🥰 Chapter 73 ✅
ရှောင်ဖန်းသည် မည်သို့ရှင်းပြရမည်မသိဖြစ်နေသည်။ ယခုကိစ္စသည် သေးသေးလေးမဟုတ်ပေ။ သခင်မအတွက် ထိုလူများကို ပြန်ပို့နိုင်ရန်မလွယ်ကူခဲ့သော်လည်း သခင်ကသူတို့အားလုံးကို ပြန်ခေါ်လာခဲ့သည်။ သခင် ဘာကိုတွေးနေလဲဆိုတာ သူမလဲမသိတော့ပေ။ သခင်မက သခင့်ကိုသေချာမရှင်းပြထားလို့ပဲ ဖြစ်ရမည်။
ရှောင်ဖန်းက တွေဝေသွားပြီးမှ အမြန်အဖြေပေးလိုက်သည်။
"သခင်မ...သခင်က ရှောင်လန်ကို ပြန်ခေါ်ဖို့လူလွှတ်လိုက်တယ်"
မင်လျိုရီက အနည်းငယ်ခေါင်းရှုပ်သွားခဲ့သည်။
'ငါက သူမကိုပြန်ပို့ထားတာလေ ယောင်ကျိကျိုးက ဘာလို့ပြန်ခေါ်ခိုင်းတာပါလိမ့်...ငါသူ့ကို သေချာမရှင်းပြလိုက်လို့လား...ဘာလို့များလဲ...သူမက ယောင်ကျိရန်ရဲ့လူလေ ယောင်ကျိကျိုးက ငါ့ကိုမယုံကြည်တာလား'
မင်လျိုရီက ရှောင်ဖန်းအားကြည့်ပြီး မေးလိုက်သည်။
"သူ့ကိုဘာလို့ ပြန်ခေါ်လာတာလဲ"
ရှောင်ဖန်းလဲ သခင်ဖြစ်သူ၏အကြောင်းပြချက်ကို မသိတော့ပေ။ ရှောင်လန်သည် သခင့်အားထိခိုက်စေခဲ့သော်လည်း သခင်က သူမကိုအနားပြန်ခေါ်ထားခဲ့သည်။
'သခင်မက သခင့်ကိုသေချာမရှင်းပြထားမိလို့ နေမှာပါ...မဟုတ်ရင် ဒီလိုဖြစ်စရာအကြောင်းမရှိဘူး...ကြည့်ရတာ သခင်မလဲ ဘာတွေဖြစ်နေလဲသိပုံမရဘူး ငါတို့ဒီတစ်ကြိမ် လက်ဦးမှုယူမှဖြစ်မယ်'
ရှောင်ဖန်းက ရှုပ်ထွေးနေသည့်မင်လျိုရီကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"သခင်မ အောက်ထပ်ကိုမြန်မြန်သွားကြည့်သင့်ပါတယ်"
မင်လျိုရီသည် ရှောင်ဖန်းနောက်မှလိုက်ပြီး အောက်ထပ်သို့ဆင်းသွားသောအခါ ဝှီးချဲပေါ်တွင်ထိုင်နေသည့် ယောင်ကျိကျိုးအားတွေ့လိုက်ရသည်။ သူသည် သတိပြန်ရလာတာမကြာသေးသော်လဲ ကောင်းမွန်စွာ ထိုင်နိုင်နေပြီဖြစ်သည်။ မင်လျိုရီသည် ယောင်ကျိကျိုး၏အသွင်အပြင်က ကိုမာဝင်ပြီးသတိရလာမှ ပို၍ဆွဲဆောင်မှုပြင်းထန်လာသည်ဟု ထင်မိသည်။ ယောင်ကျိကျိုးသည် မျက်လုံးမှိတ်ထားသော်လဲ သူ၏ပုံသည် အထဲတွင်သက်ရှိဝိညာဥ်တစ်ခုဝင်ရောက်နေသော တော်ဝင်ဆန်သည့်ရုပ်ထုတစ်ရုပ်ကဲ့သို့ ထင်ရသည်။ သူက ဘာစကားမှပြောမလာသော်လဲ မင်လျိုရီသည် ယောင်ကျိကျိုး၏ကိုယ်မှထုတ်လွှတ်နေသော အရှိန်အဝါကိုခံစားမိပြီး လျစ်လျူရှုရန် ခက်ခဲလှသည်။
ရှောင်လန်သည် ယောင်ကျိကျိုး ထိုကဲ့သို့သတိရလာမည်ဟု မထင်ထားသော်လည်း မကြောက်ခဲ့ပေ။ ယောင်ကျိရန်သည် သူမအား ဒီနေရာသို့စေလွှတ်လိုက်ကတည်းက သူမဘာမှကြောက်နေစရာမလိုဟု တွေးထားခဲ့သည်။ ရှောင်လန်သည် ယောင်ကျိကျိုးနှင့် မင်လျိုရီအား တစ်ခါမှဂရုမစိုက်သလို ထိုနှစ်ဦးအပေါ် တွင်ယဥ်ကျေးစွာဆက်ဆံခဲ့ခြင်းလဲမရှိခဲ့ပေ။ ထို့အပြင် ယခုလိုဒီနေရာကို ပြန်လာရမည်ဟုလဲ မမျှော်လင့်ထားခဲ့ပေ။
အစမှအဆုံးထိ ယောင်ကျိကျိုးသည် ဘာစကားမှမပြောသော်လည်း ရှောင်လန်သည် သူမ၏နှလုံးသားတခုလုံး အပြင်ဘက်သို့ထွက်ကျမတတ်ခံစားရသည်။ ပထမတော့ သူမက ကြောက်လန့်စွာဖြင့် အံကြိတ်ကာသေသည်အထိတိုက်ပွဲဝင်မည်ဟုတွေးထားခဲ့ပြီး ယောင်ကျိကျိုးကို တိုက်ခိုက်ရန်ပြင်လိုက်သော်လည်း သက်တော်စောင့်များ တားဆီးခြင်းကို ခံလိုက်ရသည်။ ထို့နောက် သူမကအခြေအနေကို သဘောပေါက်သွားပြီး ဒူးထောက်ကာသက်ညှာပေးရန်တောင်းပန်တော့သည်။
"ကျေးဇူး-ကျေးဇူးပြုပြီး ဒီတစ်ခါတော့ လွှတ်ပေးပါ အဲ့လူတွေကအတင်းခိုင်းတာပါ ကျွန်မက ဒီအတိုင်းအလုပ်သမားပါ"
ယောင်ကျိကျိုးက ထိုစကားများကိုနားထောင်ပြီးနောက် အနည်းငယ်ဒေါသထွက်သွားတော့သည်။ သူမ လုပ်ခဲ့သည့်အမှားအတွက်ပြန်ပေးဆပ်ရမည်ဖြစ်ပြီး ငိုယိုပြရုံနှင့် သူမကိုလွှတ်ပေးလိုက်ရင် အနာဂတ်ကျ တခြားသူတွေရှေ့မှာ သူ့နာမည်က ဘယ်လိုဖြစ်သွားမလဲ...
ယောင်ကျိကျိုးသည် ထိုငိုသံကြောင့် မင်လျိုရီအနားယူနေရာမှ အနှောင့်ယှက်ဖြစ်သွားမည်ကိုစိုးသဖြင့် အေးစက်စွာပြောလိုက်သည်။
"သူ့ပါးစပ်ကို ပိတ်သွားအောင်လုပ်လိုက် မင်းတို့သခင်မကို အနှောင့်အယှက်ပေးမိလိမ့်မယ်"
သက်တော်စောင့်များက ထိုစကားကိုကြားသောအခါရှောင်လန်၏ပါးစပ်ထဲကို အဝတ်စို့လိုက်ပြီး စကားမပြောနိုင်အောင်လုပ်လိုက်သည်။ အချိန်အတော်ကြာငိုယိုပြီးနောက် ရှောင်ဖန်းသည်ကြမ်းပြင်ပေါ်သို့ အင်အားမဲ့စွာဒူးထောက်ကျသွားသည်။ သူမ၏ ဆံပင်များက အနည်းငယ်ရှုပ်ပွနေပြီး သနားစရာအခြေအနေဖြစ်နေသည်။
မင်လျိုရီအောက်သို့ဆင်းလာပြီးနောက် ရှောင်လန်၏ အခြေအနေကိုတွေ့သောအခါ သူမကထိတ်လန့်သွားပြီး ယောင်ကျိကျိုးနားသို့ပြေးသွားတော့သည်။
ယောင်ကျိကျိုးသည် မင်လျိုရီသူ့ဘေးသို့ပြေးလာသည့်အတွက် အနည်းငယ်ဒေါသပြေလျော့သွားသည်။ ရှောင်လန်ကမင်လျိုရီအား ကယ်တင်ရှင်တစ်ယောက်ကဲ့သို့ကြည့်လိုက်ပြီး သူမခြေထောက်များကို ချက်ချင်းဖက်တွယ်လာတော့သည်။ သူမက စကားပြောလိုက်သော်လည်း အဝတ်စို့ခံထားရသဖြင့် ဝူးဝူးဝါးဝါးရေရွတ်တော့သည်။
မင်လျိုရီသည် သူမစကားများကို နားမလည်သောကြောင့် ပြောလိုက်သည်။
"ပါးစပ်ကဟာကိုထုတ်ပြီး စကားပြောပါစေ"
သက်တော်စောင့်က မျက်မှောင်ကျုံ့လိုက်မိသည်။ သခင်က သူ့ကိုအသံတိတ်အောင်လုပ်ခိုင်းထားတာဖြစ်လို့ အဝတ်စကိုပြန်ထုတ်ပေးလိုက်ရင် စိတ်ဆိုးမှာလား... သို့သော် သခင်ပြောသည့်သခင်မကိုအနှောင့်အယှက်မဖြစ်စေနဲ့ဟူသော စကားကိုပြန်သတိရသွားပြီး သခင်က သခင်မကို ဂရုစိုက်တယ်ဆိုတာ သိသာလေသည်။ သူသာ သခင်မစကားကို နားမထောင်ခဲ့လျှင် အကျိုးဆက်သည် ထိုထက်ပင်ပြင်းထန်သွားနိုင်သည်။
သက်တော်စောင့်သည် အရှေ့သို့တိုးပြီး ရှောင်လန်ပါးစပ်ထဲမှ အဝတ်စကိုထုတ်ပေးလိုက်သည်နှင့် ရှောင်လန်ကချက်ချင်းပဲအော်ငိုလာသည်။
"သခင်မ သခင်မ ကယ်ပါဦး"
ထိုခဏတွင် ဗီလာတစ်ခုလုံးသည် ရှောင်လန်၏အော်သံဖြင့် ပြည့်နှက်သွားပြီး မင်လျိုရီသည် သူမအော်သံကြောင့်လန့်သွားကာ သက်တော်စောင့်ကို ပါးစပ်ပြန်ပိတ်ခိုင်းလိုက်ရသည်။ မင်လျိုရီကိုယ်တိုင်သည် သူတော်ကောင်းမဟုတ်ပေ။ ရှောင်လန်သည် သူမနေရာကို အခွင့်ကောင်းယူပြီး တခြားသူများကို အနိုင်ကျင့်ကာ ယောင်ကျိကျိုးကို အဆိပ်ခပ်ရန်ပင် ကြိုးစားခဲ့သည်။ သူမက ထိုအရာနှင့် ထိုက်တန်သည်။ သူမမှာ မင်လျိုရီကို သက်ညှာပေးဖို့အတွက် တောင်းပန်ခွင့်တောင်ရှိလို့လား...
မင်လျိုရီက နောက်သို့ဆုတ်လိုက်ပြီး ရှောင်လန်ထိသွားသည့် သူမအင်္ကျီကိုခါလိုက်သည်။ ရှောင်
လန်သာ သူမလုပ်နေသည့်အရာများသည် မှားနေမှန်း အသိတရားရှိခဲ့ပါက ယခုလိုဖြစ်မှာမဟုတ်ပေ။ ထိုအရာအားလုံးသည် သူမကိုယ်တိုင်ပြုလုပ်ခဲ့သည့်အရာများဖြစ်၍ သနားဖို့မထိုက်တန်ပေ။ မင်လျိုရီက ယောင်ကျိကျိုး၏ အင်္ကျီစလေးကိုဆွဲပြီး တိုးညှင်းစွာပြောလိုက်သည်။
"ကျွန်မ စိတ်ထဲမထားဘူး သူ့ကိုရှင်ကြိုက်သလို စီရင်လိုက်လို့ရတယ်"
🥰