အပိုင်း ၃၅
Viewers 26k

Part 35


‘’ ဝမ်ရိရန်… နင်တော်တော် စိတ်ရှုပ်ဖို့ကောင်းတာပဲ… ဝမ်စီစီက အဖျားကြီးနေတယ်… လူတစ်ယောက်အနေနဲ့ နင် နားမလည်နိုင်ဘူးလား… ဒီဟာက နင့်ညီမနော်… လမ်းလာပိတ်မနေနဲ့… ငါတို့အခု ဆေးရုံသွားမလို့…’’’ ချီကျန်းကျန်း အလွန်ဒေါသထွက်နေသည်။


သူမ အမှန်တကယ်ပင် ဝမ်ရိရန်ကို မုန်းလာသည်။


မူလကိုယ်က ဘာကြောင့်များ သူ့ကိုကြိုက်သလဲဆိုတာ သူမ စဉ်းစားလို့မရပေ။


စိတ်ခံစားချက်အရ သဘောကျတာလား ဒါမှမဟုတ် သူ ရူးကြောင်ကြောင်ဖြစ်နေတာကို သဘောကျတာလား…


‘အဖျားကြီးနေတယ်’ 


ထိုစကားကြားပြီးနောက် ဝမ်ရိရန် ရပ်တန့်သွားပြီး ဝမ်စီစီကိုကြည့်လိုက်မိသည်။ သူမ မျက်နှာသည် နီရဲနေပြီး အတော်လေး မသက်မသာဖြစ်နေဟန်ရှိသည်။


ဒီမနက်ပိုင်းက ဝမ်စီစီ သူ့ဆီဖုန်းဆက်တာကို သတိရသွားသည်။ 


သူမ သူ့ဆီဖုန်းခေါ်ချိန်တွင် သူမ အသံသည် အတော်လေး အားနည်းနေသည်။


သို့သော်လည်း ထိုအချိန်တွင် ချီကျန်းကျန်းအသံကြားလိုက်သည့်အတွက် သေသေချာချာ မတွေးနိုင်တော့ဘဲ ဖုန်းချလိုက်မိသည်။


ယခု ဝမ်စီစီ ဖျားနာနေသည်ကိုသိလိုက်ပြီး ချီကျန်းကျန်းသည် သူမကိုဆေးရုံသို့ ပို့ပေးချင်နေသည်။


ထိုအရာကို သူ့ဘက်မှ နားလည်မှုလွဲသွားခြင်းသာဖြစ်သည်။


သူ ချီကျန်းကျန်းကို နားလည်မှုလွဲရုံသာမက သူ၏ညီမဝမ်းကွဲကိုပင် လျစ်လျူရှုခဲ့မိသည်။


သူ နေရာတွင် ရပ်နေမိရင်း အနည်းငယ်ရှက်ရွံ့သလို ခံစားလာရပြီး ပြောစရာစကားများ ပျောက်ရှသွားသည်။


‘’သွားရအောင်’’ ချီကျန်းကျန်း ဝမ်စီစီကိုတွဲရင်း ဝမ်ယွီကိုကြည့်ကာ နူးညံ့သည့်လေသံဖြင့် ပြောလိုက်သည်။


ဝမ်ယု ခေါင်းငြိမ့်ကာ သူမလက်ထဲမှ ရေဗူးကို လှမ်းယူပေးလိုက်သည်။


‘’ စီစီ.. အကို ညီမကို ဆေးရုံပို့ပေးမယ်’’ ဝမ်ရိရန် ရှေ့သို့ထွက်လာကာ တဖက်မှ ဝမ်စီစီကို ဝင်တွဲလိုက်သည်။


ဝမ်စီစီ မည်သည့်စကားတခွန်းမှမပြောပေ။ သူမ ဖျားနာနေပြီး သူမရှေ့က ပုံမဖော်နိုင်သော မြင်ကွင်းကြောင့် တိတ်ဆိတ်နေသည်။


ဝမ်ရိရန် ဝမ်စီစီ နဖူးကိုကိုင်ရင်း စိုးရိမ်လာသည်။


ထို့နောက် ချီကျန်းကျန်းအနောက်မှပါလာသည့် ဝမ်ယွီကို သတိထားမိသွားပြီး မနေနိုင်စွာဖြင့် ‘’ မင်းက ဘာလို့ဒီမှာရှိနေတာလဲ… မင်းကိစ္စတစ်ခုမှ မပါဘူး’’


ဝမ်ယွီကို မြင်ရသည့်အတွက် သူ အတော်လေး မပျော်မရွှင်ဖြစ်သွားသည်။ အထူးသဖြင့် ယခုလိုအချိန်မျိုးတွင် တွေ့လိုက်ရသည့်အတွက် ပိုဆိုးသည်။


ဝမ်ယွီက ဝမ်ရိရန်နှင့်စကားမပြောဘဲ တိတ်ဆိတ်စွာဖြင့် ချီးကျန်းကျန်းဘေးမှ ဆက်လျောက်နေသည်။


သို့သော်လည်း အလွန်စိတ်ပျက်သွားသော ချီကျန်းကျန်းက ‘’ ဝမ်ယွီက ဘာလို့ဒီမှာ ရှိလို့မရရမှာလဲ… ကျွန်မနဲ့ စေ့စပ်ထားတဲ့သူဆီက အကူအညီတောင်းလို့မရဘူးလား… သူက ကျွန်မနဲ့ အတူတူရှိနေလို့ မရဘူးလား…’’


လမ်းလျောက်နေရာမှ သူမ ရပ်တန့်လိုက်ကာ ဝမ်စီစီကို ဝမ်ရိရန် လက်ထဲသို့လွှဲပြောင်းပေးလိုက်ရင်း ‘’ ရှင်ဒီကိုရောက်နေမှတော့… ဝမ်စီစီကို ရှင့်ဆီပဲလွှဲပေးလိုက်တော့မယ်… သူမက ရှင့်ညီမဆိုတော့ ဆေးရုံကို ရှင်ပဲပို့လိုက်တော့’’


ဝမ်ရိရန် တစ်ခုခုပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း ချီကျန်းကျန်းက အခွင့်အရေးမပေးဘဲ လက်ကိုယမ်းကာ စိတ်မရှည်စွာဖြင့် ‘’ တကယ်လို့ ရှင့်မှာ ကျွန်မတို့နဲ့စကားများဖို့ အချိန်ရှိတယ်ဆိုရင် သူမကို ဆေးရုံ မြန်မြန်လေးပို့ပေးလိုက်… အချိန်တွေဖြုန်းမနေနဲ့တော့’’


ဝမ်ရိရန်နှင့်အတူ သူမ အချိန်မဖြုန်းချင်ပေ။ သုံးယောက်သား စကားများပြီး အချိန်ဖြုန်းနေမည့်အစား ဝမ်စီစီကို ဆေးရုံသို့ပို့ပေးသည်က ပို၍ပင်ကောင်းပေလိမ့်မည်။


ဝမ်ရိရန် ဘာမှမပြောတော့ပဲ ဝမ်စီစီကိုကူညီကာ ကားပါကင်သို့ အတူတူ လမ်းလျောက်သွားတော့သည်။


တချိန်လုံး တိတ်ဆိတ်စွာနေနေသည့် ဝမ်စီစီသည် ချီကျန်းကျန်းကို စိတ်ရှုပ်ထွေးနေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။


ဝမ်စီစီနှင့်ဝမ်ရိရန် တို့နှစ်ယောက်သား ကားပေါ်တက်ပြီးမောင်းထွက်သွားသည်ကို ချီကျန်းကျန်း ကြည့်ပြီးနောက် စိတ်သက်သာရာရသွားသည်။


ချီကျန်းကျန်း ထွက်သွားသည့် ကားအနောက်သို့ပြန်လှည့်ကြည့်ရင်း ဝမ်စီစီအကြောင်းကိုတွေးနေမိသည်။ ဘာပဲဖြစ်ဖြစ် ဝမ်စီစီကို သူမ ကပဲ အပြင်သို့ခေါ်ထုတ်လာသည့်အတွက် ဝမ်စီစီ ဖျားသည့်အချိန်တွင် သူမ အပြစ်ရှိသလို ခံစားလိုက်ရသည်။


သို့သော်လည်း နောက်ပိုင်းကိစ္စများကြောင့် သူမ အတော်လေး စိတ်သက်သာရာရသွားသည်။


ထိုသို့တွေးပြီးနောက် ရုတ်တရက် ချီကျန်းကျန်း နောက်တစ်ကြိမ် အေးခဲသွားပြန်သည်။


ဝမ်ယွီက သူမ အနားတွင် ရှိနေတုန်းပင် ဖြစ်သည်။


ချီးပဲ… ဝမ်ရိရန်ရှေ့တွင် ဝမ်ယွီက သူမနဲ့ စေ့စပ်ထားတဲ့သူဖြစ်တဲ့အကြောင်းကို ပြောလိုက်မိသည်။ လူတိုင်းက သူမတို့နှစ်ယောက်သည် နှုတ်ကတိဖြင့်စေ့စပ်ထားသည်ကိုသိကြသော်လည်း တွဲဘက်မရှိသည့် အဓိကဇာတ်လိုက်အနေဖြင့် ဇနီးမယားရှိမည် မဟုတ်ပေ။


ရှက်ဖို့ကောင်းလိုက်တာနော်…


ချီကျန်းကျန်း ဝမ်ယွီ့ မျက်နှာကို မကြည့်ရဲတော့ပေ။


သူမစကားကြောင့် သူစိတ်ဆိုးနေလောက်မည်ဟု သူမ ထင်မိသည်။


လူသွားလမ်းပေါ်တွင် သူမဘက်က ဘာစကားမှ စမပြောသလို ဝမ်ယုဘက်မှလဲ မည်သည့်စကားတခွန်းမှ မပြောသေးပေ။


ခဏလောက်တွေးပြီးနောက် ချီကျန်းကျန်း အံကြိတ်ကာ ခေါင်းကိုမော့ပြီး အားတင်းပြုံးလျက် ‘’ ဝမ်ယွီ… ကျွန်မ…’’


‘’ မင်း ဘာလို့ဒီနေရာရောက်နေတာလဲ… ကိုယ် မင်းကို အိမ်ပြန်ပို့လိုက်တယ် မဟုတ်ဘူးလား’’ သူ မေးလိုက်သည်။


သူ့အကြည့်သည် တည်ငြိမ်နေပြီး သိချင်စိတ်များသာ ပါဝင်သည်။


ချီကျန်းကျန်းက ‘’ အာ…’’


စိတ်မဆိုးဘူးပေါ့… သူမပြောစကားတွေကို သူ့ဘက်က ဂရုမစိုက်ဘူးပေါ့လေ…


သူမ မျက်တောင်ခတ်ပြီး ရှင်းပြလိုက်သည်။ ‘’ ကျွန်မ စိတ်မကြည်တာနဲ့ လျောက်လည်ဖို့ ဝမ်စီစီကို သွားခေါ်ခဲ့တာ ဒါပေမယ့် သူမက ဖျားသွားတယ်လေ…’’


ဝမ်ယွီ ခေါင်းငြိမ့်လိုက်ပြီး ‘’ ကားပေါ်အရင်သွားကြတာပေါ့…’’


ချီကျန်းကျန်း က ‘’ အိုး…’’


သူမ မသိလိုက်ဘာသာဖြင့် သူ့အနောက်မှ ကားဆီသို့လျောက်လာခဲ့သည်။


…….


ဝမ်ရိရန် အန်းချင်ယုကို ဖုန်းဆက်ပြောပြလိုက်သည့်အတွက် သူတို့ဆေးရုံသို့ ရောက်ချိန်တွင် အန်းချင်ယုက ကြိုရောက်နေပြီဖြစ်သည်။


သူမသည် အလွန်စိုးရိမ်နေပုံပေါ်ပြီး သူတို့နှင့်အတူတူ ဆေးရုံထဲသို့ လိုက်ဝင်လာသည်။


ဝမ်စီစီ ဆေးသွင်းပြီးနောက် ဝမ်ရိရန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။


ဝမ်ရိရန် အစပိုင်းတုန်းက ဝမ်စီစီကို စိတ်ဆိုးနေသော်လည်း သူမသည် သူ၏ ညီမလေးပင်ဖြစ်သည်။ ထို့အပြင့် အိပ်ယာပေါ်တွင် အားနည်းစွာလဲလျောင်းနေသည့် သူမကိုကြည့်ရင်း ဝမ်ရိရန် အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားသည်။


ထပ်ပေါင်းပြောရလျင် အပြစ်ရှိစိတ်ဝင်လာခြင်းပင်ဖြစ်သည်။ ချီကျန်းကျန်းနှင့် တွေ့ဆုံခဲ့သည့် လမ်းမပေါ်တွင် သူမသည် ဝမ်စီစီကို ဆေးရုံသို့ပို့နိုင်ရန် အလွန်စိတ်လောနေသော်လည်း သူ့ဘက်မှ အချိန်ဖြုန်းခဲ့မိသည်။


ဝမ်ရိရန် ရှေ့သို့ခြေတစ်လှမ်းတိုးကာ နူးညံ့စွာဖြင့်မေးလိုက်သည်။ ‘’ စီစီ… သက်သာလား…’’


ဝမ်စီစီ ခေါင်းငြိမ့်ပြလိုက်သည်။


ဝမ်ရိရန် သူမကို စောင်ခြုံပေးလိုက်ကာ ‘’ ကောင်းကောင်းအနားယူလိုက်ဦး… အကို ဘေးကစောင့်နေပေးမယ်’’


ဘေးရှိ အန်းချင်ယုသည် ရေနွေးတခွက်ယူလာရင်း ဝမ်ရိရန်ဘေးတွင် ထိုင်ကာ နူးညံ့စွာဖြင့် ပြောလိုက်သည်။ ‘’ စီစီ… ရေနွေးလေး သောက်လိုက်ပါဦး’’


သူမရှေ့ရှိ ရေနွေးခွက်ကို ဝမ်စီစီ ကြည့်လိုက်ရင်း ဒီနေ့ ချီကျန်းကျန်း သူမကိုကမ်းပေးခဲ့သည် ရေဗူးကို ရုတ်တရက်သတိရသွားမိသည်။ 


အန်းချင်ယု သူမကို ရေတိုက်သည့်အတွက် နှစ်ငုံခန့်သောက်ပြီး ခေါင်းကိုယမ်းပြလိုက်သည်။


‘’ တော်ပြီလား’’


ဝမ်စီစီ ခေါင်းငြိမ့်ပြလိုက်သည်။


အန်းချင်ယု သူမကို အိပ်ယာပေါ်သို့ လှဲချရန် ကူညီပြီး စောင်ခြုံပေးလိုက်သည်။ ထို့နောက် 


‘’စီစီ… နောက် ဒီလိုမျိုးမလုပ်သင့်ဘူးနော်… တကယ်လို့နေမကောင်းဘူးဆိုရင် ညီမလေး ဆေးရုံကိုစောစောသွားသင့်တယ်လေ… ဒီလိုမျိုး အချိန်မဆွဲသင့်ဘူး.. သိလား…’’


ဝမ်စီစီနှင့် ချီကျန်းကျန်းသည် တစ်နှစ်တည်းဖြစ်ကာ သူတို့အထက် အန်းချင်ယုသည် လအနည်းငယ် အသက် ပိုငယ်လေသည်။


သို့သော်လည်း သူမ၏ ပန်းတိုင်သည် ဝမ်ရိရန်ကို လက်ထပ်နိုင်ရန်ဖြစ်သည့်အတွက် ဝမ်စီစီကို သဘာဝကျကျပင် ညီမလေးတစ်ယောက်ကဲ့သို့ ဆက်ဆံလေသည်။