🥰 Chapter 75 ✅
ယောင်ကျိရန်သည် ယောင်ကျိကျိုး၏အရှိန်အဝါအပြည့်နှင့်အသွင်အပြင်အား တွေ့လိုက်သောအခါ သူ၏နှလုံးသားထဲတွင် ဒေါသများပြည့်လာပြီး လက်သီးများဆုပ်ထားခဲ့သည်။ သူသည် ယောင်မိသားစုတစ်ခုလုံးကို လက်ဝါးကြီးအုပ်နိုင်ရန် လက်တစ်ကမ်းသာလိုတော့သည်။ ယောင်ကျိကျိုးအား ဖယ်ရှားနိုင်ရန် နီးနီးလေးသာလိုခဲ့သည်။
ယခုအချိန်တွင်တော့ ယောင်ကျိရန်သည် မည်သို့မှမတတ်နိုင်ဘဲ အပြစ်ရှိစိတ်ဖြစ်နေသည့် မျက်နှာဖြင့်သာ ပြောလိုက်သည်။
"အစ်ကို ကျွန်တော်အဲ့နေ့က အရမ်းကိုကြောက်သွားခဲ့လို့ ဘောင်ကျော်တဲ့စကားတွေ ပြောဆိုခဲ့မိပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်လုပ်ရပ်ကို ဗွေမယူပါနဲ့ ကျွန်တော်တို့က ညီအစ်ကိုတွေမဟုတ်လား အဲ့လိုလုပ်စရာမလိုပါဘူး... ဒီမှာ သစ်သီးတွေနဲ့ အာဟာရရှိမယ့်တခြားဟာလေးတွေ၀ယ်လာခဲ့တယ် အစ်ကို ကျွန်တော့်ကိုခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"
ယောင်ကျိရန်သည် သူ့အားယောင်ကျိကျိုး မမြင်နိုင်သည်ကို သိသော်ငြား မျက်နှာထက်တွင် အပြုံးတစ်ခုကို တပ်ဆင်ထားပြီး သူ၏အတွင်းစိတ်ကို ထုတ်မပြရဲပေ။
ယောင်ကျိရန်ပြောသည့်စကားများကို နားထောင်ပြီးနောက် ယောင်ကျိကျိုးသည် ဝှီးချဲပေါ်တွင်ထိုင်ကာ အချိန်ခဏလောက် တိတ်ဆိတ်နေပြီး ယောင်ကျိရန်အား အေးစက်စွာဆက်ဆံနေခဲ့သည်။ အပြစ်ကို ၀န်ခံပြီးပြီဆိုတော့ အပြစ်ပေးဖို့ပဲကျန်တော့သည်။
အချိန်ခဏမျှ တိတ်ဆိတ်ပြီးနောက် ယောင်ကျိကျိုးက ယောင်ကျိရန်အား အေးစက်စွာပြောလိုက်သည်။
"မင်းက ငါ့ဇနီးကို ငါ့ရှေ့မှာ ရိုက်ရဲတယ်ဆိုတော့ မင်းကိုဘာလုပ်သင့်လဲ"
ထိုစကားကိုကြားသောအခါ ယောင်ကျိရန်သည် အံ့ကြိတ်လိုက်သည်။ သူထိုကဲ့သို့ မလုပ်ချင်သော်လည်းရွေးချယ်စရာမရှိပေ။ ယောင်ကျိကျိုးက ယခုအချိန်တွင် မိသားစုခေါင်းဆောင်ဖြစ်သည်နေမလား...
ယောင်ကျိရန်သည် သူ၀ယ်လာသည့် ပစ္စည်းများကိုချလိုက်ကာ ကိုယ့်ပါးကိုယ်နှစ်ချက်မျှ အားပြင်းပြင်းဖြင့်ဆင့်ရိုက်လိုက်သည်။ အသံကြားရုံဖြင့် သူ အားကုန်သုံးထားမှန်း ခံစားမိနိုင်သည်။ ပါးတစ်ဖက်တည်းကိုသာ နှစ်ချက်ဆင့်ရိုက်ခဲ့သောကြောင့် ယောင်ကျိရန်၏ပါးတစ်ဖက်သည် ချက်ချင်းပင် နီရဲလာကာ လက်ငါးချောင်းရာကြီး ပေါ်လာတော့သည်။
မင်လျိုရီက ထိုအရာကိုမြင်သောအခါ ထိတ်လန့်သွားသည်။ ယောင်ကျိရန်ဆိုသည့်လူသည် ကိုယ့်ပါးကိုယ်ပင် အညှာအတာမဲ့စွာရိုက်သည်အထိ ကြမ်းတမ်းသည့်လူမျိုးပင်။ သူမအရိုက်ခံရသည့်နေ့က ယောင်ကျိရန်သည် စိတ်ကောင်း၀င်နေခဲ့ခြင်းသာဖြစ်မည်။ မင်လျိုရီသည် တွေးရုံနှင့်ပင်တုန်တက်သွားတော့သည်။ အကယ်၍ သူသာ ထိုနေ့က သူမကို ယနေ့သုံးခဲ့သည့် အားအတိုင်းရိုက်ခဲ့ပါက မင်လျိုရီသည် အခုလောက်ဆို အိပ်ရာပေါ်တွင် လှဲနေရလောက်ပြီဖြစ်သည်။
ယောင်ကျိရန်သည် ဒေါသထွက်နေသော်လည်း ဘာမှလှုပ်ရှားမလာပေ။ သူသည် ယောင်ကျိကျိုး ဘယ်လိုလူစားလဲဆိုတာကိုသိထားသောကြောင့် သူသာ ကျေနပ်လောက်စေမည့်အဖြေမျိုးမပေးနိုင်ပါက အရာအားလုံးကို ဆုံးရှုံးလိုက်ရမှာဖြစ်သည်။ ယောင်ကျိရန်သည် လေးပင်စွာသက်ပြင်းချပြီး စိတ်တည်ငြိမ်အောင်ပြုလုပ်ပြီးနောက် သူ၏ခေါင်းအားမော့ကာ ယောင်ကျိကျိုးအားပြုံး၍ကြည့်လိုက်သည်။
"ကျွန်တော် ပါးနှစ်ချက်ရိုက်ခဲ့တယ် တစ်ချက်က မရီးအတွက်ပါ...တောင်းပန်ပါတယ် မရီး ဒုတိယတစ်ချက်ကတော့ ကျွန်တော့်အစ်ကို ဒီနေ့စည်းကမ်းရှိအောင် သင်ပြပေးတဲ့အတွက်ပါ"
ယောင်ကျိကျိုးက ထိုစကားအားကြားသောအခါ နှာခေါင်းရှုံ့လိုက်သည်။ ဒီလောက်ဆို အကြောက်တရားက ဘာလဲဆိုတာ ကျိရန်သိလောက်ပါပြီ။ သူကိုမာ၀င်နေစဉ်က အဖြစ်အပျက်အလုံးစုံကို မသိသော်လည်း အများစုသည်ယောင်ကျိရန်ကြောင့် ဖြစ်ပေါ်လာသည်မှန်း သိထားသည်။ အကယ်၍ သက်သေသာရှိခဲ့လျှင် ယောင်ကျိရန်သည် အခုချိန်တွင် သေလူဖြစ်နေလောက်ပြီဖြစ်သည်။
"ဘယ်တုန်းက မင်းကိုငါ့နေရာပေးမယ်လို့ ပြောမိလိုက်တာလဲ...ငါ့ကိုအစားထိုးဖို့ ဘာအရည်အချင်းတွေရှိနေလို့လဲ... ထိုက်ရောထိုက်တန်လို့လား"
ယောင်ကျိကျိုး၏စကားများသည် အသွားနှစ်ဖက်နှင့် ဓားကဲ့သို့ပင်။ အပြင်ပိုင်းတွင်တော့ သင်ခန်းစာတစ်ခုမျှသာဖြစ်သော်လည်း တကယ့်ဆိုလိုရင်းကတော့ ယောင်ကျိရန်အား ယောင်အဖွဲ့အစည်းသည် ထာ၀ရယောင်ကျိကျိုးအပိုင်သာဖြစ်ပြီး ယောင်ကျိရန်အား ဘယ်နည်းနှင့်မျှခွဲဝေပေးမည်မဟုတ်ကြောင်းသိစေရန်သာဖြစ်သည်။ ယောင်ကျိရန်သည် သူ၏ လက်သီးကိုဆုပ်လိုက်ပြီး ဒေါသများကို ချုပ်တည်းရန်ကြိုးစားလိုက်သည်။ သူသည် အောင်မြင်ရန် အတော်လေးနီးကပ်ခဲ့သော်လည်း ယခုလိုမျိုး အဆုံးသတ်ခဲ့ရသည်။ ဘယ်လိုများ လက်ခံလို့ရနိုင်ပါ့မလဲ။
ဤနှစ်တွေအတွင်း ယောင်ကျိရန်သည် ငြိမ်သက်စွာနှင့် ယောင်ကျိကျိုးအမိန့်များအားလုံးကို နာခံပြီး သူ၏အင်အားကိုထုတ်မပြခဲ့ပေ။ သူက ယောင်ကျိကျိုး၏နေရာအား အပြီးတိုင်ရယူကာ ယောင်
အဖွဲ့အစည်းတစ်ခုလုံးကို ချုပ်ကိုင်နိုင်မည့်နေ့ကို စောင့်နေခဲ့သည်။ ယောင်ကုမ္ပဏီသည် ယောင်ကွေနှင့် ယောင်ကျိကျိုး၏ လက်အောက်တွင်ရှိနေသော်လည်း ယောင်ကျိရန်၏အင်အားလည်းအားမနည်းပေ။
ယောင်ကုမ္ပဏီတည်ရှိနေသည်မှာ နှစ်တစ်ရာနီးပါးရှိပြီဖြစ်ပြီး ယောင်ကွေနှင့်ယောင်ကျိရန်၏ဖခင် ယောင်ကျန့်တို့သည် ထိုအချိန်က ကုမ္ပဏီ၏ chairmam နေရာအတွက် ပြိုင်ဆိုင်ခဲ့ကြပြီး အတော်လေးပြင်းထန်ခဲ့သည်။ သို့သော်လည်း ယောင်ကျန့်သည် လက်တစ်ကမ်းအလိုတွင် ရှုံးနိမ့်သွားပြီး ကုမ္ပဏီကိုယောင်ကွေက ရရှိသွားခဲ့သည်။ ယောင်ကျိကျိုး အရွယ်ရောက်လာသည့်အခါတဖြည်းဖြည်းချင်းနှင့် ကုမ္ပဏီအရေးများကို ကြိုးကြိုးစားစားဖြေရှင်းကာ ယောင်ကွေ၏အမွေဆက်ဆံသူတစ်ယောက် ဖြစ်လာသည်။
ယောင်ကျန့်သည် ထိုနှစ်တွင်ရှုံးနိမ့်သွားခဲ့သော်လည်း ခိုင်မာသည့်နောက်ခံသည် မြို့တော်အများအပြားတွင်ကျန်ရှိနေသေးသည်။ သူသည် နှစ်ပေါင်းများစွာ အစီအစဉ်ချခဲ့ပြီး ယောင်ကျိရန်အား ကုမ္ပဏီကိုပြန်ရယူနိုင်ရန် တိတ်တဆိတ်ထောက်ပံ့ပေးနေခဲ့သည်။ သို့သော်လည်း ယောင်ကျိကျိုးသည် ယောင်ကျိရန်အား ဘယ်သောအခါမှ မျက်လုံးထဲမထည့်သလို ညီအစ်ကိုတစ်ယောက်ဟုပင် သဘောမထားခဲ့ချေ။ သူက ယောင်ကျိရန်အား စိတ်ရှိသလို ခိုင်းစေလို့ရသည့် လက်အောက်ငယ်သားတစ်ယောက်ကဲ့သို့ သဘောထားခဲ့သည်။
သူတို့နှစ်ဦးလုံးသည် ယောင်မိသားစု၀င်များဖြစ်သော်လည်း ယောင်ကျိကျိုးကျတော့ ဘာလို့အကြီးအကဲဖြစ်လာရတာလဲ... ဘာလို့ ယောင်ကျိရန်က ယောင်ကျိကျိုးအနောက်မှာပဲ တိတ်ဆိတ်စွာနေနေရတာလဲ...
ယောင်ကျိရန်သည် မည်သည့်စကားမှ ပြောမလာပေ။ ဤတစ်ကြိမ်သည် ယောင်ကျိကျိုးအား ပထမဆုံး ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။ ယောင်ကျိကျိုး၏ မျက်နှာသည် အညှာအတာမဲ့ပြီး မှောင်မဲလာကာ နောက်လှည့်ထွက်ခွာသွားတော့သည်။ ဤအရာသည် တစ်ခါမှ တွေးမကြည့်ဖူးသည့်အရာဖြစ်သည့်အလျောက် မင်လျိုရီသည် ကျောက်ရုပ်ဖြစ်သွားခဲ့သည်။ သူမက စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးမှ အံ့အားသင့်စွာပြောလာခဲ့သည်။
"ယောင်ကျိကျိုး ရှင်အရမ်းကို ရက်စက်နေတာမဟုတ်ဘူးလား ဒါကြီးက တိုက်ရိုက်ရန်စလိုက်တာလား..."
🥰