အပိုင်း၆၉
Viewers 6k

🥰 Chapter 69 ✅


မင်လျိုရီသည် ယောင်ကျိကျိုး၏ကြင်နာမှုကိုခံစားမိပြီး စိတ်သက်သာရာရသွားသည်။ ယောင်ကျိကျိုး၏ပွေ့ဖက်မှုသည် သက်တောင့်သက်သာရှိပြီးလုံခြုံသည်ဟု ခံစားလိုက်ရသည်။ သူမအားယခုလိုမျိုး အမြဲတမ်းဖမ်းဆုပ်ထားပြီး ဘယ်တော့မှလက်မလွှတ်ဘဲ နေ့တိုင်းဒီအတိုင်းလေးရှိနေစေချင်သည်။ 


သက်တောင့်သက်သာရှိမှုနှင့် လုံခြုံမှုကိုခံစားလိုက်ရတော့ မင်လျိုရီက ယောင်ကျိကျိုးအားထုတ်ပြောမိလိုက်သည်။ 


"ယောင်ကျိကျိုး ကျွန်မရှင့်ကို ကောင်းကောင်းဆက်ဆံပါ့မယ်" 


မင်လျိုရီသည် ယောင်ကျိကျိုး၏ကိုယ်က တောင့်သွားသည်ကိုခံစားမိသော်လည်း တစ်ခဏချင်းပဲပြေလျော့သွားသည်။ ယောင်ကျိကျိုးက ဘာမှပြန်မပြောသောကြောင့် မင်လျိုရီကထပြီး ယောင်ကျိကျိုးအား ကြည့်လိုက်သည်။ အချိန်ကြာသည်အထိ သူ၏အမူအရာသည် မပြောင်းလဲသည့်အတွက် မင်လျိုရီက ယောင်ကျိကျိုး​၏ရင်ဘတ်ပေါ် ပြန်လှဲလိုက်ပြီး ဒီအတောအတွင်း ဖြစ်ပျက်ခဲ့သမျှကို ဆက်လက်ပြောပြလိုက်သည်။ 


သူမက အအေးခွက်လဲနေချိန် မိသွားသည့်အကြောင်း၊ အစာအဆိပ်ခပ်ခံရသည့်အကြောင်းနှင့် ယောင်ကျိကျိုး၏ပါးစပ်ထောင့် ကွဲသွားတာကို ဂရုမသောစပယ်ရှယ်နာ့စ်အကြောင်း၊ ယောင်ကျိရန်၏ မင်လျိုရီအား ဖုန်းခေါ်ပြီးခြိမ်းခြောက်မှုများ၊ အဓိကစံအိမ်မှ စားမကောင်းသည့်ဟင်းအမယ်များပေးပို့မှု၊ စပ်သည့်ဟင်းလျာများသာချက်ပြုတ်ပေးမှုနှင့် ဦးလေးကျန်းကသူမကို တိတ်တိတ်လေး ပြင်ပေးခဲ့သည့်ဟင်းပွဲများအကြောင်းကို ပြောပြလိုက်သည်။ 


သူမက ထိုအကြောင်းအရာများအားလုံးကိုပြောပြသည်မှာ ခရက်ဒစ်ကဒ်ရရန်အတွက်မဟုတ်ဘဲယောင်ကျိကျိုးအား အားလုံးကိုရှင်းလင်းစွာရှင်းပြရန်သာဖြစ်သည်။ 


သို့သော်လဲ မင်လျိုရီသည် ပရဟိတအဖွဲ့အစည်းထဲသို့ဝင်သည့်အကြောင်းနှင့် အင်္ဂလိပ်စာလေ့လာသည့်အကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။ ယောင်ကျိကျိုးသည် မင်လျိုရီ တစ်ခုခုအား ဖုံးကွယ်ထားသည်ကိုသိသော်လည်း ဂရုမစိုက်ပေ။ သူက မင်လျိုရီကိုထွက်မသွားစေချင်သောကြောင့် ကြက်တူရွေးတစ်ကောင်လို ဖြစ်လာအောင် ပြုလုပ်သည်အထိတော့ မရူးမိုက်သေးပေ။ 


ယောင်ကျိကျိုးသည် ထိုအကြောင်းအရာများအားလုံးကို နားထောင်ပြီးသားဖြစ်သောကြောင့်ပြောလိုက်သည်။ 


"ဒီအတောအတွင်း ခက်ခဲခဲ့မှာပဲ ကျေးဇူးတင်ပါတယ်" 


မင်လျိုရီက ယောင်ကျိကျိုးအား ပြုံးပြီးကြည့်လိုက်သည်။ သူမလုပ်ခဲ့သမျှသည် အနာဂတ်တွင် ပြာမှုန့်အဖြစ်ပြောင်းလဲမသွားချင်၍ဖြစ်သည်။ မင်လျိုရီက တစ်စုံတစ်ခုအားပြောတော့မည့်ဆဲဆဲတွင် ယောင်ကျိကျိုးက သူမအား ဖြတ်ပြောလိုက်သည်။ သူမအား ခွင့်လွှတ်ပေးမည်ဖြစ်သော်လည်း တစ်ချို့အရာများကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြုလုပ်ထားရမည်ဖြစ်သည်။ 


ယောင်ကျိကျိုးက အေးစက်စွာပြောလိုက်သည်။ 


"မင်လျိုရီ ငါ့ကိုလာပြီး ဘာလှည့်ကွက်မှလုပ်ဖို့မစဥ်းစားနဲ့... မင်းအရင်လုပ်ခဲ့တဲ့ကိစ္စတွေကို အခုထိမှတ်မိသေးတယ်...သဘောတူညီချက်ကို မမေ့လိုက်နဲ့" 


ယောင်ကျိကျိုး၏ လက်တစ်ဖက်သည် မင်လျိုရီ၏ ဂုတ်ပိုးပေါ်သို့ နောက်တစ်ဖန်ပြန်လည်ရောက်ရှိသွားတာသည်။ မင်လျိုရီသည် ကြောက်ရွံ့မှုကြောင့် ကြောင်လေးတစ်ကောင်လိုတုန်ရီသွားပြီး ကိုယ်ကိုကျုံ့လိုက်မိသည်။ အကယ်၍ ယောင်ကျိကျိုးသည် လက်ကိုအားထပ်ထည့်လိုက်လျှင် သူမဇက်ကျိုးသွားတော့မည်ကို ခံစားမိပြီး ယောင်ကျိကျိုးက အတိတ်ကိုလွယ်လွယ်လေးနှင့် အလျော့ပေးမည်မဟုတ်ကြောင်းကိုလဲ နားလည်လိုက်သည်။ 


သို့သော် ယောင်ကျိကျိုး ထိုကဲ့သို့ပြုလုပ်လိုက်ခြင်းသည် သူမအားကျေးဇူးတင်စကားပြောပြီးနောက် ဖြစ်ပေါ်လာသည့် ကသိကအောက်ဖြစ်မှုကို ဖြေဖျောက်ရန်အတွက်သာဖြစ်သည်ကို မင်လျိုရီ မသိခဲ့ပေ။ ထို့အပြင် ယောင်ကျိကျိုးက မင်လျိုရီ အပျော်လွန်ပြီးလွတ်ထွက်သွားမည်စိုး၍ ရက်စက်သည့်စကားများကို တမင်ပြောခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦးတွင် ကိုယ်ပိုင်အတွေးကိုယ်စီရှိကြပြီး သူတို့စကားပြောပြီးသည်နှင့် မင်လျိုရီသည် လတ်တလောအတွက်တော့ ဒေါသစက်ကွင်းမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။ 


သူမ ဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် ယောင်ကျိကျိုးသတိမရခင်အချိန်အထိ နေ့တိုင်းထိတ်လန့်စွာ ကျော်ဖြတ်ခဲ့ရသော်လည်း ယခုအချိန်မှာတော့ သူမစိတ်များပေါ့ပါးသွားသည်။ သူမသည် နေ့တိုင်းဘာများဖြစ်လာမလဲဟု ပူပန်နေစရာမလိုတော့သလို ယောင်ကျိကျိုး ရုတ်တရတ်သတိရလာပြီးနောက် သူမအားသတ်ပစ်မည့်ကိစ္စကို ကြောက်စရာမလိုတော့ပေ။ 


သို့ရာတွင် ထိုကဲ့သို့သောအပြုအမူများသည် အိမ်အကူများ၏အမြင်ကိုပြောင်းလဲသွားစေပြီး သူတို့က စတင် တီးတိုးပြောလာတော့သည်။ 


"သခင်မက သခင့်ကို တကယ်ချစ်ရှာသားပဲ" 


"သတိပြန်ရလာကတည်းက သခင်မက အတော်လေးပျော်နေတာ" 


"ဒါကအချစ်ရဲ့စွမ်းအားပဲလေ...သခင်မရဲ့ အချစ်က သခင့်ကိုသတိရလာအောင်လုပ်လိုက်တာပဲဖြစ်မယ်"


"ဟုတ်တယ်...သခင်လဲ ပြောင်းလဲသွားတယ်နော် တစ်နေကုန် ဒေါသထွက်မနေတော့ဘူး" 


ဗီလာကြီးတစ်ခုလုံးသည် သခင်မ၏လက်အောက်တွင်ရှိနေသော်လည်းအေးချမ်းမှုဖြင့် လွှမ်းခြုံထားလျက်ရှိသည်။ 


'သခင်မအတွက်သာမဟုတ်ရင် သခင်ကပြန်နိုးမလာလောက်ဘူးသိလား သူမသာမရှိရင် ငါတို့နည်းလမ်းမျိုးစုံနဲ့ အနိုင်ကျင့်ခံနေရလောက်ပြီ....အခုတော့ သခင်မကြောင့် အရာအားလုံး အကောင်းဘက်ကိုဦးတည်သွားနိုင်ပြီ ကျေးဇူးတင်လိုက်တာ" 


ညစာစားချိန်တွင် ယောင်ကျိကျိုးသည် အိပ်ရာထဲ၌စားသောက်နေရသည်ကို ငြီးငွေ့လာသောကြောင့် မင်လျိုရီက ထမင်းစားခန်းထဲသို့ ဝှီးချဲတွန်းပြီးခေါ်လာပေးရသည်။ ဦးလေးကျန်းသည် ဂရုတစိုက်နှင့် ဟင်းလျာများကိုအချိုးကျကျပြင်ဆင်ပေးထားခဲ့သည်။ မင်လျိုရီက ယောင်ကျိကျိုးအတွက် အစားအစာများကိုပန်းကန်ထဲသို့ထည့်ပေးလိုက်ပြီး ယောင်ကျိကျိုးဖြည်းဖြည်းချင်းစားနိုင်အောင် သူ့အရှေ့၌ချပေးလိုက်သည်။ 


ကိုမာမဝင်ခင်အရင်ကလည်း ယောင်ကျိကျိုးသည် ကိုယ့်ဘာသာစားခဲ့သောကြောင့် ဘာမှကွာခြားမည်မဟုတ်ပေ။ ယောင်ကျိကျိုးသည် အထက်တန်းကျကျနှင့် စားသောက်နေသော်လည်း ယနေ့တွင် အနည်းငယ်ကွဲပြားနေသည်။ အတိတ်တွင် ယောင်ကျိကျိုးသည် တစ်ယောက်တည်းသာထမင်းစားလေ့ရှိသော်လည်း အခုတွင်မူ မင်လျိုရီသည်သူ၏ဘေးတွင်ထိုင်စားကာ အသံကျယ်ကျယ်နှင့် စကားပြောလျက်ရှိသည်။ 


"ဗုဒ္ဓေါ ဒီသိုးသားက အရမ်းကောင်းတာပဲ အရသာရှိလိုက်တာ...ရော့ စားကြည့်ကြည့်" 


ယောင်ကျိကျိုးသည် သူ၏ပန်းကန်ထဲတွင် ရှိသည့်အရာကိုမမြင်ရသည့်အပြင် သိုးသားကဘယ်နားမှာလဲမသိဘဲဖြစ်နေသည်။ သူက မင်လျိုရီပြောသည့် အရသာရှိသည်ဟူသည့် အသံကိုသာကြားရပြီး မြည်းကြည့်လို့မရဖြစ်နေကာ ထိုအရာက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေပြီး ခံစားချက်များ မကောင်းတော့ချေ။



🥰