အပိုင်း၈၂
Viewers 8k

🥰 Chapter 82 ✅


ယောင်ကျိကျိုးက မင်လျိုရီ၏စကားကြောင့် ချက်ချင်းပင် မျက်ခုံးများကျုံ့သွားတော့သည်။ သူမသာ ဒီလိုဆက်ပြီးပြောနေမယ်ဆို ပြီးဆုံးမှာမဟုတ်တော့ပေ။ 


"ဒီအတောအတွင်း ခက်ခဲခဲ့ရတဲ့အချိန်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲ မင်းသိနေတာပဲ ကြိုက်တဲ့သူကိုအိမ်တစ်လုံးပေးနိုင်တယ်...မစ္စတာဟဲ ကိုသာပြောပြလိုက် သူစီစဉ်ပေးလိမ့်မယ်" 


မင်လျိုရီက ယောင်ကျိကျိုးအား ပို၍ပင်ချီးကျူးမိသွားတော့သည်။ အင်ပါယာရဲ့ဥက္ကဌလို့ကိုမပြောရဘူး ရက်ရောမှုကြီးက သာမန်‌လူတွေမှာ မရှိနိုင်သလောက်ပဲ... အိမ်တစ်လုံး နှစ်လုံးကိုဘာမှမဟုတ်သည့်အလား ပေးပစ်နိုင်လေသည်။ သူမကြိုက်သည့်လူအကုန်ကို အိမ်ပေးလို့ရပြီဖြစ်သည်။ 


မင်လျိုရီက ပျော်ရွှင်စွာပြောလိုက်သည်။


"ဒါကောင်းတာပေါ့"  


ဗီလာတွင် ရုတ်ချည်း ပြောင်းလဲမှုအများအပြားနှင့် ကြုံတွေ့လိုက်ရသည်။ ယောင်ကျိကျိုး၏ရက်ရောမှုကြောင့် အိမ်အကူများအားလုံးသည် သူတို့ရပ်ခဲ့သည့်ဘက်က မှန်သည်ကိုသိရှိသွားကြပြီး ပိုမိုသေချာသွားရသည်။ ဒါပေါ့ သခင်မရဲ့ ကြင်နာမှုကြောင့်ဆိုလဲမမှားဘူး... သခင်မသာမရှိရင် သူတို့ ယခုကဲ့သို့ဆုလာဘ်မျိုး ရရှိနိုင်မည်မဟုတ်ပေ။


ရှောင်ဖန်းက လေသံတိုးတိုးဖြင့်မေးလိုက်သည်။ 


"သခင့်ကိုစောင့်ရှောက်ရတာ သခင်မအတွက်လဲခက်ခဲခဲ့ပါတယ်... သခင်က ဘာနဲ့ဆုချမှာလဲမသိဘူးနော် ကျွန်မတို့ကိုလဲ ပြောပြပါဦး" 


မင်လျိုရီကရုတ်တရက် အလွန်အမင်းရှက်မိသွားသည်။ 


'ရှောင်ဖန်း ဘယ်လိုဖြစ်လို့ ဒီလိုမေးခွန်းမျိုးထမေးရတာလဲ...ယောင်ကျိကျိုးငါ့ကို မသတ်တာကတင် သက်ညှာလွန်းနေပြီဟ' 


မည်သို့ပင်ဖြစ်စေ ယောင်ကျိကျိုး ကိုမာ၀င်သွားသည်မှာ မူလမင်လျိုရီကြောင့်ဖြစ်သည်။ သူမက ဘာလို့ ဆုချခံရမှာလဲ...


ယောင်ကျိကျိုးက ရှောင်ဖန်း၏အမေးကိုကြားပြီး အနည်းငယ်အရှက်ရသွားသည်။ တခြားသူတွေကိုပဲ ဆုချဖို့အာရုံစိုက်မိနေတာ သူ့ရဲ့ဇနီးကိုတော့ မေ့ထားမိခဲ့သည်။ သို့သော် သူမ သူ့အနားရှိနေသ၍ သူမလိုချင်တာအကုန် ရစေရမည်ဖြစ်သည်။


ယောင်ကျိကျိုးက အေးစက်စွာပြောလိုက်သည်။ 


"ငါ့ရဲ့ပိုင်ဆိုင်မှုတွေက သူ့ရဲ့ပိုင်ဆိုင်မှုပဲ" 


မင်လျိုရီကား တိတ်ဆိတ်သွားခဲ့သည်။ 


'ဒီလူက အမုန်းတရားတွေ လက်ကိုင်ထားနေတုန်းပဲလား' 


သူ့ပိုင်ဆိုင်မှုများသည် များပြားလှသော်လည်း မင်လျိုရီက ထိုအရာများကို ဂရုသိပ်မစိုက်ပေ။ မူလမင်လျိုရီက သူမအတွက် ပိုက်ဆံချန်ထားပေးခဲ့ပြီး သူမ ချမ်းချမ်းသာသာနေနိုင်ရန် လုံလောက်လေသည်။ 


မင်လျိုရီက ဖုန်းမြည်သံကြားသောကြောင့်အလျင်အမြန်ထုတ်ကြည့်လိုက်သည်။ သူမက ဖုန်းလော့အား ဖြည်လိုက်ပြီးနောက် wechat မှ ယိုလင်လင်၏ စာဖြစ်ကြောင်းတွေ့လိုက်ရသည်။ 


[ လျိုရီ အဖွဲ့အစည်းက နောက်တစ်ခေါက် ထပ်လှူဖို့စီစဉ်နေကြတယ်...တစ်လလောက်ကြာမယ်တဲ့ အတူတူအလုပ်ကြိုးစားကြရအောင် ] 


မင်လျိုရီက မက်ဆေ့အားကြည့်ပြီးနောက် ပြုံးလိုက်သည်။ မူလမင်လျိုရီထားခဲ့သော ပိုက်ဆံများသည် သူမ ပရဟိတအဖွဲ့အစည်းသို့ လှူတန်းနေလျှင်တောင် သုံးစွဲဖို့လောက်ငှ‌သေးသည်။ ထိုပမာဏဖြင့် သူမဘ၀ကိုကောင်းကောင်းမွန်မွန်နှင့် ပျော်ရွှင်စွာဖြတ်သန်းနိုင်လေသည်။ 


သူမက ချက်ချင်း စာပြန်လိုက်သည်။


[ လင်လင် ဘယ်လောက်ထိ ရဖို့မှန်းထားရကြလဲ ငါလဲပါမယ် ]


ယိုလင်လင်က မင်လျိုရီ၏မက်ဆေ့ကိုတွေ့တော့ မျက်မှောင်ကျုံ့မိသွားသည်။ မင်လျိုရီ ချမ်းသာမှန်းသိသော်လည်း သူမအပေါ် အမြဲတမ်းမှီခိုနေလို့မဖြစ်ပေ။ ဒီအကြိမ်တွင် ယိုလင်လင်အနေဖြင့် ဘယ်လိုအခြေအနေပဲရှိရှိ အလုပ်ကြိုးစားပြီး မင်လျိုရီအပေါ် အခွင့်အရေးမယူသင့်ပေ။ 


ယိုလင်လင်က လျင်မြန်စွာ စာပြန်လိုက်သည်။ 


[ လျိုရီ နင့်မှာငွေမပြတ်လတ်မှန်းငါသိပေမဲ့ အမြဲတမ်းကြီး နင့်ဆီက ပိုက်ဆံယူနေလို့ဘယ်ဖြစ်မလဲ... ငါတို့ကို ထောက်ပံ့နိုင်မဲ့ စီးပွားဖက်တွေရှာပြီး တိုးတက်ဖို့နည်းလမ်းရှာကြည့်ရမှာပေါ့ ] 


မင်လျိုရီက "စီးပွားဖက်" ဆိုသည့်စကားလုံးအားတွေ့သည်နှင့် သူမဘေးရှိ ယောင်ကျိကျိုးကို တွေးမိသွားသည်။ သူမရဲ့တည်ငြိမ်နေသည့် မျက်၀န်း‌များကို ပိုက်ဆံများက နေရာအစားယူသွားခဲ့သည်။ ဒီလောက်အကောင်ကြီးတဲ့ CEO ရှိနေတာ သူမ အနေဖြင့်အခွင့်အရေးကို လွဲချော်ခွင့်မပြုနိုင်ပေ။


မင်လျိုရီက ယောင်ကျိကျိုးအားချက်ချင်းပြောလိုက်သည်။ 


"ကျွန်မလဲ ဆုရချင်တာပေါ့... ပိုက်ဆံဆိုအဆင်ပြေလား အခုပိုက်ဆံလိုချင်တယ်"


ယောင်ကျိကျိုးက နှုတ်ဆိတ်သွားသည်။ သူမက အခုလေးတင် ငြိမ်သက်နေခဲ့တာကို ဘာလို့ ရုတ်တရက်ကြီး ပိုက်ဆံလာတောင်းနေတာလဲ... သူမ သူ့ဆီကနေ ဖုံးကွယ်ထားတာ တစ်ခုခုများရှိနေတာလား... ပိုက်ဆံဆိုတာက ပါမွှားလေးသာဖြစ်ပြီး ယောင်ကျိကျိုးကလဲ ဆင်းရဲမနေပေ။ ထို့ကြောင့် သူကအေးစက်စွာပြောလိုက်သည်။ 


"မင်းကိုပိုက်ဆံပေးလို့ရပေမဲ့ တခြားတစ်ခုနဲ့ အလဲအလှယ်လုပ်ရမယ်" 


မင်လျိုရီက ထိုစကားကိုကြားတော့ တစ်ခဏလောက် ရပ်တန့်သွားခဲ့သည်။ အလဲအလှယ်လုပ်ရမယ်... မင်လျိုရီတွင် ပိုက်ဆံအတွက် လဲလှယ်စရာတစ်ခုမှမရှိပေ။ ယောင်ကျိကျိုးသည် သူမတွင်ရှိသည့် သေးငယ်လှတဲ့ ပိုင်ဆိုင်မှုကိုတော့ သိထားသင့်သည်။ 


သူမက ယောင်ကျိကျိုးအား ဘာလိုချင်လဲ အရင်မေးလိုက်သည်။ 


"ဘာနဲ့ အလဲအလှယ်လုပ်ရမှာလဲ" 


ယောင်ကျိကျိုးက စဉ်းစားထားတာရှိသော်လည်းလည်ချောင်းထဲသို့ ပြန်မြိုချလိုက်သည်။ ထိုအကြောင်းကို နောက်မှပြော၍လဲရသည်။ မင်လျိုရီက ထွက်ပြေးမည်မဟုတ်သောကြောင့် သူမ ဘယ်လောက်လိုလဲဆိုသည့်အပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ 


"မင်း ဘယ်လောက်လိုချင်တာလဲ ပိုက်ဆံအရင်ပေးထားလိုက်မယ်" 


မင်လျိုရီက ထိုစကားကြောင့် ပြုံးလိုက်သည်။ သူမမျက်လုံးထဲတွင်တော့ ယောင်ကျိကျိုးက သူမကို ကူညီချင်မှန်းသိသည်။ သူမတောင်းဆိုတာကို သူလိုက်ရောမည်ဖြစ်ပြီး သူမတွင် တစ်ခုခုရှိပါကလဲ ယောင်ကျိကျိုးအား ပေးလိုက်မည်ဖြစ်သည်။ 


မင်လျိုရီက ပြောလိုက်သည်။


"ကျွန်မတို့မှာ ကိုမာ၀င်တဲ့လူတွေကို ထောက်ပံ့ပေးတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုရှိတယ်...အခုလက်ရှိ ရံပုံငွေကိုတိုးမြှင့်လိုက်တာဆိုတော့ ၁ မီလီယံလောက်လိုနေတယ်... ကျွန်မတို့ကို ထောက်ပံ့ပေးမဲ့ကုမ္ပဏီရှိဖို့ မျှော်လင့်နေတာ... ရံပုံငွေတွေအကုန်လုံးကို ခက်ခဲနေတဲ့ ကိုမာ၀င်မိသားစုတွေကိုလှူမှာဆိုတော့ သူတို့ဘ၀တွေအတွက်လဲ အကူအညီဖြစ်တာပေါ့"


"ရှင်လဲသိတဲ့အတိုင်း ကိုမာ၀င်နေတဲ့လူကိုစောင့်ရှောက်ရတယ်ဆိုတာ လူလဲအားထုတ်ရပြီး ပိုက်ဆံလဲကုန်တယ်ဆိုတာလေ... တချို့မိသားစုတွေဆို ဆင်းဆင်းရဲရဲနဲ့သူတို့မိသားစု၀င်ဖြစ်တဲ့ ကိုမာ၀င်သွားတဲ့လူတွေကို စောင့်ရှောက်နေရတာ..."



🥰