Part 38
‘’ကျန်းကျန်း ထွက်သွားတုန်းက ဖုန်းယူသွားတယ်ထင်တယ်… ကျိုးချန် … သား သူ့ဖုန်းနံပါတ်သိလား…’’ တင်းရိကျွင်း အခန်းထဲတွင် လှည့်ပတ်လျောက်ရင်း စိုးရိမ်စွာဖြင့်ပြောလိုက်သည်။
ချီကျိုးချန် ရှုပ်ထွေးသည့်အမူအယာဖြင့် ခေါင်းယမ်းပြလိုက်သည်။
တင်းရိကျွင်း ဆက်လျောက်နေရင်း အပြင်ဘက်သို့ လှမ်းကြည့်နေသည့်အတွက် ချီယန်မှ လက်ကိုယမ်းကာ စိတ်ရှုပ်သည့်လေသံဖြင့် ‘’ ကောင်းပြီ… လမ်းပတ်လျောက်နေတာ ရပ်လိုက်တော့… ညနေပြန်လာမယ်လို့ ပြောသွားတယ်မဟုတ်လား… အချိန်တန်ရင် ပြန်လာမှာပေါ့…’’
တင်းရိကျွင်းက ချီယန်ကို မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။ ‘’ ဘယ်လိုလုပ်ပြီး ရှင်က စိတ်မပူပဲနေရတာလဲ… ကျန်းကျန်းမှာ သူငယ်ချင်းက သိပ်ရှိတာမဟုတ်ဘူး… ဘယ်ကိုသွားနိုင်မှာလဲ…. ကားအက်စီးဒင့်ဖြစ်ပြီးကတည်းက သူမ အတော်လေးပြောင်းလဲသွားတယ်… ကျွန်မ တကယ်စိတ်ပူနေပြီ’’
ချီယန် သက်ပြင်းချလိုက်ရင်း သူ့မျက်ဝန်းထဲတွင်လည်း စိုးရိမ်မှုများ ဖြစ်ပေါ်လာသည်။
‘’ ဘာပဲဖြစ်ဖြစ်… ကျွန်မ သူ့ကိုဒီနေ့ စိတ်ဆိုးလိုက်မိတယ်…’’ တင်းရိကျွင်း သူမအမှားကို သိသွားခဲ့ပြီဖြစ်သည်။
ချီယန်လည်း ထိုအဖြစ်အပျက်ကိုသိသွားပြီးဖြစ်ကာ တင်းရိကျွင်းနှင့် ချီကျိုးချန်လောက်တော့ မဆိုးရွားသေးပေ။ သူ အနည်းငယ်စိတ်ပျက်သွားသည်က သူ့ဇနီးဖြစ်သူသည် ဒီနှစ်တွေမှာ မကြီးပြင်းလာခြင်းကိုဖြစ်သည်။
ချီယန်က ‘’ ဒီတစ်ခေါက် မင်းရဲ့အမှားဆိုတော့ ကျန်းကျန်းပြန်လာရင် သူမရဲ့ စေ့စပ်ထားသူက ဝမ်ရိရန်မဟုတ်ဘဲ ဝမ်ယွီဆိုတာ သေသေချာချာ အေးအေးဆေးဆေး ပြောမှဖြစ်မယ်…ကျန်းကျန်းက အရင်ကတည်းက ဆုံးရှုံးမှုကို ခံစားနေရပြီးပါပြီ’’
ချီယန် ခဏနားပြီးနောက် ဆက်ပြောလိုက်သည်။ ‘’ ပြီးတော့ အန်းချင်ယုက မင်းရဲ့တူမ ဖြစ်ပေမဲ့ ကျန်းကျန်းကလဲ မင်းရဲ့သမီးပဲ… အဲ့ဒီတော့ အန်းချင်ယုကို ဒီရက်ပိုင်းအတွင်း သူမ မိသားစုဖြစ်တဲ့ တင်းမိသားစုနဲ့အန်းမိသားစုဆီကို ပြန်ခိုင်းလိုက်တော့… ပြီးတော့ ကျန်းကျန်း မပျော်အောင် ဒီကို ခဏခဏမလာခိုင်းနဲ့’’
‘’အာ… ဟုတ်ပါပြီ’’ တင်းရိကျွင်း ခေါင်းငြိမ့်လိုက်သည်။
‘’ ဒါပေမယ့် အခုလိုတွေဖြစ်နေမှတော့ မင်းနဲ့ကျိုးချန်က အန်းချင်ယုကို သီးသန့်ဆက်ဆံရေးတစ်ခုအနေနဲ့ ဆက်ဆံသင့်တယ်… ဒါမှအနာဂါတ်မှာ သူမက ဝမ်ရိရန်နဲ့လက်ထပ်လိုက်ရင် ငါတို့အိမ်အတွက် ကောင်းတဲ့အရာတွေရနိုင်လိမ့်မယ်…’’
ချီယန်သည် စီးပွားရေးသမားတစ်ယောက်ဖြစ်သည့်အတွက် သူ၏အကျိုးစီးပွားကို အမြဲထည့်သွင်းစဉ်းစားတတ်သူဖြစ်သည်။
တင်းရိကျွင်း ခေါင်းငြိမ့်ပြလိုက်သလို ချီကျိုးချန်သည် အတွေးအနည်းငယ်ပျက်သွားသော်လည်း ဘာမှတော့ပြန်မပြောပေ။
ထိုအချိန်တွင် အပြင်မှခြေသံကိုကြားလိုက်ရသည့်အတွက် သူတို့အားလုံး အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် တင်းရိကျွင်းက အပြုံးမျက်နှာဖြင့် ‘’ ကျန်းကျန်း…’’
သို့သော် အပြင်မှဝင်လာသူမှာ အန်းချင်ယု ဖြစ်နေသဖြင့် တင်းရိကျွင်း အေးခဲသွားကာ ချီယန်နှင့်ချီကျိုးချန်တို့၏ မျက်နှာအမူအယာများသည် တမျိုးတမည်ဖြစ်သွားသည်။ ထိုခံစားချက်သည် ဝိုင်းကြိုဆိုကြသည့် ခံစားချက်တော့မဟုတ်ပေ။
ချီအိမ်တံခါးမှ ဖြတ်လျောက်လာသည့် အန်းချင်ယုသည် ထိုအချင်းအရာအားလုံးကိုမြင်တွေ့လိုက်ရပြီး သူမ မျက်ဝန်းထဲတွင် အမှောင်ရိပ်တစ်ခုဖြတ်သန်းသွားသည်။ အရာအားလုံးက ပြောင်းလဲသွားတာပဲ…..
ချီကျန်းကျန်း ပြောင်းလဲသွားသည်… ဝမ်စီစီ ပြောင်းလဲသွားသည်… ချီမိသားစုလည်း ပြောင်းလဲသွားသည်။ ဝမ်ရိရန်တောင်မှ ပြောင်းလဲသွားနိုင်သည်။
‘’ အန်တီ… အန်ကယ်… ကျိုးချန်..’’’ သူမ ခါတိုင်းကဲ့သို့ နှုတ်ဆက်လိုက်သည်။
ချီယန်မှ သူမကိုတုန့်ပြန်လိုက်သည်က ‘’ အင်း… ‘’ တစ်လုံးတည်းသာဖြစ်သည်။ ချီကျိုးချန်ကတော့ ဘာမှ ပြန်မပြောပေ။ တင်းရိကျွင်းမျက်ဝန်းထဲတွင် စိတ်ပျက်မှုအနည်းငယ်ပါဝင်နေပြီး နူးညံ့စွာဖြင့် ‘’ ချင်ယု… ဒီကို ဘာလာလုပ်တာလဲ…’’
အန်းချင်ယု လက်ကို တင်းတင်းဆုပ်လိုက်မိသည်။
အရင်တုန်းကဆိုလျင် ချီအိမ်ကိုဝင်လာရသည်မှာ သာမန်ကဲ့သို့ပင်ဖြစ်ပြီး တင်းရိကျွင်းသည် သူမအပေါ်တွင် အပြုံးလေးနှင့်အမြဲကြိုဆိုနေတတ်ကာ ယခုလိုမေးခွန်းမျိုးကို ဘယ်တုန်းကမှ မမေးဖူးပေ….
တကယ်လို့ သူတို့အားလုံးက သူမကို ဒီအိမ်ကို မလာစေချင်တော့ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ…
အန်းချင်ယု ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည့်လက်များမှ နာကျင်မှုကို သူမ ခံစားလိုက်မိသည်။ ထို့နောက် သူမမျက်နှာပေါ်တွင် အပြုံးတစ်ခုကိုဆင်မြန်းကာ နူးညံ့သည့်လေသံဖြင့် ‘’ သမီး အစ်မကျန်းကျန်းကို တွေ့ချင်လို့ပါ… သူမ ပြန်လာပြီလား…’’
တိတ်ဆိတ်မှုက အခန်းထဲတွင် ပြည့်နှက်သွားသည်။ ခဏကြာပြီးနောက် ချီယန်က ‘’ သူမ ပြန်မလာသေးဘူး…’’
တင်းရိကျွင်းက အပြုံးမမည်သော အပြုံးတစ်ခုကို ဆင်မြန်းရင်း ‘’ သူမက ကလေးစိတ်ပဲရှိသေးတာ ချင်ယုရေ… အဲ့ဒီတော့ သူမနဲ့ကပ်သပ်မနေနဲ့တော့နော်… သမီး သူမနဲ့ ခဏလောက် မတွေ့သင့်ဘူးလို့ အန်တီထင်တယ်’’
သူမ ဒီနေ့မနက်လေးတင် အန်းချင်ယုကြောင့် ကျန်းကျန်းကို အိမ်ကထွက်သွားအောင် လုပ်လိုက်မိထားသည့်အတွက် ဘယ်လိုလုပ်ပြီး ကျန်းကျန်းနဲ့ အန်းချင်ယုကို တွေ့အောင် လုပ်နိုင်မှာလဲ…
အားလုံး၏စိတ်ခံစားချက်များကို သဘောပေါက်လိုက်သည့် အန်းချင်ယုတစ်ယောက် မျက်ဝန်းထဲတွင် အထီးကျန်မှုများပြည့်နှက်လာပြီး သူမခေါင်းကို အနည်းငယ်ငုံ့ချလိုက်မိသည်။
တင်းရိကျွင်း သူမကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသွားသော်လည်း ဒီနေ့ ကျန်းကျန်းစကားများကို သူမ ပြန်ကြားယောင်လာမိသည်။ ‘ ဘာလို့များ သမီးကို အမေ့ရဲ့သမီးလို့ မတွေးပေးတာလဲ…’
တင်းရိကျွင်း သူမ နှလုံးသားကချက်ချင်းပင် သမီးဖြစ်သူဆီသို့လှည့်သွားမိသည့်အတွက် အံကြိတ်လိုက်ရင်း အန်းချင်ယုကို နှစ်သိမ့်မှုပေးသည့်အပြုအမူကို မလုပ်ပေးတော့ပေ။
အန်းချင်ယု နှလုံးသားထဲမှ အချက်ပေးမြည်သံနှင့်အတူ ဝမ်းနည်းမှု မကျေနပ်မှုများကို သည်းခံလိုက်ရင်း ခေါင်းကိုမော့ကာ နူးညံ့စွာဖြင့် ‘’ သမီးက ကျန်းကျန်းကိုတွေ့ချင်ယုံပါ… အဲ့ဒါမှ သူ့ဒေါသတွေကိုသမီးပေါ်မှာ ဖြေဖျောက်နိုင်ပြီး အနာဂါတ်မှာ ဝမ်မိသားစုဝင်တွေအပေါ်ကို အနှောက်အယှက်မပေးတော့မှာလေ…’’
‘’ဘာဖြစ်လို့လဲ… ဘာတွေဖြစ်သွားလို့လဲ..’’ တင်းရိကျွင်း အလောတကြီးမေးလိုက်သည်။
ချီယန် မျက်မှောင်ကြုတ်လျက် အန်းချင်ယုကို လှမ်းကြည့်လိုက်သည်။
‘’ အစ်မ ကျန်းကျန်းက ဒီနေ့ဝမ်အိမ်ကိုသွားပြီး ဝမ်စီစီကို ခေါ်ထုတ်သွားတယ်.. ပြီးတော့ ဘာတွေဆက်ဖြစ်လဲ သမီးမသိဘူး… နောက်တော့ အကိုရိရန်က စီစီကို ဆေးရုံခေါ်သွားတယ်… နောက်တော့ အကိုရိရန်က အရမ်းစိတ်ဆိုးနေတယ်…’’ အန်းချင်ယု သူမ ခေါင်းကိုငုံ့လိုက်သည်။ သူမ အသံသည် သိပ်မကျယ်သော်လည်း အားလုံးကြားဖို့အတွက် လုံလောက်လေသည်။
ချီယန်မျက်နှာသည် ချက်ချင်းပင် အရုပ်ဆိုးသွားပြီး တင်းရိကျွင်းသည်လည်း အံ့အားသင့်သွားသည်။
ချီယန်က ‘’ ဘာတွေဖြစ်သွားတာလဲ… ကျန်းကျန်းက ဝမ်စီစီကို ဒုက္ခပေးလိုက်တာလား…’’
သူ၏တုန့်ပြန်မှုသည် ပုံမှန်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဝမ်စီစီနှင့် ချီကျန်းကျန်းတို့နှစ်ယောက် လုံးဝမတည့်သည်ကို သူတို့အားလုံး အသိဖြစ်သည်။
အန်းချင်ယု ခေါင်းကိုယမ်းကာ ‘’ ဘာတွေဖြစ်ခဲ့လဲဆိုတာ သမီးမသိဘူး… စီစီက အရမ်းစိတ်ဆိုးနေပြီး သမီးမေးတာကိုလဲ မဖြေဘူး… အန်တီ… အန်ကယ်… တကယ်လို့ ကျန်းကျန်းကသမီးကို သဘောမကျဘူးဆိုရင် သမီးသူ့ရှေ့မှာ မပေါ်လာတော့ပါဘူး… တကယ်လို့ သူမ သမီးကိုတကယ်မုန်းတယ်ဆိုရင် သမီးဆီလာလို့ရပါတယ်… ဒါပေမယ့် ကျန်းကျန်းက အခုလိုမျိုးတွေဆက်လုပ်နေမယ်ဆိုရင် ပြဿနာအကြီးကြီး တက်မှာကို သမီးစိုးရိမ်မိတယ်…’’
သူမ အလွန်စိုးရိမ်နေပုံပေါ်ပြီး သူမဘက်က လိမ်ပြောနေတာမဟုတ်ဘူးဟု တွေးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် သူမက အမှန်အတိုင်းပြောလိုက်တာပဲဖြစ်သည်။ အချက်အလက်တစ်ချို့ကိုတော့ ဖုံးကွယ်ထားပေမယ့်လဲပေါ့လေ…
တင်းရိကျွင်း မျက်မှောင်ကြုတ်ရင်း သက်ပြင်းချလိုက်ကာ ‘’ ကျန်းကျန်းက ဘာလို့ ဒိလောက်တောင် မရင့်ကျက်ရသေးတာလဲ…’’
ချီကျန်းကျန်းက ဒီလိုမျိုးလုပ်နေတတ်ပုံပင်…
ဝမ်စီစီသည် အမှန်တကယ်ပင် ဆေးရုံတွင်ရှိနေပြီး ချီကျန်းကျန်းမှ ဝမ်စီစီကို အပြင်ထွက်ဖို့ခေါ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထိုအရာများကို အန်းချင်ယု မလိမ်ပေ။ ထို့ကြောင် ချီကျန်းကျန်းက သူမ ဒေါသများကို ဝမ်စီစီအပေါ်ပုံချလိုက်ပေမည်။ ထို့ကြောင့် တခြားတယောက်ကို ဆေးရုံသို့ရောက်သွားစေသည်။
ချီယန်နှင့် တင်းရိကျွင်းမျက်နှာများ အတော်လေးအဆင်မပြေ ဖြစ်နေသည်။
ထိုအချိန်တွင် ချီကျန်းကျန်းမှာ အချိန်ကိုက်ပြန်ရောက်လာသည်။
ချီအိမ်သို့ခြေချလိုက်သည်နှင့် ချီယန်က မာထန်နေသည့်မျက်နှာဖြင့် ‘’ နင် ဒီနေ့ဝမ်စီစီကို ဒုက္ခပေးပြီး ဆေးရုံရောက်အောင် လုပ်လိုက်တာလား…’’
ချီကျန်းကျန်းမျက်ဝန်းများ အန်းချင်ယုဆီသို့ ဖြတ်သန်းသွားပြီး သူမအတွေးထဲတွင် သံသယများဖြစ်ပေါ်လာသည်။
သူမ နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။ ထိုခံစားချက်က သူမ အိမ်ကို ပို၍ ပြန်မလာချင်ဖြစ်မိသည်။
ဝမ်ယွီနှင့်ရရှိခဲ့သည့် ခံစားချက်ကောင်းလေးများသည် ချက်ချင်းပင်ပျောက်ကွယ်သွားကာ သူမ မျက်နှာသည် အေးစက်မှုသို့ပြောင်းလဲသွားပြီး ‘’ အဲ့ဒီတော့…’’
‘’ဘမ်း’’ ချီယန်မျက်နှာတွင် ဒေါသအပြည့်ဖြစ်နေပြီး ခွက်တစ်ခု ကြမ်းခင်းပေါ်သို့ ကျကွဲသံထွက်ပေါ်လာသည်။
‘’စိတ်လျော့ .. စိတ်လျော့.. စိတ်မဆိုးနဲ့… ဖြေးဖြေးပြော…’’ ဘေးနားရှိ တင်းရိကျွင်းက ချီယန်လက်ကိုဆွဲရင်းပြောလိုက်သည်။
တင်းရိကျွင်း ချီကျန်းကျန်းကို စိတ်မချမ်းမြေ့စွာဖြင့် ကြည့်လိုက်ရင်း ‘’ ကျန်းကျန်း… ဘာလို့ဒီလောက်တောင် မိုက်မဲရတာလဲ… အခုက ချီမိသားစုနဲ့ ဝမ်မိသားစု တို့ စုစုစည်းစည်းရှိရမယ့်အချိန်လေ… သမီးက ဘယ်လိုလုပ်ပြီး ဝမ်စီစီကို ဆေးရုံရောက်အောင် လုပ်လိုက်ရတာလဲ… သူတို့က ဝမ်ရိရန်နဲ့ပတ်သတ်တဲ့ ကောလဟာလကို မသိချင်ယောင်ဆောင်ပေးခဲ့ပြီးပြီကို ဘယ်လိုလုပ်ပြီးတောများ နောက်ထပ် ပြဿနာရှာနေရတာလဲ…’’စွပ်စွဲမှုများပြည့်နှက်နေသည့် မျက်လုံးအစုံနှင့် တင်းရိကျွင်းပြောလိုက်သည်။
ချီကျန်းကျန်း ထိုနေရာတွင်ရပ်နေရင်း သူမ အရှေ့ရှိလူများကို အေးစက်စွာဖြင့်ကြည့်လိုက်မိကာ တစိမ်းတစ်ယောက်လို့ ခံစားလိုက်ရသည်။
"ကျွန်မက ရှင်တို့သမီးရောဟုတ်ရဲ့လား..."
‘’ နင် ကိုယ့်အမေကို ဘယ်လိုပြန်ပြောလိုက်တာလဲ… နင် က အသက်ကြီးလာလေလေ သင်ရပိုခက်လာလေလေပဲ… နင်က ပြဿနာရှာဖို့လောက်ပဲသိတယ်… ငါ နင့်ကို သင်ခန်းစာပေးမှဖြစ်တော့မယ်’’ ချီယန် ဒေါသထွက်လာကာ သူမကို လက်ညှိုးထိုး၍ ပြောလိုက်တော့သည်။
သူ့ဘေးရှိ ချီကျိုးချန်သည် လက်သီးဆုပ်ကာ မျက်မှောင်ကြုတ်နေရင်း ချီကျန်းကျန်းကို ကြည့်နေသည်။ ထို့နောက်
‘’ အဖေနဲ့ အမေ… ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမကို အရင်ပေးပြောလိုက်ပါ… အရမ်းကြီး အလျင်မလိုပါနဲ့…’’ ချီကျိုးချန် မတ်တပ်ရပ်လိုက်ပြီး ရှုပ်ထွေးသည့်အကြည့်များဖြင့် ချီကျန်းကျန်းကိုကြည့်ကာ ပြောလိုက်သည်။
ချီကျန်းကျန်း နှာခေါင်းရှုံလိုက်ပြီး ‘’ နင်က ငါ့ကို ဘာပြောစေချင်လို့လဲ… အန်းချင်ယုဆီကနေ အကုန်သိပြီးပြီ မဟုတ်ဘူးလား… ငါက ဝမ်စီစီကို ဆေးရုံရောက်အောင် ဒုက္ခပေးလိုက်တယ်လို့ သိပြီးပြီမဟုတ်လား… ငါဘာထပ်ပြောဖို့ လိုသေးလို့လဲ…’’
သူမ ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး သူတို့အားလုံးကို ခံစားချက်မရှိသည့် တစိမ်းများကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
ထိုအကြည့်သည် ချီယန်နှင့် တင်းရိကျွင်းကို ပို၍ဒေါသထွက်သွားစေသည်။
‘ဒါ ဘယ်လို တုန့်ပြန်မှုလဲ… သူတို့ကို မိဘတွေလို့ မသတ်မှတ်တော့ဘဲ သူတို့ဆုံးမတာကို မနာခံဘူးဆိုတဲ့ သဘောလား…’
‘’ငါ့ကို ပေတံပေးစမ်း…’’ ချီယန် ဒေါသထွက်လွန်း၍ မျက်နှာမှာ အနီရောင်သို့ပြောင်းနေပြီဖြစ်ကာ ပေတံလိုက်ရှာတော့သည်။
ထိုပေတံသည် ပုံမှန်အားဖြင့် ချီကျန်းကျန်းနှင့် ချီကျိုးချန် ငယ်စဉ်အခါက စကားနားမထောင်သည့်အချိန်တွင် ရိုက်သည့်ပေတံဖြစ်သည်။
ချီကျန်းကျန်း ကြီးပြင်းလာချိန်မှစ၍ သူမ ပေတံဖြင့် အရိုက်မခံရတော့ပေ။
ချီကျန်းကျန်း ထိုနေရာတွင်ရပ်နေပြီး လုံးဝမလှုပ်ပေ။ သူမသည် တစ်ခါတစ်ရံတွင် နွားတစ်ကောင်ကဲ့သို့ ခေါင်းမာတတ်သည်။ သူမကို မယုံကြည်သည့်သူများကို သူမ ဘာမှ ပြန်ရှင်းမပြချင်ပေ။ ထို့ကြောင့် သူမသည် အေးစက်စက်နေကာ သူတို့နှင့်ခပ်ခွာခွာနေရုံကလွဲ၍ တခြားမရှိတော့ချေ။
‘’ချီကျန်းကျန်း… အထုတ်တွေထုတ်ပြီးပြီလား…’’ တံခါးဝမှ ထက်မြက်သောအမျိုးသားတစ်ယောက်အသံ ထွက်ပေါ်လာသည်။
ချီမိသားစုနှင့် ချီကျန်းကျန်း တို တပြိုင်တည်းမှာပင် ရပ်တန့်သွားကာ လှမ်းကြည့်လိုက်ကြသည်။
ကိုယ်ယောင်ကိုယ်ဝါအပြည့်ဖြင့် ဝမ်ယွီသည် ရှပ်အကျီကိုဝတ်ဆင်ထားကာ လက်ပေါ်တွင် ဂျက်ကက်ကိုချိတ်ထားပြီး ဖြေးငြင်းစွာနှင့် အပြင်မှအထဲသို့ လျောက်လာသည်။
သူသည် သူမဆီသို့လျောက်လာပြီး ခေါင်းငုံ့ကြည့်ကာ နူးညံ့စွာဖြင့် မေးလိုက်သည်။ ‘’ ကိုယ့်နေရာမှာ လိုက်နေမယ်လို့ မင်းပြောခဲ့တာမဟုတ်လား… ဘာလို့ အထုတ်တွေ သွားမယူသေးတာလဲ…’’
ချီကျန်းကျန်း အေးခဲသွားကာ လေသံနိမ့်ဖြင့် ‘’ ရှင် ကျွန်မကို လာနောက်နေတာလား…’’
ဝမ်ယွီ ရုတ်တရက်ပင် သူမလက်များကိုဆုပ်ကိုင်လိုက်ကာ လေသံနိမ်ဖြင့် တိကျစွာပြောလိုက်သည်။
‘’ အစကတော့ နောက်လိုက်တာပဲ… အခု မဟုတ်တော့ဘူး…’’