Part 40
ထိုစကားပြောဖို့ရာအတွက် ချီယန် အချိန်တစ်ခု ယူလိုက်ရသည်။
သူ့ကိုယ်သူ အပြစ်ရှိသလိုခံစားလိုက်ရပြီး ရှက်ရွံ့သွားသည်။
သို့သော်လည်း အမြဲတစေအမိန့်ပေးရသည့် မိသားစု၏ အကြီးအကဲတစ်ယောက်ဖြစ်သည့်အတွက် သူ့ဘက်မှ မှားယွင်းသည်ကို ဝန်မခံချင်ပေ။
သူ့အနေဖြင့် ချီကျန်းကျန်း၏ အမှားကိုသာ ဆက်လက်ရှာဖွေပြီး သူမအပေါ် အပြစ်တင်ရုံသာ တတ်နိုင်တော့သည်။
သူ့ဘက်မှ အမှားလုပ်သည်ဟု မတွေးမိသလို သူ့ဘက်က အမှားလုပ်မိသည်ဆိုလျင်တောင် ဝန်ခံမည်မဟုတ်ပေ။
ချီကျန်းကျန်း ထိုအကြောင်းအရာကို သိနှင့်ပြီးဖြစ်သည်။
ချီကျန်းကျန်း၏ နှုတ်ခမ်းထောင့်များမြင့်တက်သွားပြီး သူမ၏အပြုံးများမှာ အနည်းငယ်အေးစက်နေကာ သူမ၏အသံမှာလည်း တည်ငြိမ်နေပြီး ‘’ သမီးပြန်လာတာနဲ့ ဒီအတိုင်းပဲဆုံးဖြတ်လိုက်တာမဟုတ်လား… အဖေနဲ့ အမေ … အခုလိုဖြစ်တာ ဒါက ပထမဆုံးအကြိမ်မဟုတ်တော့ဘူး…’’
အန်းချင်ယုသည် သူမ မိဘများကို ဝမ်စီစီ ဆေးရုံရောက်သွားသည်ကိုသာပြောပြီး အဖျားကြောင့် ဆေးရုံတက်ရသည့်အကြောင်းကို ချန်လှပ်ထားမည်မှာ သူမဘက်မှ စဉ်းစားရန်ပင် မလိုတော့ပေ။ ထိုစကားလုံးများသည် လူအများကို နားလည်မှုလွဲစေမည်မှာ အမှန်တကယ်ပင် လွယ်ကူလွန်းလှသည်။
ထိုအရာများသည် ချီကျန်းကျန်း မှတ်မိသလောက်သာဖြစ်ပြီး သူမငယ်စဉ်ကတည်းက ထိုကဲ့သို့သောအရာများ ခဏခဏကြုံခဲ့ရသည်။
ချီမိသားစုဝင်များသည် အန်းချင်ယုပြောသမျှကို ချက်ခြင်းယုံခဲ့ကြပြီး တစ်ခါတစ်လေဆိုလျင် ချီကျန်းကျန်း ပြောသမျှကို လုံးဝနားမထောင်ပေးခဲ့ကြချေ။
သူတို့အားလုံး နှလုံးသားအောက်ခြေမှ ခံစားခဲ့ရသည်မှာ သူတို့၏သမီးဖြစ်သူသည် တကယ့်ပြဿနာအိုး ဟူ၍ပင်ဖြစ်သည်။
ဒီအချိန်တွင် ချီကျန်းကျန်းသည် အလွန်တည်ငြိမ်နေပြီး သူမ ဘက်မှ တည်ငြိမ်လေလေ တင်းရိကျွင်း ကိုယ့်ကိုကိုယ် ပိုမြင်လာလေလေဖြစ်သည်။ နေ့လည်ကအဖြစ်အပျက်ကို သူမစိတ်ထဲတွငပြန်မြင်ယောင်လာရင်း ညနေဘက်တွင် သူမသမီးကို နောက်တစ်ကြိမ် နာကျင်အောင် ထပ်လုပ်လိုက်မိသည်ကို နားလည်သွားသည်။
သူမတို့ဘက်က ဘာလို့များ မေးခွန်းလေးတစ်ခုတောင် မမေးခဲ့ရတာလဲ….
ချီကျန်းကျန်း၏ ‘ပထမဆုံးအကြိမ်မဟုတ်ဘူး ‘ ဆိုသည့် စကားလုံးသည် ချီယန်နှင့် တင်းရိကျွင်းကို ခဏမျှ အေးခဲသွားစေပြီး သူတို့၏နှလုံးသားထဲတွင် များပြားလှသော ရှုပ်ထွေးသည့်ခံစားချက်များ ပြည့်နှက်သွားသည်။
သူတို့အားလုံး၏အဖြေကို ချီကျန်းကျန်း မစောင့်တော့ဘဲ တဖက်သို့လှည့်ကာ ဝမ်ယွီကို ကြည့်လိုက်ပြီး ‘’ သွားရအောင်…’’
‘’အင်း..’’ ဝမ်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်ယွီ အခန်းထဲမှ ထွက်ခွာမသွားခင် အန်းချင်ယုကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထိုအကြည့်သည် လူတစ်ယောက်ကို သေစေနိုင်သကဲ့သို့ပင်။ ဝမ်ယွီက တည်ငြိမ်အေးစက်နေသည့်လေသံဖြင့် အန်းချင်ယုကို ပြောလိုက်သည်။ ‘’ လူတိုင်းကို အရူးလို့ထင်မနေနဲ့…’’
သူ၏နက်ရှိုင်းသောအကြည့်သည် ဓါးတစ်ချောင်းကဲ့သို့ ထက်မြတ်စူးရှနေပြီး သူမဘဝ၏သေခြင်းရှင်းခြင်းကို အလွယ်တစ်ကူ ထိန်းချုပ်နေသကဲ့သို့ပင်။ ထိုအကြည့်သည် သူမကို သေခြင်းထက်ဆိုးရွားသည့် အရာကိုဖြစ်စေနိုင်သလို ခံစားလိုက်ရသည်။ ကိုယ်လုံး မသိလိုက်ဘာသာဖြင့် အန်းချင်ယု အနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။
ဝမ်ယွီတစ်ယောက် ချီကျန်းကျန်းကို အခန်းထဲမှ ခေါ်ထုတ်သွားသည်။
တင်းရိကျွင်း စိုးရိမ်တကြီးဖြင့် ချီကျန်းကျန်းအနောက်မှ ပြေးလိုက်လာရင်း အော်ခေါ်လိုက်သည်။ ‘’ ကျန်းကျန်း…’’
သို့သော်လည်း ချီကျန်းကျန်း ခြေလှမ်းများ ရပ်တန့်မသွားပေ။
ချီကျန်းကျန်းတစ်ယောက် ဝမ်ယွီနှင့်အတူတူ ထွက်ခွာသွားပြီဖြစ်သည်။ တင်းရိကျွင်းက အနောက်မှ လိုက်သွားသော်လည်း ဒေါသထွက်နေသည့် ချီယန်က ‘’ သူမကို ပေးသွားလိုက်… သူမကိုယ်တိုင် မရှင်းပြပဲနဲ့ ငါတို့မမေးခင်ကတည်းက ရှင်းပြမယ်ဆိုရင် ဘယ်လိုလုပ်ပြီး မှားမှာလဲ… သူမရဲ့ အကျင့်စရိုက်ကိုကြည့်လိုက်စမ်း… အဲ့ဒါ အကုန် မင်း သူမကို အလိုလိုက်ထားလို့ဖြစ်ရတာ… သူမ သဘောအတိုင်း လိုက်မလုပ်ပေးတိုင်း ပျော်မှာမဟုတ်ဘူး… လိုက်မနေနဲ့…’’
ချီယန် ဆိုဖာပေါ်ထိုင်လိုက်ရင်း ရင်ဘတ်ကို လက်ဖြင့်ဆုပ်လိုက်မိသည်။
ချီယန်ကို စိုးရိမ်းသွားသည့် တင်းရိကျွင်းက ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး သူ့အတွက် ခွက်ထဲသို့ ရေတစ်ခွက်ထည့်လိုက်သည်။
တင်းရိကျွင်း ချီယန်ရင်ဘတ်ကို လက်ဖြင့်သပ်ချပေးလိုက်ရင်း ချီကျိုးချန်ကို ပြောလိုက်သည်။ ‘’ ကျိုးချန် သားအစ်မကို နည်းနည်းလောက်သွားပြောလိုက်ပါဦး… သူမ ဘယ်လိုလုပ်ပြီး ဝမ်ယွီနဲ့ နေနိုင်မှာလဲ…’’
‘’ဘယ်လို့သွားပြောရမှာလဲ..’’ ချီယန် လေသံမာမာဖြင့် လှမ်းတားလိုက်သည်။
ထိုသို့ပြောပြီးနောက် မသက်မသာဖြင့် သက်ပြင်းချလိုက်ကာ လက်ကိုယမ်းလိုက်ရင်း ‘’ သူမ နားထောင်မှာမဟုတ်ဘူး… အခုက အရမ်းစိတ်ဆိုးနေတာ… သူမကို ဝမ်ယွီနဲ့အတူတူ လိုက်သွားခိုင်းလိုက်ပါ… ဘာပဲဖြစ်ဖြစ် နောက်ကျရင် သူတို့ကလက်ထပ်ကြမှာပဲဆိုတော့… အတူတူနေလဲ ဘာမှမဖြစ်ဘူး… ငါတို့သူတို့ကို တားလို့မရဘူး’’
တင်းရိကျွင်း မျက်မှောင်ကြုတ်လိုက်မိသည်။ အနာဂါတ်မှာ သူမ ချီကျန်းကျန်းကို ဝမ်ယွီနဲ့ လက်မထပ်စေလိုသော်လည်း ယခုအချိန်သည် ထိုအကြောင်းပြောဖို့ မသင့်လျော်သေးပေ။
သူမ သက်ပြင်းကိုသာချရင်း ‘’ တကယ်လို့ ကျန်းကျန်းက အရမ်းစိတ်ဆိုးနေတယ်ဆိုရင် ကျွန်မတို့ ပြောရင်တောင် ပြန်လာဦးမှာမဟုတ်ဘူး… သူမကို အပြင်မှာ ရက်နည်းနည်းလောက်နေခိုင်းလိုက်တာ ပိုကောင်းပါတယ်…’’
ယခု သူတို့အားလုံး ကျန်းကျန်းကို နားလည်မှုလွဲခဲ့ကြတာပဲ ဖြစ်မည်။
တင်းရိကျွင်း နောက်ထပ်စကားလုံးများ ထပ်မပြောသော်လည်း မျက်မှောင်ကြုတ်ထားမိကာ သူမနှလုံးသားထဲမှ မသက်မသာခံစားလိုက်ရသည်။
ချီကျန်းကျန်း ပြောခဲ့သည့် ‘ ပထမဆုံး အကြိမ်မဟုတ်ဘူး ‘ ဆိုသည့် စကားလုံးသည် သူမ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေပြီး သူမ စိတ်ကို မသက်မသာခံစားရစေသည်။
သူမ ပြောလိုသည်ကို ချီယန် နားလည်သော်လည်း ခေါင်းမာစွာဖြင့် တင်းရိကျွင်းကို စိုက်ကြည့်လိုက်ပြီး ‘’ ငါတို့ဘက် နားလည်မှုလွဲနေရင်လဲ သူမက ကောင်းကောင်းမွန်မွန် ရှင်းပြရမှာမဟုတ်ဘူးလား…. သူမကိုယ်တိုင်က သေသေချာချာ မရှင်းပြခဲ့တာပဲ… ပြီးတော့ သူမကပဲ ငါတို့ကိုစိတ်ဆိုးရသေးတယ်… အမြဲတမ်း အိမ်ကနေထွက်ပြေးနေတယ်… ဒီကောင်မလေးက တနေ့တခြား ပိုပိုပြီး ထင်ရာစိုးလာတာပဲ…’’
ချီယန် ဆိုဖာကို ဒေါသတကြီးဖြင့် ရိုက်လိုက်ရင်း ‘’ သွားပလေ့စေ… သူမကို အပြင်မှာပဲ နေခိုင်းလိုက်တော့… အပြင်မှာ ဘယ်လိုနေမလဲဆိုတာ ကြည့်လိုက်ဦးမယ်… ‘’
‘’ချီလူအိုကြီး… ရှင် ဘယ်လိုတွေတောင်ပြောနေရတာလဲ…’’ တင်းရိကျွင်း သူ့ကိုစိုက်ကြည့်လိုက်ရင်း စိတ်ပူစွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။
ယခုဆိုလျင် အငယ်ဖြစ်သူမှာ စိတ်ဆိုးနေပြီး အကြီးဖြစ်သူမှာ ခေါင်းမာစွာဖြင့် မပျော်ရွှင်နေပေ။ သူမ နှလုံးသားထဲတွင် အပြစ်ရှိစိတ်နှင့် အကူအညီမဲ့မှုများ တပြိုက်နက် ခံစားနေရသည်။
သူမ မျက်ဝန်းများကို တံခါးဝသို့ ရွေ့လိုက်မိရင်း သက်ပြင်းရှည်ကြီးတစ်ခု ထပ်ချလိုက်ပြန်သည်။
တံခါးဝသို့ လမ်းလျောက်သွားနေသည့် ချီကျိုးချန်က အနောက်သို့လှည့်ရင်း ‘’ အမေ… အဖေ… သား ချီကျန်းကျန်းနောက်ကို အရင်လိုက်သွားမယ်… အမေတို့က အန်းချင်ယုကို သေသေချာချာ မေးလိုက်ဦး’’
သူ အန်းချင်ယုကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ အတိတ်တုန်းကဆိုလျင် ချီကျိုးချန်နှင့် အန်းချင်ယုသည် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြပြီး အနည်းဆုံးတော့ ချီကျန်းကျန်း ထက်ပိုသာသည်။ ထို့အပြင့် အန်းချင်ယုသည် စမတ်ကျပြီး သူ၏ အစ်မ ဖြစ်ထိုက်သည်ဟု ခံစားခဲ့ရသည်။ သို့သော် ဒီနေ့မှာတော့ ချီကျန်းကျန်း၏ ‘ ပထမဆုံးအကြိမ်မဟုတ်ဘူး ‘ ဆိုသည့် စကားလုံးက သူ့နှလုံးသားကို တိုက်ခတ်သွားသည်။ သူ၏ ဝမ်းကွဲအစ်မကို သေချာစွာကြည့်လိုက်မိသည်။
တကယ်လို့ ဝမ်ရိရန်နှင့် အန်းချင်ယုကြားက ကိစ္စများသည် တမင်ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘူးဆိုလျင် ၊ တကယ်လို့ ချီကျန်းကျန်း၏ ကားအက်စီးဒင့်ကိစ္စသည် အန်းချင်ယုဘက်မှ တမင်လုပ်ခဲ့ခြင်းမဟုတ်ဘူးဆိုလျင်၊ ဒီနေ့ အန်းချင်ယု၏ ပြောစကားကြောင့် ဖြစ်ခဲ့သည့်အဖြစ်အပျက်များကိုရော ဘယ်လိုသတ်မှတ်မည်နည်း...
ချီကျန်းကျန်း အပေါ်ထားရှိသည့် ချီကျိုးချန်၏သဘောသည် အလွန် ရှုပ်ထွေးနေသည်။ သို့သော်လည်း ယခု အန်းချင်ယုအပေါ်ထားရှိသည့် သူ၏ သဘောထားသည် အရင်နှင့်မတူညီတော့ပေ။
ပြောပြီးနောက် ချီကျိုးချန် အခန်းထဲမှ လျင်မြန်စွာထွက်ခွာသွားသည်။
ချီယန်နှင့် တင်းရိကျွင်း နှစ်ယောက်လုံး အန်းချင်ယုကို ကြည့်လိုက်ကြသည်။ သူတို့မျက်နှာပေါ်ရှိ ဝမ်းနည်းမှုများသည် အမူအယာမဲ့သော တည်ငြိမ်မှု့များဖြင့် အစားထိုးဝင်ရောက်သွားကာ ပြိုတော့မည့်မိုးကဲ့သို့ မှောင်မိုက်သွားကြသည်။
အန်းချင်ယု တကိုယ်လုံး အနည်းငယ် တုန်ယင်သွားသည်။ သူမ မျက်စိရှေ့မှာတင် ချီကျန်းကျန်းပြန်လာပြီး ချီယန်မှာ ချီကျန်းကျန်းကို မေးခွန်းတစ်ချို့မေးရုံဖြင့် ချီကျန်းကျန်းမှ စိတ်ဆိုးလာသည့်အတွက် သူမ မျက်လုံးထဲတွင် အပြုံးများပေါ်လာပြီး ကျေနပ်သွားမိသည်။
သို့သော်လည်း ထိုအချိန်တွင် ဝမ်ယွီရောက်လာပြီး ချီကျန်းကျန်းကို ခေါ်ထုတ်သွားသည့်အတွက် သူမ နှလုံးသားထဲတွင် မကောင်းသည့်ခံစားချက်တစ်ခုရသွားသည်။
ယခုဆိုလျင် ချီကျန်းကျန်းကို ချီအိမ်မှ ဝမ်ယွီကခေါ်ထုတ်သွားပြီဖြစ်သော်လည်း ချီယန်မှ စိတ်သိပ်မဆိုးတော့သလို တင်းရိကျွင်းသည်လည်း နောက်တအပြည့်နှင့် ခံစားနေရသည်ကိုကြည့်လိုက်ရင်း သူမ ဒီနေ့ စိတ်လောသွားသည်ကို နားလည်လိုက်သည်။
ဝမ်စီစီနှင့် ဝမ်ရိရန်၏ ပြောင်းလဲသွားမှုက သူမကိုခြောက်လှန့်နေခဲ့သည့်အတွက် သူမ စိတ်လွတ်သွားကာ အိမ်သို့ပြန်လာမိသည်။ ထို့နောက် ချီမိသားစု၏ တုန့်ပြန်မှုကိုမြင်လိုက်ရပြီး သူတို့ကိုစိတ်အားထက်သန်စွာဖြင့် လှုံ့ဆော်ခဲ့မိပြန်သည်။
သူမ ဘက်မှ လိမ်ညာသည့်စကားမဆိုခဲ့သော်လည်း သူတို့အားလုံးကို ပြဿနာဖြစ်အောင်လုပ်ခဲ့သည့်အတွက် ချီယန်က အေးစက်သည့်လေသံဖြင့် ‘’ အန်းချင်ယု… ဘာတွေဖြစ်ကုန်တာလဲ…’’
အန်းချင်ယု သူမ ပါးစပ်ဖွင်ကာ ပြောဖို့ကြံလိုက်စဉ်မှာပဲ ချီယန်က နောက်ထပ်စကားဆက်ပြောလိုက်သည်။ ‘’ နင် တစ်ခုခုကိုပြောတော့မယ်ဆိုရင် သေသေချာချာစဉ်းစားပြီးမှ ပြော… တကယ်လို့ နင်က ချီမိသားစုရဲ့ တူမတစ်ယောက် မဟုတ်ပဲ ချီအိမ်က ကန်ထုတ်ခံလိုက်ရတဲ့သူဆိုရင် ဝမ်ရိရန်နဲ့လက်ထပ်ဖို့ ဝမ်မိသားစုက နင့်ကိုလက်ခံလိမ့်မယ်လို့ ထင်လား…’’
အန်းချင်ယုမျက်နှာတစ်ခုလုံး ဖြူဖွေးသွားသည်။