Part 48
ဒီနေရာသည် ဝမ်ယွီ၏အနာဂါတ်အိမ်ဖြစ်သည့်အတွက် ဝမ်မိသားစုကို အိမ်နီးချင်းအဖြစ် ထားမည်မဟုတ်ပေ။ ဝမ်ယွီတွင် သူ မလိုချင်သည့်အရာများအတွက် ကိုင်တွယ်ဖို့နည်းလမ်း အမြဲရှိသည်။
ဝမ်ယွီက ဝမ်ကျင်းအိမ်ယာကို ပိုင်ဆိုင်ကြောင်း သူမအနေဖြင့် မသိသင့်သေးပေ။ အနည်းဆုံးတော့ သူမ သိပ်သေချာလို့ မရနိုင်သေးပေ။
‘’ဘာပဲဖြစ်ဖြစ်...’’ ဝမ်စီစီ သူမကို အထင်သေးစွာဖြင့်ကြည့်လိုက်သည်။
သို့သော်လည်း သူမ နှစ်ကြိမ်ထပ်ပို၍ကြည့်လိုက်သည့်အခါတွင် သူမ စိတ်ထင်တာကြောင့်လားမသိသော်လည်း ချီကျန်းကျန်းတစ်ယောက် တဖြည်းဖြည်း ပိုကြည့်ကောင်းလာသည်ဟု ခံစားမိသည်။
ကားလေးသည် တည်ငြိမ်နေပြီး အရှိန်မြန်စွာဖြင့် မောင်းနှင်နေသည်။ ချီကျန်းကျန်း မတတ်သာစွာ ခေါင်းငြိမ့်လိုက်ရင်း လေးနက်သည့်အမူအရာဖြင့် ‘’ ဝမ်စီစီ... နင်ကားမောင်းတာ တော်သားပဲ..’’
ဝမ်စီစီ ဂုဏ်ယူစွာဖြင့် အသံထွက်အောင်ရယ်လိုက်မိသည်။
ချီကျန်းကျန်း နောက်ထပ်ဆက်ပြောလိုက်သည်။ ‘’ အနာဂါတ်မှာ နင်ပိုက်ဆံမရှိတော့ဘူးဆိုရင် တက္ကစီဒရိုင်ဘာလုပ်စားလို့ရတယ်... ဘာပဲဖြစ်ဖြစ် ဒါက နင်ကျွမ်းကျင်တဲ့အရာပဲလေ...’’
သူမ အသံမှာ အနည်းငယ်မနာလိုမှုစွက်နေသည်။
သူမ မနာလိုရသည့်အကြောင်းမှာ ဝမ်စီစီတစ်ယောက် ကားမောင်းကျွမ်းကျင်သည့်အတွက် ဒီကမ္ဘာတွင် ငတ်တော့မည်မဟုတ်ပေ။
‘’ ဘာ... နင်ငါ့ကို ဘယ်လိုကျိန်ဆဲရမလဲဆိုတာ ကောင်းကောင်းသိတာပဲ... ငါက နင်နဲ့တူတယ်လို့ ထင်နေတာလား... အိမ်ကနေ ထွက်ပြေးရလောက်တဲ့အထိ ငါကမတုံးဘူး... အိမ်မှာအလကားသုံးရမယ့် ပစ္စည်းတွေအများကြီးရှိတာကို ဘာလို့သွားရမှာလဲ... နင်သာအိမ်ကနေထွက်ပြေးတာ ... ငတုံးမ...’’
ချီကျန်းကျန်း မျက်ဝန်းထဲတွင် ကိုယ်ချင်းစာစိတ်အပြည့်နှင့် သူမကိုကြည့်နေပြီး ‘ သနားဖို့ကောင်းလိုက်တဲ့ ကလေးမ... နင် အစီအစဉ်တွေ ကြိုဆွဲထားသင့်နေပြီ.... ဝမ်မိသားစုက တစ်နှစ်အတွင်းပျက်စီးတော့မှာ... ‘
ဝမ်မိသားစုအပေါ် မှီခိုနေသည့် ဝမ်စီစီသည်လည်း အခြေအနေမကောင်းနိုင်ပေ။ သူမတွင် ဘာမှမရှိတော့လျင် ယခုကဲ့သို့ ပေါ့ပေါ့ပါးပါး နေနိုင်တော့မည်မဟုတ်ပေ။
‘’ နင့်အကြည့်ကဘာလဲ... ငါ့ကိုနင့်စိတ်ထဲကနေပြီး ထပ်ဆဲနေတာလား...’’
‘’နင်သိနေပြီဆိုရင် လုံလောက်ပြီလေ ဘာလို့ ပါးစပ်ကပြောနေရဦးမှာလဲ... နင်က ထပ်ကြားချင်သေးလို့လား...’’
ဝမ်စီစီ သွေးတစ်လုပ်အန်လုနီးပါးဖြစ်သွားသည်။
‘’ ငါနင့်ကို သောက်အပြင်ကို ခေါ်မလာသင့်တာပါ’’
ယခုဆိုလျင် သူမ ခံစားချက်များ မကောင်းလာသည့်အပြင့် ပိုဆိုးသည့်အခြေအနေဘက်သို့ ရောက်နေပြီဖြစ်သည်။
‘’ဒါဆိုလဲ ငါ့ကိုပြန်ပို့မလို့လား … နင်နဲ့အတူတူ အရက်မြန်မြန်သောက်လို့ရအောင် မောင်းစမ်းပါ…’’ ချီကျန်းကျန်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
‘’အေအေ… ကောင်းတယ်သိလား…’’
နှစ်ယောက်သား လမ်းတလျောက်လုံး ကားပေါ်တွင် ငြင်းခုံရင်းဖြင့် နိုက်ကလပ်သို့ရောက်လာသည်။ ထို့နောက် သူမတို့နှစ်ယောက်လုံး သီးသန့်ခန်းမငှားဘဲ တွေ့သည့်ခုံတွင်ဝင်ထိုင်လိုက်သည်။
သီးသန့်ခန်းထဲမှ မန်နေဂျာကထွက်လာပြီး သူမတို့နှစ်ယောက်လုံးကို အပြုံးမျက်နှာဖြင့်ကြိုဆိုလိုက်သည်။ ‘’ အာယား… မစ်ချီနဲ့ မစ်ဝမ်တို့ ရောက်နေတာပဲ… သီးသန့်ခန်းက ရှိသေးတယ်လေ… နှစ်ယောက်လုံး….’’
ဝမ်စီစီက စိတ်မရှည်စွာဖြင့် ကြားမှဖြတ်ပြောလိုက်သည်။ ‘’ သောက်ရေးမပါတာတွေ ပြောမနေနဲ့… သောက်စရာတွေအရင်ချပေး…’’
‘’ကျေးဇူးပြုပြီး ဖျော်ရည်ပဲပေးပါ…’’ ချီကျန်းကျန်း အပြုံးလေးဖြင့်ပြောလိုက်သည်။
ဝမ်စီစီ ခေါင်းထဲ မေးခွန်းများတန်းစီသွားသည်။
သူမ ချီကျန်းကျန်းကို မယုံနိုင်သည့်မျက်လုံးများဖြင့် ကြည့်လိုက်ရင်း...
‘’ နင် ဘာပြောလိုက်တာလဲ… အသီးဖျော်ရည် ဟုတ်လား… နင်ငါ့ကိုလာနောက်နေတာလား….’’
‘’အဲ့ဒါပဲယူမယ်နော်… ကျေးဇူးပါ…’’ ချီကျန်းကျန်း မန်နေဂျာကိုကြည့်ရင်း ပြောလိုက်သည်။
သူမ ဝမ်ယွီကဲ့သို့ပင် မျက်နှာထားကို ခံစားချက်မရှိသလို နေလိုက်သည်။
မန်နေဂျာက ဝမ်စီစီကိုကြည့်ပြီးနောက် သူမကိုကြည့်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
‘’ဟုတ်ကဲ့…’’
ပြောပြီးသည့်နောက် မန်နေဂျာမှ ချက်ချင်းပင်ထွက်ခွာသွားသည်။
‘’နင် စိတ်လွတ်သွားတာလား… နိုက်ကလပ်မှာ အသီးဖျော်ရည် လာသောက်တာလား… ချီကျန်းကျန်း နင်ရူးသွားပြီပဲ… ကားအက်စီးဒင့်ဖြစ်ပြီး နင့်ဦးနှောက်ထိသွားတာပဲဖြစ်မယ်…’’ ဝမ်စီစီ သူမကိုမရပ်မနား တရစပ် ပြောတော့သည်။
သိပ်မကြာခင်မှာပင် မန်နေဂျာမှ သီးသန့်ပို့လိုက်သော လိမ္မော်သီးဖျော်ရည်၊ သံပုရာဖျော်ရည်အပြင့် တခြားအရသာအစုံပါသည့် ဖျော်ရည်များပါရောက်လာသည်။
ဝမ်စီစီ စားပွဲခုံကိုရိုက်ကာ မတ်တပ်ရပ်လိုက်သည်။ ‘’ ဘယ်မှာလဲ ဝိုင်…’’
သူမတွင် ကလေးမျက်နှာရှိသော်လည်း အမြဲလိုလိုမောက်မာကာ တခြားသူများကို လှောင်ပြောင်လိုသည့်ဟန်ရှိသည်။
ချီကျန်းကျန်း သက်ပြင်းချကာ ပေါက်ကွဲလုနီးပါးဖြစ်နေသော ဝမ်စီစီကို ကြည့်လိုက်သည်။
သူမ ဘာမှထပ်မပြောတောပေ။ ထိုအချိန်တွင် မန်နေဂျာရောက်လာပြီး ဝိုင်ပုလင်းများကို ဖွင့်ခိုင်းလိုက်သည်။
ချီကျန်းကျန်း ပိုက်ကိုယူကာ ဖျော်ရည်တစ်ငုံသောက်လိုက်သည်။ တဖက်မှာတော့ ဝမ်စီစီက သူမကိုလှောင်ပြောင်သည့်အကြည့်ဖြင့်ကြည့်ကာ သူမသောက်ရန်အတွက် ခွက်ထဲသို့ ဝိုင်ကိုလောင်းထည့်နေသည်။
‘’ ဝမ်စီစီ… အရက်သောက်တာက တကယ့်ပြဿနာမဟုတ်ဘူး… အရက်သောက်တာက နင့်ရဲ့ စိုးရိမ်မှုနဲ့သောကတွေကို ပျောက်စေတယ်လို့ မကြားဖူးဘူးလား’’ သူမ ရုတ်တရက်ပြောလိုက်သည်။
ထို့နောက် သူမဖျော်ရည်ကို ငုံ့ကြည့်ကာ မဆိုးဘူးဟု တွေးလိုက်မိသည်။ ဖျော်ရည်မှာ အသီးကိုအရည်ညှစ်ထားခြင်းဖြစ်ပြီး အကောင်းဆုံးမဟုတ်သော်လည်း အရသာမှာ မဆိုးလှပေ။
‘’နင်သိလား…’’ ဝမ်စီစီ ဝိုင်ခွက်ကိုမကာ တစ်ငုံသောက်လိုက်သည်။
ချီကျန်းကျန်း မျက်ခုံးများမြင့်တက်သွားပြီး ပြောနေသည့်စကားများ ရပ်တန့်သွားသည်။
တဖက်လူမှာ နောက်ထပ်နှစ်ခွက် ဆက်တိုက်မော့သောက်လိုက်သည်။
ချီကျန်းကျန်း သူမလက်ကိုဆန့်ကာ နောက်တစ်ခွက်ထည့်ပေးလိုက်ရင်း အကူအညီမဲ့နေသည့်လေသံဖြင့် ‘’ ဒါဆို ငါ့ကိုပြော… ဒီလောက်စိတ်အခြေအနေမကောင်းရတဲ့အထိ ဘာတွေဖြစ်သွားတာလဲဆိုတာ…’’
ဝမ်စီစီ ဘာကြောင့် စိတ်မထိန်းနိုင်လောက်သည်အထိ ခံစားချက်ဆိုးရွားကာ သူမကိုပါ အပြင်ခေါ်ထုတ်လာသည့်အကြောင်းအရင်းကို မသိပေ။ သို့သော် သူမအတွက်တော့ အရင်သူမ စိတ်ခံစားချက်မကောင်းသည့်အချိန်တုန်းက ဝမ်စီစီကို ခေါ်ခဲ့မိသည့်အတွက် ဝမ်စီစီ ယခုလိုဖြစ်နေသည့်အချိန်တွင် သူမ စိတ်မဆိုးပေ။ တစ်ခုခုများ ဖြစ်ခဲ့တာလား…
ဝမ်စီစီ လက်ကိုယမ်းကာ နောက်ထပ်ဝိုင်တစ်ငုံသောက်လိုက်သည်။ လေးခွက်သောက်ပြီးနောက် သူမ မျက်နှာအနည်းငယ် အနီရောင်သန်းလာသည်။ ‘’ တကယ်လို့ စိတ်ထဲနေလို့မကောင်းဘူးဆိုရင် အရင်တခေါက်တုန်းကလို အတူတူအားရပါးရအော်မယ်ဆိုရင် အရက်သောက်တာထက်ပိုကောင်းသွားနိုင်တယ်…’’ ချီကျန်းကျန်း ဖျော်ရည်သောက်ရင်း ပိုက်ကိုဝါးကာ ပြောလိုက်သည်။
ခံစားချက်မကောင်းသည့်အချိန်မျိုးတွင် အားပါးတရ အော်လိုက်သည်က အမှန်တကယ်ပင် လူ၏စိတ်ကို သက်သာစေသည်။
သူမ၏ကြီးမားဝိုင်းစက်သည့်မျက်လုံးများက ဝမ်စီစီကိုကြည့်နေသည်။
‘’ချီကျန်းကျန်း…. အဲ့ဒါဆို နင်ဘာလို့အိမ်ကထွက်ပြေးတာလဲ…. ‘’ ဝမ်စီစီပြောလိုက်သည်။
ချီကျန်းကျန်း သူမမိသားစုပဋိပက္ခများကိုစဉ်းစားမိပြီး ခေါင်းကိုယမ်းကာ ‘’ အထူးတလှယ်ခံစားချက်မရှိဘူး… တကယ်လို့ရှိမယ်ဆိုရင်တောင် အဲ့ဒါတွေက ငါနဲ့အတူတူပါလာတဲ့ ဒီအဝတ်အစားတွေပဲဖြစ်မယ်… ငါဘာလို့အိမ်ကနေထွက်လာလဲဆိုတော့ ငါ့မိသားစုအခြေအနေကို နင်ဘယ်လိုလုပ်သိမှာလဲ…’’
ချီမိသားစုက အမျိုးသမီးထက် အမျိုးသားများကိုဦးစားပေးသည်။ သူမဘက်မှ အဆင်ပြေနေသည်ဆိုရင်တောင် ချီကုမ္ပဏီသည် အနာဂါတ်တွင် ချီကျိုးချန်အတွက်သာ ဖြစ်ပေလိမ့်မည်။ သူမ အနေဖြင့် ကုမ္ပဏီထဲသို့ ခြေလှမ်းချနိုင်မည်မဟုတ်ပေ။ အရင်က ဝမ်စီစီ သူမကိုလှောင်ပြောင်ခဲ့သော်လည်း အတိအကျမသိခဲ့ပေ။
‘’ နင်က ဘာလို့ရယ်နိုင်သေးတာလဲ…’’ ဝမ်စီစီ သူမ၏ ငါးခွက်မြောက်ဝိုင်ကိုသောက်ရင်း မေးလိုက်သည်။
ချီကျန်းကျန်း လက်ကိုဆန့်က ဝမ်စီစီလက်ထဲမှခွက်ကို လှမ်းတားလိုက်ရင်း မျက်ခုံးပင့်ကာ ‘’ သောက်တာတော်တော့… ဘယ်သူက မိသားစုပြဿနာမရှိပဲနေလို့လဲ… ငါမှာ မရယ်နိုင်သလို ငိုလဲမငိုနိုင်ဘူး…
ဒီတစ်ကြိမ်တော့ ဝမ်စီစီ သူမလက်ကိုဆွဲမဖယ်ပဲ ငေးငိုင်သွားသည်။
ထိုအချိန်တွင် သူမ မေးလိုက်သည်။ ‘’ ချီကျန်းကျန်း… နင်ဘာလို့ရုတ်တရက်ပြောင်းလဲသွားတာလဲ… နင် အရင်က ဒီလိုမဟုတ်ပါဘူး… တကယ်တော့ ငါနင့်ကိုအမြဲမုန်းနေခဲ့တာ… အခုလဲမုန်းနေတုန်းပဲ… ဒါပေမယ့် နင်ကငါနဲ့အတူတူပါပဲ…’’
မိသားစုက ဘယ်လိုပဲစီစဉ်ထားပါစေ သူတို့အားလုံးလက်ခံရမှာပဲ မဟုတ်လား…
‘’ အဲ့ဒီတာ့ ဝမ်မိသားစုက နင့်ကိုဘာလုပ်စေချင်တာလဲ…’’
ချီကျန်းကျန်း မေးလိုက်သည်။
ဝမ်စီစီ သူမခေါင်းကိုငုံ့ရင်း တီးတိုးပြောလိုက်သည်။ ‘’ အကြီးဆုံးဦးလေးကပြောတယ် လျိုမိသားစုရဲ့မြေး လျိုယွီရှန်းက ငါ့ကိုသဘောကျနေတယ်တဲ့… လျိုမိသားစုကလည်း ငါ့ကိုသဘောကျတယ်တဲ့… အဲ့ဒါကြောင့် ငါ့ကိုသူနဲ့ ….’’
ချီကျန်းကျန်း မျက်ခုံးတွန့်ကာ သောက်လက်စအအေးကို ရပ်လိုက်ရင်း သူမကိုယ်ကိုမတ်မတ်ထိုင်လိုက်သည်။ ‘’ လက်ထပ်ပွဲလား…’’
ဝမ်ကျင်စန်း၏ မိသားစုတွင် သမီးမိန်းကလေးမရှိသောကြောင့် ညီဖြစ်သူ၏သမီး ဝမ်စီစီကို နှစ်ပေါင်းများစွာ အလိုလိုက်ခဲ့သည်။ ယခုအချိန်သည် သူမ ကျေးဇူးဆပ်ရမည့်အလှည့်ရောက်ပြီဖြစ်သည်။
ချီမိသားစုနှင့် ဝမ်မိသားစုသည် အင်အားကြီးမားသော မိသားစုနှစ်စုဖြစ်သော်လည်း တခြားသူများနှင့်မတူကြပေ။
သူတို့တွင် လက်ရှိလက်တွဲလုပ်ဆောင်နေသော ဝမ်နှင့်ချီမိသားစုလုပ်ငန်းများသာမက တခြားကိစ္စများလဲရှိသေးသည်။
ဝမ်စီစီ သူမကိုစိုက်ကြည့်ရင်း ‘’ နင် အခုပျော်လား… ငါလဲ တစ်စုံတစ်ယောက်ကို စီးပွားရေးအရလက်ထပ်ရတော့မယ်… ပြီးတော့ လျိုယွီရှန်းက လူရှုပ်တစ်ယောက်ဖြစ်ပေမယ့် နင့်လူ ဝမ်ယွီထက်တော့သာတယ်… ငါပြောမယ်… ငါက အနာဂတ်မှာလည်း နင့်ထက်သာနေဦးမှာပဲ… အဲ့ဒီတော့ နည်းနည်းလေးတောင်မှ ရယ်ဖို့မစဉ်းစားနဲ့…’’
သူမ ပြောစကားကို ချီကျန်းကျန်း စိတ်မရှည်သောအမူအရာဖြင့် ကြားဖြတ်ပြောလိုက်သည်။ ‘’ ဝမ်စီစီ…. နင် ရူးနေလား… ဒီကိစ္စကို ဘယ်သူက လာလှောင်မှာမို့လို့လဲ… ပြီးတော့ နင်ကဘာလို့ လျိုယွီရှန်းနဲ့ ဝမ်ယွီကို နှိုင်းယှဉ်ရတာလဲ… နင်က ငါ့ထက်ပိုသာကြောင်းပြချင်လို့ နင်သဘောမကျတဲ့သူကို လက်ထပ်လိုက်မှာလား…’’
ဝမ်စီစီ ပြောစကားရပ်သွားပြီး သူမမျက်လုံးများ နီရဲလာသည်။
ချီကျန်းကျန်း၏ ဒေါသထွက်နေသည့်မျက်နှာကိုကြည့်ရင်း သူမနှလုံးသားထဲတွင် ရုတ်တရက်အောင့်လာသည်။
ထိုခံစားချက်သည် သူမ ဖျားခဲ့သည့်နေရ ခံစားရသည်နှင့် အတူတူပင်ဖြစ်သည်။ ဝမ်ရိရန်က ချီကျန်းကျန်း သူမအပေါ်တစ်ခုခု လုပ်လိုက်သည်ဟု စွပ်စွဲခဲ့သည့်နေကဖြစ်သည်။ အန်းချင်ယုကတော့ သူမဂုဏ်သိက္ခာကိုသာထိန်းသိမ်းနေပြီး ချီကျန်းကျန်းတစ်ယောက်တည်းကသာ သူမကိုဆေးရုံပို့ရန်အတွက် စိုးရိမ်ခဲ့သူဖြစ်သည်။
ထိုအရာများကြောင့် ဒီနေ့လည်း သူမ ချီကျန်းကျန်းကို သွားရှာခဲ့ခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။
xxxxxx