part 46
သိပ်မကြာခင်မှာပင် ဒရိုင်ဘာမှ အန်တီဝမ်အပြင် ဟင်းချက်ရာတွင် ကူညီရန် သတ်လက်ပိုင်းစုံတွဲနှစ်ယောကို ခေါ်လာသည်။
‘’အန်ကယ်လီက ဥယာဉ်ကိုတာဝန်ယူလိမ့်မယ်... အန်တီလီက အိမ်သန့်ရှင်းရေးနဲ့ အဝတ်အစားတွေလျော်ပေးလိမ့်မယ်... သူတို့နှစ်ယောက်လုံးက အိမ်အနောက်ပိုင်းမှာနေလိမ့်မယ်... တစ်ခုခုလိုအပ်ရင် သူတို့ကိုခေါ်လိုက်ရုံပဲ...’’ ဝမ်ယွီ ရှင်းပြလိုက်သည်။
‘’အိုး... ကောင်းလိုက်တာ...’’ ချီကျန်းကျန်း ပြန်ဖြေလိုက်သည်။
သူမ ဝမ်ယွီကိုခဏလောက် သတိလက်လွတ် စိုက်ကြည့်နေမိသည်။
သူက အရမ်းကောင်းတာပဲ...
သူ့မျက်နှာသည် အေးစက်နေသော်လည်း စာနာတတ်သူဖြစ်ကာ လူတိုင်းကိုနှလုံးသားအောက်ခြေမှ နွေးထွေးမှုကိုခံစားရစေသည်။
သူမ အတွေးထဲတွင်နစ်မြောနေစဉ် ဝမ်ယွီမှ သူမနဖူးကိုလက်ဖြင့်တောက်လိုက်သည့်အတွက် အသိပြန်ဝင်လာကာ နဖူးကိုလက်ဖြင့်ပွတ်လိုက်မိသည်။ ထို့နောက် သူမမျက်ခုံးတွန့်ကာ ဝမ်ယွီကို ရှုပ်ထွေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
‘ရှင်ဘာလို့ ကျွန်မကိုရိုက်တာလဲ...’
ဝမ်ယွီ သူ့လက်ကိုပြန်ရုတ်လိုက်ပြီး နှစ်ချက်ခန့်ချောင်းဟန့်လိုက်ကာ ‘’ ထမင်းစားရအောင်... အန်တီဝမ်ချက်တာက မြန်တယ်..’’
ချီကျန်းကျန်း သူမ နဖူးကို လက်ဖြင့်ကာထားဆဲဖြစ်ကာ ဝမ်ယွီကို သံသယအကြည့်ဖြင့်ကြည့်လိုက်သည်။
‘ကမ္ဘာကြီး ဘာဖြစ်သွားတာလဲ...’
အန်တီဝမ် ချက်ပြုတ်သည့်နှုန်းမှာ အတော်လေးမြန်သည်။ သူမသည် ဟင်းပွဲအနည်းငယ်ကိုချက်ပြုတ်ပြီးဖြစ်ကာ အပြင်သို့ ထမင်းနှင့်အတူ သယ်လာသည်။
ေန့အချိန်တွင် လူအများရှိသည့်အတွက် ချီကျန်းကျန်း မကြောက်တော့ပေ။ ဝမ်ယွီကလည်း သူမစိတ်ကို တည်ငြိမ်အောင် ကူညီပေးပြီးဖြစ်သည့်အတွက် ကုမ္ပဏီသို့ပြန်သွားသည်။
ဝမ်ယွီ ကုမ္ပဏီသို့ရောက်သည်နှင့် အတွင်းရေးမှုးနင်ကိုခေါ်ကာ
‘’ဝမ်ကျင်းအိမ်ယာက အိမ်တွေကိုစရောင်းလိုက်တော့... ပြီးတော့ ဝယ်သူမယ့်သူ အမျိုးအစားကိုသေချာဂရုစိုက်ပြီးရောင်း... အထူးသဖြင့် ကလေးတွေပါတဲ့ မိသားစုကိုရောင်းတာပိုကောင်းမယ်...’’
ဒီလိုဆို ပိုပြီး နေချင်စဖွယ်ကောင်းသွားနိုင်သည်။
အိမ်တစ်လုံးချင်းစီသည် အလှမ်းဝေးသည့်အတွက် ဆူညံသံများကြောင့် အနှောက်အယှက်မဖြစ်နိုင်ပေ။ အကယ်၍ ချီကျန်းကျန်းသာ အပြင်ထွက်သွားပါက နေချင့်စဖွယ်ကောင်းသည်ကို တွေ့ရပေလိမ့်မည်။
အတွင်းရေးမှူးနင်မှာ နေရာတွင် အေးခဲသွားသည်။
ဝမ်ကျင်းအိမ်ယာကို သူ့ဘောစ့်က ဘယ်တော့မှာ မရောင်းဘူးဟု တွေးခဲ့မိတာဖြစ်သည်။ ဘာကြောင့်များရုတ်တရက် ရောင်းချင်စိတ်ဖြစ်သွားရတာလဲ....
ဝမ်ယွီ၏ အစီအစဉ်ကို ချီကျန်းကျန်း မသိသေးပေ။ သူမသည် အိမ်တွင် အန်တီဝမ်လုပ်ပေးသည့် ကွတ်ကီးလေးများကို စားနေရင်း ကွန်ပျူတာတွင် သူမနှင့်ကိုက်ညီမည့် အလုပ်များကို ရှာဖွေနေသည်။
သို့သော်လည်း သူမအတွက်မလွယ်ကူပေ။ မူလကိုယ်သည် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရခဲ့သော်လည်း သတ်မှတ်ချက်များအရမ်းမကောင်းပေ။ သူမသည် ဝမ်ရိရန်ကို သဘောကျခဲ့သည့်အတွက် သူ နိုင်ငံခြားထွက်သွားမည့်အချိန်တွင် သူမလည်း နိုင်ငံခြားတက္ကသိုလ်တွင် လိုက်တက်ခဲ့သည်။ သို့သော် တစ်နှစ်အကြာမှာတော့ သူမ ဆက်မတတ်နိုင်တော့ဘဲ အိမ်မှာသာနေခဲ့သည်။
ယခုအချိန်သည် အရင်တုန်းကလိုမဟုတ်သည့်အတွက် နိုင်ငံခြားမှပြန်လာသော်လည်း ခြေလှမ်းတစ်လှမ်းသာ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျင် လူတိုင်းက မည်သို့သောတက္ကသိုလ်တက်ခဲ့သည်ကို နားလည်နိုင်ပြီး တက္ကသိုလ်များကြားက ကွာခြားချက်ကိုကောင်းစွာ သိနေကြပြီဖြစ်သည်။
ထို့အပြင့် ချီကျန်းကျန်းသည် ဘွဲ့လက်မှတ်လေးတစ်ခုတောင် မရခဲ့သည့်အပြင် သူမကိုယ်တိုင် အရည်အချင်းမရှိသလိုခံစားနေရပြီး မည်သို့သောအလုပ်ရှာရမည်ကို မသိတော့ပေ။
‘ချီမိသားစုနှင့်သက်ဆိုင်သည့်လုပ်ငန်းမျိုးကို ရှာသင့်လား...’
‘အဲ့ဒါလဲမကောင်းသေးပါဘူး... တကယ်လို့ ချီမိသားစုက လက်ခံရင်တောင် သူမဘက်က မသွားချင်ပေ..’
ချီကျန်းကျန်း အလွန်စိတ်ပူလာပြီး ခေါင်းကုတ်လိုက်မိသည်။
ထိုအချိန်တွင် တံခါးခေါက်သံကြားလိုက်ရသည်။
‘’ ကျန်းကျန်း ကွတ်ကီးတွေစားလို့ပြီးသွားပြီလား... ဒီမှာ အများကြီးကျန်သေးတယ်နော်... ထပ်ယူဦးမလား..’’
လက်ထဲတွင် ကွတ်ကီးများကိုင်ထားသည့် အန်တီဝမ်က တံခါးဝမှပြောလိုက်သည်။
ချီကျန်းကျန်း အလုပ်ရှုပ်စွာဖြင့် လက်ကိုယမ်းလိုက်ရင်း ‘’ မယူတော့ဘူး... ကျွန်မ တော်တော်လေးစားလိုက်ပြီးပြီ... အန်တီဝမ်တို့ပဲစားလိုက်တော့လေ... ကျေးဇူးနော်... ‘’
အန်တီဝမ်က ချစ်ဖို့ကောင်းသည့်မျက်နှာဖြင့် ပြုံးလိုက်ရင်း ‘’ ရပါတယ်... မစ်စတာဝမ်က သမီးကို ဂရုစိုက်ဖို့အပ်သွားခဲ့တာပဲ... အန်တီက သေသေချာချာ ဂရုစိုက်ပေးရမှာပေါ့... မစ်စတာဝမ်က အန်တီနဲ့ အန်တီအမျိုးသားအပေါ်ကို အတော်လေးကောင်းပေးခဲ့တာ...’’
‘’ဟင်...’’ ချီကျန်းကျန်း ကွတ်ကီးကိုတစ်ကိုက် ကိုက်လိုက်ရင်း အံ့ဩသွားသည်။ သူမ ၏ဝိုင်းစက်နေသည့်မျက်လုံးများက စပ်စုချင်စိတ်များ ပြည့်နှက်နေသည်။ အန်တီဝမ်က ‘’ အန်တီ အမျိုးသားက မစ်စတာဝမ်ရဲ့ ဒရိုင်ဘာလေ.... သူ ဖျားတုန်းကဆိုရင်ငွေအရမ်းလိုခဲ့တာ... ပုံမှန်ဆို အလုပ်ရှင်တွေက အလုပ်ဖြုတ်လိုက်တာကြာပေါ့... ဒါပေမယ့် မစ်စတာဝမ်က အလုပ်မဖြုတ်တဲ့အပြင် ဆေးကုစရိတ်တွေပါ အကုန်ပေးလိုက်တယ်လေ... ပြီးတော့ အဖျားသက်သာသွားတာနဲ့ အလုပ်ပြန်ဝင်ခိုင်းသေးတယ်... ပြီးတော့ အန်တီတို့ရဲ့ ရှုပ်ထွေးတဲ့ မိသားစုအခြေအနေကိုသိပြီးတဲ့နောက် အန်တီကို ဟင်းချက်ဖို့နဲ့အိမ်ထိန်းဖို့ အလုပ်ခန့်လိုက်တာပဲ...’’
သူမက စိတ်ခံစားချက်အပြည့်နှင့်ပြောလိုက်ရင်း ချီကျန်းကျန်းလက်ထဲသို့ နောက်ထပ် ကွတ်ကီးတစ်ပန်းကန်ထည့်ပေးလိုက်သည်။
‘’ မစ်စတာဝမ်ကြောင့်သာမဟုတ်ရင် အန်တီနဲ့အန်တီအမျိုးသားတို့ ဘယ်လိုဖြစ်နေမလဲဆိုတာ မတွေးရဲတော့ဘူး... သူက တကယ်ကောင်းတဲ့ သူတစ်ယောက်ပါ...’’
ချီကျန်းကျန်း သဘောတူစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ဝမ်ယွီက တကယ်ကိုကောင်းတဲ့သူတစ်ယောက်ပင်။
သူမ ခေါင်းငြိမ်ပြသည်ကိုကြည့်ရင်း အန်တီဝမ်အပြုံးက ပိုကြီးမားလာကာ ‘’ ဟုတ်တယ်... ကျန်းကျန်း... သမီးကလဲ အရမ်းကောင်းတယ်... သမီးနဲ့ မစ်စတာဝမ်နှစ်ယောက်လုံးက တကယ်ကောင်းတဲ့သူတွေပဲ... အနာဂါတ်မှာ ပိုပြီးကောင်းလာမယ်ဆိုတာ သေချာတယ်...’’
ချီကျန်းကျန်း လက်ကိုအမြန်ယမ်းကာ ‘’ မဟုတ်ဘူး... မဟုတ်ဘူး... အန်တီဝမ်... ဝမ်ယွီနဲ့ သမီးနဲ့က ဘာမှမဆိုင်ပါဘူး... သမီးက ဒိအတိုင်း အိမ်ငှားသက်သက်ပါ... အိမ်ပြန်ဖို့အဆင်မပြေတာနဲ့ ဒီမှာခဏလာနေတာ...’’
အန်တီဝမ်မျက်နှာက လုံးဝမယုံကြည်မှန်းသိသာသော်လည်း သူမဘေးရှိ ရေနွေးအိုးကိုကောက်ကိုင်လိုက်ရင်း ‘’ ကျန်းကျန်း.. အန်တီကိုမလိမ်နဲ့... မစ်စတာဝမ်က အန်တီပြောပြီးပြီ... သမီးက သူ့ရဲ့စေ့စပ်ထားတဲ့သူတဲ့... ‘’
ထို့နောက် အိုးကိုယူကာ အောက်ထပ်သို့ဆင်းသွားသည်။
ချီကျန်းကျန်း ‘’ ..... ‘’
အိမ်ငှားတစ်ယောက်အနေနှင့်ဆို ပို၍ကောင်းပေလိမ့်မည်။ သူမသည် သူ၏အမည်ခံစေ့စပ်ထားသူဖြစ်သော်လည်း ဟိုလိုမျိုးဆက်ဆံရေးတွေမရှိဘူးလေ။
ချီကျန်းကျန်းတစ်ယောက်မည်သို့သောအလုပ်လုပ်ရမည်ကို နှစ်ရက်ခန့်စိတ်ပူခဲ့ရသည်။ သို့သော်လည်း အဆုံးမှာတော့ အင်တာနက်ပေါ်တွင် ဘာသာပြန်သည့်အလုပ်ကိုသာ အရင်ဆုံးရွေးချယ်လိုက်တော့သည်။ ထိုမှသာ သူမအတွက် ဝင်ငွေတစ်ချို့ရနိုင်မည်ဖြစ်သည်။
ထို့နောက် ဘာသာပြန်ရာတွင် ကိုးကားရန်အတွက် စာအုပ်တစ်ချို့ကိုဝယ်ယူလိုက်သည်။
သူမသည် မိသားစု၏အရှိန်အဝါဖြင့်ကြီးပြင်းလာသည့် မိန်းကလေးဖြစ်သည်။ သို့သော်လည်း နောက်နှစ်များတွင် ချီမိသားစု ဘယ်လိုဖြစ်မည်ဆိုသည်ကို သူမ မသေချာပေ။ ချီမိသားစုမှ သူမကိုဆက်လက်ထောက်ပံ့ပေးမည်ကိုလည်း မလိုချင်ပေ။
သူမ ဝယ်ခဲ့သည့်စာအုပ်များသည် delivery ဖြင့်ရောက်လာသည်။
ဆေးရုံမှဆင်းပြီးနောက် စိတ်ဓါတ်ကျနေသော ဝမ်စီစီသည် အလွန်စိတ်ဆိုးနေသည့်အတွက် ချီကျန်းကျန်းကို ဖုန်းခေါ်လိုက်သည်။
သို့သော်လည်း သူမဘာကြောင့် ချီကျန်းကျန်းကို ဖုန်းဆက်ရသလဲဆိုသည်ကို မသိပေ။ ထို့ကြောင့် ခံစားချက်မကောင်းသည့်အချိန်တွင် ချီကျန်းကျန်းကို ဖုန်းခေါ်လိုက်ရင်း ‘’ ဟေး... နင်ဘာလုပ်နေလဲ... နင်အိမ်ကနေ နောက်တစ်ကြိမ်ထပ်ပြီး ထွက်ပြေးတယ်လို့ ငါကြားလိုက်တယ်...’’ ဖုန်းထဲတွင် ဝမ်စီစီ၏အသံမှာ ဖော်ရွေမှုမရှိသလို လှောင်ပြောင်မှုအပြည့်နှင့်ဖြစ်သည်။
ချီကျန်းကျန်း ပါဆယ်ထုတ်ကိုဖွင့်လိုက်ရင်း ‘’ နင့်အဖျားက မပျောက်သေးဘူးလား...’’
ဝမ်စီစီ အံ့ဩသွားကာ ‘’ ဟမ်...’’
‘’မဟုတ်ရင် နင့်ဦးနှောက်က ဘာလို့အပေါက်ကြီးဖြစ်နေရတာလဲ...’’
‘’ချီ...ကျန်း...ကျန်း...’’
‘’ နင်ပြောတာ ငါကြားတယ်...’’ ချီကျန်းကျန်း ဖုန်းနှင့် သူမနားကိုခွာလိုက်သည်။
‘’ဒီနေည နိုက်ကလပ်ကို နင်သွားချင်လား...’’
‘’ မသွားဘူး..’’
‘’...’’ ဝမ်စီစီ ခေါင်းထဲတွင် မေးခွန်းများတန်းစီသွားသည်။
သူမ အသက်ပြင်းပြင်းရှုလိုက်ပြီး ချီကျန်းကျန်း သူမကိုလုပ်ခဲ့သည့်နည်းကိုသုံးကား’’ နင် ငါ့ကိုကြောက်လို့လား... အဲ့ဒါကြောင့် နင်မသွားရဲတာမဟုတ်လား..’’
ချီကျန်းကျန်း ‘’ ဟုတ်တယ်... ငါနင့်ကိုကြောက်လို့ မသွားတာ...’’
ဝမ်စီစီ ဒေါသတကြီး ခုန်ပေါက်သွားကာ ‘’ ချီ..ကျန်း..ကျန်း..’’
‘’ ပြော... အချိန် နဲ့ နေရာ..’’ ချီကျန်းကျန်း မတတ်သာစွာဖြင့် မေးလိုက်ရသည်။
ဝမ်စီစီ စိတ်အခြေအနေမကောင်းမှန်း သူမသိလိုက်သည်။ သူမ စိတ်ညစ်နေတုန်းကဆိုလျင် ဝမ်စီစီကို အဖော်လုပ်ခိုင်းကာ secret room to escape သို့ခေါ်ပြီးနောက် ဆေးရုံရောက်သည်အထိဖြစ်သွားခဲ့သည်။ ယခု ဝမ်စီစီ စိတ်ညစ်သည့်အချိန်ဖြစ်သည့်အတွက် သူမအနေဖြင့် ဂရုစိုက်ပေးသင့်သည်ဟု တွေးလိုက်မိသည်။
နိုက်ကလပ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မူလပိုင်ရှင်သည် မကြာခဏသွားနေကျဖြစ်သည်။ မြို့ထဲရှိ နိုက်ကလပ်အားလုံးသည် သူမကို သိပြီးဖြစ်ကာ ဘာမှမဖြစ်နိုင်ပေ။
ထို့ကြောင့် ချီကျန်းကျန်း ဝမ်စီစီနှင့် နိုက်ကလပ်သွားရန် ညနေခင်းကို ချိန်းလိုက်ကြသည်။
.....
ချီမိသားစုကုမ္ပဏီတွင်....
ချီကျိုးချန်မှာ စိတ်အားထက်သန်စွာဖြင့် ေမးလိုက်သည်။ ‘’ အဖေ.. ရှာလို့တွေ့ပြီလား... ဝမ်ယွီက ဘာတွေဖြစ်နေတာလဲ...’’
xxxxxx