🥰 Chapter 76 ✅
ယောင်ကျိကျိုး ထိုသို့မလုပ်ချင်သော်လည်း သူ့တွင်ရွေးချယ်စရာမရှိပေ။ ထို့အပြင့်လတ်တလောတွင် ကိစ္စအများအပြားဖြစ်ပွားခဲ့သောကြောင့်ယခုကဲ့သို့ ဆုံးဖြတ်ချက်ချရခြင်းဖြစ်သည်။ အကယ်၍သူသာ ထိုနေ့ကမနိုးလာခဲ့လျှင် အခုလိုလုပ်နိုင်မည်မဟုတ်ပေ။ ယောင်ကျိရန်တွင် သူ့ကို ဆပ်ဖို့ရာ အပြစ်ကြွေးများရှိနေပြီဖြစ်၍ ပြန်တောင်းရန်အချိန်ကျပြီဖြစ်သည်။
ယောင်ကျိကျိုးက ခံစားချက်မဲ့စွာပြောလိုက်သည်။
"ဒီလိုမလုပ်ရင် သူတို့ရဲ့ပုံစံအစစ်အမှန်ကို ဘယ်ထုတ်ပြကြတော့မလဲ... မြွေကိုမြက်တောထဲမှာ ပုန်းနေခိုင်းတာထက်ဆိုင်ရင် ထွက်လာအောင်လုပ်လိုက်တာက ပိုကောင်းပါတယ်"
ယောင်ကျိကျိုးသည် ယောင်ကျိရန်အား အရှက်ခွဲလိုက်သော်လည်းမပျော်ရွှင်ပေ။ အတိတ်ကယောင်ကျိကျိုးသည် သိုးရေခြုံထားသောဝံပုလွေယောင်ကျိရန်အား အယုံကြည်ဆုံးဖြစ်ခဲ့ပြီး သူ့နောက်ကွယ်တွင် မရိုးမသားအကြံစည်ဖြင့် ဒေါသထွက်အောင်ပြုလုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
အကယ်၍ သူခန့်မှန်းတာမှန်မည်ဆိုလျင် သူ့ဘ၀အား မှောင်မိုက်စေခဲ့သည့် မျက်မမြင်ဒုက္ခိတဖြစ်အောင်
လုပ်ခဲ့သူမှာလဲ ယောင်ကျိရန်ပင်ဖြစ်မည်။ ယောင်ကျိကျိုးသည် သူတို့နှစ်ဦးအားကြားမှရန်ပွဲကိုစားပွဲတစ်ခုတွင် ဆွေးနွေးကာအဆုံးသတ်နိုင်လိမ့်မည်ဟု ရူးမိုက်စွာ တွေးခဲ့မိသည်။ ယခုကြည့်ရသည်မှာ ယောင်ကျိရန်သည် သူ၏ပြိုင်ဘက်ဖြစ်လာရန် မထိုက်တန်သည့်အမှိုက်တစ်စသာ ဖြစ်သည်။
....
ယောင်အဖွဲ့အစည်း၏အတွင်းရေးမှူးဟဲရှန့်သည် အရောင်းဌာနမှ လူအများအပြားကိုခေါ်လာကာ ယောင်ကျိကျိုးမရှိချိန်အတွင်း ဖြစ်ပျက်ခဲ့သမျှအားလုံးကိုအစီရင်ခံတင်ပြလာခဲ့သည်။ ထိုအရာအားလုံးသည် သူတို့ယောင်ကျိကျိုး၏စာကြည့်ခန်းထဲမှ မထွက်လာခင်ထိသာဖြစ်သည်။
သူတို့အခန်းအပြင်ဘက်သို့ ထွက်လာသည်နှင့် နူးညံ့ညင်သာသည့် အသံတစ်သံထွက်ပေါ်လာသည်။
"ညစာအဆင်သင့်ဖြစ်ပြီနော်... အဲလောက်နောက်ကျနေပြီဆိုတော့ ညစာစားသွားကြပါလား"
လူတိုင်းက ခေါင်းမော့ကြည့်လိုက်ပြီးနောက်မင်လျိုရီမှန်း သိသွားကြသည်။ ဟဲရှန့်ကား ထိတ်လန့်သွားသည်။ သူမကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းမဟုတ်သော်လည်း အရင်ကနှင့်မတူဘဲ ကွဲပြားနေသည်။ သူ၏မှတ်ဉာဏ်ထဲမှ မင်လျိုရီသည် မိတ်ကပ်အထူကြီးလိမ်းကာ over ဖြစ်သည့်အ၀တ်များ၀တ်ပြီး နေ့ချင်းညချင်းချမ်းသာလာသည့် လူတွေကဲ့သို့ လက်၀တ်ရတနာများ၀တ်ဆင်တတ်သည့်သူဖြစ်သည်။ သို့သော် ယနေ့ညတွင်မူ မင်လျိုရီသည် သာမန်အဖြူရောင်ဂါ၀န်တစ်ထည်ကိုသာ ၀တ်ဆင်ထားပြီး သူမနှင့် အလွန်ကိုလိုက်ဖက်နေသည်။
မိတ်ကပ်မပါသည့် သူမမျက်နှာက အံ့ဩစရာကောင်းလောက်အောင် အသားအရည်မှာချောမွေ့ပြီး ပြောင်လက်နေသည်။ သူမသည် အတိတ်ကမင်လျိုရီနှင့် လုံး၀ကိုကွာခြားသွားခြင်းဖြစ်သည်။ သူသာ ကောင်းကောင်းမသိလျှင် ဥက္ကဌက နောက်မိန်းမယူသွားသည်ဟုထင်လိုက်မိပေမည်။ သူသည် မင်လျိုရီကိုကြည့်လိုက်ပြီး ရုတ်တရက်ပြန်မဖြေရဲချေ။ လအနည်းငယ်နှင့် လူတစ်ယောက်ကထိုသို့မပြောင်းလဲသွားနိုင်သောကြောင့်သူက သတိကပ်ကာခေါ်လိုက်သည်။
"မဒမ်လား"
မင်လျိုရီက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ ဟဲရှန့် အနည်းငယ် အံ့ဩသွားသည်။ တခြားသူများအတွက်တော့ မင်လျိုရီအားပထမဆုံးမြင်ဖူးခြင်းဖြစ်ပြီး ယခုလောက်ထိလှပလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ သူတို့သည် သူမအကြောင်း ကြားဖူးကြသော်လည်း လူကိုယ်တိုင်တွေ့လိုက်ရတော့ အံ့အားသင့်သွားကြသည်။ ကောလာဟလတွေက တကယ်ကို မယုံရပါလား...
သူတို့ထဲမှ တစ်ယောက်သည် မင်လျိုရီကိုမြင်တော့ မထိန်းနိုင်ဘဲ ပြောလိုက်သည်။
"မဒမ်က သိပ်လှတာပဲ"
မင်လျိုရီက ထိုလူအား ကောင်းမွန်စွာကျေးဇူးတင်လိုက်သည်။ ဟဲရှန့်သည် ဖိတ်ခေါ်မှုအား အလျင်စလိုသဘောမတူရဲပေ။ ဥက္ကဌကဘာတစ်ခွန်းမှ မပြောရသေးသောကြောင့် သူတို့ဥက္ကဌပြောမှသာ ဆက်နေရဲမည်ဖြစ်သည်။ မဟုတ်လျှင် သစ္စာဖောက်သည်ဟု သတ်မှတ်လို့ရသည်။ ယောင်ကျိကျိုးသည်လဲ ဟဲရှန့်က သူ့အမိန့်ကို စောင့်ဆိုင်းနေသည်ကို သိသောကြောင့် ပင်ပန်းနေကြတာကိုလဲ ထည့်တွက်ပေးပြီး ပြောလိုက်သည်။
"နေလို့ရတယ်"
ထိုစကားကိုကြားမှ ဟဲရှန့်သည်ခေါင်းငြိမ့်လိုက်သည်။ သူသည် နှစ်ပေါင်းများစွာ ယောင်ကျိကျိုး၏ နောက်သို့လိုက်ခဲ့သောကြောင့် မကျော်သင့်သည့် စည်းကိုသိသည်။ အကယ်၍ ချိုးဖောက်မိပါက ထိုလူသည် အလုပ်ပြုတ်ရုံသာမက ဘ၀ပါဆုံးသွားနိုင်သည်။
လူတိုင်းသည် ဆက်နေလို့ရသည်ဟုကြားပြီးနော် ပျော်ရွှင်သွားကြပြီး ချက်ချင်းပဲပြောလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဌ ကျေးဇူးတင်ပါတယ် မဒမ်"
ညစာစားပွဲတွင် ဟဲရှန့်နှင့်တခြားလူများရှိသော်လည်း မင်လျိုရီသည် ယောင်ကျိကျိုးဘေးတွင်ထိုင်ကာ သဘာ၀ကျကျနှင့် ပန်းကန်ထဲသို့ဟင်းများ ထပ်ကာထပ်ကာ ထည့်ပေးနေသည်။ ထိုအချင်းအရာကို ဟဲရှန့်က ပို၍ပင်အံ့အားသင့်သေးသည်။ ဥက္ကဌနှင့် မဒမ်တို့သည် အရင်ကအဆင်မပြေကြမှန်း သိထားကာ ဥက္ကဌသည် မဒမ်ထည့်ပေးသည့် အစားအစာများကို စားလေ့မရှိပေ။ ဥက္ကဌနိုးလာမှ ဘာလို့အရာအားလုံးက ပြောင်းလဲသွားရတာလဲ...။
သူသည် ပန်းကန်နှင့်တူအား တွန်းဖယ်ခြင်းမရှိသည့်အပြင် သဘောကျသည့်အသွင်ပင်ပေါ်နေလေသည်။ ဟဲရှန့်သည် ကိစ္စများကထင်သလောက်မရှိးရှင်းဟု ခံစားလိုက်ရသည်။
'ငါ အကြာကြီးနေလို့မဖြစ်ဘူး...မြန်မြန်စားပြီး မြန်မြန်ပြန်တာ ကောင်းမယ်ထင်တယ်...'
ထိုသို့တွေးပြီး ဟဲရှန့်သည် အလျင်အမြန် ဝါးလိုက်ပြီး ကျန်လူများကလဲ ဉာဏ်ကောင်းကြသူများဖြစ်၍ မြန်မြန်စားနေသည့် ရည်ရွယ်ချက်ကို သဘောပေါက်သွားကြသည်။
သူတို့က ချက်ချင်းပဲ နားလည်လိုက်သည်။ ဥက္ကဌနှင့် မဒမ်သည် သူတို့အား ညစာစားစေချင်ကြသော်လည်း မဖြေရှင်းရသေးသည့် ပြဿနာလေးတွေရှိသောကြောင့် အကြာကြီးမနေသင့်ပေ။ လူတိုင်းသည် စားသောက်ခြင်းကို အရှိန်မြှင့်လိုက်ပြီး မီးထဲမပါချင်၍ ထိုနေရာမှတတ်နိုင်သမျှ မြန်မြန်ပြန်ထွက်လာချင်ကြသည်။
ယောင်ကျိကျိုးသည် မင်လျိုရီထည့်ပေးသည့် ဟင်းတစ်ဖက်အား စားလိုက်ပြီး ဟဲရှန့်အား ပြောလိုက်သည်။
"မစ္စတာဟဲ ကျွန်တော့်မျက်လုံးတွေက သိပ်မကောင်းဘူး...ဇနီးဖြစ်သူက ဒီရက်ပိုင်း အများကြီး အလုပ်ကြိုးစားပေးထားလို့ ကျွန်တော့်အစား သူ့အတွက် စွပ်ပြုတ်တစ်ပန်းကန်လောက် ထည့်ပေးနိုင်မလား"
🥰