Part 37
ချီကျန်းကျန်း ပါးစပ်အဟောင်းသားဖြင့် သူ့ကို ဆတ်ကနဲ့လှမ်းကြည့်လိုက်မိသည်။
ထိုခဏတွင် သူမ နားကြားမှားနေသည်ဟု ထင်မှတ်လိုက်သည်။
ဝမ်ယွီ ခေါင်းကိုလှည့်ကာ သူမကို တည်ငြိမ်စွာကြည့်နေပြီး ထိုအကြည့်ထဲတွင် မည်သည့်ခံစားချက်မျှမပါသလိုပင်။
‘’ ရှင် အခုလေးတင် ဘာပြောလိုက်တာလဲဟင်…’’ ချီကျန်းကျန်း တံတွေးမျိုချလိုက်ပြီး နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
ဝမ်ယွီက လေးနက်စွာဖြင့် ‘’ မနေ့ကမှ မင်း အိမ်ကနေထွက်ပြေးလာတယ်… ပြီးတော့ ချီအိမ်မှာမနေဘဲ နောက်တစ်ခေါက်အပြင်ထပ်ထွက်လာတယ်ဆိုတော့ ချီအိမ်မှာ မင်း မပျော်ဘူးလို့ ဆိုလိုတာပဲ… အဲ့ဒီတော့ အဲ့အိမ်မှာ မနေနဲ့တော့… ကိုယ်က ဝမ်အိမ်မှာ နေနေတယ်ဆိုပေမယ့်လဲ ကိုယ့်ဘာသာဝယ်ထားတဲ့ အိမ်တစ်လုံးတော့ရှိတယ်…. မင်းကြိုက်တဲ့အချိန်သွားနေလို့ရတယ်’’
ထိုလူကြီး စကားအရှည်ကြီးပြောသည်မှာ အလွန်ရှားပါးပြီး သူ့မျက်နှာသည် လေးနက်နေသည်။
ချီကျန်းကျန်း ‘’ ….. ‘’
မဟုတ်သေးဘူးလေ… ကျမက ရှင့်မှာ အိမ်ရှိတာကို ပြောချင်တာမဟုတ်ဘူးလေ… ဘောစ့်ကြီးရဲ့
အဲ့ဒါက ရှင့်အိမ်လေ ကျွန်မက ဘယ်လိုလုပ်ပြီး နေလို့ရမှာလဲ…
သူမ ပါးစပ်ဟကာ တုန်ယင်နေသည့်လေသံဖြင့် ‘’ မဟုတ်ဘူး… အဲ့ဒါက…’’
ဝမ်ယွီ နားမလည်စွာဖြင့်မေးလိုက်သည်။ ‘’ ဘာဖြစ်လို့လဲ….’’
‘’ အဲ့ဒါရှင့်အိမ်လေ…’’ ချီကျန်းကျန်း မျက်လုံးပြူးကြီးနှင့် သူ့ကိုစိုက်ကြည့်ကာပြောလိုက်သည်။
ဝမ်ယွီ့ မျက်ဝန်းထဲ အပြုံးတစ်ခုဖြတ်သန်းသွားကာ ‘’ ကိုယ်က မင်းရဲ့စေ့စပ်ထားတဲ့သူလို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား’’
ချီကျန်းကျန်း ‘’ ….. ‘’
သူမစကားတွေကို သူ့ဘက်က မှတ်မထားဘူးဟု သူမ ယူဆခဲ့သော်လည်း ယခုအချိန်မှာတော့ ချီကျန်းကျန်းတစ်ယောက် လေသံတိုးလေးဖြင့်သာပြောနိုင်တော့သည်။
‘’ကျွန်…ကျွန်မက…’’
သူမ စကားပြောဖို့ကြိုးစားသော်လည်း ဘာဆက်ပြောရမှန်းမသိပေ။ ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်စေ့စပ်ထားတဲ့သူတွေလို နေနေတာမှမဟုတ်တာကို….
ဝမ်ယွီ သူမအမူအယာကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ထို့နောက်ကားကို မောင်းထွက်သွားတော့သည်။
သူမခံစားရသမျှကို မျက်နှာပေါ်မှာ အကုန်ဖော်ပြနေတော့တာပဲ… အဲ့ဒါက အရမ်းကို သိသာလွန်းနေတယ်….
‘’ ဟေး.. ကျွန်မတို့ ဘယ်သွားနေတာလဲ…’’ ချီကျန်းကျန်း မေးလိုက်သည်။
‘သူမ သဘောမတူရသေးပါဘူးနော်’
ဝမ်ယွီက ‘’ ချီအိမ်ကိုလေ… လိုအပ်တဲ့ ပစ္စည်းတွေထုတ်ပိုးခဲ့လိုက်ပေါ့’’
ချီကျန်းကျန်း ‘’ ….. ‘’
သူမ အလျင်အမြန်ဖြင့်ပင် ‘’ မဟုတ်ဘူး… မဟုတ်သေးဘူးလေ…’’
‘’ ဒါဆို ချီအိမ်မှာ မင်းဆက်နေချင်သေးလို့လား’’ ဝမ်ယု မေးလိုက်သည်။
ချီကျန်းကျန်းက ‘’ ကျွန်မ … ‘’
‘ဒါပေမယ့် ဝမ်အိမ်မှာ နေမယ်လို့ ပြောချင်တာမှမဟုတ်တာ…’ သူမ စိတ်ထဲမှ ပြောလိုက်မိသည်။
သူ၏လျှိုဝှက်ချက်အများအပြားကို သူမ သိပြီးဖြစ်သော်လည်း ထိုလူကြီးသည် သူမရှေ့တွင် သူ့လျှိုဝှက်ချက်များကို ဆက်လက်ပြောနေဆဲပင်ဖြစ်သည်။ ရှေးခေတ်ကလူတွေပြောသလိုဆိုရင် ‘ သိတာအရမ်းများတဲ့သူက…’’
သူမဘေးတွေ ထိုင်နေသည့် ဝမ်ယွီနှင့်သူမသည် တွေ့ဆုံဖူးသည့်အဆင့်သာရှိသေးသည်။ ထိုကဲ့သို့လူ၏အိမ်တွင် ဘယ်လိုများ သူမ နေနိုင်ပါမည်နည်း…
ဝမ်ယွီ၏ မျက်နှာထားက စေ့စပ်ထားသူကို သူပိုင်အိမ်သို့ခေါ်ကာ ထောက်ပံ့ပေးခြင်းသည် မှန်ကန်သည်ဟု အခိုင်အမာ ထင်မှတ်ထားပုံပင်။
‘ငါ ဘယ်လိုပြောရမှာလဲ…’ ချီကျန်းကျန်းတွေးနေမိသည်။
ဝမ်ယွီ က အပြုံးစွက်သော မျက်ဝန်းများဖြင့် သူမကို ကြည့်နေလေသည်။
ကားလေးသည် ချီအိမ်သို့ လျင်မြန်စွာပင် ရောက်ရှိသွားတော့သည်။ ညနေစောင်းပြီဖြစ်၍ ကောင်းကင်သည် မှောင်လာပြီး လမ်းမီးတိုင်များမှာ စတင်လင်းလက်လို့နေပြီဖြစ်ကာ နေ့အလင်းရောင်မှာလည်း သိပ်မပျောက်ကွယ်သေးပေ။
ဝမ်ယွီ ကားကိုရပ်ပြီးနောက် ချီကျန်းကျန်းကို ကြည့်လိုက်သည်။
ချီကျန်းကျန်း ကားထဲမှ ထွက်မလာပေ။ သူမ ထိုင်ခုံတွင် ထိုင်နေလျက်နှင့်ပင် နှုတ်ခမ်းကိုကိုက်ကာ သူမလက်များက အကျီစများကို ဆုပ်ကိုင်လို့ထားသည်။ ခဏကြာပြီးနောက်
‘’ကျွန်မ စိတ်ထင် ကျွန်မ လုပ်ဖို့မလိုသေး…’’
ဝမ်ယွီက အရယ်စွက်နေသည့်လေသံဖြင့် သူမစကားကိုကြားဖြတ်ပြောလိုက်သည်။
‘’ကိုယ်မင်းကို စနေတာ… ပြန်လိုက်တော့’’
ချီကျန်းကျန်း ‘’ ….’’
သူမ သူ့ကိုပြူးကျယ်သည့်မျက်ဝန်းအစုံဖြင့် ကြည့်လိုက်မိသည်။
ဒီတော့ သူ့နေရာမှာပြောင်းနေဖို့က သူမကို စနောက်နေတာပေါ့လေ
သူ တကယ်ကြီး သူမကို နောက်နေတာလား…
သူမ သူ့ကို အံ့ဩမှုအပြည့်နှင့် အေးခဲစွာကြည့်လိုက်မိသည်။
ဝမ်ယွီ ပြုံးလိုက်ပြီး သူ့လက်ကိုမြှောက်လိုက်ကာ သူမ ခေါင်းပေါ်သို့တင်လိုက်ရင်း
‘’ ပြန်တော့လေ… တကယ်လို့ မင်းမပျော်ဘူးဆိုရင် အဲ့နေရာမှာ ဆက်နေဖို့မလိုပါဘူး’’
အဲ့နေရာက ‘’အိမ်’’ လို့အမည်တွင်နေတယ် ဆိုရင်တောင်မှပေါ့….
အိမ်တိုင်းက နွေးထွေးပြီး ပျော်ရွှင်ဖို့မကောင်းသလို သာယာတဲ့နေရာမဟုတ်ပေ။
ဝမ်ယွီမှ ရင်းနှီးသည့်အမူအယာဖြင့် သူမကိုပြုမူလိုက်သည့်အတွက် ချီကျန်းကျန်း၏ ဒေါသများပျောက်ကွယ်သွားကာ အနည်းငယ် အေးခဲသွားသည်။
ထို့နောက် သူ၏ စကားလုံးများကြောင့် သူမနှလုံးသားထဲမှ ရှင်းမပြနိုင်သည့် ချဉ်တူးမှုများ ဖြစ်ပေါ်လာသည်။
ဟုတ်ပါသည်။ ချီအိမ်သည် အလွန်ကြီးမားသော်လည်း သူမ ပျော်ရွှင်ရသည်ဟူ၍ မခံစားရပေ။ သူမအတွက် မိသားစုနှင့်တူညီသည့် ခံစားချက်များ ထိုအိမ်တွင်မရှိပေ။
သို့သော်လည်း အတိတ်ဘဝတုန်းကမူ သူမအဖွားသည် တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သည့်အတွက် မိဘများ၏ချစ်ခြင်းမေတ္တာအပြည့်မရရှိခဲ့သော်လည်း နွေးထွေးမှုဖြင့်ကြီးပြင်းလာရသည်။
ဝမ်ယွီအတွက်မူ သူမထက်ပို၍ပင် ဆိုးရွားခဲ့ရသည်မဟုတ်ပါလား…
အနည်းဆုံးတော့ ချီမိသားစုသည် သူမအပေါ်ခံစားချက်ရှိကြသည်။ ဝမ်မိသားစုကတော့ ဝမ်ယွီအပေါ် အကွက်ချတတ်သည့် မိထွေးဖြစ်သူနှင့် သားဖြစ်သူတွက်အရှက်ရနေသော အဖေအရင်းသာ ရှိခဲ့သည်မဟုတ်ပါလား…
ဝမ်ယွီ၌ ဘာမှမရှိချိန်တွင် သူမကတော့ အရင်ဘဝကလက်ကျန် နွေးထွေးမှုအနည်းငယ် ရှိနေသေးသည်။
ဒီလူသည် တစ်ခါမှ နွေးထွေးမှုကို မခံစားခဲ့ရမှန်း ချီကျန်းကျန်း ရုတ်တရက် သဘောပေါက်သွားသည်။
သူသည် ဝတ္တုထဲမှစိုးမိုးခြယ်လှယ်နိုင်သော အဓိကအမျိုးသားဇာတ်လိုက်ဖြစ်ပြီး ဇာတ်လမ်းနောက်ပိုင်း၌ မအောင်မြင်သေးခင် ဇာတ်လမ်းအစတွင် များပြားလှသည့်နာကျင်မှုများကိုခံစားခဲ့ရသည်။ မည်မျှပင် မျက်နှာကိုဖြတ်ရိုက်နေပါစေ… မည်မျှပင် ဘုန်းတန်းခိုးကြီးလာမည့်နေ့များရှိနေပါစေ… ငြင်းဆန်၍မရနိုင်ပေ။ ထို့ကြောင့် ဝမ်ယွီတွင် မည်သည့်သက်ရောက်မှုမှ မရှိသလို မည်သည့်ချစ်ခြင်းမှလည်း ရှိမနေပေ။
‘’ပြန်တော့’’
ဝမ်ယွီ သူမထိုင်ခုံခါးပတ်ကိုဖြုတ်ပေးရင်းပြောလိုက်သည်။ ချီကျန်းကျန်း သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး ဖြေးညင်းစွာကားထဲမှ ထွက်သွားသည်။
ဝမ်ယွီ ခေါင်းကိုယမ်းကာ အပြန်တွင် ကားဂက်စ်ထည့်ရန်အတွက် စီယာတိုင်ကိုကိုင်လိုက်သည်။
ထိုအချိန်တွင် ချီကျန်းကျန်းမှ ရုတ်တရက် ကားဆီသို့ ပြန်လှည့်ပြေးလာသည်။
ဝမ်ယွီ ကားပြတင်းမှန်ကိုချလိုက်သည်။ ချီကျန်းကျန်း၏မျက်နှာမှာ ကားပြတင်းနားတွင် ပေါ်လာပြီး သူမ၏ကြီးမားကြည်လင်သည့် မျက်ဝန်းအစုံဖြင့် သူ့ကို လေးလေးနက်နက်စိုက်ကြည့်လိုက်ရင်း ‘’ ဝမ်ယွီ… ရှင်လည်းပဲ…. တကယ်လို့ ရှင်မပျော်ဘူးဆိုရင် အဲ့မှာမနေဘဲ ရှင်ပျော်မယ့်နေရာတစ်ခုရှာပြီး ထွက်သွားလိုက်ပါ…. ရှင်က အရမ်းကောင်းတဲ့အတွက် ဝမ်မိသားစုနဲ့ မထိုက်တန်ဘူး…’’
သူမ သည် အရှေ့မှ အလွန်စွမ်းအားကြီးသော၊ အံ့အားသင့်ဖွယ်ကောင်းသည့်ကိုယ်ယောင်ကိုယ်ဝါရှိသော၊ တည်ငြိမ်သော အမျိုးသားလေးကို လေးလေးနက်နက်ဖြင့်ကြည့်ရင်း ဘယ်အရာမှ သူ့ကိုမဖျက်စီးနိုင်ဘူးဟု တွေးလိုက်မိသည်။
သူသည် ဝမ်မိသားစုထဲတွင် ပုန်းအောင်းနေပြီး သူတို့အားလုံးကို အေးစက်သောမျက်ဝန်းဖြင့် အောက်သို့ ဆွဲချပေလိမ့်မည်။
သို့သော် ချီကျန်းကျန်း တွေးလိုက်မိသည်က ဝမ်ယွီအနေဖြင့် ဝမ်မိသားစုကို ဖျက်ဆီးသင့်သည် ဟူ၍ပင်….
အဘယ့်ကြောင့်ဆိုသော် ဝမ်အိမ်တွင်နေရသည့်အချိန်တိုင်း သူ့အတွက်ပျော်ရွှင်မှုဆိုသည်မှာ မရှိပေ။
သူ မပျော်ရွှင်ခဲ့ရသည့် တစ်သက်တာလုံးကို ဝမ်မိသားစု၏ကျဆုံးခြင်းနှင့်လဲလှယ်ရသည်မှာ မတန်ဘူးဟု သူမ ခံစားမိသည်။
မပျော်ရွှင်မှုများနှင့် နေသားကျနေသည့် ဝမ်ယွီအနေဖြင့် ထိုသို့လုပ်ဆောင်သည်မှာ သံသယဖြစ်စရာမလိုပေ။
ထို့ကြောင့် တစ်နှစ်လုံးပုန်းနေရသည့် တစ်နှစ်လုံးခံစားခဲ့ရသည့် မပျော်ရွှင်မှုများကို ခံနိုင်ခဲ့သည်။ သို့သော်လည်း အဲ့ဒါက တကယ်ကိုမတန်ပေ… ဝမ်မိသားစုအတွက် မထိုက်တန်ပေ။
ဘာကြောင့် ဒီလိုစကားမျိုး ဝမ်ယွီကိုပြောဖို့အတွက် ပြန်ပြေးလာခဲ့ရသည်ကို ချီကျန်းကျန်း မသိတော့ပေ။ ဒါမှမဟုတ် သူမတို့လတ်တလော ပြောခဲ့သည့်စကားများနှင့် သူမနှလုံးသားထဲကထွက်ပေါ်လာသည့် ချဉ်တူးနေသည့် ခံစားချက်များကြောင့်ပင် ဖြစ်ပေလိမ့်မည်။
သူမ သူ့ကို အခုပြောချင်သည့်အရာကတော့ ‘’ ရှင်က အရမ်းကောင်းပါတယ်… ဝမ်မိသားစုနဲ့ မထိုက်တန်ဘူး’’
ဝမ်ယွီ ခဏရပ်တန့်သွားကာ သူမကို တည့်တည့်ကြည့်လိုက်မိသည်။
ချီကျန်းကျန်းသည် လှပသည်။ သို့သော်လည်း အတိတ်တုန်းက သူမကို ဝမ်ယု လုံးဝ ဂရုမစိုက်မိခဲ့ချေ။ ကားအက်စီးဒင့်ဖြစ်ပြီးနောက်ပိုင်း သူ သူမကို စတင်ကြည့်ခဲ့မိပြီးနောက် သူမ ဘယ်လိုပုံလဲဆိုတာကို သတိထားမိလာသည်။ သို့သော် ဒီအချိန်ခဏလေးလောက်တော့ မကောင်းခဲ့ပေ။
ပြေးလာရသည့်အတွက် သူမ ဆံပင်များ အနည်းငယ် ရှုပ်ပွနေကာ နှုတ်ခမ်းများသည် အနည်းငယ်ဖြူနေပြီး မည်သည့်မိတ်ကပ်မှ မလိမ်းထားသည့်ပါးနှစ်ဖက်မှာ အနည်းငယ်နီရဲနေသည်။ ကောင်းကင်သည် အနည်းငယ်မှောင်နေပြီး သူမ မျက်နှာသည် ညနေခင်းနေရောင်အောက်တွင် လင်းလက်နေသည်။
သို့သော်လည်း သူမသည် သူတွေ့ဖူးသမျှအရာအားလုံးထက် သူမက ပိုကြည့်ကောင်းနေသည်ဟု ဝမ်ယွီ ခံစားလိုက်မိသည်။ ထိုခဏအတွင်းမှာပင် သူက လေသံတိုးလေးဖြင့် တုန့်ပြန်လိုက်မိသည်။
‘’ ကိုယ်သိပါပြီ"