🥰 Chapter 72 ✅
ယောင်ကျိကျိုးက မင်လျိုရီ၏ရှိုက်သံတစွန်းတစနှင့် အသံကိုကြားလိုက်သောကြောင့် ချက်ချင်းပင်ခေါင်းရှုပ်သွားတော့သည်။ မင်လျိုရီ တစ်ဖက်အခန်းသို့ပြောင်းရွှေ့သွားခြင်းအပေါ် ဒေါသထွက်မိသော်လည်း မင်လျိုရီမျက်ရည်များကျလာသည်ကိုသူပိုကြောက်သည်။ သူမ၏အသံက သူ့အားအပြစ်ရှိစိတ်ကိုခံစားရစေပြီး အနိုင်ကျင့်မိသွားသလားဟု အတွေးဝင်စေသည်။
"မငိုနဲ့...လာနှိပ်နယ်ပေးလို့ရတယ်"
ထိုစကားအားကြားသောအခါ မင်လျိုရီ၏မျက်လုံးထောင့်များနီရဲလာသော်လည်း ယောင်ကျိကျိုး၏ အမာရွတ်ပေါ်သို့ ဝိညာဥ်စမ်းရေဖြင့် လိမ်းပေးလိုက်သည်။ ယောင်ကျိကျိုးသည် သူ့အမာရွတ်မျာူအား မင်လျိုရီကထိကိုင်နေသည့်အတွက်ရုတ်တရုတ်ကြီး စိုးထိတ်လာသည်။ သူ့ခြေထောက်အား စိတ်ပျက်စရာကြီးဟု ထင်သွားပြီး မင်လျိုရီက သူ့အားသဘောမကျတော့မည်ကို စိုးရိမ်လာသည်။ ထိုအချိန်တွင် ယောင်ကျိကျိုးခံစားနေရသော ရှက်စိတ်နှင့် အကျည်းတန်မှုကို မဖုံးကွယ်ထားနိုင်တော့ပေ။
မင်လျိုရီက နှိပ်နယ်ပေးရင်း ယောင်ကျိကျိုးအား မကျေမနပ်ဖြစ်နေတော့သည်။ သူမက ယောင်ကျိကျိုးကောင်းဖို့အတွက် လုပ်ပေးချင်သော်လဲ ထိုလူကတော့ ဆန္ဒရှိမနေပေ။
'သူက မူလမင်လျိုရီလိုမျိူး ဆက်ဆံနေမှ နေသာထိုင်သာရှိတာလား...'
မင်လျိုရီသည် ယောင်ကျိကျိုး၏ခြေထောက်များကို ဖိကာ နှိပ်နယ်ပေးလိုက်ပြီး ထိုအကြောင်းအားတွေးလေလေ မူမမှန်သည်ဟု ခံစားရလေလေဖြစ်သည်။
"ပူးပေါင်းပေးဖို့ အဲ့လောက်တောင်ခက်ခဲရလား... ဘယ်လူနာမှရှင့်လောက် ခေါင်းမမာဘူး ပြီးတော့ အမြဲတမ်းလဲ အနိုင်ကျင့်ပြီးခြိမ်းခြောက်သေးတယ်...ရှင့်ကိုအမြန်သက်သာစေချင်တာက ဘာများမှားသွားလို့လဲ"
မင်လျိုရီသည် စကားပြောရင်း ပိုပိုပြီးမတရားသည်ဟု ခံစားမိလာပြီး မျက်ရည်များက မရပ်တန့်တော့ချေ။ ယောင်ကျိကျိုးက သူမမျက်ရည်များကို ခံစားမိသည့်အတွက် ထထိုင်ကာသူမအား ရင်ခွင်ထဲဖက်ထားပြီး နှစ်သိမ့်ပေးချင်မိသည်။ ထိုအရာသည် သူ့အမှားဖြစ်ပုံရသွားပြီး မင်လျိုရီက ပို၍ဒေါသထွက်လာခဲ့သည်။
"ဘာလို့လှုပ်နေပြန်တာလဲ ကျွန်မနှိပ်ပေးနေတယ်လေ ငြိမ်ငြိမ်လေးနေပေးလို့ရမလား"
မင်လျိုရီ၏နူးညံ့သည့်အသံသည် သူ၏နှလုံးသားအား ကိုင်ညှစ်နေသကဲ့သို့ခံစားရပြီး အောင့်တက်လာတော့သည်။ ယောင်ကျိကျိုး မလှုပ်ရှားရဲတော့ဘဲ ထရမလို ထိုင်ရမလို မရိုးမရွဖြစ်လာသည်။ ကံအားလျော်စွာဖြင့် မင်လျိုရီသည် လျင်လျင်မြန်မြန်နှိပ်ပေးလိုက်ပြီး ယောင်ကျိကျိုး၏ ဘောင်းဘီလိပ်ကိုဖြည်ချပေးလိုက်ကာ ခေါင်းအုံးပေါ်သို့ စိတ်ဆိုးမာန်ဆိုးဖြင့် လှဲချလိုက်ပြီး ယောင်ကျိကျိုးကို နောက်ကျောပေးကာ ရှိုက်နေတော့သည်။
ယောင်ကျိကျိုးသည် ယခုကဲ့သို့မျိုးအဖြစ်မျိုး တစ်ခါမျှမကြုံခဲ့ဖူး၍ တစ်ခဏလောက်တော့တွေဝေနေကာ မင်လျိုရီအား မည်ကဲ့သို့ပြန်ချော့ရမည်ကို မသိဘဲဖြစ်နေသည်။ အချိန်အကြာကြီးစဥ်းစားပြီးနောက် ယောင်ကျိကျိုးသည် အကြံကောင်းတစ်ခုရလာပြီး အိပ်ရာပေါ်သို့ လှဲချလိုက်ကာ မင်လျိုရီအား လက်မောင်းများကြား ငြိမ်သက်စွာဖက်ထားလိုက်ပြီး စိတ်ဆိုးပြေအောင်လုပ်လိုက်သည်။
ပထမတွင် မင်လျိုရီသည် ကျောက်တုံးတစ်ခုအလား တုတ်တုတ်ပင်မလှုပ်ချေ။ ယောင်ကျိကျိုးက လက်မလျှော့ဘဲ အကြိမ်အနည်းငယ်လောက် ထပ်ကြိုးစားလိုက်သည်။ နောက်ဆုံးတွင်တော့ မင်လျိုရီသည် သူမဘာသာဖြင့် သူ့ရင်ခွင်ထဲတိုးဝင်လာခဲ့သည်။ ယောင်ကျိကျိုးလဲ ဘာပြောရမလဲမသိ၍ သူမနောက်ကျောလေးကိုသာ ပုတ်ပေးနေလိုက်ပြီး စိတ်ဆိုးပြေသွားရန်သာ မျှော်လင့်နေလိုက်သည်။
ထိုသို့ ပုတ်ပေးနေစဥ် သူမဆီမှ အသက်ရှူသံမျှင်းမျှင်းလေးထွက်ပေါ်လာခဲ့သည်။
'...အိပ်ပျော်သွားပြီပဲ'
ယောင်ကျိကျိုးကပြုံးလိုက်ပြီး ခဏလောက်ဆက်ပုတ်ပေးနေလိုက်သည်။ ထို့နောက် သူလဲ ဖြည်းဖြည်းချင်း မင်လျိုရီအား ဖက်လျက်အိပ်ပျော်သွားတော့သည်။ အိပ်တစ်ဝက်နိုးတစ်ဝက်လောက်တွင် ယောင်ကျိကျိူး ခေါင်းထဲ၌ အတွေးတစ်ခုဝင်ရောက်လာသည်။
'ဒီလိုမျိုး လှုပ်ရှားနိုင်တာ၊ ဖက်နိုင်တာ ပြီးတော့ မင်လျိုရီကို နှစ်သိမ့်ပေးလို့ရတာ ကောင်းလိုက်တာနော်...'
......
မနက်ခင်းနေရောင်ခြည်သည် အခန်းထဲသို့ဖြာကျလျက်ရှိပြီး မင်လျိုရီ သူမမျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်သည်။ သူမ တစ်ဖက်သို့ လှည့်မည်ပြင်လိုက်စဥ်မှာပင် ယောင်ကျိကျိုး၏အခန်းထဲသို့ ဝင်ကာ ငိုမိခဲ့သည်ကို သတိရသွားတော့သည်။ သူမက ရုတ်တရက် ရှက်သွားကာ ယောင်ကျိကျိုးမနိုးသေးသည်ကိုအခွင့်ကောင်းယူပြီး သူမအခန်းဆီသို့ ပြန်ပြေးကာ မနေ့ညက ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ရန် တွေးလိုက်သည်။
မင်လျိုရီ ဘေးဘက်သို့ ခိုးကြည့်လိုက်သည်...မည်သူမျှရှိမနေခဲ့ပေ။
'ယောင်ကျိကျိုး ဘယ်ရောက်သွားလဲ...'
မင်လျိုရီ ခဏလောက် ရပ်တန့်သွားမိသည်။ ကြည့်ရတာ ယောင်ကျိကျိုးသည် သူမကိုမနှိုးဘဲ အခန်းထဲမှထွက်သွားချေပြီ။
မင်လျိုရီ အိပ်ရာမှ အလျင်အမြန်ထလိုက်ပြီး အဝတ်အစားများလဲလိုက်ကာ ယောင်ကျိကျိုးအား သွားရှာရန်ပြင်လိုက်သည်။ သူမတံခါးဖွင့်လိုက်သောအခါ ရှောင်ဖန်းနှင့်ပင် ဝင်တိုက်မိမလိုဖြစ်သွားသည်။ မင်လျိုရီက ရှောင်ဖန်းကိုတွေ့သောအခါ ချက်ချင်းမေးလိုက်သည်။
"ဘာဖြစ်တာလဲ နင်တို့သခင်ရော"
ရှောင်ဖန်းက မင်လျိုရီ၏ထိတ်လန့်နေသည့်အမူအရာကိုတွေ့တော့ အတော်လေး အားကျမိသွားတော့သည်။
'သခင်မက သခင့်ကိုအရမ်းချစ်တတ်တာပဲ...မဟုတ်ရင် နိုးနိုးချင်း သခင့်ကိုလိုက်ရှာနေပါ့မလား'
ရှောင်ဖန်းသည် အနာဂတ်တွင် မင်လျိုရီလိုမျိုး သူမကိုချစ်ပေးနိုင်မည့်လူနှင့် ဆုံတွေ့နိုင်ရန်မျှော်လင့်မိသည်။ ရှောင်ဖန်းက သူမခေါင်းအား ပြန်ထုရိုက်လိုက်သည်။
'သူက မေးတာကိုဖြေဖို့ မေ့သွားတဲ့အထိ ဘယ်လိုတောင် အားကျမိသွားတာလဲ'
သူမက အမြန်ပြောလိုက်သည်။
"သခင်မ နိုးလာပါပြီလား အကုန်လုံး အောက်ထပ်မှာစောင့်နေကြပါတယ်"
မင်လျိုရီက ကြောင်အသွားသည်။
'အကုန်လုံးက ငါ့ကိုစောင့်နေတာလား ဘာလို့လဲ...အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်နေလို့ရပါတယ် ငါ့ကိုစောင့်ပြီး အလုပ်ကိုနှောင့်နှေးစရာလိုလို့လား...အဲဒါအိမ်တော်ထိန်းတွေရဲ့အလုပ်မဟုတ်ဘူးလား...ယောင်ကျိကျိုးက အောက်ထပ်မှာရှိတာတောင် ဘာလို့ဘာမှ မစီမံပေးတာလဲ'
မင်လျိုရီက ရှောင်ဖန်းကို နားမလည်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။
"ဘာလို့လဲ"
🥰