🥰 Chapter 103 ✅
" သူကနေ့လည်မှ သွားမယ်လို့ပြောတယ် "
မင်လျိုရီက ချိုမြိန်သောအပြုံးဖြင့်ပြောလိုက်သည်။
ယိုလင်လင်က သူမကိုအရူးတစ်ယောက်လို ကြည့်လိုက်သည်။ ယိုလင်လင်က ပြောလာ၏ ။
" လျိုရီ.. နင်အရင်က ရုပ်ပိုင်းဆိုင်ရာမစစ်ဆေးဖူးဘူး
မလား... ဆေးစစ်ရင် အများစုက အစားမစားဘဲ စစ်ရတာ"
မင်လျိုရီက ဒါကို ကြားသောအခါ ထိတ်လန့်သွားသည်။
" သူ..သူငါ့ကို အဲ့အကြောင်းမပြောပြဘူး"
ယိုလင်လင်က အားကျသောလေသံဖြင့်ပြောလိုက်သည် ။
" နင့်ယောက်ျားက အရမ်းကောင်းတာပဲ... သူက ချမ်းသာတယ် ၊ ရုပ်ချောတယ် ၊ အမှီအခိုကင်းတယ် ၊ ပြီးတော့ နင့်ကိုလည်း အရမ်းအလိုလိုက်တယ်... သူက ပြီးပြည့်စုံတဲ့ ယောက်ျားပဲ "
ယိုလင်လင်က ထိုသို့ပြောလာသည့်အခါ မင်လျိုရီက စိုးရိမ်ပူပန်စွာဖြင့်ပြောလိုက်သည် ။
" ဒါဆို ငါအရင်သွားနှင့်တော့မယ် "
ဤသို့ဖြင့် မင်လျိုရီက ချက်ချင်း သူမကားဆီသို့ ပြေးသွားပြီး ကားတံခါးဖွင့်ကာ ယောင်ကျိကျိုးကို အသံမက်ဆေ့ချ်ပို့လိုက်သည် ။
" ရှင်ဘယ်မှာလဲ... ကျွန်မ အခုပြန်လာပြီ"
မင်လျိုရီ အသံမက်ဆေ့ချ်ပို့နေတုန်းမှာပဲ ကားထဲ၌ ယောင်ကျိကျိုး၏ အသံကထွက်လာသည်။
" အချစ် ... ကိုယ်က ဒီမှာရောက်နေပြီ "
မင်လျိုရီက ရုတ်တရက်လှည့်ကြည့်လိုက်သောအခါ ယောင်ကျိကျိုးက သူမကို အကြာကြီးစောင့်နေရသည့်အလား ကားနောက်ခုံတွင်ထိုင်နေသည်။
ယောင်ကျိကျိုး၏ မျက်နှာကအနည်းငယ်ဖြူဖျော့နေပြီး သူ့အင်္ကျီလက်ကို တံတောင်ဆစ်ဖုံးရုံလောက်အထိခေါက်တင်ထားသည်။
မင်လျိုရီက သူဂရုတစိုက်မလုပ်ထားတာကို အခွင့်ကောင်းယူပြီး သူမ၏လက်ကိုဆန့်ကာ အင်္ကျီလက်ကို သေချာခေါက်တင်ပေးလိုက်သည်။ ထင်ထားသည့်အတိုင်း သူ့တံတောင်ကွေးနားတွင် အနာကပ်ပလာစတာရှိနေသည်။
မင်လျိုရီက သူမကိုယ်သူမက စဥ်းစားဉာဏ်မရှိသည့်အတွက် ဒေါသထွက်ရမလား ၊ ယောင်ကျိကျိုးကိုပဲ သူမအား မပြောပြသည့်အတွက် ဒေါသထွက်ရမလား မသိတော့ချေ ။
မင်လျိုရီက အနည်းငယ် မကျေနပ်သောလေသံဖြင့် မေးလိုက်သည် ။
" ရှင်ဘာလို့ ကျွန်မကို မပြောပြတာလဲ "
ဒါကို ကြားသောအခါ ယောင်ကျိကျိုး သူ့သွေးကြောများတစ်လျှောက် အအေးလှိုင်းဖြတ်သွားသလို ခံစားလိုက်ရပြီး သူ၏ရှင်သန်လိုစိတ်က မြင့်တက်သွားသည်။
" လျိုရီ... ကိုယ်ဗိုက်ဆာနေပြီ... ကိုယ်မနက်ကတည်းက ဘာမှမစားရသေးဘူး"
ယောင်ကျိကျိုးက စကားလမ်းကြောင်းလွှဲလိုက်သည်။ သူ့စကားများက သူ၏ဖြူဖျော့နေသော သွင်ပြင်နှင့်ယှဥ်လျှင် ပို၍သိသာစေသည်။
မင်လျိုရီက ယောင်ကျိကျိုး၏ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာသူမ၏ နှလုံးသားကနူးညံ့သွားသည်။
" အဲ့ဒါက နာလား "
ယောင်ကျိကျိုးအတွက်တော့ ထိုမျှလောက်နာကျင်မှုက ဘာမှမပြောပလောက်ပေ။ မတော်တမှု ၊ ခွဲစိတ်ခြင်း ၊ လှေကားမှ လိမ့်ကျခြင်းအားလုံးတို့က ဒါထက်အများကြီး ပိုပြီးနာကျင်၏။ သို့သော်လည်း သူ့မိန်းမက ဘေးမှာရှိနေချိန်၌ သူ့အင်အားများ အားလုံးက ပျောက်ကွယ်သွားသည်။
သူမရှေ့တွင် သူသန်မာပြနေဖို့မလိုပေ ။
ယောင်ကျိကျိုး အနည်းငယ် စိတ်လှုပ်ရှားသွား၏။ခဏလောက် တွန့်ဆုတ်နေပြီးနောက် သူပြောလိုက်သည် ။
" နာတယ် "
မင်လျိုရီက ထရပ်ပြီး ယောင်ကျိကျိုး၏ တံတောင်ကွေးနားကို လေမှုတ်ပေးလိုက်သည်။ ထို့နောက်သူမက ချော့မြူလာ၏။
" ကျွန်မ ရှင့်ရဲ့နာကျင်မှုတွေကို မှုတ်ထုတ်ပေးမယ်"
မင်လျိုရီအရင်က ဘယ်သူ့ကိုမှ ဂရုမစိုက်ပေးခဲ့ဘူးသော်လည်း တစ်ခြားသူများ ထိုကဲ့သို့ လုပ်ပေးတာကို သူမ တွေ့ဖူးသည်။ သို့သော်ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိမလဲဆိုတာကို သူမ မသိသောကြောင့် ယောင်ကျိကျိုး၏မျက်နှာကိုသာ စိုက်ကြည့်လိုက်သည် ။
" တကယ်သက်သာတာပဲ... အဲ့ဒါက မနာတော့ဘူး"
ယောင်ကျိကျိုး ပြုံးလိုက်သည်။
မင်လျိုရီကအလွန်အံ့အားသင့်သွားသည်။ ယောင်ကျိကျိုးက သူမလိုကလေးဆန်သောသူနှင့် ပူးပေါင်းပေးလိမ့်မည်ဟုမထင်ထားခဲ့ပေ။
ဒါဆို မင်လျိုရီကဒီနည်းလမ်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အကျိုးသက်ရောက်မှုရှိတယ်လို့ ယုံနေတာပေါ့ ။
" ရှင်နေ့လည်ကျရင် ဆေးရုံသွားဖို့ လိုသေးလား" မင်လျိုရီက မေးလာပြီး ယောင်ကျိကျိုးက ခေါင်းခါပြ၏ ။
သူတို့ကားက တဖြည်းဖြည်း လမ်းပေါ်သို့ မောင်းထွက်သွားသည်။ ဒါက မင်လျိုရီ ယူသွားနေကြ ကားဖြစ်သည်။ သူမက ကားထဲကိုလှည့်ပတ်ကြည့်ပြီးနောက် ထင်ထားသည့်အတိုင်း ဤကားထဲတွင် တိရိစ္ဆာန်ပုံစံ သကြားလုံးများပင် ကျန်နေသေးသည်။
မင်လျိုရီက သကြားလုံးကိုဖောက်ကာ ယောင်ကျိကျိုး၏လက်ထဲသို့ ထည့်ပေးလိုက်သည် ။
" ဒါက ရှင့်အတွက် "
ယောင်ကျိကျိုးကပြုံးလိုက်ပြီး ချောကလက်အရသာဖြစ်နေတာကို သိသွားသောအခါ သူက အကြိမ်အနည်းငယ်လောက်ဝါးပြီး အကုန်စားလိုက်သည် ။
မင်လျိုရီက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် ။
" ကြည့်ရတာ အိမ်မှာဘယ်သူမှ မရှိပုံတော့မရဘူး... မစ္စတာဟဲလည်း ရှိသေးတယ်လေ... ရှင်တစ်ခုခုစားဖို့ ဘာလို့ ဘယ်သူမှ မပြင်ပေးကြတာလဲ "
" အဲ့ဒီလူတွေက တော်တော်ဂရုမစိုက်တတ်ဘူး... အချစ် ... ကိုယ်တို့အိမ်ပြန်ရောက်ရင် သူတို့ကို မင်းသင်ခန်းစာကောင်းကောင်းပေးမှ ဖြစ်မယ် "
ယောင်ကျိကျိုးက ချက်ချင်းပြောလာ၏ ။
မင်လျိုရီက သက်ပျင်းချကာ ပြောလိုက်သည် ။
" ကောင်းပြီ... နည်းနည်းလောက် တောင့်ခံထားပါအုန်း... ကျွန်မတို့ ခဏနေရင် အိမ်ပြန်ရောက်တော့မှာ ... အဲ့ကျမှ ကျန်းချွမ်ချက်တာကို စားကြတာပေါ့"
ယောင်ကျိကျိုးလည်း စိတ်သက်သာရာရစွာ သက်ပျင်းချလိုက်သည် ။
သခင်မလေးက ဆေးရုံကို သူတစ်ယောက်တည်းသွားခဲ့တဲ့ကိစ္စမေ့သွားပြီထင်တယ် ။ ဒီတစ်ကြိမ်တော့ သူမကို အရူးလုပ်ဖို့ သူစီစဥ်ခဲ့ရတာပဲ...
မနေ့က ယောင်ကျိကျိုး၏မျက်လုံးထဲတွင် အလင်းရောင်တစ်ချို့ကို တွေ့မိသော်လည်းချက်ချင်းပျောက်ကွယ်သွားသည်။ သူကထင်ယောင်ထင်မှားဖြစ်နေမှာကို သူစိုးရိမ်မိပြီး ဒါကလည်း ဆေးစစ်ကြည့်ဖို့ အခွင့်ကောင်းဖြစ်သည်။ သို့သော်လည်း သူ့မိန်းမက လုပ်စရာတစ်ချို့ရှိနေသည့်အတွက် ဒါက သူ့မိန်းမကို အံ့အားသင့်သွားအောင်လုပ်ရမည့် ကောင်းကင်ဘုံ၏ အလိုဆန္ဒပဲဖြစ်သည်။
ဒီမနက် သူဗိုက်ဟောင်းလောင်းဖြင့် သွေးခုနှစ်ကြိမ်လောက်ထုတ်ရပြီး မသက်မသာဖြင့်စစ်ဆေးမှုများစွာကို လုပ်ရသည်။ ထိုမြင်ကွင်းများကို သူ့မိန်းမ မမြင်သွားတာပဲ ကံကောင်းသည်ဟုဆိုရမည် ။
စစ်ဆေးချက်ရလဒ်များက အလွန်ကောင်းသည် ။ အညွှန်းကိရိယာများက တစ်စတစ်စ မြင့်တက်သွား၏။ သူကတဖြည်းဖြည်းပြန်လည်သက်သာလာတာကိုကြည့်ပြီး ဆရာဝန်များလည်းအံ့အားသင့်သွားခဲ့ကြသည် ။
" စစ်ဆေးချက် ရလဒ်က ဘယ်လိုလဲ..." မင်လျိုရီက မေးလာသည်။
ယောင်ကျိကျိုးက ခဏလောက်တွန့်ဆုတ်နေပြီးနောက် လျှို့ဝှက်ထားဖို့ ဆုံးဖြတ်လိုက်သည် ။
" သိပ်မကောင်းပါဘူး... ကိုယ့်ရဲ့ အမြင်အာရုံကွယ်မှုအကြောင်းကို မသိရသေးဘူး... အဲ့ဒါက ကိုယ့်ကျောရိုးတစ်လျှောက်ဖိအားကြောင့်လည်း ဖြစ်နိုင်သလို ဦးနှောက်မှာရှိတဲ့ဖိအားကြောင့်လည်း ဖြစ်နိုင်တယ်"
မင်လျိုရီက စိတ်အေးလက်အေးပုံစံဖြင့်သာ ပြောလိုက်သည် ။
" အဲ့ဒါက အဆင်ပြေပါတယ်... ကျွန်မ အထင်တော့ ရှင်ပြန်သက်သာလာမှာပါ... အဲ့ဒါက အချိန်တစ်ခုပဲ လိုတယ် "
ယောင်ကျိကျိုး၏နှုတ်ခမ်းတို့က ကွေးတက်သွားသည်။ သူ့မိန်းမ၏စကားကို ကြားပြီးနောက် ဆေးရုံ၌ သူခံစားလာရသော မသက်မသာဖြစ်နေတာတွေအားလုံးက ပျောက်ကွယ်သွားသည်။
🥰