Part 49
လျိုမိသားစု၏ ကြီးမားသည့်အာဏာရှိမှု အကြောင်းပြောနေသည့် ဝမ်ကျင်စန်းနှင့် ရှုဝေနှစ်ယောက်လုံးသည် လျိုယွီရှန်း ၏ကောင်းကြောင်းများကိုပါ သူမကို ပြောကြသည်။ ဝမ်ရိရန်တောင်မှ သူမကို သူတို့နှင့်အဆင်ပြေပြေနေရန် တိုက်တွန်းနေသည်။
သို့သော် ချီကျန်းကျန်းက ‘’ နင်ရူးနေလား…’’တဲ့
ဘာပဲဖြစ်ဖြစ် ချီကျန်းကျန်းက သူမ ငိုတာကိုမြင်ဖူးသူဖြစ်သည်။
ဝမ်စီစီက ‘’ ငါ ဘာလုပ်ရမှာလဲ… ငါ့မှာရှိသမျှအကုန်လုံးက ဝမ်မိသားစုက ပေးထားတာတွေကြီးပဲ… ပြီးတော့ ငါကလဲသူတို့အပေါ်မှီခိုနေရတာလေ…’’
ချီကျန်းကျန်း မျက်နှာတင်းမာလာပြီး အနည်းငယ် ဒေါသထွက်သွားသည်။
‘’ဝမ်စီစီ… နင်ဘာလိုချင်လဲဆိုတာ နင့်ဘာသာအဖြေရှာရမယ်… တကယ်လို့ဝမ်မိသားစုက နင့်ကိုလျိုယွီရှန်းနဲ့ လက်ထပ်ခိုင်းတာကို လက်မခံချင်ဘူးဆိုရင် အနာဂါတ်မှာ နင့်ကိုယ်နင်အားကိုးရမယ်… တကယ်လို့ နင်က ဝမ်မိသားစုကို ဆက်ပြီးမှီခိုချင်တယ်ဆိုရင် ဝမ်မိသားစုဆီက အထောက်အပံ့ကိုတောင်းရမယ်… ဒါမှမဟုတ်ရင် နောက်ပိုင်း နင့်ဘဝကို လျိုမိသားစုဆီမှာ မှီခိုနေလို့ရတယ် … ဒါဆို အခု နင်က ဘာလို့ငိုနေရတာလဲ…’’
ချီကျန်းကျန်းက ပျော်ရွှင်မှုအတွက် တစ်စုံတစ်ခုသောအဖိုးအခကိုပေးရမည်ဟု သူမ အမြဲတမ်းနားလည်ထားသည်။
သူမ ချီမိသားစုထံတွင် ဆက်မနေချင်သည့်အကြောင်းမှာ တကယ်လို့ သူမသာ ဆက်နေပြီး ချီမိသားစု၏ပေးကမ်းမှုဖြင့် ပျော်ရွှင်နေမည်ဆိုလျင် တချိန်ချိန် ချီမိသားစုမှ ပေးလာမည့် သူမ မလိုချင်သည့်အရာကို လက်ခံရမည်ဖြစ်သောကြောင့်ပင်။
ဝမ်စီစီ သူမ၏မာနကြီးတော့အကြည့်များပျောက်ကွယ်နေသည့် နီရဲနေသောမျက်လုံးအစုံဖြင့် ချီကျန်းကျန်းကိုကြည့်နေသည်။ သူမ၏ သေးငယ်သောမျက်နှာလေးသည် ရှုပ်ထွေးမှု ဗလာဖြစ်မှုများနှင့် ပြည့်နှက်နေသည်။
ချီကျန်းကျန်း သက်ပြင်းတချက်ရှိုက်ရင်း နောက်တကြိမ်ထပ်ပြောလိုက်သည်။ ‘’ နင်တကယ်လို့ ဝမ်မိသားစုကို မှီခိုနေမယ်ဆိုရင် ဝမ်မိသားစုက တနေ့မှာ ကျရှုံးလာနိုင်တယ်ဆိုတာကို နားလည်ထားရမယ်… နင့်ရဲ့လက်ထပ်ပွဲကအစ အရာအားလုံးကိုဝမ်မိသားစုအပေါ်မှာ မှီခိုနေမယ်ဆိုရင် နင်ဘာလုပ်မှာလဲ… ‘’
တစ်နှစ်ကြာပြီးနောက် ဝမ်မိသားစုသည် ပျက်စီးသွားမည်ဖြစ်သည်။ တကယ်လို့ butterfly effect ရှိတယ်ဆိုရင်တောင်မှ ဝမ်မိသားစုဆီမှ နှစ်ပေါင်းများစွာ နာကျင်မှုကိုခံစားလာရသည့် ဝမ်ယွီသည် ဝမ်မိသားစုကို အလွတ်ပေးမည်မဟုတ်ပေ။
ထိုအချိန်ရောက်လာလျင် ဝမ်စီစီ ဘာလုပ်နေမည်နည်း….
ဝမ်စီစီ ပါးစပ်ဟလာသော်လည်း မည်သည့်စကားတစ်ခွန်းမျှထွက်မလာပေ။
ချီကျန်းကျန်းလည်း ဘာမှဆက်မပြောတော့ဘဲ သူမဘာသာ တွေးနေစေလိုက်သည်။ သူမတို့အားလုံး အရွယ်ရောက်နေပြီဖြစ်သည်။ သူတို့အားလုံးက သူမတို့ကို ဖျားယောင်းနိုင်သည်၊ သွေးထိုးနိုင်သည်၊ နားယောင်အောင်လုပ်နိုင်၊ အကြံညဏ်များပေးနိုင်သည်၊ သို့သော် မည်သူကမျှ သူမတို့နေရာတွင် ဝင်ရောက်မဆုံးဖြတ်နိုင်ပေ။
သူမ အနည်းငယ်စိတ်မကောင်းဖြစ်စွာဖြင့် ဝိုင်တစ်ခွက်ကို သူမဘာသာသောက်ရန်အတွက် ထည့်လိုက်သည်။
ထိုဝိုင်သည် ဝမ်စီစီသောက်ရန်မှာထားသည့်အတွက် အတော်လေးပြင်းသည်။ သူမ တစ်ငုံခန့်သောက်လိုက်ရုံဖြင့် အစာအိမ်တစ်ခုလုံး လောင်ကျွမ်းမတတ်ဖြစ်သွားသည်။
သူမ ခွက်ကိုခုံပေါ်သို့ပြန်ချကာ သက်ပြင်းရှည်ကြီးတစ်ခုချလိုက်သည်။
ထို့နောက် ချီကျန်းကျန်းက ခွက်အတွင်းကိုကြည့်ကာ အတွေးထဲတွင် နစ်မြောနေသည်။
လူတိုင်းတွင် ဒုက္ခကိုယ်စီရှိကြပြီး သူမတွင်လည်းကိုယ်ပိုင်ဘဝရှိသည်။ သို့သော် သူမအနေဖြင့် တခြားတစ်ယောက်၏ဘဝ ထူးဆန်းသည့်အထောက်အထားများ ထူးခြားသည့်အတွေ့အကြုံများကို လက်ခံရမည်ဖြစ်သည်။
သူမ ကူးပြောင်းလာသည်မှာ အချိန်သိပ်မကြာသေးသော်လည်း များပြားလှသည့်အဖြစ်အပျက်များကို တွေ့ကြုံပြီးဖြစ်သည်။
သို့သော်လည်း သူမ အသက်ရှင်ချင်နေရုံသာမက ပျော်ရွှင်စရာကောင်းသည့်ဘဝကိုပါ လိုချင်သည်။
စားပွဲခုံကိုကျော်၍ ဝမ်စီစီက ချီကျန်းကျန်းကိုကြည့်လိုက်ပြီး ‘’ ချီကျန်းကျန်း… နင် တကယ်ပြောင်းလဲသွားတာပဲ… ‘’
ဝမ်စီစီ သူမကို မမုန်းတော့ပေ။
ချီကျန်းကျန်း ဝိုင်ခွက်ကိုကိုင်လိုက်ပြီး သူမနှုတ်ခမ်းတွင် အသာတေ့လိုက်ကာ ပန်းတပွင့်ကဲ့သို့ပြုံးလိုက်သည့်အတွက် သူမ မျက်လုံးအစုံသည် အလင်းရောင်အောက်တွင် ဖျတ်ကနဲ့ တောက်ပသွားသည်။
ဝမ်စီစီသည်သာမက သူတို့ဆီလာနေသောသူများလည်းမျက်စိကြိမ်းကုန်လေသည်။
သူမ၏ ဝိုင်ခွက်ကို လှမ်းမြောက်လိုက်ပြီး ချိုသာသောအသံလေးနှင့် ပြတ်သားစွာပြောလိုက်သည်။
" ကားမတော်တဆမှုဖြစ်ပြီးနောက်ပိုင်း ဉာဏ်အလင်းပွင့်သွားတယ်လို့ ခံစားမိတယ်... ဘဝ အသစ်အတွက်ဂုဏ်ပြုလိုက်ရအောင်...
"
ဝမ်စီစီအေးခဲသွားပြီး သူမခွက်ကိုဖြေးညင်းစွာမြှောက်၍ ခွက်ချင်းတိုက်လိုက်ပြီး စာတစ်ကြောင်းကိုရေရွတ်လိုက်လေသည်။
" ဘဝအသစ်အတွက် ဂုဏ်ပြုလိုက်ရအောင် ..."
ချီကျန်းကျန်း ဝိုင်တစ်ခွက်ကုန်သွားပြီဖြစ်သည်။ သူမအိမ်ပြန်ချင်ပြီလို့ ပြောချင်နေပြီဖြစ်သည် ။ သူမခေါင်းကိုမော့ပြီး မလှမ်းမကမ်းမှာလျှောက်သွားနေတဲ့ လူတွေကိုမြင်ချိန်တွင် သူမမျက်တောင်ကြုတ်လိုက်မိသည် ။
ဝမ်စီစီ သူမအကြည့် ကိုသတိထားမိပြီး နောက်လှည့်ကြည့်လေသည် ။
အဲ့တာက ဝမ်ရိရန်၊ အန်းချင်ယု နှင့်တခြားသူများဖြစ်သည် ။
ထိုထဲတွင် မြင်လေ့မရှိသူများတောင်ပါလေသည်၊
ထိုလူကဝမ်စီစီသိသော 'လျိုယွီရှန်း' ပင်
ချီကျန်းကျန်း ဝမ်စီစီကိုလှမ်းကြည့်လိုက်လေသည်။
သူမ ဆိုလိုသည်ကို သဘောပေါက်ပြီး ဝမ်စီစီခေါင်းငြိမ့်ပြလိုက်သည် ။
ချီကျန်းကျန်း သဘောပေါက်သွားလေသည် ထိုလူမှာဝမ်စီစီဖိတ်ထားသည့်သူ မဟုတ်ချေ ။
...
ဝမ်စီစီနှငံအတူ ချီကျန်းကျန်းကို တွေ့လိုက်ရ၍
ဝမ်ရိရန် အံသြသွားပြီး သူ၏ခြေလှမ်းများတဖြေးဖြေးရပ်တန့်သွားလေသည် သို့သော့ အန်းချင်ယု ကသူ့ကိုသတိတချက်ပေးလိုက်၍ အခြားသူများနှင့်ရော၍ မြန်မြန် ဆက်လျောက်သွားလိုက်သည်။
သူ၏ မျက်ခုံးများပင့်တတ်သွားပြီး သူဝမ်စီစီကိုမကြည့်ခင် ချီကျန်းကျန်းကိုကြည့်လိုက်၍ " နင်ဒီမှာရှိတယ်လို့ငါကြားတယ်။ ငါတို့တခြား ဘားကနေလာခဲ့တာ ဘာလို့ငါတို့ကိုလာမရှာတာလဲ
သူတို့အခြားဘားတွင် လျိုယွီရှန်းကိုဧည့်ခံနေကြ ကြချိန် ဒီနေရာတွင် ဝမ်စီစီရှိကြောင်းကြားလိုက်ရသောကြောင့် အပြေးအလွှား လာခဲ့ကြခြင်းဖြစ်သည်။
" ငါ တစ်ယောက်တည်းခနလောက်နေချင်တယ် ဝမ်စီစီငြင်သာစွာ ပြောလိုက်လေသည် ။
ဝမ်ရိရန် မျက်ခုံးပင့်လိုက်မိသည်။
အန်းချင်ယုက ချီကျန်းကျန်းကိုတစ်ချက်ကြည့်ပြီး သူမနှုတ်ခမ်းကိုတွန့်ကာ သဘာဝအတိုင်းပြုံးပြလိုက်ပြီး " စီစီ နင်နဲ့ အမကျန်းကျန်းဆက်ဆံရေးကပိုကောင်းလာတယ်နော်..."
သူချီကျန်းကျန်းကိုလည်း ကြည့်လိုက်ပြီး
" အမကျန်းကျန်း ဒီနေ့အန်တီကတောင်အမအကြောင်းပြောနေသေးတယ်၊ သူက အမကိုအရမ်းစိတ်ပူနေတာ၊ အမဘယ်တော့အိမ်ပြန်လာမှာလဲ ခေါင်းမမာပါနဲ့တော့ အဲ့ဒါက ဦးလေးနဲ့အန်တီကို ရင်ပူစေတယ် ..."
တင်းယွီကျင်း သူမကိုစကားပြောမပြော ချီကျန်းကျန်းမသိပေ။ သို့သော်အန်းချင်ယု ပြောတာတွေကတော့သူမကိုစိတ်ပျက်စေသည် ။
" မင်းရဲ့မျိုးရိုးနာမည်က 'အန်' လေ ' ချီ 'မဟုတ်ဘူး ချီမိသားစုကိုဒါက္ခမပေးပါနဲ့..."
ချီကျန်းကျန်းသတိပေးလိုက်လေသည် ။
အန်းချင်ယု မျက်နှာက ရန်လိုမှုအပြည့်ဖြစ်သွားသည်။ သူမတစ်ခုခုကိုပြောဖို့လုပ်ချိန်တွင် ချီကျန်းကျန်းရုပ်တရက်ထရပ်လိုက်ပြီးအခြားသူများကိုမနှုတ်ဆက်ဘဲ ဝမ်စီစီကိုသာ ကြည့်၍ပြောလိုက်သည်။
" သူတို့ကနင့်ဆီကိုလာတာဆိုတော့ ငါအရင်သွားနှင့်တော့မယ် ..."
ထိုသို့ပြောပြီးနောက်တွင် သူမပြန်ဖို့ပြင်လေတော့သည် ။
" ခနနေဦး..."
ရုတ်တရက် ထွက်ပေါ်လာသော ယောကျာ်းတစ်ယောက်အသံကြောင့် ချီကျန်းကျန်း လှမ်းကြည့်လိုက်သည် ။
ထိုသူက အဖွဲ့ထဲတွင် သူမ မရင်းနှီးသောသူတစ်ယောက်ဖြစ်သည်။ အခြားသူများကိုတော့ သူမမှတ်ဥာဏ်ထဲတွင်ရေးရေးရှိလေသည် သို့ပေမဲ့ ထိုလူကိုတော့မရင်းနှီးပေ ။
မူလပိုင်ရှင်က သူ့ကိုတခါမှမတွေ့ဖူးတာ သို့မဟုတ် သူ့ကိုခနလေးပဲမြင်ဖူးတာဖြစ်နိုင်လေသည် ။
သူသည် အသက်နှစ်ဆယ်အရွယ်လို့ထင်ရပြီး ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး ကြည့်ရဆိုးမနေချေ။ သို့ပေမဲ့ သူ၏မျက်လုံးများသည် အနည်းငယ်မှေးကျဥ်းပြီး အရက်ခိုးများပြည့်နေသောကြောင့် ့ချီကျန်းကျန်းစက်ဆုပ်သွားမိသည် ။
သူ၏ မျက်လုံးများတအံတသြဖြင့် ချီကျန်းကျန်းအားကြည့်လေသည် သူမအားခေါ်ပြီးနောက်တွင် သူခြေနှစ်လမ်းလှမ်း၍ သူမရှေ့လာရပ်ပြီး လမ်းပိတ်ကာ " ဟေး အလှလေး၊ ငါ့နာမည်က လျိုယွီရှန်းပါ ငါတို့အချင်းချင်းပိုသိနိုင်မလား ..."
လျိုယွီရှန်း ...
ဝမ်စီစီကိုလက်ထပ်ချင်သည့်တစ်ယောက် ...သူမကိုလက်ထပ်ချင်သည့်စိတ်ကူးဖြင့် ဝမ်စီစီ၏ မိသားစုကိုချဥ်းကပ်ခဲ့သည့်တစ်ယောက် မဟုတ်လား ။
သူမ မျက်လုံးထဲတွင်စက်ဆုပ်မှုအပြည့်ဖြင့် ချီကျန်းကျန်းမျက်မှောင်ကြုတ် ကာ
" မလိုဘူး ငါ့ရှေ့ကဖယ်စမ်း ..."
ထိုသို့ပြောပြီးနောက် သူ့ဘေးမှလှည့်၍ထွက်သွားရန်ပြင်လေသည် ။
သို့ပေမဲ့ လျိုယွီရှန်းကလက်တစ်ဘက်ကိုစားပွဲပေါ်တင်၍ အခြားတစ်ဘက်ကိုနံရံပေါ်တင်လိုက်လေရာ သူမလမ်းကိုအပြီးအပိုင်ပိတ်လိုက်လေသည် ။
" အလှလေး မင်းကဘယ်မိသားစုရဲ့ မိန်းကလေးလဲ၊ ငါမင်းကိုမြင်လိုက်ထဲက သဘောကျသွားတာ၊ မင်းရီလိုက်တဲ့အချိန်ငါ့နှလုံးသားတွေအရည်ပျော်မလိုဘဲ..."
လျိုယွီရှန်း က ဝေဝါးနေသောမျက်လုံးများနှင့် ကြို့ထိုးရင်း ပလုံးပထွေးပြောနေလေသည်။
သူဒီမလာခင်သောက်ခဲ့သည့်ပမာဏမှာမနည်းလှချေ ။
" လျိုယွီရှန်း၊ နင်ဝိုင်နည်းနည်းသောက်ပြီး ရူးသွားပြီလား ..."
ဝမ်စီစီ ဒေါသထွက်ကာ စားပွဲကိုရိုက်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည် ။
လျိုယွီရှန်းက ဝမ်စီစီ ကိုကြည့်လိုက်ပြီးနောက်... ဂရုစိုက်ဟန်မပြပဲ မျက်လုံးပြန် လွှဲကာ ချီကျန်းကျန်းကိုသာ အနီးကပ်စိုက်ကြည့်ရင်း ပြောလိုက်သည်။
" အလှလေး...ကိုယ်တို့ အခုပဲ သိလိုက်ရအောင်..."
ချီကျန်းကျန်း၏ ခြေလှမ်းများဖြေးဖြေးချင်းနောက်ဆုတ်ေနပြီး၊ သူမလျိုယွီရှန်းကိုကြည့်နေချိန်တွင် သူမ၏လက်သည် သူမအိတ်တွင်းရှိဖုန်းပေါ်သို့ရောက်နေပြီဖြစ်သည် ။
ဝမ်ရိရန်၏ မျက်လုံးများကျဥ်းမြောင်းလာလေသည်။သူ တစ်ခုခုပြောရန်ရှေ့တိုးလာချိန်တွင် အန်းချင်ယုရောက်လာပြီး သူ့ကိုဆွဲထားကာချိုသာစွာဖြင့် စကားဆိုလိုက်သည်။
" အမကျန်းကျန်းနဲ့စေ့စပ်ထားတဲ့သူကဝမ်ယွီေလေ ညီမတော့ဝမ်ယွီထက် လျိုယွီရှန်း ကပိုကောင်းတယ်လို့ထင်တယ်။ သူမလည်း အဲ့လိုထင်ပုံရတယ် အကိုမြင်တယ်မလား သူမပြန်ပြီးတောင်မခုခံဘူးလေ... ”
xxxxxx