Part 36
ဝမ်စီစီ ခေါင်းငြိမ့်ပြလိုက်သည်။
အန်းချင်ယုက ခွက်ကိုခုံပေါ်သို့တင်လိုက်ရင်း ‘’ ချီကျန်းကျန်း ဒီနေ့ ညီမလေးကိုလာရှာတယ်လို့ ကြားလိုက်တယ်… ညီမလေးနဲ့ အစ်မကျန်းကျန်းက ဘယ်တုန်းကမှ မတည့်ခဲ့ဘူးမဟုတ်လား… ဒီနေ့ ဘာလို့ သူမနောက်ကို လိုက်သွားတာလဲ…’’
ဒီနေ့ ချီကျန်းကျန်းရှေ့တွင် အရှက်ရခဲ့သည့် ဝမ်စီစီ တစ်ယောက် သူမ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဘာစကားမှ ပြန်မပြောပေ။
အန်းချင်ယု ဝမ်စီစီ ဘာမှပြန်မဖြေသည့်အတွက် စိတ်ဆိုးသွားသည်ဟု ထင်ကာ ‘’ ညီမလေးနဲ့ အစ်မ ကျန်းကျန်းက တစ်ယောက်နဲ့ တစ်ယာက် အဆင်မပြေကြဘူးလေ… သူမက ညီမလေးကိုအပြင်ထွက်ဖို့ခေါ်တာကို ဘာလို့ လိုက်သွားတာလဲ.. အခုတော့ ဖျားနေရပြီ.. ဘယ်လောက်တောင် မသက်မသာဖြစ်နေမလဲနော်…’’
အန်းချင်ယု ဘက်မှ တိတိကျကျ မပြောသော်လည်း သူမစကားလုံးများ၏ အဓိပ္ပာယ်မှာ ချီကျန်းကျန်းကြောင့် ဝမ်စီစီ ဖျားရသည်ဟူ၍ပင်။
အရင်တုန်းကဆိုလျင် သူမတို့နှစ်ယောက်သား မတည့်ကြသည့်အတွက် တစ်ခုခုဖြစ်သည်နှင့် ဝမ်ရိရန်ကော သူမကော ချီကျန်းကျန်းအမှားဖြစ်ကာ တမင်သက်သက်လုပ်သည်ဟု ထင်မှတ်ပေလိမ့်မည်။
သို့သော်လည်း ဒီနေ့မှာတော့ အနည်းငယ်ကွဲပြားနေသည်။
ဝမ်စီစီ မျက်လုံးထဲတွင် ဒီနေ့ ချီကျန်းကျန်းမှ သူမအပေါ်စိုးရိမ်စွာဖြင့် ကူညီပေးခဲ့သည့်ပုံရိပ်များ ပြန်ပေါ်လာသည်။
သူမ နဖူးပေါ်မှ ချွေးများကျသည်။
အကယ်၍ ဒီနေ့ဖျားနေသူမှာ ချီကျန်းကျန်းသာဖြစ်မည်ဆိုလျင် သူမ သေချာပေါက် ချီကျန်းကျန်းအရှက်ကွဲအောင် မြေပေါ်သို့တွန်းချလိုက်မည်ဖြစ်သည်။
သို့သော်လည်း ချီကျန်းကျန်းသည် သူမကို ကူညီပေးခဲ့သည်။ သူမ မြေပေါ်သို့လဲကျချိန်တွင် ချီကျန်းကျန်းမှ သူမကိုဆွဲထူကာ ရေတိုက်ခဲ့သည်။ သူမ လမ်းမီးတိုင်ကိုဖက်ထားကာ လမ်းလျောက်ရန်ငြင်းဆန်နေချိန်တွင် သူမ ဘေးမှာနေကာ သူမကိုစိတ်ရှည်စွာဖြင့် စောင့်ပေးသည်။ သူမ ဒီကိုလာစဉ်တွင်လဲ……
‘’စီစီ … ကိုယ်အပူချိန်က ပုံမှန်ဖြစ်သွားပြီ … ဒါပေမယ်…’’
အန်းချင်ယု စကားများက သူမအတွေးများကို ဖြတ်တောက်လိုက်သည့်အတွက် ဝမ်စီစီ အန်းချင်ယုကို စိုက်ကြည့်လိုက်သည်။
‘’ စီစီ… ဟုတ်လား’’
ဝမ်စီစီ သူမကိုသူမ လက်ညှိုးဖြင့်ညွှန်ပြလိုက်ရင်း ‘’ ငါ နဲ့ ချီကျန်းကျန်း ကိစ္စက နင်နဲ့ဘာဆိုင်လို့လဲ… ငါ မသိဘူးလို့ထင်ပြီး စိတ်ပူပြမနေနဲ့… နင်က ဝမ်ရိရန်ကို ကြိုက်နေလို့ ချီကျန်းကျန်းကို နင့်မျက်လုံးထဲ သဘောမကျပေမယ်… လူတိုင်းက သူ့လျှို့ဝှက်ချက်နဲ့သူပဲ…’’
အတိတ်တုန်းကဆိုလျင် အန်းချင်ယု၏အတွေးများသည် သူမအတွက် အရေးမပါပေ။ ဘာပဲဖြစ်ဖြစ် ဝမ်စီစီသည်လည်း ချီကျန်းကျန်းကို မုန်းနေတာပဲဖြစ်သည်။
အချိန်တိုင်း အန်းချင်ယုက ချီကျန်းကျန်းကို လှည့်စားပြီး ကံမကောင်းအောင်လုပ်လိုက်တိုင်း သူမလည်း ပျော်ခဲ့ရသည်။
သို့သော်လည်း ဒီနေ့မှာတော့ သူမ မျက်စိထဲတွင် ချီကျန်းကျန်း၏ အကျင့်စရိုက်သည် တည့်တိုးဆန်ကာပွင့်လင်းပြီး အန်းချင်ယုသည် နောက်ကွယ်မှ တိတ်တဆိတ်လှုပ်ရှားတတ်သည့်အတွက် အန်ူချင်ယုကိုစိတ်ရှုပ်ဖွယ်ကောင်းသည်ဟု မြင်လာမိသည်။
‘’ စီစီ… နင်…’’ အန်းချင်ယု မျက်ဝန်းများပြူးကျယ်သွားသည်။
‘’သွားစမ်းပါ… ငါနဲ့ဝေးဝေးမှာနေ…’’’ ဝမ်စီစီ ပြောပြီးနောက် တဖက်သို့လှည့်လိုက်သည်။
‘’ မဟုတ်ဘူး.. ငါ…’’ အန်းချင်ယု မျက်လုံးများနီလာပြီး တစ်ခုခုကိုပြောရန် ပါးစပ်ဟလိုက်သည်။
ဝမ်ရိရန် မတ်တတပ်ရပ်လိုက်ပြီး သူမကို တားလိုက်ကာ ခေါင်းကိုခါရင်း ‘’ ချင်ယု… စီစီက နေလို့သိပ်မကောင်းသေးဘူး… သူမ နဲ့ စကားမများနဲ့တော့… မင်း အရင်ပြန်နှင့်လိုက်လေ… ပြီးမှ ကိုယ်မင်းကို လာရှာမယ်…’’
အန်းချင်ယု အောက်နှုတ်ခမ်းကို ကိုက်ပြီး လက်သီးများဆုပ်လိုက်မိသည်။
‘’ စီစီ… ငါ အရင်ပြန်နှင်မယ်… နင့်ကိုယ်နင်သေချာ ဂရုစိုက်ဦးနော်… တခုခုလိုရင် ငါတို့ကိုပြောလို့ရတယ်’’ အန်းချင်ယုတစ်ယောက် မတရားမှုများကို ခံစားလိုက်ရသည့်အတိုင်း မျက်လုံးများ နီရဲလျက် အခန်းထဲမှ ထွက်ခွာသွားသည်။
ဝမ်ရိရန် သူမ နောက်ကျောကိုကြည့်ပြီးနောက် ဝမ်စီစီကို တစ်ချက်ပြန်ကြည့်မိကာ ဆေးရုံခန်းထဲတွင် စောင့်နေလိုက်တော့သည်။
ဆေးရုံထဲမှ ထွက်လာသည့် အန်းချင်ယု တစ်ယောက် အပြင်ဘက်တွင် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း သူမ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
'ဘာတွေဖြစ်ကုန်တာလဲ…'
'နှစ်ရက်ပဲရှိသေးတာကို… ဝမ်စီစီက ဘာလို့ ချီကျန်းကျန်းဘက်ကနေ ကာပြောပေးနေရတာလဲ…'
'သူတို့နှစ်ယောက်လုံးက ရန်သူတွေမဟုတ်ဘူးလား…'
သူမ ဆေးရုံအပြင်ဘက်တွင် ခဏလောက်စောင့်နေသော်လည်း မည်သူမှ သူမ အနောက်လိုက်မလာပေ။
လွန်ခဲ့သော ရက်အနည်းငယ်က အဖြစ်အပျက်များကို သူမ တွေးနေမိပြီး သူမ မသိလိုက်သည့်အရာများက ထိန်းသိမ်းမရအောင် ပြောင်းလဲသွားသည်ကို သတိပြုလိုက်မိသည်။
……………………
ကားထဲတွင်
ချီကျန်းကျန်းတစ်ယောက် ဝမ်ယွီ မောင်းသည့်ကားထဲတွင် ငြိမ်လျက် လိုက်ပါလာသည်။ ကားအတွင်းပိုင်းသည် အတော်လေး သန့်ရှင်းပြီး မွေးရနံသင်းသင်းလေးဖြင့် တိတ်ဆိတ်နေသည်။
လေထုမှာ အတော်လေး ငြိမ်သက်နေသော်လည်း သူမ အတွင်းစိတ်မှာတော့ မတည်ငြိမ်နိုင်ပေ။
‘အကိုကြီးရေ ဘာလို့များ ဒီလောက်အထိ တိတ်ဆိတ်နေရတာလဲ….’
‘ တစ်ခုခုများ မပြောချင်ဘူးလား’
‘ဒါမှမဟုတ် ဘယ်သူအရင်စကားပြောလဲ ဂိမ်းကို ဆော့နေတာလား’
ချီကျန်းကျန်း စိတ်ထဲမှ တွေးနေမိသည်။
ဒီ ဘောစ်ကြီးက သူမအိမ်ကို ပြန်ပို့မယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ…
သူမ တခြားနေရာကို မသွားတတ်သော်လည်း ချီအိမ်သို့ မပြန်ချင်ပေ။
ခဏကြာပြီးနောက် ချီကျန်းကျန်း သည် big boss ကြီးထက် တည်ငြိမ်လာသည်။
ထိုအချိန်တွင် ဝမ်ယွီက ရုတ်တရက်စကားဆိုလာလေသည်။
‘’ ချီအိမ်မှာ နေရတာအဆင်မပြေရင် ကိုယ့်အိမ်မှာ လာနေလို့ရတယ်’’