အပိုင်း၈၁
Viewers 8k

🥰 Chapter 81 ✅


ယောင်ကျိကျိုးက ရုတ်တရက်ခေါ်ခိုင်းလိုက်သည့်အတွက် ရှောင်ဖန်းအနည်းငယ်စိတ်လှုပ်ရှားသွားသည်။ ဥက္ကဌသည်အမြဲလိုလို ခံစားချက်မဲ့စွာပြုမူနေကျဖြစ်သောကြောင့် သူ့မျက်နှာကိုကြည့်ယုံနှင့် ဦးလေးကျန်းကိုခေါ်ခိုင်းသည့်အကြောင်းရင်းအား ခန့်မှန်းမရနိုင်ပေ။ 


'ဒီနေ့မနက်လုပ်ထားတဲ့ ဆန်ပြုတ်ကိုအကြိုက်မတွေ့လို့များလား' 


ရှောင်ဖန်းတကယ်ကို မခန့်မှန်းနိုင်တော့သောကြောင့် မင်လျိုရီအားကြည့်လိုက်သည်။ မင်လျိုရီ၏ပုံမှန်မျက်နှာထားကိုမြင်တော့မှ ရှောင်ဖန်းအနည်းငယ် စိတ်သက်သာရာရသွားသည်။ မင်လျိုရီ ပုံမှန်ဖြစ်နေသ၍ မည်သည့်ကိစ္စမဆို သိပ်အရေးမကြီးဟု သတ်မှတ်နိုင်သည်။ ရှောင်ဖန်းက မီးဖိုချောင်သို့လှည့်ထွက်သွားသည်။ 


"ဦးလေးကျန်း ခဏလောက်လာပါဦး ဥက္ကဌက တွေ့ချင်လို့တဲ့" 


လောင်ကျန်းသည် အလွန်ကိုတည်ငြိမ်ပြီး သူ၏ဟင်းချက်အစွမ်းကို ယုံကြည်မှုရှိလေသည်။ သူ မချက်နိုင်သည့် ဟင်းလျာဟူ၍မရှိပေ။ သူ့လက်ထဲမှပစ္စည်းများကိုချလိုက်ပြီး ရှောင်ဖန်းနောက်မှ ထမင်းစားစားပွဲဆီသို့လိုက်သွားတော့သည်။ 


"ဥက္ကဌခေါ်တယ်ဆိုလို့ပါ"


ယောင်ကျိကျိုးက ဇွန်းကိုချပြီး ကျန်းချွမ်အားကြည့်လိုက်သည်။ သူသည် တကယ်ကို ရိုးသားမည့်ပုံပေါ်သည်။ ကျန်းချွမ်သည် လွန်ခဲ့သည့်ရက်သတ္တပတ်တွေတုန်းက မင်လျိုရီအား အများကြီးကူညီပေးခဲ့ပုံပင်။ 


ယောင်ကျိကျိုးက သူအားပြောလိုက်သည်။ 


"မင်းတို့သခင်မပြောတာ ငါ ကိုမာ၀င်နေတုန်းက ဂရုစိုက်ပေးထားတယ်ဆိုလို့ အခုသတိပြန်ရလာတဲ့အချိန်မှာ ကျေးဇူးပြန်ဆပ်ချင်လို့ပါ"


ဦးလေးကျန်းက ၀မ်းမြောက်မိသွားသည်။ သူ သခင်နှင့်သခင်မကို ကူညီခဲ့ဖူးသော်လည်း သူက စားဖိုမှူးတစ်ယောက်သာဖြစ်သည်။ ဘယ်လိုလုပ်ပြီး ကျေးဇူးပြန်ဆပ်တာကို လက်ခံနိုင်မှာလဲ...


ဦးလေးကျန်းက စိတ်တည်ငြိမ်အောင်လုပ်ပြီး အမြန်ပြောလိုက်သည်။ 


"ကိစ္စမရှိပါဘူး ကျွန်တော်က လုပ်သင့်တာကို လုပ်ခဲ့ရုံပါပဲ" 


ယောင်ကျိကျိုးက ခေါင်းငြိမ့်လိုက်သည်။ 


'အရမ်းကောင်းတယ် သူက ဂုဏ်မောက်မနေသလိုကိုယ့်တန်ဖိုးကိုလဲကိုယ်သိတယ်... သူ့ရဲ့လက်ရာတွေက တကယ်ကောင်းတယ်လို့ မင်လျိုရီချီးမွမ်းတာမထူးဆန်းတော့ဘူး... ဆုချသင့်တယ်' 


ယောင်ကျိကျိုးက ဦးလေးကျန်းကိုပြောလိုက်သည်။ 


"ရပါတယ် အခက်အခဲရှိတာဖြစ်ဖြစ် လိုအပ်တာဖြစ်ဖြစ် ငါ့ကိုပြောလို့ရတယ် ဖြည့်ဆည်းပေးနိုင်တာဆို ကူညီပေးမယ်"


ဦးလေးကျန်းက စဉ်းစားပြီးနောက် ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။ ဥက္ကဌသည် သူ့အားလစာကောင်းကောင်းနှင့်ဆုကြေး‌ငွေများ ပေးပြီးသားဖြစ်သည်။ သူငြင်းဆိုတော့မည့်အချိန်မှာပင် မင်လျိုရီက လက်ထဲမှဇွန်းအားချကာ ဦးလေးကျန်းကိုကြည့်ပြီး ပြုံးလိုက်သည်။ 


"ဦးလေးကျန်းကိုကျွန်မပြောခဲ့သားပဲ ကောင်းကျိုးပြန်ခံစားရမှာပါလို့... အခု အနာဂတ်ကောင်းက လက်ထဲရောက်နေပြီလေ ဘာတွေစောင့်နေတာလဲ" 


မင်လျိုရီ၏စကားများကြောင့် ဦးလေးကျန်း၏ အမူအရာက ရှိုးတိုးရှန့်တန့်ဖြစ်သွားသည်။ ထိုအချိန်ခဏတွင် သူတောင်းဆိုသင့်လား မသင့်လားမသိတော့ဘဲ သူတောင်းဆိုတာက အရမ်းများသွားမည်ကိုစိုးရိမ်မိသည်။ သူက ယောင်ကျိကျိုးဘေးတွင် ထိုင်နေ‌သော မင်လျိုရီကိုသာ လှမ်းကြည့်လိုက်သည်။ 


မင်လျိုရီက ခေါင်းငြိမ့်ကာဆက်ပြောရန်အချက်ပြလိုက်သည်။ ထိုအမူအရာကိုမြင်တော့ ဦးလေးကျန်းစိတ်ထဲပေါ့သွားခဲ့သည်။ သခင်မက မီးစိမ်းပြနေ‌မှတော့ ပြဿနာမရှိလောက်ပါဘူး...


အချိန်အနည်းငယ်မျှစဉ်းစားပြီးနောက် ဦးလေးကျန်းက ပြောလိုက်သည်။ 


"ဥက္ကဌ... ကျွန်တော့်သားက ဘွဲ့ရသွားပေမဲ့ အလုပ်ကအဆင်မပြေသေးလို့ အလုပ်လေးပေးနိုင်မလား... ကျေးဇူးပြန်ဆပ်ပါ့မယ်"


မင်လျိုရီက ဦးလေးကျန်း၏စကားများကို ကြားပြီးနောက် သူမနားပင်သူမ မယုံနိုင်ပေ။ ယောင်ကျိကျိုးသည် လူတစ်ယောက်ကို တော်ရုံဆုချပေးခြင်းမရှိပေ။ ဦးလေးကျန်းက ထိုအခွင့်အရေးကိုရခဲ့သော်လည်း သူတောင်းဆိုတာက ဒါလေးပဲလား...


ယောင်ကျိကျိုးသည် ဦးလေးကျန်းက ထိုကဲ့သို့သော ရိုးရှင်းသည့်တောင်းဆိုမှုမျိုးပြုလုပ်လိမ့်မည်ဟု မထင်ထားသောကြောင့် ဖြည်းညှင်းစွာပြောလိုက်သည်။


"ကောင်းပြီ ဒီနေ့ပဲအတွင်းရေးမှူးကို ခင်ဗျားသားအတွက်အလုပ်စီစဉ်ခိုင်းလိုက်မယ်...နောက်ပြီး ယောင်မိသားစုအပိုင်ထဲက အိမ်တစ်လုံးကိုလဲ အလုပ်အသွားအပြန် အဆင်ပြေအောင် ပေးထားလိုက်မယ်" 


ဦးလေးကျန်းက ထိုစကားကိုကြားသောအခါအလွန်အံ့အားသင့်သွားသည်။ သူသားအတွက် အလုပ်ပေးရုံသာမက အိမ်ပါပေးဦးမယ်တဲ့လား... ဒါကြီးကအရမ်းများလွန်းတယ်... ဦးလေးကျန်းက အနည်းငယ်ထိတ်လန့်သွားပြီး ‌ချက်ချင်းခေါင်းခါလိုက်သည်။ 


"ဥက္ကဌ ဒါကအရမ်းများလွန်းပါတယ်... အလုပ်ရတာနဲ့တင်အဆင်ပြေပါပြီ... အိမ်ဆိုတာက တန်ဖိုးကြီးလွန်းပါတယ်"


မင်လျိုရီက ယောင်ကျိကျိုးအား တိတ်တိတ်လေး လက်မပေးလိုက်သည်။ ယောင်ကျိကျိုးသည် ယောင်အဖွဲ့အစည်း​၏ ဥက္ကဌတစ်ယောက်အနေနဲ့ ထိုကဲ့သို့သောကိစ္စများတွင် ရက်ရောလေသည်။ လူအမြောက်အများ အိပ်မက်မက်ခဲ့ရသည့်အိမ်ကိုပင် သူကချက်ချင်းပေးပစ်လိုက်လေသည်။ 


မင်လျိုရီက အခွင့်အရေးကို အသုံးချပြီးပြောလိုက်သည်။


"ရှောင်ဖန်းအတွက်ကိုရော... သူက ရှောင်းလန် အနိုင်ကျင့်တာခံခဲ့ရသေးတယ်" 


မင်လျိုရီ၏ထိုစကားများကိုကြားလိုက်သော ရှောင်ဖန်းက ယောင်ကျိကျိုးအား နွေးထွေးစွာကြည့်လိုက်သည်။ သခင်က သူမကို ဘာဆုပေးလိမ့်မလဲမသိပေ...


ယောင်ကျိကျိုးက မျက်မှောင်ကျုံ့ကာ စဉ်းစားပြီးနောက် ခေါင်းမော့ပြီးတည်ငြိမ်စွာပြောလိုက်သည်။


"သူ့ကိုလဲ အိမ်ပေးမယ် အခုကစပြီး အိမ်နီးချင်းတွေဖြစ်သွားတာပေါ့" 


ရှောင်ဖန်းသည် ထိုစကားကြောင့် ပျော်လွန်း၍ထခုန်မိမတက်ပင်။ ဦးလေးကျန်းကို ဆုချတာမြင်တော့ သူမလဲ မနာလိုအားကျခဲ့သည်။ သခင်မက သူမကိုလဲ ဆုပေးခိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပျော်ရွှင်မှုဆိုတာ ရုတ်တရက်ဆန်စွာပဲ ရောက်လာတတ်လေသည်။ 


ရှောင်ဖန်းက အော်ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ် သခင်" 


မင်လျိုရီသည် ယခုကဲ့သို့ အဆုံးသတ်သွားရန် စီစဉ်ထားခဲ့ခြင်းမဟုတ်ပေ။ ‌ဦးလေးကျန်းနှင့် ရှောင်ဖန်းက အသီးသီးဆုရသွားပြီဆိုတော့ ကျောက်ချမ်းကိုလဲ မေ့ထားလို့မရပေ။ ဒီအတောအတွင်း ကျောက်ချမ်းသည်လည်း သူမနှင့် ယောင်ကျိကျိုးကို ကူညီပေးခဲ့သည်။ 


မင်လျိုရီက ဆက်ပြောလိုက်သည်။


"ကျောက်ချမ်းကရော... သူက ရှင့်ကို စိတ်ရောကိုယ်ပါနှစ်ပြီး ဂရုစိုက်ပေးခဲ့တာ နေ့တိုင်းလဲ ရေချိုးပေးသေးတယ်လေ"



🥰