Part 41
‘’ သမီး… စီစီက အဖျားကြောင့်ဆေးရုံရောက်သွားတယ်ဆိုတာကို သမီး တကယ်မသိဘူး…’’
‘’အကိုရိရန်က အရမ်းစိတ်ဆိုးနေတော့ … သမီး… သမီးက နားလည်မှုလွဲသွားတာ’’ သူမ ပြောရင်းဖြင့် မျက်ရည်များကျလာသည်။ ‘’ သမီးတောင်းပန်ပါတယ်နော်… အစ်မကျန်းကျန်းကိုလဲ တောင်းပန်လိုက်ပါ့မယ်… ဒါတွေအားလုံး သမီးအမှားတွေပါ…’’
သူမ ဝန်ခံရုံကလွဲလို့ တခြားနည်းလမ်းမရှိတော့ပေ။ သူမ တမင်သက်သက် ပြဿနာတက်အောင်လုပ်ခဲ့မှန်း ပြောလိုက်ပါက ချီယန်မှ သူမကိုအပြစ်ယူပြီး တင်းရိကျွင်းကလည်း သူမကို လုံးဝကောင်းကောင်းဆက်ဆံတော့မှာ မဟုတ်ပေ။
သူမသာ ချီမိသားစု၏ နှစ်သက်ခြင်းကိုမခံရလျင် ဝမ်ကျင်စန်းနှင့် ရှုဝေကလည်း ဝမ်ရိရန်နှင့် သဘောမတူမည်မှာ အသေအချာပင် ဖြစ်သည်။
ဝမ်ရိရန်ကော ဝမ်စီစီကော သိသွားလျင်တောင် သူမစကားလုံးများက လိမ်နေသည်ဟု မည်သူမျှပြောနိုင်မည်မဟုတ်ပေ။
ချီယန်နှင့် တင်းရိကျွင်း နှစ်ယောက်လုံးမျက်မှောင်ကြုတ်နေပြီး သူမစကားကို ယုံလား မယုံလားဆိုတာကို မည်သူမျှ မသိနိုင်ပေ။
သူမ ငိုနေသည်ကိုတွေ့သော်လည်း ခါတိုင်းကဲ့သို့ တင်းရိကျွင်းက အားပေးစကားပြောကာ နှစ်သိမ့်ခြင်းမရှိတော့သလို ခေါင်းကိုငုံ့ကာ သက်ပြင်းချနေလေသည်။
ချီယန်မျက်နှာထားမှာ အေးစက်နေပြီး ‘’ မဟုတ်ဘူး… နင်တောင်းပန်စရာမလိုဘူး… ဒီနေ့ကစပြီး ကျန်းကျန်းရှေ့မှာ ပေါ်မလာနဲ့တော့’’
.......
ချီကျန်းကျန်း ခံစားချက်များ ရှုပ်ထွေးနေသည်။ အတိတ်တုန်းက သူမ အတွက် အချစ်ဆိုတာမရှားပါးခဲ့သလို သူမ မိသားစုဝင်များက သူမကိုလေးစားချစ်ခင်ခဲ့ကြသည်။ သူမ မိဘတွေသာ ရှိခဲ့မည်ဆိုလျင် သူတို့နှင့် နေ့ကောညပါ အတူတူနေပြီး အချိန်တွေကို ကုန်ဆုံးနိုင်သည်။
ထိုအရာသည် ငယ်စဉ်ကတည်းက အိမ်မှာချိတ်ဆွဲထားသည့် ဓါတ်ပုံကိုကြည့်ရင်း သူမ အလိုချင်ဆုံးဆန္ဒဖြစ်သည်။
ယခုကမ္ဘာတွင် သူမမှာ မိဘများရှိသော်လည်း မူလကိုယ်၏မိဘများကို စွန့်ခွာခဲ့ပြီး သူမကိုယ်တိုင် အိမ်ကဆင်းလာခဲ့ပြီဖြစ်သည်။
သူမတွင် မူလကိုယ်၏ မှတ်ညဏ်တစ်ချို့နှင့် ခံစားချက်အနည်းငယ် ရှိသော်လည်း သူမသည် မူလကိုယ်ကဲ့သို့ သူတို့နှင့်အတူတူ နှစ်ပေါင်းနှစ်ဆယ်ကြာ နေထိုင်ခဲ့သူမဟုတ်ပေ။
သူမတွင် ရှုပ်ထွေးနေသောခံစားချက်များပြည့်နှက်နေပြီး ဝမ်နည်းမှုများပါ ရောထွေးနေသည်။ သူမအသိစိတ်များပျောက်ကွယ်နေပြီး ခံစားချက်ထဲတွင်နစ်မြှုပ်နေမိသည့်အတွက် ဝမ်ယွီနှင့်အတူတူ ကားဆီသို့လျောက်လာမိသည်ကို သတိမထားမိပေ။
ကားနားတွင် ဝမ်ယွီ ရပ်လိုက်ချိန်မှာတော့ သူမ သူ့လက်ကိုတွဲထားမှန်း သတိထားလိုက်မိသည်။ သူမ စိတ်ထဲရှိ ရှုပ်ထွေးမှုများ၊ ဝမ်းနည်းမှုများ ပျောက်ကွယ်သွားပြီး ချက်ချင်းလန့်ဖြန့်သွားကာ လက်ကိုအလျင်အမြန်ဆွဲထုတ်လိုက်သည်။ သူမ မျက်နာပေါ်တွင် အထိတ်တလန့်ဖြစ်မှု၊ ကြောက်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
ဝမ်ယွီက ထိုအခြင်းအရာကို ဂရုစိုက်ခြင်းမရှိပေ။ သူက ကားမောင်းသူနေရာဘေးက (passenger seat) တံခါးကိုဖွင့်လိုက်ရင်း ချီကျန်းကျန်းကို ကားထဲသို့ဝင်ရန် အချက်ပြလိုက်သည်။
ထိုခဏတွင် ချီကျန်းကျန်း ဘာကိုမှ မသိတော့သလို သူမတကိုယ်လုံး ပူလောင်လာပြီး မီးဖိုတစ်ခုထဲရောက်သွားသကဲ့သို့ ခံစားလိုက်မိသည်။
သူမ အသက်ပြင်းပြင်းတစ်ချက်ရှုကာ တည်ငြိမ်ဖို့ကြိုးစားလိုက်ပြီး ‘’ ဝမ်ယွီ… ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်… ကျွန်မ ချီမိသားစုနဲ့ပတ်သတ်ပြီး ဘာမှကိုလုပ်မပေးချင်တော့ဘူး… ဒါကြောင့် ကျွန်မတို့နှစ်ယောက်ကြားက လက်ထပ်စာချုပ်ကိစ္စကလဲ အကျုံးဝင်တော့မှာမဟုတ်ဘူး… ဒါကြောင့် ရှင့်ကို အနှောက်အယှက်မပေးချင်တော့ဘူး… ဒီရက်ပိုင်းတွေမှာ ရှင့်ရဲ့အချိန်တွေအများကြီးကို ကျွန်မ ယူမိသွားပြီ’’
ချီကျန်းကျန်း သူ့ကို လေးလေးနက်နက်ဖြင့် ကြည့်လိုက်သည်။ သူမ မျက်လုံးများသည် လှပစွာဝိုင်းစက်နေပြီး ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသည်။
ဒီကမ္ဘာမှာ ပထမဆုံး သူမ နိုးထလာချိန်တွင် ထိုအမျိုးသားကို အံ့ဩဖွယ်ရာတွေ့ခဲ့ရသည်။ အတိတ်ဘဝတုန်းက သူမသည် သာမန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။ ထို့အပြင့် သူမသည် ချုပ်ကိုင်လွှမ်းမိုးတတ်သော၊ လက်တဖက်တည်းဖြင့် ကောင်းကင်ကိုပြောင်းလဲနိုင်သောအစွမ်းအစရှိသည့် အဓိကဇာတ်လိုက်အမျိုးသားကို အနည်းငယ်ကြောက်ရွံ့ခဲ့မိသည်။
သို့သော်လည်း ရက်အနည်းငယ် သူနှင့်သိကျွမ်းပြီးနောက်မှာတော့ သူသည် သူမ ထင်ထားသလို အေးစက်ပြီးခံစားချက်မရှိသည့် သူတစ်ယောက် မဟုတ်မှန်း နားလည်လာသည်။ ထိုအေးစက်မှုများအောက်တွင် ဝမ်ယွီသည် အမှန်တကယ်လူကောင်းတစ်ယောက်ဖြစ်သည်။ ချီကျန်းကျန်း သူ့ကိုတကယ်ကျေးဇူးတင်မိသည်။
ဝမ်ယွီလက်များ ရပ်တန့်သွားသည်။ သူ့ မျက်ခုံးများအနည်းငယ်တွန့်သွားကာ အချိန်တစ်ခုယူပြီးနောက် ‘’ လက်ထပ်စာချုပ်က မပျက်သေးပါဘူး ‘’
ပထမတော့ ချီကျန်းကျန်း နားမလည်နိုင်စွာရှုပ်ထွေးသွားပြီး ခဏအကြာတွင် သဘောပေါက်သွားသည်။
ဝမ်ယွီက ဝမ်မိသားစုကို အမြင့်ရောက်အောင်လုပ်ပြီးမှ အောက်သို့ရိုက်ချမည့်အစီအစဉ်ကို လက်မလျော့သေးပေ။ ထို့ကြောင့် ဝမ်မိသားစုနှင့် ဆက်ကစားချင်သေးသည့်အတွက် သူ့ဘက်က လက်ထပ်စာချုပ်ကို ဖျက်သိမ်းဦးမည်မဟုတ်ပေ။
ချီကျန်းကျန်း နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး ဝမ်မိသားစုအပေါ် သူ၏အချိန်များ ဖြုန်းမနေစေရန် ပြောလိုက်ချင်မိသည်။
သို့သော်လည်း သူ့ဘက်ကလုပ်ချင်စိတ်မရှိလျင် သူမ မည်မျှပင်တိုက်တွန်းသော်လည်း အသုံးဝင်မည်မဟုတ်မှန်း နားလည်ထားသည်။
ထို့ကြောင့် သူမ ခေါင်းကိုငြိမ့်ကာ ‘’ ကောင်းပြီလေ… ဒါဆို စေ့စပ်ပွဲဖျက်မယ့်အကြောင်းမပြောတော့ဘူး… ဒါပေမယ့် ကျွန်မတို့သီးသန့်ဆွေးနွေး….’’
‘’ ကိုယ် မင်းကို မမုန်းဘူး’’ ဝမ်ယွီ ရုတ်တရက် သူမစကားကိုကြားဖြတ်ပြောလိုက်သည်။
‘’ဟင်….’’ ချီကျန်းကျန်း အေးခဲသွားကာ သူမပါးစပ်ဖျားမှ အာမေဠိတ် ရုတ်တရက်ထွက်ပေါ်လာသည်။
ဝမ်ယွီ အရပ်သည် အလွန်မြင့်မားပြီး ချီကျန်းကျန်း ဒေါက်ဖိနပ်စီးထားချိန်မှာတောင် သူ့အရပ်ကို မမီသေးပေ။
သူတို့နှစ်ဦးသား မတ်တပ်ရပ်နေသည်မှာ နီးကပ်နေသည့်အတွက် သူမ သူ့ကိုကြည့်လိုက်ချိန်တွင် သူ့ထံမှ ဖိအားအနည်းငယ်ကို ခံစားလိုက်ရသည်။
လမ်းမီးများမှာ အနည်းငယ်မှိန်နေသော်လည်း သူ၏ပြီးပြည့်စုံသောမျက်နှာကိုမြင်ရဖို့ရန်အတွက် လုံလောက်နေသည်။ ဒီလူက လုံးဝကိုပြီးပြည့်စုံနေတဲ့သူပဲ….
ထိုအချိန်တွင် ဝမ်ယွီကလည်း သူမကို လေးနက်စွာဖြင့်ကြည့်နေရင်း သူ၏အကြည့်များထဲတွင် ခါတိုင်းရှိနေကျ အေးစက်မှု၊ သဘောမကျမှုတို့ကို မတွေ့ရပေ။
ဝမ်ယွီက ‘’ ကိုယ်တို့တွေကစေ့စပ်ထားပြီးပြီ… ကိုယ်မင်းကို မမုန်းပါဘူး… ကိုယ်တို့တွေ လက်မထပ်ဖြစ်လဲ အရေးမကြီးဘူး…’’
ထိုစကားများကို သူ့နှလုံးသားအောက်ခြေမှလာသောစိတ်ဆန္ဒဖြင့် ပြောလိုက်ခြင်းဖြစ်ပြီး သူ့ကိုယ်သူ ဘာနဲ့တူနေမှန်းလဲ မသိတော့ပေ။
စေ့စပ်ပွဲစလုပ်တုန်းက သူ့နှလုံးသားထဲတွင် မထီမဲ့မြင်ဖြစ်ခဲ့သော်လည်း ယခုအချိန်မှာတော့ သူမကိုမမုန်းတော့သည့်အပြင့် သူ၏စေ့စပ်ထားသူအဖြစ် ကောင်းမွန်စွာဆက်ဆံပေးချင်စိတ်သာ ရှိတော့သည်။
တကယ်လို့ အနာဂါတ်မှာ သူလက်ထပ်ဖြစ်ခဲ့မယ်ဆိုရင် သူလက်ထပ်ရမယ့်သူက ချီကျန်းကျန်းဖြစ်နေရွေ့ တခြားအရာများ အရေးမကြီးတော့ပေ။
စေ့စပ်ထားသူတစ်ယောက်အနေဖြင့် ဘာလုပ်သင့်သည့်ဆိုတာကို ဝမ်ယွီမသိသော်လည်း ချီကျန်းကျန်းကို ဂရုစိုက်ပေးချင်သလို သူမ စိတ်မချမ်းမသာဖြစ်နေတာကိုလဲ သူ မမြင်ချင်ပေ။
ထိုခံစားချက်သည် သူ့တစ်သက်လုံးတစ်ခါမှ မခံစားဖူးသည့် အတွေ့အကြုံတစ်ခုဖြစ်ပြီး ဝမ်ယွီအနေဖြင့် ထိုအရာကို သေချာမသိပေ။
သို့သော်လည်း ချီကျန်းကျန်းဆီမှ ‘’ လက်ထပ်စာချုပ်က အကျုံးမဝင်တော့ဘူး ‘ ဆိုသည့်စကားကို ကြားလိုက်ချိန်မှာတော့ သူ့ဘက်က အလွန်စိတ်ပျက်သွားခဲ့သည်။
ချီကျန်းကျန်း ခဏမျှရပ်တန့်သွားပြီးနောက် ရုတ်တရက်ရယ်လိုက်ကာ ‘’ ဟားဟားဟား… ဝမ်ယွီ… ရှင်ကတော့လေ တကယ်ပဲ…’’ သူက လူတွေကို ငိုအောင်လုပ်နိုင်သလို ရယ်အောင်လဲ လုပ်နိုင်တယ်…
ဝမ်ယွီ မျက်ဝန်းများ ရှုပ်ထွေးသွားသည်။
‘’ ဟားဟား… ဝမ်ယွီ… ရှင် ကြုံရာလူတစ်ယောက်ကို အဆင်ပြေသလို လက်ထပ်လိုက်လို့မရဘူးလေ… အနာဂါတ်မှာ ရှင်သဘောကျတဲ့သူကိုတွေ့တဲ့အခါကျရင် နားလည်လာလိမ့်မယ်…’’ ချီကျန်းကျန်း အပြုံးလေးဖြင့်ပြောနေသော်လည်း အနည်းငယ် မသက်မသာဖြစ်နေမိသည်။
ဝမ်ယွီက အချစ်ဆိုတာကို နားလည်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် အမျိုးသမီးဇာတ်လိုက် မပါသည့် ဝတ္တုထဲက အမျိုးသားဇာတ်လိုက်ဖြစ်သည်။ အနာဂါတ်တွင် သူနှင့်အတူယှဉ်တွဲပြီးနေမည့် တစ်စုံတစ်ယောက်နှင့် တွေ့နိုင်ပါ့မလားဟု သူမ စိတ်ထဲတွေးလိုက်မိပြီး အနည်းငယ် မသက်မသာဖြစ်လာသည်။
သူမပြုံးများ ရပ်တန့်သွားသည်ကိုကြည့်ရင်း ဝမ်ယွီစိတ်ထဲ ပို၍ပဟေဠိဖြစ်သွားသည်။ သူသည် အလွန်ထက်မြတ်သည့်အတွက် ကုမ္ပဏီကိစ္စအားလုံးကို သူ့ခေါင်းထဲမှာထည့်ပြီးထိန်းချုပ်ထားနိုင်သည်။ ထို့ပြင့် ကြီးမားလှသည့်စီးပွားရေးအင်ပါယာတစ်ခုလုံးကို တည်ထောင်နိုင်သည့်အပြင့် စီးပွားရေးတိုက်ခိုက်မှုများကို လွယ်ကူစွာကိုင်တွယ်နိုင်သည်။
သို့သော်လည်း ယခုအချိန်မှာ သူ့အရှေ့ရှိ အမျိုးသမီးလေးဘာတွေတွေးနေလဲဆိုတာကိုတော့ သူ မခန့်မှန်းနိုင်တော့ပေ။
ချီကျန်းကျန်း၏ စိတ်မသက်မသာဖြစ်မှုများက ကြာရှည်မရှိပေ။ ဝမ်ယွီ၏ အားလုံးကိုလွှမ်းမိုးချုပ်ကိုင်မည့်လမ်းကြောင်းသည် အလွန်ပင်တောက်ပနေပြီး သူ့အနာဂါတ်ကို သူမအနေဖြင့် ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပေ။
တကယ်လို့ ကူးပြောင်းလာသည့်ချီကျန်းကျန်းဆိုရင်တောင်မှ နှုတ်ကတိဖြင့်စေ့စပ်ထားသော သာမန်မိန်းကလေးတစ်ဦးသာဖြစ်သည့်အတွက် တွဲဘက်မပါသည့်အဓိကဇာတ်လိုက်နှင့် သူမ ဘာပတ်သတ်မှုမှ ရှိမည်မဟုတ်ပေ။
သူမပြုံးလိုက်ရင်း လက်ကိုယမ်းကာ ‘’ ဟုတ်ပါပြီ…. ဝမ်ယွီ… ရှင်ပြန်လိုက်တော့လေ…’’
ဝမ်ယွီ၏ မျက်ခုံးများတွန့်ကုတ်နေပြီး အနည်းငယ်အလေးအနက်ဖြစ်သည့်အကြည့်ဖြင့် သူမကိုကြည့်နေကာ လေသံအနိမ့်ဖြင့် ‘’ ကားထဲကိုဝင်လိုက်တော့… အပြင်မှာနေတာ မလုံခြုံဘူး…’’
‘’မလိုပါဘူး…’’
ဝမ်ယွီ သူမကို ခပ်တင်းတင်းကြည့်လိုက်သည်။
ဘော့စ်ကြီး၏ တိတ်ဆိတ်ကာ ငြင်းဆန်မရနိုင်သည့် ခံစားချက်များ ထပ်မံပေါ်ပေါက်လာတော့သည်။
ချီကျန်းကျန်း ချက်ခြင်းဆိုသလိုပင် သတ္တိများမရှိတော့ပေ။
သူမ ခဏလောက်စဉ်းစားပြီးနောက် ‘’ ဒါဆို ကျွန်မ ရှင်နဲ့အတူတူအရင်နေလိုက်မယ် ဒါပေမယ့် အိမ်ငှားခတော့ ပေးမှာနော်…’’
သူမ အိတ်ထဲတွင် ထောင်ဂဏန်းအနည်းငယ်သာ ရှိနေသော်လည်း ဒီကမ္ဘာက သူမနှင့် မရင်းနှီးသေးပေ။ သူမ အိမ်ငှားမည်ဆိုလျင် အနည်းဆုံးတော့ စပေါ်ငွေပေးချေရပေလိမ့်မည်။ ထိုအရာက သူမအတွက် အတော်လေး ဒုက္ခများပေလိမ့်မည်။ သူမတွင် စားသောက်ဖို့နှင့် တခြားအရာများဝယ်ဖို့ရှိသေးသည့်အတွက် ယခုအချိန်တွင် ဝမ်ယွီနှင့် အတူတူလိုက်နေခြင်းကပင် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ပေလိမ့်မည်။
လက်ရှိ သူမတွေးနေခဲ့မိတာက သူမတို့ကြားကဆက်ဆံရေးဖြစ်ပြီး ငွေကြေးအကြောင်းကို ခဏမေ့ထားလိုက်ခြင်းက ပိုကောင်းမည်ဖြစ်သည်။
ဝမ်ယွီဘက်မှ သူမကို ဖိတ်ကြားနေသည့်အတွက် သူမဘက်မှ လေးစားစွာဖြင့် လက်ခံရုံသာ တတ်နိုင်တော့သည်။ ထို့ကြောင့် သူမ ခဏလောက်တွေးပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ ‘’ အိုကေ’’
ထို့နောက် ချီကျန်းကျန်း ဝမ်ယွီကားထဲသို့ဝင်လိုက်ပြီး ဝမ်ယွီလည်း ကားမောင်းသူနေရာတွင်ထိုင်ကာ ဝမ်မိသားစု၏ ဆန့်ကျင်ဘက်နေရာသို့ ဦးတည်လိုက်တော့သည်။