🥰 Chapter 86 ✅
မင်လျိုရီကား ငြိမ်သက်သွားသည်။
'ဝိညာစမ်းချောင်းအကြောင်းက ပေါ်သွားပြီလား... သေချာပေါက်ကို ထုတ်ပြောလို့မဖြစ်ဘူး... သူတို့သာသိသွားရင် ငါ့ကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ကြမှာ... ဒီကိစ္စက အရမ်းကိုမှော်ဆန်လို့ ငါပြောပြလဲဘယ်သူမှယုံမှာမဟုတ်ဘူး'
မင်လျိုရီက စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး မြောင်လွေ့မင်အား အလေးအနက်ပြောလိုက်သည်။
"အဲဒါဆေးမဟုတ်ပါဘူး ဒီတိုင်း တောင်ကျရေလေးနည်းနည်း သွားတောင်းထားတာပါ"
မြောင်လွေ့မင်ကနားထောင်ပြီး ပို၍ပင်စိတ်၀င်စားသွားသည်။ ယောင်ကျိကျိုးပြောပုံအရ ထိုစမ်းရေသည် အတော်လေးထူးခြားလောက်မည် ဒါမှမဟုတ် စမ်းရေထဲတွင်တစ်ခုခုပါ၀င်နေလောက်မည်။ ထိုအရာသည် ကြီးမားသည့် ရှာဖွေတွေ့ရှိမှုဖြစ်ပြီး သေသေချာချာ လေ့လာကြည့်ပြီးပါက ဆေးပညာ တိုးတက်မှုတစ်စုံတစ်ရာရှိလာနိုင်လောက်သည်။
မြောင်လွေ့မင်က သူမအားပြောလိုက်သည်။
"မစ္စတာယောင်ပြောတာတော့ အဲဒီစမ်းရေက အတော်လေးထိရောက်တယ်တဲ့ ဘယ်နေရာကရခဲ့လဲဆိုတာ ပြောပြပေးနိုင်မလား"
ထိုစကားအားကြားသောအခါ မင်လျိုရီက အပြစ်မကင်းဖြစ်သွားရသည်။ သို့သော် စဉ်းစားကြည့်ပြီးနောက် စမ်းရေသည်နေရာတိုင်းမှာ ရနိုင်သည်ကိုတွေးမိသွားသည်။ သူမက အိပ်ရာဘေးတွင်ကျန်ရှိနေသေးသည့် ဝိညာစမ်းရေကိုယူပြီး မြောင်လွေ့မင်ကိုပေးလိုက်သည်။ ထိုအရာကို စမ်းရေဟုပြောလဲ မမှားပေ။ သို့သော် တောင်တွေဆီမှ ကျလာသည့်စမ်းရေတော့မဟုတ်။ တစ်ချက်ကြည့်ရုံနှင့်တော့ ကွာခြားမှုကို သိနိုင်မည်မဟုတ်လောက်ပေ။
မင်လျိုရီက ပြောလိုက်သည်။
"ဒီဟာပါ တောင်တော်တော်များများမှာ ရနိုင်ပါတယ်"
မြောင်လွေ့မင်က အနီးကပ်ကြည့်လိုက်သည်။ သာမန်ရေနှင့် ဘာမှမကွာခြားပေ။ ထို့ကြောင့် မြောင်လွေ့မင်သည် ယောင်ကျိကျိုး စိတ်ထင်နေခြင်းသာဖြစ်မည်ဟု ပိုသေချာသွားတော့သည်။ ဒီလိုရေကသာ အသုံး၀င်မည်ဆိုရင် ကိုမာ၀င်နေတဲ့လူနာတွေအကုန်ပြန်ကောင်းလာတော့မှာပေါ့...
မြောင်လွေ့မင်က ပြုံးကာထိုနှစ်ယောက်အား မနာလိုစွာပြောလိုက်သည်။
"ကျွန်တော်ထင်တာတော့ ခင်ဗျားတို့နှစ်ယောက်ကြားက ဆက်နွှယ်မှုအားကောင်းလို့ မစ္စတာယောင်က မဒမ်နှိပ်ပေးတဲ့အချိန် အနည်းငယ်ကွာခြားတယ်ဆို ခံစားရတာနေမယ်...ဒါကောင်းတဲ့အရာပါ မဒမ် အခုလိုမျိုးလေး ဆက်ပြီးဂရုစိုက်ပေးပါဦး"
မင်လျိုရီအား ယောင်ကျိကျိုးနှင့် ဆက်ဆံရေးကို ကောင်းမွန်သည်ဟု ပြောသည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ သူတို့နေ့စဉ်နေ့တိုင်း အတူတူအိပ်စက်ခဲ့ကြခြင်းကို တွေးမိပြီးမင်လျိုရီ၏ မျက်နှာက ချက်ချင်းပင်ရဲသွားတော့သည်။ သူမ မငြင်းလိုက်သော်လည်း မတရားခံရသည်ဟု ခံစားမိသည်။ ယောင်ကျိကျိုးသည် သူမကိုစောင့်ကြည့်နေဆဲပင်။ သူ့တွင် မေးစရာမေးခွန်းများရှိနေသည်ကို မြင်နေရသော်လည်း ထုတ်မမေးခဲ့ပေ။
မြောင်လွေ့မင် ပြန်သွားပြီးနောက် မင်လျိုရီသည် ဒေါသထွက်နေသည့် ငါးပူတင်းတစ်ကောင်ကဲ့သို့ သူမအခန်းဆီပြေးသွားတော့သည်။ ယောင်ကျိကျိုးသည် သူမကိုတိုက်ရိုက်နိုင်သော်လည်း မြောင်လွေ့မင်မှတစ်ဆင့်မေးခဲ့သည်။ သူက သူမကို နည်းနည်းလေးမှ မယုံပေ။
မင်လျိုရီက အနိုင်ကျင့်ခံရသူတစ်ယောက်နှယ် ယောင်ကျိကျိုးအား အော်ပြောလိုက်သည်။
"ကျွန်မကရှင့်ကို ထိခိုက်အောင်လုပ်နေတယ်လို့ ထင်နေတာလား ယောင်ကျိကျိုး ကောင်းပြီလေ ရှင်ကျွန်မကို မယုံမှတော့ ဒီမှာဆက်နေစရာအကြောင်းမရှိဘူး ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ"
ယောင်ကျိကျိုးကိုသူမကိုယ်တိုင် သူမ၏မူလကမ္ဘာနှင့် ဝိညာစမ်းချောင်းအကြောင်းအားလုံးကို တစ်ရက်တွင်ပြောပြရန်ရည်ရွယ်ထားခဲ့သည်။ သို့သော် ကြည့်ရတာ ယောင်ကျိကျိုးသည် သူမကို တစ်သက်လုံးစည်းခြားနေမည်ဖြစ်ပြီး သူမကို မူလမင်လျိုရီအတိုင်းသာ ဆက်ဆံမည်ဖြစ်သည်။ ယောင်ကျိကျိုး၏နှလုံးသားထဲတွင် သူမက ရက်စက်သည့် မိန်းမတစ်ယောင်ပင်။
'ဘာကိုနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ဆက်ဆံရေးလဲ အကုန်လုံးအလိမ်ညာတွေကြီးပဲ'
မင်လျိုရီက ထိုသို့တွေးပြီး ပို၍ပင်စိတ်တိုလာသည်။ သူမကလက်သီးဆုပ်ထားပြီး တစ်ကိုယ်လုံးတုန်ရီနေကာ သူမဦးနှောက်ကဘာမှမစဉ်းစားနိုင်တော့ပေ။
သူမတွင်ကျန်ရှိခဲ့တာဆိုလို့ မတရားမှုနှင့်မောဟများသာဖြစ်သည်။ သူမ ယောင်ကျိကျိုးကို စိတ်ရောကိုယ်ပါနှစ်ပြီး ဂရုစိုက်ပေးခဲ့တာ အရှင်းလင်းကြီးပင်။ ဒါပေမဲ့ ပြန်ရလိုက်တာ ဒါတဲ့လား...
မင်လျိုရီက မဆင်ခြင်ဘဲပြောလိုက်သည်။
"ကျွန်မကရော ရှင့်ကိုဂရုစိုက်ချင်လို့ စိုက်နေတယ်ထင်လို့လား သံသယတွေများလွန်းလို့ ရှင်က အမှားအမှန်တောင် မခွဲခြားနိုင်တော့ဘူး ရှင့်ညီနဲ့ မသင့်မြတ်တော့တာ မဆန်းပါဘူး ရှင့်လိုလူက ကောင်းကောင်းမွန်မွန်ဆက်ဆံပေးလို့ကိုမရ__"
ထို့နောက် မင်လျိုရီကနှုတ်ခမ်းကိုကိုက်လိုက်ကာ သူမလွန်သွားပြီမှန်းအသိ၀င်သွားသည်။ သို့သော် သူမစိတ်ဆိုးနေသည့်အတွက် မတောင်းပန်ချင်သလို သူမအမှားကိုလဲ ၀န်မခံချင်ပေ။
အခန်းအတွင်းမှအပူချိန်သည် အေးခဲမှတ်သို့ရောက်သွားချေပြီ။ ယောင်ကျိကျိုး၏မျက်နှာသည် ဘာအမူအရာမှမပြသော်လည်း သူ၏အသံကတော့ အနည်းငယ်အက်ကွဲနေသည်။
"ပြောလို့ပြီးပြီလား အခုငါ့အလှည့်ပေါ့ဟုတ်လား"
ထိုအချိန်တွင် မင်လျိုရီသည် သားရဲတွင်းထဲမှ လွတ်မြောက်ချင်နေသည့်ယုန်သူငယ်နှယ် ခံစားလိုက်ရသည်။ ယခုနေရာသည် အန္တရာယ်များလွန်းသည်။ သို့သော် သူမထွက်ပြေးရန်ပြင်လိုက်စဉ်တွင် အကြောက်လွန်ကာ ခြေထောက်တွင်အားမရှိတော့ဘဲ ပျော့ခွေလာတော့သည်။
ထိုအချိန်တွင် ယောင်ကျိကျိုးသည် မင်လျိုရီထွက်ပြေးသွားမည်စိုး၍ ရင်ခွင်ထဲထည့်လိုက်သောကြောင့် မင်လျိုရီက ယောင်ကျိကျိုးပေါ်သို့ ပြုတ်ကျသွားသည်။ ယောင်ကျိကျိုးသည် အပ်စိုက်ထားတာမကြာသေးသောကြောင့် သူ၏ ခန္ဓာကိုယ်သည် နွေးနေဆဲဖြစ်သည်။ မင်လျိုရီက ရုန်းထွက်ရန်ကြိုးစားလိုက်သောလည်း မအောင်မြင်ခဲ့ပေ။ ယောင်ကျိကျိုးက သူမကိုတင်းကြပ်စွာဖမ်းဆုပ်ထားသည်။
သူက မင်လျိုရီ ထိုမျှလောက် ဒေါသထွက်သွားမည်ဟုမထင်သောကြောင့် ပြုံးလိုက်သည်။
"ဘာလဲ အိတ်သွန်ခုံမှောက်ဒေါသထွက်ပြီး ထွက်ပြေးလို့ရမယ်ထင်နေတာလား"
🥰