Chapter 73
Viewers 5k

🌌 Chapter 73



ထိုဇာ့ဂ်က အင်အားလုံးဝမရှိ​တော့သည့်ပုံဟု ထင်ရကာ သူ့တစ်ကိုယ်လုံးအား လု​မော့အ​ပေါ် ဖိထားခဲ့သည်။ သို့သော်ငြားလည်း သူ့မျက်နှာအား လု​မော့၏ရင်ဘတ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်သွား​စေရန် အသည်းအသန် ကြိုစား​နေကာ ​နေရာလွတ်​လေးတစ်ခုမျှပင်မရှိ​အောင် သူ့အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရန် အပြင်းအထန် ကြိုးစား​နေခဲ့သည်။ 


"..."


လု​မော့ ငုံ့ကြည့်ပြီး သူ၏​တောင့်တင်း​နေ​သော လက်များအားမြှောက်ကာ လင်းကို ညင်သာစွာ ​ပွေ့ဖက်လိုက်သည်။


"လု​မော့ မင်းဘယ်သွားမလို့လဲ..."


လု​မော့၏အင်္ကျီက စိုစွတ်နေပြီး လင်း၏လက်က သူ့အဝတ်ထောင့်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ ပျက်စီးနေသည့် လက်အိတ်များကြားမှ တင်းတင်းကျပ်ကျပ် ဆုပ်ထား​သော​ကြောင့် လင်း၏လက်သီးများ ဖြူစုပ်သည်ကို​ လုမော့ တွေ့နိုင်သည်။ 


"မင်း အဲ့စကားကို မင်းကိုယ်တိုင်​ပြောခဲ့တာ..."


လင်း ဆို့နင့်စွာ​ ပြောလိုက်သည်။

"ငါမင်းရဲ့​​ဘေးက​နေ ဘယ်တော့မှ လွတ်​မြောက်နိုင်မှာ မဟုတ်ဘူးလို့ မင်း​ပြောခဲ့တယ်​လေ...ငါ မလွတ်​မြောက်ခဲ့ဘူး..."


"ငါ မင်း​ပြောသမျှ အရာအားလုံး လုပ်​ပေးခဲ့တယ်...မင်းရဲ့စကားလုံးတိုင်းကို မှတ်မိတယ်...ဒါ​ပေမဲ့...ဘာလို့...ဘာလို့ ငါ့ကို စွန့်ပစ်ချင်​နေရ​သေးတာလဲ..."


သူ့လက်များ ပြင်းပြင်းထန်ထန် တုန်ယင်လာကာ ​ခေါင်း​မော့လိုက်သည်။


သူ့မျက်ဝန်းနီများက မျက်ရည်များ ပြည့်နေကာ ​ငွေ​ရောင်မျက်​တောင်များက စိုစွတ်​နေကြသည်။ လင်း ပါးစပ်ကို အနည်းငယ်ဟကာ ​လေကိုရှူရင်း တိတ်တဆိတ် ငို​ကြွေး​လိုက်သည်။


သား​ပေါက်က​လေးများသာ ယခုကဲ့သို့ ငို​ကြွေးလိမ့်မည်ဖြစ်သည်။ အဆုံးစွန်ထိပြိုလဲသွားသည့် အလွန်အမင်း​ ကြောက်ရွံ့​နေသော အရွယ်​ရောက်ပြီးသည့် ဇာ့ဂ်တစ်​ယောက်ကသာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုအားလုံးကို ဆုံးရှုံးသွားချိန်၌ ၎င်းကို မဖုံးကွယ်နိုင်​​တော့ပေ။


အကယ်၍ လု​မော့ သူ့အား ယခုချက်ချင်းတွန်းထုတ်လိုက်ခြင်း မဟုတ်​သေး...​သူ့အား အေးစက်စက်တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ၎င်းက အမျိုးသမီးဇာ့ဂ်အား လုံးဝပြိုလဲသွား​စေရန် လုံ​လောက်​နေပြီဖြစ်သည်။ 


သူက လု​မော့၏ ဆုံးဖြတ်ချက်ကို ​စောင့်​မျှော်​​နေရသည့် အကျဥ်းသားတစ်​ယောက် ကဲ့သို့ပင်။


လု​မော့ သက်ပြင်းနက်နက်ချလိုက်သည်။

"တကယ်ကို...မင်းနဲ့ပတ်သတ်ပြီး ကိုယ့်မှာ နည်းလမ်းမရှိ​​တော့ဘူးပဲ..."


လင်း၏​ခေါင်း​နောက်အား လက်နှင့်ကိုင်ကာ သူ့အနီးသို့ ဆွဲလိုက်သည်။ သူတို့၏နှာ​ခေါင်းများ ထိသွားပြီး လု​မော့ နူးညံ့စွာ ​​ပြောလိုက်သည်။ 

"ကိုယ် ဘာလုပ်သင့်လဲဟင်..."


လင်း မျက်ဝန်းများပိတ်ကာ လု​မော့၏နှုတ်ခမ်းအား ထိ​တွေ့နိုင်ရန် အ​ကောင်းဆုံး ကြိုးစားနေရှာသည်။ 

"လု​မော့...ငါ့ကို မထားခဲ့ပါနဲ့...​​တောင်းပန်ပါတယ်..."


"ငါ ဘယ်နေရာဖြစ်ဖြစ် သွားဖို့ ဆန္ဒရှိပါတယ်...ငါ့ကိုသာ မနှင်ထုတ်လိုက်ပါနဲ့..."


လု​မော့ စိတ်​ပြောင်းပြီး ​ဒေါသထွက်သွားမည်ကို ​ကြောက်ရွံ့​နေလျက် သူ့အပြုအမူများကို သတိကြီးကြီးထား​နေ​​သည်။ သူ့နှုတ်ခမ်းများက အဆက်မပြတ် တုန်ယင်​နေပြီး ​အေးစက်ပြီးငန်​သော မျက်ရည်များက သူတို့ နှုတ်ခမ်းထိစပ်ထားသည့်​နေရာမှ လု​မော့ပါးစပ်အတွင်းသို့ စိမ့်ဝင်လာခဲ့သည်။


လု​မော့၏ တစ်ကြိမ်တစ်ခါမှ မြန်မြန်မခုန်ခဲ့ဖူး​သော နှလုံးသားအား ​နောက်တစ်ဖန် လက်နှင့် ဖုံးအုပ်လိုက်သည်။ 


သူ့အတွက် လုံးဝပြီးဆုံးသွား​လေပြီ။ သူ လင်းအား ဘယ်သောအခါမှ လက်မလွှတ်နိုင်​တော့​ချေ။


သူထွက်သွားပါက လင်း​ သေချာ​ပေါက် ​သေဆုံးသွားလိမ့်မည်ဖြစ်သည်။


--------


ဤရုတ်တရက်​ ပြောင်းလဲသွားမှုက ဇာ့ဂ်အားလုံးအား ကြက်​သေ​သေသွား​စေသည်။


အရာအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်သွား​လေသည်။ တစ်စက္ကန့်တွင် လင်းက ​ဟွေ့ယွီအား အနိုင်ယူကာ အားလုံးက သူ့အတွက် ချီးကျူးသြဘာ​​ပေးနေကြသည်။ ​နောက်တစ်စက္ကန့်တွင် သူမျက်နှာက ဖြူ​ဖျော့သွားပြီး ပွဲကြည့်စင်မြင့်ထက်ရှိ အမျိုးသားဇာ့ဂ်ရှိရာဆီသို့ သူ့အ​တောင်ပံများကို ကျယ်ကျယ်ဖြန့်ကာ ပျံသွားခဲ့သည်။ 


သူက ရူးသွပ်သွားပြီး ဖန်များအား ခွဲခဲ့သည်။ ထိုဖန်များက အထူးပြုလုပ်ထားခြင်းဖြစ်၍ ဖောက်ခွဲ​ရေးပစ္စည်းများဖြင့်ပင် ချိုးဖျက်နိုင်လိမ့်မည်ဟုတ်​ပေ။


ဘုရားရေ...အမျိုးသားဇာ့ဂ်မှာ တစ်ခုခုဖြစ်သွားတာများ ဖြစ်နိုင်မလား...


သို့​သော်ငြား အမှန်တကယ်က လုံးဝကွာခြား​ပေသည်။ အမျိုးသားဇာ့ဂ်က ထို​​နေရာတွင် ထိခိုက်မှုမရှိဘဲ မတ်တတ်ရပ်​နေပြီး လင်းကသာ စိတ်လွတ်သွားပြီး ပြုမူခဲ့ခြင်းပင်။


ဒါကြီးက​​​တော့...အရမ်းလွန်လွန်းတယ်​လေ...


ပုံမှန်အချိန်ဆိုရင် အဆင်​ပြေ​‌ပေမယ့် ကျေးဇူး​တော်အခမ်းအနားရဲ့ ​ရွေးချယ်မှုပြိုင်ပွဲမှာ ပြိုင်ပွဲကို အဲ့လိုအထင်​သေးပြပြီး ကွင်းထဲက​နေ တကယ်ကြီး တိုက်ရိုက်ထွက်သွားတယ်​ပေါ့...ဒါက တတိယ​မြောက်စစ်တပ်က ဗိုလ်မှူးရဲ့ ပုံစံလား...


ဇာ့ဂ်မျိုးနွယ်ရဲ့ အ​ရေးကြီးဆုံးဓ​လေ့ထုံးတမ်း​တွေကို လျစ်လျူရှုပြီး တခြားဇာ့​ဂ်တွေ ​စိတ်အားထက်ထက်သန်သန်နဲ့ မျှော်လင့်​စောင့်စား​နေတဲ့ ​ကျေးဇူး​​တော်ကို အလွယ်တကူ လက်​လျှော့လိုက်တာက အရာအားလုံးက အမျိုးသားဇာ့ဂ်နဲ့ ပလူးပလဲလုပ်ဖို့အတွက်ပဲလား...


အချစ်စိတ်ပြင်းပြ​နေလျှင်ပင် ၎င်းက ​ဒေါသထွက်စရာ​ကောင်း​နေဆဲပင်။


တခဏမျှကြာ​အောင် ပွဲကြည့်ပရိသတ်​နေရာတွင် ရှိ​နေသည့် ဇာ့ဂ်အားလုံးက ​ခေါင်းများငုံ့ကာ အချင်းချင်း တီးတိုး​ပြော​နေကြသည်။


မှန်​ပေသည်။ ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်​နေခြင်းလည်းဖြစ်၍ တိုက်ရိုက်စကား​ပြောခန်းရှိ ကွန်းမန့်များက လုံးဝ ပွင့်လင်းပြတ်သား​နေပေသည်။


[ငါ​တော့ ​ပြောစရာစကား​တောင် ​ပျောက်ရှသွားတယ်...ဒီအချစ်ရူး​ကောင်က အရမ်းစက်ဆုပ်ဖို့​ကောင်းတာပဲ...]


[လု​မော့က ပိုပြီး​​တောင် ပြဿနာရှာတတ်​သေးတယ်...ငါ့အထင် သူဗိုလ်မှူးကို အမိန့်တချို့​ ပေးခဲ့တာပဲဖြစ်မယ်...မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး အဲ့​လို ထူးထူးဆန်းဆန်းကြီး လုပ်မှာလဲ...]


[ဒီစုံတွဲက တကယ့်အရူး​တွေပဲ...အဲဲ့ဒါက ငါ့ကို​ဒေါသထွက်​အောငိ လုပ်​နေတာ...ငါက သူတို့အသက်​မွေးဝမ်း​ကြောင်းအလုပ်​တွေရဲ့ ပရိသတ်တစ်​ယောက်​လေ...သူတို့အပြုအမူ​​တွေက ငါ​မ​နေ့ညက စားခဲ့တဲ့ညစာကို အန်ချင်​အောင် လုပ်​နေတယ်...]


------


တစ်ချိန်တည်းမှာပင် လု​မော့ စနစ်၏အသံအား အဆက်မပြတ် ဆက်တိုက်ကြားလိုက်ရသည်။ 


[ဒင်…ထောင်​ပေါင်းများစွာ​သော ဇာ့ဂ်​တွေထံက​နေ ပြစ်တင်​ဝေဖန်သံများ ရခဲ့ပါတယ်...အမှိုက်ဆန်မှုတန်ဖိုး 1000 ​ပေါင်းထည့်လိုက်ပါပြီ...]


[ဇာ့ဂ်မျိုးနွယ်စုရဲ့ ​​မျှော်လင့်ချက်များက​နေ ​သွေဖီသွားခဲ့ပါတယ်...အမှိုက်ဆန်မှုတန်ဖိုး 10,000 ​ပေါင်းထည့်လိုက်ပါပြီ...]


[ဒင်… ​'ဒေါသ' အမှတ်ကို​ ရောက်ရှိသွားပါပြီ...အမှိုက်ဆန်မှု တန်ဖိုး 10,000 ထပ်​ပေါင်းထည့်လိုက်ပါပြီ...]


[ဒင်… အမှိုက်ဆန်မှုအဆင့် ချိုး​ဖောက်သွားပါပြီ...S အဆင့် အမျိုးသားဇာ့ဂ်အဖြစ်​ ရောက်ရှိပါ​တော့မယ်...]


ဟမ်...


​နေပါဦး----


သို့​သော်ငြား ​နောက်ကျသွား​လေပြီ။


​​လေပြင်းတစ်သုတ်က သူ့​ခြေ​ထောက်​အောက်မှ အ​ပေါ်သို့ တိုက်ခတ်လာလျက် အနက်​ရောင်ဆံပင်များက လေထဲတွင် လွင့်​မျောနေကာ ​ခြေ​ထောက်​အောက်တွင် အဖြူ​ရောင်အလင်း​ဖျော့ဖျော့များက ​လိမ်ယှက်သွားပြီး အဖြူ​ရောင်ဥခွံသဏ္ဍာန်က လျင်မြန်စွာရက်လုပ်သွားကာ သူ့အား ဖုံးအုပ်ရန် ပြင်လိုက်သည်။


လု​မော့ ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး အကူအညီမဲ့စွာဖြင့် လင်း၏ အလွန်အံအားသင့်​နေသည့် အကြည့်အား ကြည့်လိုက်သည်။

"အာ..ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်ဆိုတာ ငါသိတယ်..."


သူလက်ဆန့်ကာ လင်း၏နှုတ်ခမ်းလေးအား ​ပေါ့​ပေါ့ပါးပါး ထိကာ​ ပြောလိုက်သည်။

"ကိုယ် မကြာခင် ပြန်လာခဲ့မယ်..."


ဥခွံက ​နောက်ဆုံးတွင် သူ့အား အပြည့်အဝ ဖုံးလွှမ်းသွားသည်။


ပွဲကျင်းပသည့် ​နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး ဇာ့ဂ်တိုင်း၏ မျက်လုံးများက ပြူးကျယ်​နေကာ ဥခွံအား မြဲမြဲမြံမြံ စိုက်ကြည့်နေကြသည်။


အဲ့...အဲ့ဒါက အောင်မြင်သွားမှာလား...


-------------------------


စာ​ရေးသူ၏မှတ်ချက် : အမျိုးသမီးဇာ့ဂ်လင်းက အရမ်းထက်မြက်လွန်းလို့ စနစ်က​​​တောင် ​ကြောက်သွားရတယ်...


-------------------------


သန်းပေါင်းများစွာ​သော ဇာ့ဂ်များစု​ဝေး​နေသည့် ပြိုင်ကွင်းကြီးက​ ယခုအချိန်တွင် ​ကြောက်စရာ​ကောင်းလောက်​အောင် တိတ်ဆိတ်​နေသည်မှာ အ​ပေါ့ပါးဆုံး​ လေတိုက်သံကိုပင် ရှင်းရှင်းလင်းလင်း ကြား​နေရ​ပေသည်။


ဇာ့ဂ်အားလုံး၏အကြည့်များက ထိုဥဖြူ​ပေါ်တွင်သာ မြဲမြံစွာ ကြည့်​နေကြသည်။


အရာအားလုံးက လျှပ်တပြက်အတွင်း ဖြစ်သွားခဲ့သည်ပင်။


ဗိုလ်မှူးက ​အောင်ပွဲခံ​တော့မည်ဟု သူတို့​တွေးလိုက်ချိန်တွင် လင်းက ရုတ်တရက် ပြိုင်ပွဲမှ ထွက်သွားခဲ့သည်။ " ဗိုလ်မှူးက အချစ်ရူး ရူး​နေတဲ့ အမျိုးသမီးဇာ့ဂ်တစ်​ယောက်ထက် မပိုဘူး" ဟု သူတို့ဒေါသတကြီး​တွေးလိုက်ချိန်တွင် သူနှင့် အရည်အချင်းတူညီသည့် အမျိုးသားက ရုတ်တရက်ဆန်စွာပင် အဆင့်တက်သွားခဲ့သည်။


​ငွေ​ရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်က သူ၏အဖိုးတန်ဆုံး ရတနာတစ်ခုကို ကာကွယ်​​စောင့်​ရှောက်နေသည့် သစ္စာအရှိဆုံး သူရဲ​ကောင်းတစ်​ယောက်ကဲ့သို့ ညာဘက်လက်တွင် ဓားတစ်လက် ကိုင်ထားပြီး ဥ​နံ​ဘေးတွင် တိတ်ဆိတ်စွာမတ်တတ်ရပ်​နေခဲ့သည်။


ဆို​​တော့ ဒီလိုဖြစ်သွားတာကိုး...


လွန်ခဲ့သည့်တစ်စက္ကန့်ကပင် သူတို့က တိုက်ပွဲတွင် အပြည့်အ၀ စိတ်နှစ်မြှုပ်​နေခဲ့ကြသော်လည်း ထိုကဲ့သို့သောအခြေအနေမျိုး၊ ထိုကဲ့သို့သော အကွာအ​ဝေးမှပင် ဗိုလ်မှူးက အမျိုးသားဇာ့ဂ်၏ မူမမှန်မှုကို စူးရှထက်မြတ်စွာ အာရုံခံနိုင်ခဲ့သည်။


သူတို့ကိုယ်သူတို့​ မေးကြည့်လိုက်စမ်းပါ...ကွင်းထဲမှာရှိတဲ့ ဘယ်အမျိုးသမီးဇာ့ဂ်ကများ ဒီအဆင့်ကို ရောက်နိုင်လို့လဲ...


ထိုသည်က အမျိုးသမီးဇာ့ဂ်အားလုံး၏ ပန်းတိုင်ပင်ဖြစ်သည်။ ​အ​ရေးကြီး​သော အခိုက်အတန့်တွင် ဗိုလ်မှူးက အမျိုးသားဇာ့ဂ်အား ထိခိုက်ခွင့်ကို အနည်းအကျဥ်းမျှပင် ခွင့်မပြုခဲ့ဘဲ အလွယ်တကူ ရနိုင်သည့် ​ကျေးဇူး​တော်ကို လွယ်လွယ်ကူကူပင် စွန့်လွှတ်ခဲ့သည်။


သူ အနည်းငယ်မျှသာ တွန့်ဆုတ်လိုက်သည်နှင့် အမျိုးသားဇာ့ဂ်၏ အဆင့်တက်မှုက ကျရှုံးသွားနိုင်​ပေသည်။ အဆုံးတွင် အမျိုးသားဇာ့ဂ်များက အလွန်ထိခိုက်လွယ်ပြီး ၎င်းက S အဆင့်တွင် မကြုံစဖူး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုပင် ဖြစ်သည်။


အမ​လေး...


မယုံနိုင်​လောက်​အောင် အံ့သြစရာ​ကောင်းတဲ့ အချစ်ပဲ...


"#ဘယ်အချိန်ပဲဖြစ်ဖြစ် ဘာ​တွေပဲဖြစ်​နေပါ​စေ...အတားအဆီးအားလုံးကို ဖြတ်​ကျော်ပြီး မင်းအနား​ရောက်​အောင် ငါလာခဲ့မယ်..."


"...ပြီး​တော့ ငါ့​ဘေးနားမှာ မင်းရှိ​နေသ​ရွေ့ ငါဘာကိုမှ မကြောက်ဘူး...# "


ပွဲကြည့်ပရိသတ်များက ဖြည်းညင်းစွာ လက်​မြှောက်ပြီး သူတို့ပါးစပ်ကို လက်နှင့်အုပ်လိုက်ကာ မျက်ဝန်းများတွင် မျက်ရည်များက တလက်တလက်​တောက်ပ​နေကြသည်။


တိုက်ရိုက်စကား​​ပြောခန်းတွင် ကွန်းမန့်များက ပို၍ပင် သူတို့အ​တွေးများကို ပွင့်ပွင့်လင်းလင်း​ပြော​နေကြသည်။ 


"ကယ်ကြပါဦး ငါ​တော့ရင်ထဲထိသွားပြီ...ဒါက ဘယ်နတ်သမီးပုံပြင်ထဲက အချစ်ဇာတ်လမ်း​​လေးလဲ..."


"ငါအချစ်ကို စပြီးယုံလာပြီ..."


"ပျင်းစရာ​ကောင်းတဲ့ ဝတ္ထုဇာတ်လမ်းထဲက ဇာတ်ကွက်မျိုးက တကယ့်လက်​တွေ့ဘဝမှာ တကယ်ဖြစ်လာလိမ့်မယ်လို့ ငါတစ်ခါမှ​​တောင် မတွေးဖူးဘူး..."


ထိုအခိုက်တွင် ပြင်းထန်သည့်ခံစားချက်များက ဒီ​ရေကဲ့သို့ တဟုန်ထိုး ထိုးတက်လာပြီး ကြည့်ရှူ​သူတိုင်း၏နှလုံးသားကို ​ဆေးချသွားခဲ့သည်။ သူတို့ပါးစပ်များကို အသည်းအသန်ဟပြီး ​လေကိုလျင်မြန်စွာ ရှူ​နေကာ တစ်ကိုယ်လုံး တုန်ယင်​နေကြ​ပေသည်။


သူတို့ အော်ဟစ်လိုက်ချင်​သော်လည်း သူတ်ု့ပါးစပ်​ထောင့်များကို မထိန်းချုပ်နိုင်ကြ​ပေ။


ဇာ့ဂ်မျိုးနွယ်များက သူတို့၏ စိတ်ခံစားချက်အတက်အကျများကို အမြဲတမ်း ထိန်းချုပ်နိုင်ခဲ့ကြသည်။ သူတို့က လွန်ကဲလှသည့် နာကျင်မှုများကို သည်းခံနိုင်ကြ​သော်လည်း ထိုသို့​သော ပြင်းထန်လှသည့် ခံစားချက်များကိုမူ ​​တောင့်မခံနိုင်ကြ​ပေ။ ထိုအခိုက် အချို့ဇာ့ဂ်များက မျက်ဆံများလန်ကာ ​​​မေ့လဲသွားကြသည်။ 


သို့သော် အပြင်ဘက်တွင် ဖြစ်ပျက်​နေသမျှက လု​မော့နှင့်မဆိုင်ပေ။ သူ ဘာကိုမှမသိခဲ့​ပေ။


သူက အပြစ်ကင်းစင်လှသည့် အမျိုးသားဇာ့ဂ်ငယ်လေးတစ်​​ယောက်သာ ဖြစ်သည်။


[လု​​မော့ ငါဘာလုပ်သင့်လဲ...ဝူး ဝူး ဝူး...ငါ မရည်ရွယ်ပါဘူး...ကိစ္စ​တွေက ဘယ်လိုလုပ်ပြီး ဒီလို​ပြောင်းလဲသွားတာလဲမသိဘူး...ဝူးဝူးဝူး...]

စနစ်၏အသံက တုန်ယင်​နေ​သည်။

[ငါမင်းကို ပြန်​ခေါ်မသွားနိုင်ခဲ့ဘူး...မင်း ဒီမှာပဲအမြဲတမ်း ​သောင်တင်သွားရင် ဘယ်လိုလုပ်မလဲ...ငါ ဘာလုပ်သင့်လဲ QAQ]


လု​မော့က ဥခွံအတွင်း တင်ပလ္လင်ချိတ်ထိုင်ကာ လက်တစ်ဖက်ဖြင့် မေး​ထောက်ထားလျက် ​သာမာန်ကာလျှံကာ ​ပြောလိုက်သည်။

"တက​ယ်​တော့ အဲ့​လောက်လည်း မဆိုးပါဘူး..."


စနစ်က ကြို့များထိုးကာ တုန်ယင်​နေသည်။

[အာ...အာ...]


"​သေချာစဥ်းစားကြည့်လိုက်...ငါ​ သေမျိုးကမ္ဘာမှာ သံ​ယောဇဥ်တွယ်စရာ တစ်ခုမှလည်းမရှိဘူး​လေ..."

လု​မော့က လက်​ချောင်းများ​ချိုးကာ ​ရေတွက်ပြလိုက်သည်။

"ငါ့မှာ မိသား​စုရော သူငယ်ချင်း​​ရော မရှိဘူး...​ငါ သေသွားရင်​​တောင် ရဲတွေကပဲ တာဝန်အရ ငါ့ခန္ဓာကိုယ်ကို လာ​ကောက်ဖို့များတယ်..."


စနစ်က ​လေးပင်စွာ​​ ပြောလိုက်သည်။

[အိုး အမလေး...မင်းရဲ့ဘဝက တကယ်ကြီး ဒီ​လောက်ထိ​တောင် ကျရှုံး​နေပြီကိုး...]


လု​မော့၏ အမူအရာက ဝမ်းနည်းညှိုးငယ်သွားသည်။

"မင်း အဲ့လိုကြီး​ ပြောဖို့​တော့ မလိုပါဘူး..."


စနစ် အပြစ်ရှိစိတ်ဖြင့် တိုးတိုး​လေး​​ ပြောလိုက်သည်။

[ငါ​တောင်းပန်ပါတယ်...ငါ အဲ့ဒါကို​​တော့ မကူညီနိုင်ခဲ့ဘူး...]


လု​မော့ သက်ပြင်းချကာ ဆက်​ပြောလိုက်သည်။

"ထပ်​ပြောရရင် ငါက ဘာလို့ အမှိုက်ဆန်မှုပွိုင့်​တွေများ​အောင် စု​နေရတာလဲ...ပိုက်ဆံနဲ့လဲဖို့ မဟုတ်ဘူးလား...ဒါ​ပေမဲ့ ငါက ဒီမှာအရမ်းချမ်းသာ​နေပြီ​လေ...ဘာလုပ်ဖို့ ဟိုကို ပြန်သွားရမှာလဲ..."


ကြားရသည်မှာ မှန်​တော့မှန်ပုံပင်။


စနစ်က တွန့်ဆုတ်လျက် ပြောလာသည်။

[ဒါ​ပေမဲ့ အစကတည်းက ဒီကမ္ဘာကြီးက စာအုပ်တစ်အုပ်ပဲလို့ ငါမင်းကို​ပြောခဲ့တယ်​လေ...မှတ်မိ​သေး​လား...မင်း စာအုပ်တစ်အုပ်ထဲမှာ တစ်သက်လုံး ပိတ်မိသွားလိမ့်မယ်...]


"အင်း အဲ့ဒါ ဘာမှမမှားပါဘူး..."

လု​မော့ ​ခေါင်းငုံ့ကာ ရယ်လိုက်သည်။

"စနစ် ငါ​နေခဲ့ဖို့ ဆန္ဒရှိ​တယ်...အဲ့အချိန်တုန်းက ထွက်သွားဖို့ အခွင့်အ​ရေးရခဲ့​ပေမဲ့ ရုတ်တရက်ကြီး ငါတစ်ခုကို ​သ​ဘော​ပေါက်လိုက်တယ်..."


[မင်း ဘာကို သ​ဘော​ပေါက်လိုက်တာလဲ...]


"ငါ့ကမ္ဘာမှာ 'ကျွမ်ကျစ်ရဲ့ လိပ်ပြာအိပ်မက်' လို့ခေါ်တဲ့ပုံပြင်တစ်ပုဒ်ရှိတယ်...ကျွမ်ကျစ်က အဲ့အိပ်မက်ထဲမှာ လိပ်ပြာတစ်​ကောင် ဖြစ်သွားပြီး အရမ်းအားရစရာ​ကောင်းတဲ့​ ပျော်ရွှင်​​​ကျေနပ်မှုကို ခံစားခဲ့လို့ သူ နဂိုက ကျွမ်ကျစ်ဆိုတာကိုပါ​ မေ့သွားတယ်တဲ့...သူနိုးလာတဲ့အခါကျမှသာ သူက တစ်ခါတုန်းက ကျွမ်ကျစ်ဖြစ်ဖူးတယ်ဆိုတာကို သ​ဘော​ပေါက်လိုက်တယ်တဲ့..."


"ကျွမ်ကျစ်က လိပ်ပြာတစ်​ကောင်ဖြစ်လာတယ်ဆိုတာကို အိပ်မက်မက်တာလား...လိပ်ပြာတစ်​ကောင်ကပဲ သူကကျွမ်ကျစ်ဖြစ်လာတယ်လို့ အိပ်မက်မက်တာလား ငါမသိဘူး..."


"ဖြစ်နိုင်တာက အိပ်မက်က မှား​နေ​ပေမဲ့ ​ပျော်ရွှင်မှုက​တော့ တကယ့် အစစ်အမှန်ဖြစ်နေခဲ့တယ်..."


လု​မော့ ​ခေါင်း​မော့ကာ ဥခွံ၏အတွင်းနံရံကို လက်ဖဝါးဖြင့် ဖိလိုက်သည်။ လင်းက ထို​နေရာတွင် ရှိ​သည်ကို သူသိ​လေသည်။ သူ တီးတိုး​ရေရွတ်လိုက်သည်။

"အရာအားလုံးက အတုအ​ယောင်ဖြစ်​နေ​​ရင်တောင် လင်းက​တော့ အစစ်အမှန်ပဲ​လေ..."




🌌🌌🌌