🥰 Chapter 90 ✅
မင်လျိုရီက ယောင်ကျိကျိုး၏စကားကြောင့် သူ့အမှုအရာကိုလှမ်းကြည့်လိုက်သည်။ ဒေါသအရိပ်အယောင်များမတွေ့သောကြောင့် သူမစိတ်သက်သာရာရသွားသည်။ ယခုကိစ္စသည် ပြောသလောက်မရိုးရှင်းနိုင်ပေ။ သူလိုအပ်သည့်အရာမှာပိုက်ဆံသာဆိုလျင် ယုဟန်ကတိုက်ရိုက်ပြောလာမည်ဖြစ်ပြီး တခြားအရာအတွက် လေကုန်ခံစရာမလိုပေ။ မင်လျိုရီက သူမဖုန်းကိုထုတ်ကာ မက်ဆေ့ကိုဖတ်လိုက်သည်။
"ယုဟန်က တစ်ခုခုဖြစ်နေပြီလို့မက်ဆေ့ပို့ထားတယ် အမှန်အတိုင်းပြောရရင် လက်မထပ်ခင်ကတည်းက ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် အဲလောက်အဆက်အသွယ်မရှိကြတော့ဘူး ရှင်နဲ့ ယောင်ကျိရန်တို့ရဲ့ရန်ပွဲကိုကြေညာပြီးကာမှ ယုဟန်ကစာပို့လာခဲ့တာ... ကျွန်မအထင် ထောင်ချောက်နေမယ် ယောင်ကျိရန် စပြီးလှုပ်ရှားလာပြီ"
မင်လျိုရီ၏ကောက်နှုတ်ချက်ကြောင့် ယောင်ကျိကျိုးတစ်ယောက် မျက်ခုံးများတွန့်ကွေးသွားသည်။ ယောင်ကျိရန်သည် စတင်လှုပ်ရှားလောက်သော်လည်း ယခုအချိန်တွင် ယောင်ကျိကျိုးနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းမရှိသေးပေ။ ထို့ကြောင့် မင်လျိုရီကို ထိခိုက်အောင်လုပ်နိုင်သည့်လူကို ဘေးနားသို့ပို့ရုံသာတတ်နိုင်သည်။ ယောင်ကျိကျိုး၏ မျက်နှာတွင် ဒေါသရိပ်လွှမ်းလာသော်လည်း သူလုပ်နိုင်သည့်အရာမရှိပေ။ ထို့ကြောင့် သူက စိတ်မ၀င်စားစွာပြောလိုက်သည်။
"ယောင်ကျိရန်နေမှာပေါ့ သူ့ကိုဘာကိစ္စလဲလို့မေးလိုက်"
မင်လျိုရီ သက်ပြင်းချမိသွားသည်။ ကံကောင်းစွာဖြင့်ယောင်ကျိကျိုးက သူမကိုယုံကြည်ပေးခဲ့သည်။ ယောင်ကျိရန်သာဆိုလျင် ဘာအကွက်ရွေ့နေလဲဆိုတာ သူမမေးကြည့်လို့ရသည်။ ပိုက်ဆံလာတောင်းသည့်ယုဟန်ဆိုရင်တော့ ကံဆိုးစွာဖြင့် သူမကမူလမင်လျိုရီကဲ့သို့ အသုံးမကျသည့်လူကိုပိုက်ဆံပေးသည့်အရူးမ မဟုတ်ပေ။
မင်လျိုရီက ဖုန်းကိုထိကာ လျင်မြန်စွာစာပြန်လိုက်သည်။
[ ဘာကိစ္စလဲ ]
ယုဟန်သည် ပြောင်းလဲသွားသည့်နာမည်နှင့်ပြန်စာကိုကြည့်လိုက်သည်။ သူမက ထိုကိစ္စတွေကနေ ရည်ရွယ်ချက်ရှိရှိ ရှောင်ထွက်သွားဖို့လုပ်နေဝာာအသိသာကြီးပင်... သူ သက်ပြင်းခပ်ဖွဖွချလိုက်သည်။ ကြည့်ရတာ မင်လျိုရီက တကယ်ပဲပြောင်းလဲသွားပြီထင်သည်။ မင်လျိုရီ ရှေ့ဆက်တိုးမည်၊ မတိုးမည်ကိုတော့ မသေချာသောကြောင့် အခြေအနေအရ စကားဆက်ပြောရုံသာရှိသည်။
ယုဟန်က စာပြန်လိုက်သည်။
[ ကိုယ်အလုပ်လုပ်နေတဲ့ဈေးဆိုင်လေးက ဖျက်စီးခံလိုက်ရတယ် သူတို့ပြောတာတော့မင်းကိုလိုက်ရှာနေတာတဲ့ ပြီးတော့မင်းနဲ့ကိုယ်ကရင်းနှီးတာကြောင့် ဒီလိုလုပ်လိုက်တာလို့ပြောတယ် အခု ဆိုင်ပိုင်ရှင်ကပြန်လျော်ခိုင်းနေတယ် ]
[ လျော်ကြေးက ယွမ်တစ်သိန်းခွဲတဲ့ ကိုယ့်မှာအဲလောက် ပိုက်ဆံမရှိဘူး အဲတာကြောင့် မင်းကိုပဲအားကိုးရတော့မယ် ]
မူလမင်လျိုရီသည် ယုဟန်အားထားခဲ့ပြီးနောက် အရင်နေ့များကလို လွတ်လပ်သည့်ဘ၀ကို ပြန်လည်ရောက်ရှိခဲ့သည်။ သူက မူလမင်လျိုရီ သူ့ကို ပိုက်ဆံအဆင်သင့်ပေးလာသည့် နေ့ရက်များကို သတိရသော်လည်း ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် အလုပ်ကြိုးစားလုပ်ပြီး ဘ၀ကိုတည်ငြိမ်စွာဖြတ်သန်းရန်ဆုံးဖြတ်ခဲ့သည်။ သူက ဂန်းစတားဖြစ်ခဲ့တာကြောင့် နေရာတော်တော်များများက သူ့အားအလိုမရှိပေ။ ဤအသားကင်ဆိုင်သို့ မရောက်လာခင်အထိပေါ့။
ပိုင်ရှင်များသည် အလွန်ရိုးသားသည့်စုံတွဲဖြစ်သည်။ ဆိုင်သည် သိပ်မကြီးသော်လည်း ညဘက်တွင် အရက်အလွန်အကျွံသောက်ပြီး ပြဿနာရှာကြသည့်လူများရှိသည်။ ဆိုင်ရှင်က ယုဟန်ကိုမြင်ပြီးနောက် ထိုလူအုပ်ကိုထိန်းစေခဲ့သည်။ သူက စားပွဲထိုးလဲလုပ်သလို သန့်ရှင်းရေးလဲလုပ်ပေးရသည်။ တစ်ယောက်ယောက် ပြဿနာရှာပါက ယုဟန်ကိုဖြေရှင်းခိုင်းလိုက်သည်။ ယုဟန်အလုပ်ကြိုးစားသ၍ ဆိုင်ရှင်သည် သူ့ကိုအလုပ်ခန့်ထားမည်ဖြစ်သည်။
ယုဟန်ကလဲ အလုပ်ကိုစိတ်နှစ်ပြီးလုပ်သည်။ သို့သော် ကောင်းမွန်သောနေ့ရက်များသည် ကြာရှည်မခံခဲ့ပေ။ လူအုပ်တစ်စုသည် တမြန်နေ့က ရုတ်တရက်၀င်လာခဲ့ပြီး ထိုလူအုပ်ခေါင်းဆောင်က ဘာစကားမှမပြောဘဲ အကုန်လုံးကိုဖျက်ဆီးသွားခဲ့သည်။ ဖျက်ဆီးပြီးနောက် ယုဟန်ကြောင့်ဟုပြောခဲ့သည်။ ယုဟန်သည် ထိုအချိန်ကစိတ်ရှုပ်သွားခဲ့သည်။ ထိုလူကို သူလုံး၀မသိပေ။ ခေါင်းဆောင်ဖြစ်သူက သူ့ကို နှာခေါင်းရှုံ့ကာမပြောလာခင်အထိပင်။
"ဒီနေ့ ငါမင်းကိုချမ်းသာအောင်လုပ်ပေးဖို့ရောက်လာတာ လျော်ကြေးလိုချင်ရင် မင်လျိုရီဆီသွားလိုက်... သူမက အခု မစ္စယောင်ဖြစ်နေပြီ အရမ်းချမ်းသာတယ် ငါ့ကိုတော့လျော်ကြေးတောင်းဖို့မစဉ်းစားနဲ့ အသေရိုက်လွှတ်ပေးလိုက်မယ်"
ဆိုင်ရှင်နှင့်သူဇနီးသည် ကျိုးကြောင်းဆီလျော်သူများဖြစ်သည်။ သူတို့သည် မင်လျိုရီကိုမသိသလို သူမဆီမှလဲ ခြိမ်းခြောက်ပြီးပိုက်ဆံမတောင်းချင်ပေ။ လူမိုက်တစ်အုပ်စုက ဆိုင်ထဲ၀င်ပြီး ရုတ်တရက်ဆန်စွာ အကုန်ဖျက်ဆီးသွားခဲ့သည်။ ထိုအရာက အမှန်တကယ်ကို ဘောင်ကျော်လာခြင်းဖြစ်ပြီး ဒီအတိုင်းမထားလိုက်နိုင်ပေ။ တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းသည့်အပြင် သူတို့သည် ဥပဒေရှိသည့်နိုင်ငံမှာတွင် နေထိုင်ကြသည့်အတွက် သူတို့ကို အရေးယူပေးမည့်လူများရှိသည်။
ဆိုင်ရှင်က ပြောလိုက်သည်။
"ငါတို့ရဲခေါ်လိုက်မယ်"
ယုဟန်သည် ဆိုင်ရှင်နှင့်သူ့ဇနီးက လူကောင်းတွေမှန်းသိသော်လည်း ယခုပြဿနာက ဒီဆိုင်တွင်သူအလုပ်လုပ်သောကြောင့် ဖြစ်လာခြင်းဖြစ်သည်။ သူ့အပေါ်ကောင်းသော ဆိုင်ရှင်ကို ယခုလိုဆုံးရှုံးနေတာမကြည့်ရက်ပေ။ ဆိုင်ရှင်ကို အလျော်ပြန်ပေးရန် နည်းလမ်းရှာရမည်။ ထို့အပြင် လူမိုက်များက အရှက်မရှိလွန်းသည်။ သူတို့က ရဲကိုလဲကြောက်မည်မဟုတ်ပေ။
ယုဟန်က မျက်မှောင်ကျုံ့ကာပြောလိုက်သည်။
"အင်း ကျွန်တော်ရဲခေါ်လိုက်မယ်... သူတို့ပြောတာတော့ ကျွန်တော့်ကြောင့်ရောက်လာကြတာတဲ့...အဲဒါကြောင့် ကျွန်တော်သေချာပေါက် လျော်ပေးပါ့မယ် ဆိုင်အခြေအနေအရ ပြန်လည်ပြင်ဆင်တာမပြီးသေးခင်ထိ ပြန်ဖွင့်နိုင်ဦးမှာမဟုတ်ဘူး အဲအတွက်လဲ အမြတ်ငွေတွေပြန်ပေးပါ့မယ်"
ယုဟန်သည် ရည်ရွယ်ချက်ရှိရှိနှင့် မင်လျိုရီကိုမူလအကြောင်းအရာ၏အဝေးကို ဆွဲခေါ်လာခဲ့သည်။ ယုဟန်ကိုယ်တိုင်ကလဲ မင်လျိုရီဆီမှ ပိုက်ဆံအနည်းငယ်ယူချင်တာကြောင့်ဖြစ်သည်။ အတိတ်တွင် မည်သည့်ကိစ္စမဆို မင်လျိုရီက သူ့အတွက်ဆို ရက်ရက်ရောရောထုတ်ပေးခဲ့သည်။ ထို့အပြင် ယခုကိစ္စသည် သူမကြောင့်ဖြစ်သည်။ မင်လျိုရီဆီမှ ခြိမ်းခြောက်ပြီးပိုက်ဆံထပ်တောင်းမည်ဆိုတာ အသိသာကြီးပင်။ အထူးသဖြင့် သူမသည် ချမ်းသာသည့်မိသားစုနှင့် လက်ထပ်လိုက်ပြီဆိုကတည်းက ပိုက်ဆံပြတ်လတ်ဖို့က မဖြစ်နိုင်ပေ။
မင်လျိုရီက ယောင်ကျိကျိုးအား ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။ ယောင်ကျိရန်၏လက်ချက်ဖြစ်နိုင်ရန် ရာခိုင်နှုန်းများလှသည်။ ထို့အပြင် ယုဟန်လို ငတေလေးတစ်ယောက်က ဒီလိုပြဿနာကြီးမျိုးကို ဒီအတိုင်းဘယ်လိုလုပ်ကြုံနိုင်မှာလဲ... ယောင်ကျိကျိုးက နားထောင်ပြီးနောက် မျက်မှောင်ကျုံ့လိုက်သည်။ ယောင်ကျိရန်၏ လက်ချက်ဆိုတာ အတည်ပြုနိုင်ဖို့ ထိုအုပ်စုခေါင်းဆောင်ကို တွေ့ဖို့လိုအပ်သည်။
"ယုဟန်ကိုမေးလိုက် ခေါင်းဆောင်ရဲ့ပုံစံက ဘယ်လိုရှိလဲလို့"
🥰