Part 42
ချီကျိုးချန် ထွက်လာချိန်မှာတော့ ကားနောက်ပိုင်းကိုသာမြင်လိုက်ရတော့သည်။ သူ့တွင် ချီကျန်းကျန်း၏ ဖုန်းနံပါတ်လည်းမရှိပေ။ ကံကောင်းစွာဖြင့် အချိန်အနည်းငယ် မီသွားသည့်အတွက် ချီကျန်းကျန်းကားနောက်သို့ လိုက်ကာ သူမနှင့်စကားပြောနိုင်ရန်ကြိုးစားလိုက်သည်။ဒါမှ ချီကျန်းကျန်းဘက်မှ အိမ်မပြန်ရင်တောင် သူမတို့ဘယ်သွားမည်ဆိုသည်ကို သိနိုင်မည်မဟုတ်ပါလား….
ဒီနေ့က ချီကျန်းကျန်း နှလုံးသားထဲနောက်တစ်ကြိမ် နာကျင်ခံစားသွားရသည့်နေ့ဖြစ်သည့်အတွက် ချီကျိုးချန် စိတ်ထဲမှလည်း မသက်မသာ ခံစားနေမိသည်။
အဆုံးမှာတော့ သူမက သူ၏ အစ်မအရင်းပင်ဖြစ်သည်။ သူ့အဖေဖြစ်သူက ဘာမှမပြောပေမယ့်လည်း သမီးဖြစ်သူအပေါ် ဂရုစိုက်နေဆဲပင်။ ထို့ကြောင့် ချီကျန်းကျန်း နေမည့်နေရာကို သိအောင်လုပ်ဖို့အတွက် ချီကျိုးချန် ဆုံးဖြတ်လိုက်သည်။
သူတို့အားလုံး ဝမ်ယွီနှင့် မရင်းနှီးကြပေ။ ဝမ်ယွီသည် ဝမ်မိသားစု၏ အသုံးမကျသည့်သူတစ်ယောက် မဟုတ်မှန်း ဒီနေ့မှ ရုတ်တရက် သူသိလိုက်သော်လည်း ဝမ်ရိရန်ကဲ့သို့ ကျန်းကျန်းကို အနိုင်ကျင့်နေရင် ဘယ်လိုလုပ်မလဲ….
ချီကျန်းကျန်းက ဝမ်ယွီနေရာမှာ ရက်အနည်းငယ် နေချင်တယ်ဆိုလျင်တောင် ဝမ်ယွီမှ ချီကျန်းကျန်းကို အနိုင်မကျင့်ရဲအောင် သူ့ဘက်မှ အနည်းငယ်ခြိမ်းခြောက်ဖို့ လိုပေလိမ့်မည်။
သူတို့ ချီမိသားစုက အလွယ်တစ်ကူ အနိုင်ကျင့်လို့မရဘူးဆိုတာ သိစေရမယ်….
‘’ မြန်မြန် … သူတို့အနောက်က လိုက်စမ်း…’’
‘’ဟုတ်ကဲ့…’’
ကားနှစ်စီးသည် ဦးတည်ရာတစ်ခုတည်းသို့ မောင်းနှင်နေသည်။
ဝမ်ယွီနှင့် ချီကျန်းကျန်းနှစ်ယောက်လုံး ဝမ်မိသားစုရှိရာသို့သွားနေခြင်းမဟုတ်မှန်း ချီကျိုးချန် တွေ့လိုက်ရသည်။ သူတို့သည် ဝမ်အိမ်သို့သွားမည့်အစား ထိုအိမ်နှင့် ဆန့်ကျင်ဘက်အရပ်သို့ မောင်းနှင်သွားကြသည်။
ချီကျန်းကျန်းက ဝမ်မိသားစုဆီကို မသွားနိုင်သလို ဝမ်မိသားစုနှင့် အတူတူ မနေနိုင်ဘူး ဆိုသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ လမ်းပေါ်တွင် များပြားလှသည့်ကားများဖြင့် ရှုပ်ရှပ်ခတ်နေသည့်အတွက် သူတို့ကို မျက်ခြေပြတ်လုနီးပါးဖြစ်နေသည်။
ကံကောင်းစွာဖြင့် သူ၏ကားဒရိုင်ဘာက သူတို့ကို မျက်ခြေမပြတ်အောင် အမှီလိုက်မောင်းနိုင်သေးသည်။
သိပ်မကြာခင်မှာပင် အိမ်ယာတစ်ခု၏ဂိတ်ဝသို့ ရောက်ရှိသွားကြသည်။
ထိုဂိတ်ရှေ့တွင် ကားသည်ဖြေးညင်းစွာမောင်းနှင်သွားပြီး လုံခြုံရေးမှ ဂိတ်တံခါးကိုဖွင့်ပေးလိုက်ပြီးနောက် ကားမှာ ထိုဝင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
သူတို့ကို အော်ခေါ်တော့မည် ချီကျိုးချန်က ဂိတ်ဝင်ပေါက်ကို ကြည့်လိုက်ပြီး အေးခဲသွားသည်။
‘ Wangjiang Manor …..’
သူသည် အထက်တန်းကျောင်းသားတစ်ယောက်သာဖြစ်ပြီး စီးပွားရေးအကြောင်း သိပ်မသိသေးသော်လည်း ချီမိသားစုက အမြဲလိုလို သူ့အား စီးပွားရေးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကိုပြောပြခြင်း၊ ပိတ်ရက်တွင် နေရာတော်တော်များများသို့ ခေါ်သွားခြင်းကြောင့် ထိုနေရာအကြောင်းကို အနည်းငယ် သိနေခြင်းဖြစ်သည်။
ထိုကြီးမားကျယ်ပြန့်သည့်ဝန်းတစ်ခုလုံးကို ယွီတင်း ကဆောက်လုပ်ထားခြင်းဖြစ်သည်။
အစပိုင်းတွင် ထိုမြေကွက်သည် မြို့သစ်တစ်ခု၏ ဘုရင်ကဲ့သို့ဖြစ်သည်။ ထိုမြို့ပြ၏တစ်လက်မတိုင်းက ရွှေကဲ့သို့ပင် တန်ဖိုးကြီးသည်။ လင်းကျန်းရှိ အကောင်းဆုံးနေရာဖြစ်သည့် မြေကွက်ကြီးများကိုကြည့်ရုံဖြင့် တန်ဖိုးကြီးမှန်း သိသာစေသည်။
ပို၍ထိတ်လန့်စရာကောင်းသည်က ထိုနေရာကိုလေလံအောင်သွားသည့် ကုမ္ပဏီမှာ ယွီတင်း ပင်ဖြစ်သည်။
ထိုမတိုင်မီက ယွီတင်းသည် နိုင်ငံခြားမှရွေ့ပြောင်းလာခြင်းဖြစ်သည့်အတွက် အိမ်ခြံမြေလုပ်ငန်းပိုင်းတွင် ပါဝင်ခြင်းမရှိသေးသောကြောင့် အများအပြားမဆောင်ရွက်ခဲ့သေးပေ။
ထိုအချိန်တွင် အိမ်ခြံမြေကုမ္ပဏီတိုင်းမှ လိုချင်သည့်ထိုမြေနေရာကို ယွီတင်းမှ လေလံရသွားပြီးနောက် မြေဝယ်ဖို့ငွေ ရှိမရှိကိုပင် လူအများကမေးခွန်းထုတ်ခဲ့ကြသေးသည်။
အဆုံးမှာတော့ ယွီးတင်းက ထိုနေရာအားလုံးကိုရသွားပြီး ဗီလာများပင်ဆောက်လုပ်ခဲ့သည်။ ထို့နောက် အံ့အားသင့်စရာကောင်းစွာဖြင့် တခြားလုပ်ငန်းများဆီသို့ပါ ဖြန့်ကျက်ခဲ့သည်။
ထိုအရာအားလုံးသည် ယွီတင်း၏ ဂုဏ်ကျက်သရေရှိသည့် သတင်းများဖြစ်သည်။ နှစ်အနည်းငယ်ဖြင့် လူတိုင်းအားကျရသည့် ကုမ္ပဏီတစ်ခုဖြစ်အောင် ယွီတင်းက လုပ်ဆောင်ခဲ့သည်။
ယွီတင်း၏ မြန်ဆန်သည့်တိုးတက်နှုန်းနှင့်အတူ များပြားလှသောလူများသည် ထိုမြေနေရာကို မကြာခဏဖော်ပြခဲ့ကြသည်။ ထိုအရာသည် နိုင်ငံအတွင်း၌ ပထမဆုံးရေးပန်းစားခြင်းဖြစ်သည်။ ထိုဗီလာကို သိပ်မကြာခင်မှာပင် ဆောက်လုပ်ပြီးစီးခဲ့ပြီး Wangjiang Manor ဟု အမည်တပ်ခဲ့ကြသည်။
အတွင်းပိုင်းတွင် လှပသောအဆောက်အအုံများဖြင့် ဆောက်လုပ်ထားပြီး အိမ်များကို ထူးခြားလှပစွာ တည်ဆောက်ထားသည်။ အရေးအကြီးဆုံးအရာမှာ ထိုနေရာသည် အလွန်ကြီးမားကျယ်ပြန့်လှသည့်သော်လည်း Wangjiang Manor တွင် များပြားလှသည့် ဗီလာများမရှိသလို တစ်အိမ်နှင့်တစ်အိမ်မှာ အလွန်အလှမ်းကွာဝေးလှသည်။
ထို့ကြောင့် အဆောက်အအုံများမှာ သိပ်မများပြားသော်လည်း လိုအပ်ချက်များ ပြည့်စုံကောင်းမွန်သည့်အပြင် လုံခြုံရေးအပြည့်အဝရှိနေသည်။
ထိုနေရာရှိ ဇိမ်ခံဗီလာတစ်လုံး၏တန်ဖိုးမှာ ၁၀၀ မီလီယံအနည်းဆုံးရှိသည်။ သို့သော်လည်း Wangjiang Manor ရှိဗီလာအိမ်များမှာ နည်းပါးလွန်းသော်လည်း ဈေးမှာနှစ်ဆခန့်ရှိသည်။
ဟုတ်ပါသည်။ ချီကျိုးချန်အတွက် အိမ်ဈေးကအံ့ဩစရာမဟုတ်သော်လည်း သူ အံ့ဩသွားရသည့်အကြောင်းအရင်းမှာ ထို Wangjiang Manor သည် ပြည့်စုံစွာတည်ဆောက်ထားသော်လည်း မရောင်းချသေးသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဝမ်ယွီက ဘယ်လိုလုပ်ပြီး ချီကျန်းကျန်းကို အထဲသို့ခေါ်သွားနိုင်တာလဲ ….
ဘာကြောင့် အထဲကို ဝင်သွားနိုင်တာလဲ….
ချီကျိုးချန် အံ့ဩလွန်း၍ သူတို့ကိုလှမ်းအော်မခေါ်နိင်တော့ပေ။ ထို့ကြောင့် သူ့မြင်ကွင်းရှေ့မှာပင် ဝမ်ယွီ၏ကားလေးမှာ ပျောက်ကွယ်သွားတော့သည်။
‘’ချီသခင်လေး…’’ ဒရိုင်ဘာမှ ပြောလိုက်သည်။
ချီကျိုးချန်တစ်ယောက် Wangjiang Manor ဝင်ပေါက်ကို စူးစိုက်ကြည့်နေဆဲဖြစ်သည်။
အဆုံးတွင် ညအချိန်ဖြစ်သည့်အတွက် လမ်းမီးတိုင်များထွန်းထားသော်လည်း အထဲသို့ သေသေချာချာ မမြင်ရတော့ပေ။
………….
ချီမိသားစုသည် ဗီလာတစ်ခုအတွင်းတွင်နေထိုင်သည့်အတွက် ဝမ်ယွီ၏နောက်ခံကိုကြည့်ခြင်းအားဖြင့် ထိုကဲ့သို့သော တန်ဖိုးကြီးဗီလာထဲသို့ဝင်လာသည်ကို ချီကျန်းကျန်းတစ်ယောက် မည်သည့်ပြဿနာ တစ်ခုမှမတွေးမိပေ။
ဝမ်ယွီ၏ဈေးပေါသော အိမ်တစ်လုံးတွင် သူမ နေချင်သော်လည်း သူ့ထံတွင် ထိုကဲ့သို့သော အိမ်မရှိလောက်မှန်း သူမ သေချာသိသည်။
သူမ ပတ်ဝန်းကျင်ကို သေချာမကြည့်သလို Wangjiang Manor အကြောင်းကိုလဲ မသိသည့်အတွက် အိမ်ရှေ့ရောက်သည်အထိ ကားပေါ်တွင် သက်တောင်သက်သာ အနားယူပြီး လိုက်ပါလာသည်။
‘’ ရှင် ဒီမှာ မကြာခဏနေတာလား…’’ ဝမ်ယွီအနောက်သို့လိုက်လာရင်း ချီကျန်းကျန်းမေးလိုက်သည်။
‘’ တခါတလေမှပါ…’’ ဝမ်ယွီ အချိန်တော်တော်များများ ဝမ်အိမ်တွင် နေနေကျဖြစ်သည်။
‘’ အိုး… ‘’ ဟုသာ ချီကျန်းကျန်း တုန့်ပြန်လိုက်သည်။
‘’မင်းဒီနေရာကိုကြိုက်တယ်ဆိုရင် ကိုယ့်မှာ တခြားအိမ်တွေရှိသေးတယ်’’ ဝမ်ယွီ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
သူမ အလျင်အမြန်ဖြင့် ‘’ မဟုတ်… မဟုတ်ဘူးလေ… ကျွန်မက နေရာမရွေးပါဘူး… ပြီးတော့ ဒီနေရာကလဲ လုံလောက်နေပါပြီ’’
ပြောရင်းဖြင့် ပန်းခြံတစ်ခုကို ဖြတ်လျောက်လာကာ အဓိကအဆောက်အအုံသို့ရောက်လာသည်။
တံခါးဖွင့်လိုက်သည်နှင့်တပြိုင်နက် မီးများလင်းလာသည်။
အတွင်းပိုင်းရှိအလင်းရောင်သည် သက်တောင့်သက်သာတောက်ပနေပြီး သန့်ရှင်းသပ်ရပ်နေသည်။ ခန်းမ၊ ဧည့်ခန်း၊ ထမင်းစားခန်းတို့ကို ကြည့်လိုက်ရုံဖြင့် မြေညီထပ်တွင်တွေ့ရသည်။
အဲ့ဒါက အရမ်းကြီးတာပဲ….
သူမခေါင်းကိုမော့ကာ မျက်နှာကျက်အမြင့်ကိုကြည့်လိုက်ပြီး ခန်းမထဲမှ ခရုပတ်လှေကားကိုကြည့်လိုက်သည်။
ချီကျန်းကျန်း သူမ ခေါင်းကိုလှည့်ပတ်ကြည့်ကာ ဝမ်ယွီကို လေးနက်သည့်အမူအယာဖြင့် ‘’ ဘောစ်ကြီး… ကျွန်မတော့ ဒီနေရာကို ငှားဖို့တတ်နိုင်မယ် မထင်ဘူး…’’
ဒီအိမ်က ဇိမ်ခံအိမ်မှန်းသိသာနေပြီး သူမနှစ်တစ်သန်းခန့်ကြိုးစားလျင်တောင် တတ်နိုင်မည်မဟုတ်ပေ။ အိမ်တွင်း အပြင်အဆင်သည် ရိုးရှင်းသော်လည်း တန်ဖိုးကြီးသည့်အငွေ့အသက်ကိုရရှိနေကာ သူမအိတ်ထဲရှိပိုက်ဆံနည်းနည်းလေးနှင့် ဘယ်လိုမှ ငှားရမ်းနိုင်မည်မဟုတ်ပေ။
ဝမ်ယွီက သူမကိုကြည့်လိုက်သည့်အတွက် အကြည့်ချင်းဆုံသွားသည်။
ထိုခဏတွင် သူက ‘’ ရပါတယ်… ကိုယ်ဒီမှာ အမြဲမနေပါဘူး…’’
သူမစိတ်ထဲ အလိုအလျောက်ပြောင်းလဲနားလည်လိုက်သည်မှာက ‘ ဝမ်ယွီက ဒီမှာအမြဲမနေဘူး… ဒီတော့ အမြဲလိုလိုအိမ်ကအလွတ်ဖြစ်နေတယ်… သူမ ဒီမှာနေလဲအဆင်ပြေတယ်’ ဟူ၍ပင်…
ချီကျန်းကျန်း ပြောစရာစကားများပျောက်ရှကာ စိတ်ထဲမှ တွေးလိုက်မိသည်။ ‘ အား… ချမ်းသာတာကို မုန်းလိုက်တာ..’
သူမတွင် ထိုကဲ့သို့သောအိမ်ကြီးအိမ်ကောင်းတစ်လုံးသာရှိပါက နေ့ရောညပါ အိမ်မှာပဲနေမည်ဖြစ်ကာ ဘယ်ကိုမှသွားမည်မဟုတ်တော့ပေ။
ထိုအရာက အရင်ဘဝတွင် သေကျေအောင်လုပ်မှလစာနည်းနည်းလေးသာရသော ချီကျန်းကျန်း၏ အိမ်မက်ကြီးတစ်ခုဖြစ်ကာ သူမနှလုံးသားထဲမှနေ၍ မျက်ရည်များပါကျချင်လာသည်။
သူမ ဘာမှမပြောသည့်အတွက် ဝမ်ယွီက မျက်မှောင်ကြုတ်လိုက်ရင်း ‘’ မင်း မကြိုက်ဘူးလား… ကိုယ့်မှာ ဒီထက်ကြီးတဲ့ ဗီလာရှိသေးတယ်… အဲ့ကိုခေါ်သွား…’’
သူမသာ ဒီနေရာကိုမကြိုက်ဘူးဆိုရင် ဒီထက်ကောင်းတဲ့ နေရာကိုပြောင်းပေးပြီး သူမ စိတ်ချမ်းသာအောင် လုပ်ပေးမည်ဖြစ်သည်။
ချီကျန်းကျန်းက အလျင်အမြန် ကြားဖြတ်ပြောလိုက်သည်။ ‘’ ကျွန်မ ကြိုက်တယ်… ဒီနေရာကို အရမ်းကြိုက်တယ်’’
ဝမ်ယွီ ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီး ‘’ အဲ့ဒါကောင်းတယ်..’’
သူ့ဖိနပ်များကို လဲလိုက်သည်။
ခဏတွေးပြီးနောက် ချီကျန်းကျန်းက သူ့ကို ရှုပ်ထွေးနေသောအမူအယာဖြင့် မေးလိုက်သည်။ ‘’ ကျွန်မ မေးခွန်းနည်းနည်းလောက် မေးလို့ရမလား… အိမ်ငှားခအတွက် အရင်ဆုံး ယွမ် ၆၀၀၀ ပေးလို့ရမလား… ကျွန်မဆီမှာ ပိုက်ဆံရှိလာတော့မှ ကျန်တာဆက်ပေးမယ်လေ…’’
ဒီလိုအိမ်မျိုးအတွက် အခန်းခွဲသုံးရမယ်ဆိုရင်တောင် ယွမ် ၆၀၀၀ က ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…
သူမ အနေဖြင့် တတ်နိုင်သလောက် ကြိုးစားပြီးရွေးချယ်ချင်သော်လည်း မတတ်နိုင်ပေ။
ဝမ်ယွီ ခေါင်းကိုလှည့်ကာ သူမကိုကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ‘’ ရတယ်’’
ချီကျန်းကျန်း ချက်ချင်းပင် သူမဖုန်းထဲမှ ငွေလွှဲပေးလိုက်သည်။
ထိုငွေသည် ဝမ်စီစီမှ သူမကို လျော်ကြေးပေးထားသည့်ငွေဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
ဝမ်းနည်းလိုက်တာနော်….
ဝမ်ယွီက ‘’ အပေါ်တက်ပြီး .. အခန်းရွေးလေ…’’
ချီကျန်းကျန်း ‘ ဒီလောက်ချမ်းသာနေတာကြီးကို မုန်းလိုက်တာ… ငါ အရမ်း မနာလိုဖြစ်နေပြီနော်…’’