🥰 Chapter 92 ✅
မင်လျိုရီသည် အရင်ကမည်သူ့ကိုမှ နက်ခ်တိုင်မချည်ပေးဘူးပေ။ သူမအရှေ့ရှိ နက်ခ်တိုင်ကိုကြည့်ရင်း ဘယ်တစ်ခုကို ရွေးရမှန်းမသိပေ။အကယ်၍ နက်ခ်တိုင်က မရွေးချယ်တတ်လျှင် ဝတ်စုံတစ်စုံလုံးကို ပျက်စီးသွားစေလိမ့်မည် ။ အထူးသဖြင့် ယောင်ကျိကျိုးက ထိုကိစ္စနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်ရှိလှသည်။
အချိန်အတော်ကြာစောင့်နေခဲ့ပြီးနောက် မင်လျိုရီဘာမှမပြောသေးသည်ကိုတွေ့ပြီး သူမ ချီတုံချတုံဖြစ်နေတာမှန်း သူနားလည်လိုက်သည်။ ထို့ကြောင့် သူက အေးအေးဆေးဆေးသာ ပြောလိုက်သည်။
"ဒီအတိုင်း မင်းအဝတ်စားနဲ့ဆင်တူတဲ့ အရောင်ကိုပဲ ရွေးလိုက်ပါ..."
မင်လျိုရီက သူမဝတ်ထားတာကို ပြန်ကြည့်လိုက်သည်။ သူမသည် အပြာရောင်ကအရမ်းတောက်နေမည်ကိုစိုးသည့်အတွက် နက်ပြာရောင်ကိုသာရွေးချယ်လိုက်သည် ။ ထိုအရောင်ကသူနှင့် ပို၍ လိုက်ဖက်ညီပေလိမ့်မည်။ မင်လျိုရီက နက်ခ်တိုင်ကိုယူကာ ယောင်ကျိကျိုး၏လည်ပင်း၌ ပတ်နေပြီး သူမအနည်းငယ် ကိုးရိုးကားယားဖြစ်နေသည်။ နက်ခ်တိုင် ဘယ်လိုသေချာချည်ရမလဲဆိုတာ သူမ မသိပေ ။
မင်လျိုရီက တိုးတိုးပြောလာ၏ ။
" ဒီအပိုင်းကိုလည်း ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မ သေချာမသိဘူး"
ယောင်ကျိကျိုးက ကျေနပ်စွာပြုံးနေသည်။ အမျိုးသားများက 'ပထမဆုံးအကြိမ်' ဟူသော အရာများကို အမြဲတမ်း နှစ်ခြိုက်တတ်သည်။ အထူးသဖြင့် သူတို့အမျိုးသမီး၏ ပထမဆုံးအကြိမ်၊ ပထမဆုံးအနမ်း၊ ပထမဆုံးလက်ကိုင်ခြင်း၊ ပထမဆုံးပွေ့ဖက်ခြင်း နှင့် အစရှိသဖြင့်... အတိုချုပ်ဆိုရလျှင် ပထမဆုံး ဟူသောအရာက အလွန်အရေးပါသည် ။
ယောင်ကျိကျိုးက ပြောလိုက်သည် ။
"ကိုယ်မင်းကို သင်ပေးမယ်..."
ယောင်ကျိကျိုးသည် မမြင်ရသော်လည်းသူက နက်ခ်တိုင်ချည်ရာ၌ အလွန်ကျွမ်းကျင်သည်။ အနည်းငယ် ချည်လိုက်ပတ်လိုက်လုပ်ပြီးနောက် နက်ခ်တိုင်ချည်ခြင်းအမှုက ပြီးဆုံးသွားသည် ။ယောင်ကျိကျိုးက တမင်တကာပင် သူ့ကျွမ်းကျင်မှုများကို ထုတ်ပြနေသလားဟု သူမသံသယဝင်မိသည် ။ သူ၏လှုပ်ရှားမှုများက အလွန်မြန်နေသောကြောင့် ဘယ်လိုလုပ်သွားလဲဆိုတာကိုပင် သူမ သေချာမမြင်လိုက်ရပေ။
သူမက ယောင်ကျိကျိုးကို ကြည့်ကာပြောလိုက်သည် ။
" ကျွန်မ သေချာမမြင်လိုက်ရဘူး... ရှင် ထပ်ပြီးလုပ်ပြလို့ရမလား..."
ထို့နောက်မင်လျိုရီက ယောင်ကျိကျိုး၏နက်ခ်တိုင်ချည်နည်းကိုဖုန်းဖြင့်ရိုက်ပြီး မှတ်တမ်းတင်ထားလိုက်သည်။
' တကယ်လို့ ငါသာ ဒါကိုလိုင်းပေါ်မှာတင်လိုက်ရင် နာမည်ကြီးသွားလောက်မလား...'
ယောင်ကျိကျိုးကပြုံးကာ သူ့နက်ခ်တိုင်ကိုဖြည်ပြီး ပြန်ချည်ပြသည်။
သူ့ဇနီးက သင်ချင်တယ်ဆိုမှတော့ သူမကို သူသင်ပေးရမှာပေါ့... ဒီလိုဆိုအနာဂတ်မှာလည်း သူ့ကို သူမကနက်ခ်တိုင်ချည်ပေးလို့ရသွားပြီပေါ့...
ဒီတစ်ကြိမ်တွင် ယောင်ကျိကျိုးက ဖြည်းဖြည်းချင်းလုပ်ပြပြီး သူမကိုမေးလိုက်သည် ။
" မင်းသေချာတွေ့ရရဲ့လား..."
မင်လျိုရီက အကြိမ်အနည်းငယ်လောက်သေချာကြည့်နေပြီး နောက်ဆုံးတွင်နားလည်သွားသည်။ သို့သော်လည်း သူမကကြည့်ရုံသာကြည့်နေပြီး တကယ်မလုပ်ခဲ့ရသည့်အတွက် အလုပ်ဖြစ်ပါ့မလားဆိုတာ သူမသေချာမသိသေးပေ။
" ကျွန်မ ကြိုးစားကြည့်ပေမဲ့ ဒါကကြည့်ကောင်းမလားဆိုတာတော့ မသေချာဘူး... ဒါပေမဲ့ အကြိမ်အနည်းငယ်လောက် လုပ်ကြည့်ပြီးသွားရင်တော့ အဲ့ဒါက ပိုအဆင်ပြေလာမှာပါ.."
မင်လျိုရီက ငြင်သာစွာပြောလိုက်သည် ။
" ကျွန်မ စမ်းကြည့်မယ်..."
ယောင်ကျိကျိုးကနောက်တစ်ဖန် နက်ခ်တိုင်ကို သူ့လက်နှင့်ဖြည်ချလိုက်ချိန်၌ ထိုအရိုင်းဆန်ပြီး ရမ္မက်နှိုးဆွစေသော သူ၏ပုံစံကို မင်လျိုရီသေချာဖမ်းမိလိုက်သည်။ ယောင်ကျိကျိုး၏လှုပ်ရှားမှုများကိုကြည့်ရင်း မင်လျိုရီ ရုတ်တရက်နှလုံးခုန်မြန်လာသည်။
'အဲဒါက အရမ်းကို ဆက်စီကျလွန်းတယ်'
ယောင်ကျိကျိုးက သူ့နက်ခ်တိုင်ကိုဖြည်ပြီးနောက် မင်လျိုရီကို စမ်းလုပ်ကြည့်ရန်လက်ဟန်ပြလိုက်သည်။ သူမက တိတ်တဆိတ် ဗီဒီယိုကိုပြန်ဖွင့်ကာ ချည်ကြည့်လိုက်သည်။
သူမသည် ဗီဒီယိုထဲက ယောင်ကျိကျိုး၏လှုပ်ရှားမှုအတိုင်း တစ်ဆင့်ချင်းဖြည်းဖြည်းချည်လိုက်သည်။ ကံကောင်းစွာဖြင့် အခက်ကြီးမဟုတ်ပေ။ သူမက ပထမဆုံးအကြိမ်မှာကတည်းက အောင်မြင်သွားပြီး နက်ခ်တိုင်အစလေးကို ချောမွေ့စွာချည်ထုံးလိုက်သည်။ မင်လျိုရီက မတ်တပ်ရပ်ကာ သူမ၏ပြီးပြည့်စုံသော ယောက်ျားကိုကြည့်ရင်း စိတ်ကျေနပ်သွားသည်။
မင်လျိုရီက အပြုံးလေးဖြင့်ပြောလိုက်သည် ။
" အားလုံးပြီးသွားပြီ "
ထိုစကားကြားသောအခါ ယောင်ကျိကျိုးက လက်ဖြင့်စမ်းရင်း စစ်ဆေးလိုက်သည်။ မင်လျိုရီ ချည်ပေးထားတာကအဆင်ပြေပြီး သူချည်ထားတာနှင့် တစ်ထေရာတည်းနီးပါး တူနေသည်ကိုသိလိုက်သည်။
သူ့မိန်းမက တကယ်တော်တာပဲ။ သူမက အကြိမ်အနည်းငယ်လောက်ကြည့်ရုံနဲ့တင် တကယ်ကောင်းကောင်းလုပ်နိုင်တယ် ။ ယောင်ကျိကျိုး၏ မျက်နှာ၌ အပြုံးဖြစ်ပေါ်လာပြီး ကျေနပ်နေသည့် အမူအရာကလည်း ကပ်ပါလာသည်။
သူက ပြောလိုက်သည် ။
"အချစ်က တကယ်အထင်ကြီးစရာပဲ..."
နှစ်ဦးသားကြားရှိလေထုသည် အလွန်ကိုချိုမြိန်နေသည်။ ဂရုမစိုက်တတ်သော ရှောင်ဖန်းပင်လျှင် ဒီတစ်ကြိမ်၌ ထိုလေထုကိုခံစားမိသည်။ သူမကဘေးနားတွင်ရပ်ရင်း ဂုဏ်ယူနေသောအဒေါ်တစ်ယောက်လိုပြုံနေတော့သည်။
ဒါကမှ သခင်လေးနဲ့သခင်မလေးတို့ ဖြစ်သင့်တဲ့ပုံစံပဲ...
မည်သည့်အမူအရာမှ ထုတ်ပြလေ့မရှိသော ကျောက်ချမ်းပင်လျှင် သူ၏မျက်လုံးထဲ၌ သက်တောင့်သက်သာဖြစ်နေသော အရိပ်ယောင်များကို မြင်တွေ့နိုင်သည် ။
ဘယ်သူက သူတို့ကို ဆုမွန်ကောင်းမတောင်းပေးဘဲ နေနိုင်မှာလဲ...
.....
မင်လျိုရီ နှင့်ယောင်ကျိကျိုးက မာစီးဒီစ်ဘန့်ဇ်ကားထဲတွင်ထိုင်နေသည်။ ကားလေးက ယုဟန်ရှိနေသော စတိုးဆိုင်သို့ တဖြည်းဖြည်းမောင်းသွားသည်။ ယုဟန်သည်အစောကြီးကတည်းက ဆိုင်ရှေ့တွင် ထွက်စောင့်နသည်။ လျှပ်စစ်တံခါးက အလိုအလျောက်ပွင့်သွားချိန်တွင် မင်လျိုရီကားထဲမှ ထွက်လိုက်သည်။ ယုဟန်ကအလိုအလျောက် မျက်ခုံးကျုံ့မိသွားသည်။ သူ့အရှေ့ရှိအမျိုးသမီးသည်ဖြူဖွေးသောအသားအရေရှိပြီးအလွန်လှပသည်။ သူမ၏အဝတ်အစားများက အလွန်စျေးကြီးပုံရပြီး သူမသည်ကားထဲမှထွက်ထွက်ချင်း ကားထဲသို့ပြန်ကြည့်ကာ အထဲမှလူကို ရယ်စရာတစ်ခုခုပြောလိုက်ပုံရသည်။ သူမ၏ မျက်လုံးများကပင်ပြုံးရယ်နေသည်။
ထိုအမျိုးသမီးကို ယုဟန် မမှတ်မိသလိုပင်။
' ဒီအမျိုးသမီးက မင်လျိုရီလား...'
သူ့မှတ်ဉာဏ်ထဲရှိ မင်လျိုရီသည် အသားလည်းသိပ်မဖြူသလို ထိုကဲ့သို့လည်း ဝတ်တတ်စားတတ်သူမဟုတ်ပေ။ ဒီနေ့ သူမကလုံးဝကို ကွဲပြားသော လူတစ်ယောက်ဖြစ်နေသည်။
အကယ်၍ ယုဟန်သာ ဒီနေ့လမ်းပေါ်တွင် မင်လျိုရီနှင့်တွေ့မည်ဆိုပါက ထိုအမျိုးသမီးသည်မင်လျိုရီမှန်း သူသိမည်မဟုတ်ပေ။ သူမအားချမ်းသာပြီး အာဏာရှိသည့် အိမ်ကသမီးတစ်ယောက်ဟုသာ သူတွေးမိလိမ့်မည်။ ယုဟန်၏အကြည့်များက မင်လျိုရီ၏ ခန္ဓာကိုယ် အပေါ်အောက် ပြေးလွှားနေသည်။ မင်လျိုရီဖော်ပြထားသော ခြေတံလက်တံများကိုကြည့်ပြီး သူလျှာမသပ်မိဘဲ မနေနိုင်ပေ။
သူမ သူ့နောက်ကိုလိုက်တုန်းက ဒီလောက်လှလိမ့်မယ်လို့ သူဘာလို့မတွေးမိရတာလဲ...
🥰