အပိုင်း၆၈
Viewers 6k

🥰 Chapter 68 ✅


ယောင်ကျိကျိုးသည် မင်လျိုရီကသူ့ကို ဝန်ပေါ့အောင်ကူညီပေးနေကြောင်းသိသည်။ အောက်ထပ်မှ အိမ်အကူများ၏ တီးတိုးပြောစကားများအရ လတ်တလောတွင် အိမ်ရှိလူအားလုံးသည်ခက်ခဲသည့်အချိန်များ ကျော်ဖြတ်ခဲ့ရပုံပင်။ အဓိကစံအိမ်မှ လူ ဒါမှမဟုတ် ယောင်ကျိရန်သည် ပြဿနာလာရှာခဲ့ပြီး မင်လျိုရီအား ရိုက်နှက်သွားခဲ့သည်။ 


ယောင်ကျိကျိုးက အေးစက်စွာ ပြောလိုက်သည်။


"အဆင်ပြေတယ်ဆို ဘာလို့အရိုက်ခံလာရတာလဲ"


မင်လျိုရီသည် ပြောစရာစကားမဲ့သွားပြီး ယောင်ကျိရန်အကြောင်း ပြောပြရမလားလဲ မသိတော့ပေ။ မူလဝတ္ထုထဲတွင် ယောင်ကျိရန်နှင့်ယောင်ကျိကျိုးသည် ပဋိပက္ခမဖြစ်ခဲ့သလို ယောင်ကျိရန်သည် ယောင်ကျိကျိုးအပေါ်အလွန် ဂရုစိုက်ပေးခဲ့သည်။ မင်လျိုရီ စဥ်းစားပြီးနောက် သူမသိသည့်အရာအားလုံးကို ပြောပြရန်ဆုံးဖြတ်လိုက်သည်။ ယုံတာမယုံတာကတော့ ယောင်ကျိကျိုးအပိုင်းပင်။ 


"ကျွန်မပြောပြပါ့မယ်...ယုံတာမယုံတာကတော့ ရှင့်အပေါ်ပဲမူတည်တယ်... ဒါပေမဲ့ ရှင့်ဒေါသတွေကို ကျွန်မအပေါ်တော့ မပုံချရဘူးနော်" 


ယောင်ကျိကျိုး ခေါင်းငြိမ့်ပြလိုက်သည်။ မင်လျိုရီသည် နစ်နာသူဖြစ်နေသောကြောင့် သူမကိုဒေါသဘယ်ထွက်ရက်ပါ့မလဲ။ ထိုစဥ် မင်လျိုရီသည် သူများအတင်းပြောနေရသည်ဟု ခံစားလာရသည်။ သူမက အမှန်ကိုပြောနေခြင်းဖြစ်သော်လည်း စိုးရိမ်မိသောကြောင့် တံခါးပိတ်ရန်ထသွားတော့သည်။ 


ယောင်ကျိကျိုးသည် မင်လျိုရီ၏ခြေသံအားကြားလိုက်ရပြီး နူးညံ့သောခန္ဓာကိုယ်တစ်ခု သူ့အနားသို့မှီတွယ်လာသည်ကို ခံစားလိုက်ရသည်...


မင်လျိုရီသည် တံခါးပိတ်ပြီးနောက် ဆိုဖာပေါ်တွင်မထိုင်တော့ဘဲ ကုတင်ပေါ်တက်ကာ ယောင်ကျိကျိုးကို မှီလိုက်သည်။ 


ကုတင်ပေါ်မှပြုတ်ကျသွားမှာစိုး၍ သူမကသူအားကျောမှီထားခြင်းဖြစ်မည်။ ယောင်ကျိကျိုးသည် မင်လျိုရီနှင့် နီးနီးကပ်ကပ်နေရသည်ကို အသားမကျသည့်အတွက် တွန်းဖယ်ရန်လက်ဆန့်ထုတ်လိုက်ပြီး အကွာအဝေးအနည်းငယ်ခြားလိုက်သည်။ 


ယောင်ကျိကျိုးက စိတ်မဝင်စားစွာ ပြောလိုက်သည်။ 


"ပြောစရာရှိတာပြော ဘာလို့အနားကပ်လာတာလဲ" 


ထိုကဲ့သို့ပြောလိုက်သော်လည်း ယောင်ကျိကျိုး၏ ခန္ဓာကိုယ်သည် မင်လျိုရီနှင့်အကျွမ်းတဝင်ရှိနေခဲ့သည်။ သူသည် ပထမက မင်လျိုရီအားတွန်းဖယ်ချင်ခဲ့သော်လည်း ရုတ်တရက်ကြီး သူမအား လှမ်းဖက်မိသွားကာ ပြုတ်မကျအောင် ထိန်းပေးမိသွားခဲ့သည်။ 


မင်လျိုရီက များများစားစားမစဥ်းစားဘဲ ယောင်ကျိကျိုး၏ အနားသို့ကပ်ကာ တိုးတိုးပြောလိုက်သည်။ 


"ယောင်ကျိရန်က ရှင့်ကိုသတ်ဖို့ကြိုးစားနေတာ ကျွန်မကို နွားနို့ထဲအဆိပ်ခက်ဖို့တောင် ဖိအားပေးခဲ့သေးတယ်" 


ထိုအမျိုးသမီး၏ နွေးထွေးသည့်လေငွေ့သည် ယောင်ကျိကျိုး၏ နားထဲသို့စီးဆင်းသွားပြီး ယောင်ကျိကျိုး၏နားရွက်များ ရဲလာတော့သည်။ မင်လျိုရီသည် ထိုအချင်းအရာကိုမြင်ပြီး ယောင်ကျိကျိုး၏ဒေါသကြောင့်ဖြစ်မည်ဟု ထင်သွားသည်။ထို့ကြောင့် သူမလက်ကိုဆန့်ကာ သူ၏နားရွက်များပေါ် ဖိကပ်လိုက်သည်။ မင်လျိုရီသည် သူတစ်ပါးအား အလွန်နားလည်ပေးတတ်လေသည်။ မည်သူမဆို ကိုယ့်ရဲ့ညီအရင်းက ကိုယ့်ကိုသတ်ချင်နေတာကိုသိလျှင် ဒေါသထွက်သွားမည်ကို သိသောကြောင့် ယောင်ကျိကျိုးအား နှစ်သိမ့်ပေးလိုက်သည်။ 


"စိတ်မဆိုးပါနဲ့ ကျွန်မက တိုက်ဟန်ပဲဆောင်ခဲ့တာပါ ရှင်မမြိုချမိသွားအောင် ကျွန်မဘာသာဘဲ နွားနို့တွေကို စုပ်လိုက်တာရယ်...တစ်စက်လေးတောင် မဝင်သွားပါဘူးနော်" 


ယောင်ကျိကျိုးကြားတော့ သူတို့နှစ်ဦးနမ်းနေသည့် ပုံရိပ်က အတွေးထဲတွင် ပြန်ပေါ်လာခဲ့သည်။ သူက နေရက်ခက်စွာနှင့် တံတွေးမြိုချမိသွားပြီး မင်လျိုရီလဲ ပြောနေစဥ် တံတွေးမြိုချမိသွားတော့သည်။ ယောင်ကျိကျိုးက ချက်ချင်းပဲ အဓိကအချက်ကို ဖမ်းဆုပ်မိသွားသည်။ "စုပ်" ပေးလိုက်တာက ကောင်းပါတယ် သို့သော် အနာဂတ်တွင် ထိုသို့သော အခွင့်အရေးအား ထပ်ရနိုင်မလားဆိုတာ မသိနိုင်ပေ။ 


ယောင်ကျိကျိုးက ချက်ချင်းပဲ ပြောလိုက်သည်။ 


"ငါသောက်နေတဲ့ပုံစံဖြစ်အောင် ဘယ်လိုမျိုးလုပ်လိုက်တာလဲ" 


မင်လျိုရီ၏မျက်နှာတွင် မေးခွန်းများဖြင့်ပြည့်နှက်သွားတော့သည်။ 


'အဲဒါကို မေးဖို့လိုလို့လား...ငါဘယ်လိုလုပ်ခဲ့လဲဆိုတာကို ပြန်ပြီးသရုပ်ဖော်ပြရဦးမှာလား...သူ့ကိုအသားယူတယ်များ ထင်နေလားမသိဘူး' 


ထိုအချိန်တုန်းက မင်လျိုရီတွင် ရွေးချယ်စရာမရှိပေ။ သူမကအဆိပ်ပါသည့်နွားနို့ကို ယောင်ကျိကျိုးသောက်နေတာကို ဒီအတိုင်းကြည့်မနေနိုင်ခဲ့ချေ။ 


သူမက ယောင်ကျိကျိုးကို ကြည့်ပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။ 


"ကျ-ကျွန်မက ဒီအတိုင်းပဲလုပ်လိုက်တာ အ-အသေးစိတ်ကိုတော့ မသိချင်ပါနဲ့" 


ထိုသို့ပြောနေစဥ်အတွင်း မင်လျိုရီ၏ခန္ဓာကိုယ်အပူချိန်သည် မြင့်တက်လာသောကြောင့် သူမလက်ကလေးအားထုတ်ကာ ယပ်ခတ်လိုက်ပြီး အကွာအဝေးအနည်းငယ်ခြားလိုက်သည်။ သို့သော် သူမကိုယ်သူမ ကုတင်အစွန်းတွင်ရှိနေကြောင်း မေ့သွားခဲ့ပြီး ဟန်ချက်ပျက်ကာ ကြမ်းခင်းနှင့်မျက်နှာ မိတ်ဆက်မလိုဖြစ်သွားချိန်တွင် လက်တစ်ဖက်က သူမခါးအား ထိန်းဖက်လာခဲ့သည်။


သူက လက်တွင်အားထည့်ပြီး မင်လျိုရီအားအိပ်ရာပေါ်သို့ ပြန်ဆွဲတင်လိုက်သည်။ သူမသည် ယောင်ကျိကျိုး​၏ နွေးထွေးစွာပွေ့ဖက်မှုအောက်သို့ရောက်ရှိသွားပြီး ဘာမှမတုန့်ပြန်နိုင်ခင်မှာပဲ ယောင်ကျိကျိုးက သူမဂုတ်ပိုးအားဆုပ်ကိုင်လာသည်။ သူမမျက်နှာတွင် သနားဖွယ်အမူအရာပေါ်ပေါက်လာကာ ကုတင်ပေါ်မှ အချိန်မရွေးလွှင့်ပစ်ခံရမည့်အကြောင်းကို တွေးနေမိတော့သည်။ သို့သော် သူမထင်ထားခဲ့သလိုမဟုတ်ဘဲ ယောင်ကျိကျိုးက သူမဂုတ်ပိုးကို ညင်သာစွာနှိပ်နယ်ပေးပြီး ကျောအားပုတ်ပေးခဲ့သည်။


မင်လျိုရီသည် ချီးကျူးမှုနှင့်နှစ်သိမ့်မှုကို တပြိုင်တည်းခံစားလိုက်ရသည်။ မူလဇာတ်ကြောင်းတွင် ယောင်ကျိကျိုးသည် ဂုဏ်ကျက်သရေရှိပြီး ချောမောသော်လည်း သူ၏နည်းလမ်းများသည် အလွန်တရာ ရက်စက်ပြီး လက်တုန့်ပြန်တတ်လေသည်။ သူ့အား လာထိပါးသည့်လူတိုင်းသည် ကောင်းမွန်သည့်အဆုံးသတ်မရှိနိုင်ပေ။ ယောင်ကျိကျိုးသည် လက်စားချေရန် ဘာမဆိုလုပ်တတ်သူဖြစ်သည်။ သို့သော် ယောင်ကျိကျိုးသည် ယခုအချိန်တွင် သူမအားတိုက်ခိုက်လိုစိတ်မရှိသောကြောင့် သက်ပြင်းချမိသွားတော့သည်။ နောက်ဆုံးတော့ သူမ ယောင်ကျိကျိုးနှင့်မဟာမိတ်ဆက်ဆံရေးတစ်ခုကို ဖန်တီးလိုက်နိုင်ပြီဖြစ်သည်။



🥰