အပိုင်း၇၉
Viewers 8k

🥰 Chapter 79 ✅


ယောင်ကျိကျိုး၏ခန္ဓာကိုယ်အား ပထမဆုံးအကြိမ်မြင်ဖူးခြင်းမဟုတ်သော်လည်း ထိုအချိန်တုန်းက ယောင်ကျိကျိုးသည် သတိလစ်နေခဲ့သည်ဖြစ်သည်။ သတိပြန်ရလာချိန်မှာတောင် ဘယ်လိုဖြစ်ပြီး အခုလိုလုပ်နေသေးတာလဲ... သူမအတွက်တော့ အတိုင်းအတာကျော်လွန်နေသည်။ မင်လျိုရီက သူမ ဆန္ဒကိုမလွန်ဆန်နိုင်ဘဲ ဆိုးရွားသည့်အရာတစ်ခုခု ဖြစ်လာမည်ကို ပူပန်နေမိသည်။ 


သူမက ချက်ချင်းထပြောလိုက်သည်။ 


"ဒါ..ဒါကတော့ မတူဘူးလေ ခဏလေးစောင့်ပါ...ကျွန်မ အ၀တ်တစ်စုံထုတ်ပေးပါ့မယ်" 


ထိုသို့ပြောပြီး မင်လျိုရီတစ်ယောက် အခန်းထဲမှပြေးထွက်သွားတော့သည်။ သူမပြန်လာတော့ ယောင်ကျိကျိုးသည် သူ၏အ၀တ်အစားများကိုချွတ်ကာ ဘေးတွင်ချထားသည်ကို တွေ့လိုက်ရသည်။ သူ​၏ခန္ဓာကိုယ်သည်ပျော့ပျောင်းနေပြီး ၀မ်းဗိုက်ရှိကြွက်သားများက အနည်းငယ်မှေးမှိန်နေသည့်တိုင် ထိုလူ၏အရေပြားအောက်မှ ဆွဲဆောင်မှုရှိရှိဖော်ထုတ်ပြနေသည်။ ယခုတွင်တော့ ထိုဆွဲဆောင်မှုများသည် ပေါ်တင်ပြသထားရသောကြောင့် မင်လျိုရီ မည်သို့မှ မထိန်းချုပ်ထားနိုင်တော့ပေ။ 


သူမ၏လက်များက ယောင်ကျိကျိုး၏အရင်ကလောက်မရှိတော့သည့် ကြွက်သားများထံ ဖြည်းညင်းစွာထိတွေ့နေသည်။ ယောင်ကျိကျိုးသည် သူ၏ကြွက်သားများကို ထိတွေ့နေသော မင်လျိုရီ၏ လက်များကိုခံစားမိပြီးနောက် တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း သူ၏ခန္ဓာကိုယ်အခြေအနေနှင့် ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများကို တိတ်တိတ်လေးလုပ်နေခဲ့သည်။ ၀မ်းဗိုက်ရှိကြွက်သားများက သိပ်မထင်ရှားသော်လည်း ကြည့်ရဆိုးသည်တော့မဟုတ်ပေ။ 


မင်လျိုရီက ဆက်လက်စစ်ဆေးကြည့်နေခဲ့ပြီး သူမရဲ့ မရိုးသားတဲ့လက်များက ကြွက်သားများပေါ် အ‌ထက်အောက်ပြေးလွှားနေသည်။ မင်လျိုရီ မတတ်နိုင်ဘဲ တံတွေးမျိုချမိလိုက်သည်။ ဒီလိုသာဆက်ဖြစ်နေမယ်ဆို သူမ ဘာဆက်လုပ်မိမလဲ သူမကိုယ်တိုင်ပင်မသိတော့ပေ။ ထိုအချိန်တွင် ယောင်ကျိကျိုး၏အသံက တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တော့သည်။ 


"မင်းငါ့ကို အခွင့်ရေးယူလို့ပြီးပြီလား" 


မင်လျိုရီသည်အတွေးထဲနစ်နေရာမှ သတိပြန်၀င်လာပြီး သူမလက်များကိုရုတ်သိမ်းလိုက်သည်။ သူမ လက်ချောင်းများက ပူနေသည်ကိုခံစားမိပြီး မျက်နှာသည်လည်း ရဲနေခဲ့သည်။ သူမ ထိုကြွက်သားများကို အရင်က မြင်ဖူး၊ ကိုင်ဖူးသော်လည်း ယခုတစ်ခေါက်လောက် မကောင်း‌ခဲ့ပေ။


မင်လျိုရီသည် ယခုလက်ရှိသူမပုံကို တွေးမိပြီး အနည်းငယ်ရှက်ရွံ့သွားကာ အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်သည်။ 


"ကျွန်..ကျွန်မက ရှင့်ရဲ့ကြွက်သားတွေကို စစ်ဆေးပေးတာပါနော် မ-မဆိုးပါဘူး ဟဟ.. ဟား...ဟား"


ယောင်ကျိကျိုးက ထိုစကားကိုကြားသောအခါမျက်ခုံးပင့်လိုက်သည်။ အခု သူမကသူ့ကိုအစိမ်းလိုက်စားချင်နေတာမဟုတ်လား... အရင်လတွေတုန်းကသာ ယခုလိုဆိုလျင် သူ့ကိုထိုကဲ့သို့ထိခွင့်ပေးမည်မဟုတ်သော်လည်း ယခုအချိန်မှာတော့ သူ့တွင်ရွံရှာသည့်ခံစားချက်မျိုးမရှိဘဲ သဘောပင်ကျနေမိသည်။ 


ယောင်ကျိကျိုးသည် မင်လျိုရီဖြစ်နေမည့်ပုံကိုတွေးမိသောကြောင့် ပြောလိုက်သည်။ 


"ဟုတ်လား...ဒါဖြင့်လဲ နေ့တိုင်းတစ်ကြိမ်လောက် ကြွက်သားတွေစစ်ပေးဖို့ မင်းကိုပဲဒုက္ခပေးရတော့မယ်...မင်း ငါ့ရဲ့ ရင်ဘတ်ကြွက်သားတွေကိုရော စစ်ကြည့်ချင်သေးလား" 


မင်လျိုရီ၏မျက်၀န်းအိမ်များက ချက်ချင်းပဲပြူးကျယ်သွားခဲ့သည်။ ဒီလိုအဖိုးတန်အရာကို ကိုင်ကြည့်လို့ရတယ်လား... တကယ်ဆို ယောင်ကျိကျိုးက သူမရဲ့ "၀မ်းဗိုက်ကြွက်သားစစ်ဆေး" တာကို ငြင်းပယ်သင့်တာဆိုပေမဲ့ သူက "ရင်ဘတ်ကြွက်သား" ကိုပါ စစ်ကြည့်စေချင်နေတယ်... သူမ တကယ်စစ်ကြည့်လိုက်ရင် တရားလွန်ရာမကျလောက်ပါဘူးနော်။ 


သူမ ယောင်ကျိကျိုး၏ ရင်အုပ်အား မရည်ရွယ်ဘဲစိုက်ကြည့်မိသွားပြီး မေးလိုက်သည်။ 


"တကယ်လား" 


ရုတ်တရက်ပဲ ယောင်ကျိကျိုးနောင်တရမိသွားသည်။ သူ့ဘ၀တွင် မိန်းကလေးတစ်ယောက်ဆီမှ ကြွက်သားကိုင်ခွင့်ပေးရန် ခွင့်တောင်းမခံခဲ့ဖူးပေ။ အကယ်၍ ထိုသတင်းသာပြန့်သွားပါက မည်သူမှယုံနိုင်မည်မဟုတ်ဘဲ မင်လျိုရီ စိတ်ကူးယဉ်နေသည်ဟုသာ သတ်မှတ်ကြပေလိမ့်မည်။ သူမရဲ့ဖြူစင်မှုကို ကာကွယ်ရန် ယောင်ကျိကျိုး၏မျက်နှာက အလေးအနက်ထားဟန် ပြောင်းလဲသွားသည်။ 


"သေချာပေါက် မရဘူးပေါ့...ငါ့ကို အင်္ကျီကူ၀တ်ပေး" 


မင်လျိုရီ ချက်ချင်းနာကျင်သွားရသည်။ ဒီလိုမှန်းသိရင် သူမကြွက်သားတွေကို ဒီထက်ပိုကြာကြာထိကြည့်ခဲ့ပါတယ်။ မင်လျိုရီက အ၀တ်များကိုယူပြီး ယောင်ကျိကျိုးအား ၀တ်ပေးလိုက်ကာ ကုတင်ခြေရင်းတွင်ထိုင်လျက် ယောင်ကျိကျိုး၏ ခြေထောက်ကို ဝိညာစမ်းရေနှင့်နှိပ်ပေးရန်ပြင်လိုက်သည်။ ယောင်ကျိကျိုးသည် ရုန်းလိုက်သော်လည်း အရင်တစ်ခါက မင်လျိုရီ အသည်းအသန်ငိုခဲ့သည်ကို ပြန်သတိရသွားပြီး မငြင်းပယ်လိုက်တော့ပေ။


ထိုအရာများအားလုံးပြီးတော့ မင်လျိုရီသည် ယောင်ကျိကျိုး၏ဘေးသို့ပြန်ရောက်ရှိသွားတော့သည်။ အိပ်ရာမ၀င်ခင် နောက်ဆုံးလုပ်ရမည့်အလုပ်တစ်ခုသာ ကျန်တော့သည်...ယောဂပင်။ ယောင်ကျိကျိုးကိုမာဝင်စဉ်က ခေါင်းအုံးသို့မဟုတ် အမှီသဟဲပြုစရာအဖြစ်အသုံးပြုလို့ရသော်လည်း သတိရနေစဉ်မှာတော့ ထိုနည်းလမ်းကို အသုံးပြု၍မရတော့ပေ။ မင်လျိုရီက ခဏလောက်စဉ်းစားလိုက်ပြီး ကျိုးကြောင်းဆီလျော်သည့် ဆင်ခြေတစ်ခုရသွားသည်။


"ယောင်ကျိကျိုး ရှင်အိပ်ရာမ၀င်ခင် ခန္ဓာကိုယ်ကို အကြောလျှော့ဖို့ ယောဂလုပ်သင့်တယ်နော်...အဲလိုဆို အိပ်ပျော်ဖို့လဲ အထောက်အကူဖြစ်တယ် ကျွန်မနဲ့အတူလုပ်ကြမလား" 


ထိုသို့မေးပြီးနောက်‌ ယောင်ကျိကျိုးအား မျှော်လင့်တကြီးစိုက်ကြည့်လိုက်သည်။ သူမ ယောင်ကျိကျိုး သဘောတူ၊မတူကို မသိပေ။ သဘောမတူတော့ရော သူမက ဘာလုပ်နိုင်မှာမလို့လဲ။ ယောင်ကျိကျိုးသည် မင်လျိုရီ၏ ဆင်ခြေကိုကြားပြီး ရယ်ချင်မိသွားသည်။ သူ့ပုံစံနဲ့ဘယ်လိုယောဂကို လုပ်နိုင်မှာမလို့လဲ...


သို့သော် သူ့အား မင်လျိုရီဂရုစိုက်သည်ကို လိုချင်မိသောကြောင့် ‌နူးညံ့စွာပြောလိုက်သည်။


"ဟုတ်ပြီလေ အတူတူလုပ်ကြတာပေါ့" 


မင်လျိုရီသည် သူမပြင်ဆင်ထားသည့် ဆင်ခြေများထုတ်မသုံးရသေးခင်မှာပင် ယောင်ကျိကျိုးကတကယ်ကြီးသဘောတူသွားမည်ဟု မထင်ထားခဲ့ပေ။ သို့သော် ဒါလဲကောင်းတာ‌ပါပဲ သူမသာ စကားအများကြီးပြောနေလျှင် ယောင်ကျိကျိုး စိတ်ဆိုးသွားမည်ဖြစ်ပြီး အဆင်မပြေလှပေ။ ယောင်ကျိကျိုးက သဘောတူလိုက်တယ်ဆိုတော့..တကယ်ကြီးလား။ 


မင်လျိုရီက ယောင်ကျိကျိုးကို မယုံသင်္ကာနှင့်လှမ်းကြည့်ပြီး မေးလိုက်သည်။ 


"ရှင်-ရှင်တကယ် သဘောတူလိုက်တာလား"



🥰