲ့သည်။သို့သော်လဲဇာတ်လမ်းပြီးဆုံးသွားသည့်အချိန်၌မူ စာရေးသူကပျင်းရိသွားပုံပေါ်ပြီး ထိုအကြောင်းအရာကိုလုံးဝရှင်းလင်းမသွားခဲ့ပေ။
အမျိုးသမီးများ၏အန္တရာယ်ကို ခံစားနိုင်မှုများကအလွန်ပင်တိကျသည်။
မစ္စတာစုန့်သေဆုံးသွားပြီးတဲ့နောက်မှာသူ့ရဲ့ကုမ္ပဏီကတနှစ်ခွဲအတွင်းကိုဘာလို့ပြိုလဲသွားရတာလဲ...
သားအမိနှစ်ယောက်မှာအိမ်တလုံးနဲ့ကားတစီးပဲကျန်တဲ့အခြေအနေထိဘာကြောင့်ဆိုးရွားသွားရတာလဲ...
ထိုကဲ့သို့မယုံကြည်နိုင်ဖွယ်ရာ အကြောင်းအရာများကိုမည်သူမှ မစူးစမ်းမရှာတွေ့ခဲ့ပေ။၎င်းကအခြေခံနိယာမများနှင့် လုံးလုံးဆန့်ကျင်နေပေသည်။ဗြောင်းပြန်ပြောင်းလဲရမည်ထက် ထိုကဲ့သို့အံ့အားသင့်စရာများဖြစ်လာမည်ဟုယုံကြည်လိုက်ခြင်းကသာပိုကောင်းမည်ဟု သူမသဘောထားလိုက်သည်။
သို့သော်လဲသူမစိတ်၌ အတွေးအသစ်တခုရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။
မစ္စတာစုန့်ကိုဒုက္ခရောက်စေမဲ့ထောင်ချောက်တခုကေ စာင့်မျှော်နေခဲ့တယ်ဆိုရင် သူမအခုကလေးလေးကိုခေါ်လာလိုက်တဲ့လုပ်ရပ်ကလိပ်ပြာတောင်ပံသက်ရောက်မှုတွေများဖြစ်ပွားသွားစေမလား...
ဒီလိုဆိုရင်သူမကကလေးလေးစုန့်နှင့်သူမကိုယ်သူမ သေမင်းတခါးဝဆီပို့ဆောင်ခဲ့မိတာလား...
ထိုအချက်ကိုတွေးလိုက်မိသည်နှင့်ယွမ်ရှ၏နှလုံးသားထဲတွင် ဆိုးရွားသောခံစားချက်များပြည့်နှက်သွားလေသည်။
သူမနဲ့ဘေးချင်းကပ်အခန်းထဲတွင် ...
ငယ်စဉ်ကထဲကပင် ကလေးကိုပြုစုစောင့်ရှောက်ခဲ့သောဖခင်တယောက်အနေဖြင့် စုန့်ထင်ရှန်းသည် ကျွမ်းကျင်ပြည့်ဝသောစွမ်းဆောင်ရည်များကိုပြသလျှက်ရှိလေသည်။
သူက ကလေး၏လက်ဖောင်းဖောင်းတုတ်တုတ်လေးများကို ဆးကြောပေးလိုက်ပြီးနောက် မျက်နှာကိုလဲသေချာစွာသန့်စင်ပေးလိုက်သည်။ သို့သော်လဲပေါက်စီလုံးလေးစိတ်ခံစားချက်များကမူ သူ့ဆီ၌မရှိပဲသူ့မာမားဆီသို့သာရောက်နေလေသည်။
"ပါပါး မာမားကဘယ်မှာလဲ..."
စုန့်ထင်ရှန်းခဏမျှရပ်တန့်သွားပြီးနောက်ပြန်ဖြေလိုက်သည်။
"သူကဘေးအခန်းမှာလေ..."
"အိုး...ပါပါး...ပေါင်ပေါင်မနေ့ကတုန်းကမာမားနဲ့အိပ်တယ်..."
ပေါက်စီလုံးလေး၏မျက်နှာတွင်အနဲငယ်တွန့်ဆုတ်မှုလေးပေါ်လာပြီးနောက်ထပ်ပြောလိုက်သည်။
"အဲ့ဒာ ဒီနေ့လဲမာမားနဲ့ထပ်အိပ်ချင်လို့သားကိုပြောပေးလို့ရမလား..."
စုန့်ထင်ရှန်းကလေးကိုတချက်ကြည့်ပြီးနောက်ကောက်ချီ၍အိပ်ယာပေါ်တင်လိုက်သည်။
"သား မနေ့ကတုန်းကဘိုးဘိုးဘွားဘွားတို့ဆီမှာမဟုတ်ဘူးလား...ပြီးတော့မှသားမာမားကအဲ့ဒီ့ကနေသားကိုလာခေါ်ခဲ့တာဟုတ်တယ်မလား..."
ပေါက်စီလုံးလေးက ခေါင်းကိုဆတ်ခနဲငြိမ့်ပြပြီးပြောလိုက်သည်။
"ဟုတ်တယ်...မာမားကသားကိုလာကြိုခဲ့တာ..."
"ဒါဆိုရင် မနေ့က မတိုင်ခင်တရက်က သားကဘိုးဘိုးဘွားဘွားတို့အိမ်မှာရှိနေခဲ့တာဟုတ်တယ်မလား...အဲ့ဒာဆိုရင်အဲ့ဒီနေ့ကရောဘယ်လိုလဲသားမာမားကသားကိုလာတွေ့ခဲ့လား..."
ကလေးငယ်လေးများ၏ မှတ်နိုင်စွမ်းကအကန့်အသတ်နှင့်ရှိပေသည်။ထိုမျှအကြောင်းအရာများစွာကို သူဘမည်ကဲ့သို့မှတ်မိနိုင်ပါမည်နည်း။ထို့ကြောင့်ခေါင်းအသာခါယမ်းပြရင်းပြောလိုက်သည်။
"သားမမှတ်မိဘူး..."