🥰 Chapter 106 ✅
ရှောင်ဖန်းက ခေါင်းရှုပ်နေတုန်းပင်။
' သခင်လေးက သခင်မလေးဆီကနေဘာလို့ မျက်နှာရချင်နေတာလဲ '
သခင်လေးက သူမမျက်နှာကို လက်ညှိုးထိုးပြနေမှန်း သခင်မလေးကရိပ်စားမိသွား၏။ သူမက အနည်းငယ် ရှက်သွေးဖြန်းသွားပြီး သူလက်ညှိုးထိုးပြသောနေရာကို ညင်သာစွာနမ်းလိုက်သည်။ ထို့နောက် သူမကရှက်ရှက်ဖြင့် ခေါင်းငုံ့သွားပြီး အစားသာ ဆက်စားနေ၏။
'သခင်လေးက အရမ်းချိုမြိန်ပြီး သခင်မလေးကလည်း အရမ်းချစ်ဖို့ကောင်းတာပဲ '
ရှောင်ဖန်း အားကျနေမိသည်။
နေ့လည်ခင်းတွင်ယောင်ကျိကျိုးက အားကစားအခန်း၌ရှိနေချိန် သူကရုတ်တရက်ကြီး သူ့ပါးပေါ် လက်ညှိုးထိုးပြလိုက်တာကို ကျောက်ချမ်းတွေ့လိုက်ရသည်။ ထိုအချိန်တွင် သခင်မလေးက ရုတ်တရက်ပေါ်လာပြီး သူ့ကိုဖွဖွလေးနမ်းလိုက်၏။ ထို့နောက် သူမကရှက်ရှက်ဖြင့်ပြန်ထွက်သွားသည် ။ ကျောက်ချမ်းက သူဘာမှမတွေ့လိုက်သလို ဟန်ဆောင်နေသော်လည်း ပြုံးမိနေ၏။
....
မင်လျိုရီက ဒီပိတ်ရက်တွင် ပြန်လည်ထူထောင်ရေးစင်တာသို့သွားရန်အတွက် လက်ဆောင်ပြင်ဆင်ထားသည်။ သူမက ထိုကိစ္စအတွက်ယိုလင်လင်နှင့် အတော်ကြာအောင်တိုင်ပင်ခဲ့ပြီး နောက်ဆုံးတွင်သူတို့နှင့်အတူကွက်ကီးတစ်ချို့ယူသွားဖို့သာ ဆုံးဖြတ်လိုက်သည် ။
ထိုအကြံက အဆိုးကြီးမဟုတ်သလို ကိုမာဝင်လူနာများနှင့် သူတို့၏မိသားစုဝင်များအတွက်လည်း စားဖို့သင့်တော်သည်။ ထိုကွတ်ကီးများက သယ်ယူရလည်း အဆင်ပြေသည့်အတွက် အားလုံးကိုလုံလုံလောက်လောက်မျှဝေပေးနိုင်လောက်သည် ။ အရေးကြီးဆုံးက မင်လျိုရီ၏ကွက်ကီးများကို ယိုလင်လင်က အရသာအရှိဆုံးဟု ထင်နေခြင်း ဖြစ်သည် ။
မင်လျိုရီက ပါဝင်ပစ္စည်းများကို အသင့်ပြင်ထားပြီး ကွက်ကီးကို စတင်ပြုလုပ်တော့သည်။ သူမက သေချာစဥ်းစားပြီး နောက်ဆုံးတွင် ဝိညာဥ်စမ်းချောင်းရေကိုပါ ပါဝင်ပစ္စည်းအဖြစ်ထည့်လိုက်သည်။ စမ်းရေပမာဏက နည်းနည်းလေးဖြစ်သော်လည်း မင်လျိုရီက အားလုံးကိုကံကောင်းခြင်းများ ယူဆောင်ပေးလာနိုင်ဖို့ မျှော်လင့်မိသည်။
ယိုလင်လင်လည်း မီးဖိုချောင်သို့လာကာ မင်လျိုရီကို ကူညီပေးပြီး ကွက်ကီးပုံစံမျိုးစုံကို အတူတကွပြုလုပ်ကြသည်။ မုန့်ဖုတ်ခြင်းက သူတို့ကိုတစ်နေ့လုံး အလုပ်များစေသော်လည်း နှစ်ယောက်သားအလွန်ပျော်ရွှင်နေကြသည်။
ကွက်ကီးနောက်ဆုံးတစ်သုတ်ကို မုန့်ဖုတ်စက်ထဲသို့ ထည့်ပြီးနောက် ယိုလင်လင်နှင့်မင်လျိုရီတို့သည် ဧည့်ခန်းထဲတွင် သွားထိုင်နေပြီး လှုပ်ပင်မလှုပ်ချင်တော့ပေ။
ယိုလင်လင်၏ခန္ဓာကိုယ်က အလွန်ပင်ပန်းနေသော်လည်း သူမ၏အသံကတော့ အင်အားအပြည့်ရှိနေဆဲပင်။
" ငါမောနေပြီ... ဒါပေမဲ့ တကယ်ပျော်တယ် "
မင်လျိုရီက ပြုံးကာပြောလိုက်သည် ။
" ငါတို့ရဲ့ကွက်ကီးလေးတွေကို အားလုံးသဘောကျလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ် "
" နင်မျှော်လင့်နေစရာတောင်မလိုဘူး သူတို့သေချာပေါက် သဘောကျကျမှာပါ "
ယိုလင်လင်ကပြောနေရင်း တစ်ခုခုတွေးမိသွားပြီး ဆက်ပြောလိုက်သည်။
"လျိုရီ... နင်အဲဒီကို သွားတာ ဒါပထမဆုံးအကြိမ်မဟုတ်လား ... ငါနင့်ကို ကြိုသတိပေးထားရအုန်းမယ်... အခု နွေရာသီဆိုပေမဲ့ တောင်ပေါ်က အပူချိန်က တောင်ခြေထက်အများကြီးပိုနိမ့်တယ်... အဲ့ဒါကြောင့်အပေါ်ထပ်ကုတ်အင်္ကျီယူလာတာက အကောင်းဆုံးပဲ "
ယိုလင်လင်က ခဏလောက်တွေးကြည့်ပြီး ထပ်ပြောလိုက်သည်။
" နင်ထီးလည်းယူလာသင့်တယ်... မိုးကာပါရင်တော့ အကောင်းဆုံးပဲ... တောင်ပေါ်က မိုးက နည်းနည်းသည်းတယ်"
မင်လျိုရီက ခေါင်းညိတ်ပြီးပြောလိုက်သည်။
" ကောင်းပြီ... ကျေးဇူးပဲ လင်လင်"
ယိုလင်လင်၏ အသံကပြောနေရင်း အနည်းငယ်အထီးကျန်နေ၏ ။
" လျိုရီ... ငါနင့်ကို တကယ်အားကျတယ် ငါ့ရဲ့ သတို့သားလောင်းလည်း မကြာခင်မှာ နိုးထလာဖို့ ငါမျှော်လင့်ပါတယ် "
မင်လျိုရီက ချက်ချင်းပဲ ယိုလင်လင်ကို ပွေ့ဖက်ပြီး ပြောလိုက်သည် ။
" ငါနင့်အတွက်လည်း ကွက်ကီးတစ်ချို့ပြင်ထားတယ်... နင့်ရဲ့သတို့သားလောင်းအတွက် ယူသွားပေးလိုက်လ... အဲ့ဒါက သူ့အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးဖို့ ငါမျှော်လင့်ပါတယ် "
" အားလုံးက သူ့အတွက်စိုးရိမ်ပေးတာကို သူခံစားမိမှာပါ "
ယိုလင်လင်က အပြုံးဖြင့်ပြောလာသည်။ ထို့နောက်သူမ၏ စိတ်အခြေအနေက ချက်ချင်းပြောင်းလဲသွားပြီး ဆူညံစွာပြောလာတော့သည်။
" မနက်ဖြန် နင့်ယောက်ျားရော တက်ရောက်မှာလား... မိသားစုအဖွဲ့ဝင်တွေက ကိုမာကနေသတိပြန်ရလာတဲ့သူကိုသာတွေ့သွားရင် သူတို့အရမ်းစိတ်လှုပ်ရှားသွားမှာပဲ "
" နောက်တစ်ခါဆိုရင်တော့ အခွင့်အရေးရှိမှာပါ "
မင်လျိုရီက ပြောလိုက်သည် ။
" တကယ်လို့သူသာအခု တောင်ပေါ်ကိုသွားမယ်ဆိုရင် သူ့အတွက်အရမ်းပင်ပန်းနေမှာစိုးလို့ "
" အဲ့ဒါအမှန်ပဲ "
ယိုလင်လင်က ပြောလိုက်သည် ။
"ငါ မိုးလေဝသအခြေအနေကို တွေ့လိုက်တယ်... ဒီပိတ်ရက်မှာ မိုးရွာလိမ့်မယ်... အားလုံးအဆင်ပြေပါစေလို့ပဲ ငါမျှော်လင့်တယ်... ဒါပေမဲ့ လျိုရီ... နင့်ယောက်ျားက သတိရလာတာ အချိန်တစ်ခုလောက်ရှိပြီဆိုတော့ နင်တို့ ...အဲ့ဒါလုပ်ပြီးပြီလား "
မင်လျိုရီက သူမ၏မေးခွန်းကို ကြားသောအခါ နားမလည်နိုင်သလိုမေးလိုက်သည် ။
" ဘာလုပ်ရမှာလဲ... အဲ့ဒါ ဆိုတာက ဘာလဲ "
" အဲ့ဒါက အဆင်ပြေပါတယ် နင်မလုပ်ရသေးဘူးဆိုတာ ငါသိသားပဲ "
ယိုလင်လင်က ထိုစကားကိုအမြန်ပြန်ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမကအနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူမအတွက်ပြင်ဆင်ပေးထားသော ကွက်ကီးတစ်ချို့ကို ယူကာနှုတ်ဆက်ပြီး ပြန်သွားသည်။
တစ်ဖက်တွင်တော့ မင်လျိုရီက လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားသော ကွက်ကီးများကို ပန်းကန်တွင်ထည့်ပြီး ယောင်ကျိကျိုး၏ စာကြည့်ခန်း စားပွဲပေါ်တွင်တင်ထားလိုက်သည်။ ဤသို့ဆိုလျှင် သူလည်း အချိန်မရွေးစားနိုင်လိမ့်မည်။
မင်လျိုရီက နောက်တစ်ရက်တွင် သွားစရာရှိသည့်အတွက် စောစောအိပ်ယာဝင်လိုက်သည် ။ သို့သော်လည်း သူမ အရမ်းစိတ်လှုပ်ရှားနေသည့်အတွက် ဟိုလှိမ့်လိုက် ဒီလှိမ့်လိုက်ဖြင့် အိပ်မပျော်နိုင်ဖြစ်နေသည်။
ယောင်ကျိကျိုးက သူမ၏ဆံပင်လေးများကို ဖွကာ ပြောလိုက်သည်။
" မင်းတစ်ယောက်တည်းသွားမှာကို ကိုယ်စိတ်ပူတယ်... ဒါကြောင့် ဟဲရှန့်က ယောင်ကော်ပိုရေးရှင်းကိုယ်စားမင်းနဲ့အတူ သွားပေးလိမ့်မယ် "
" ကျေးဇူးပါပဲ " မင်လျိုရီက အပြုံးလေးဖြင့်ပြောလိုက်သည် ။
" စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်တာဟုတ်ရဲ့လား"
ယောင်ကျိကျိုးက ကျီစယ်သလိုပြောလာ၏ ။
မင်လျိုရီ ချက်ချင်း သဘောပေါက်သွားပြီး ယောင်ကျိကျိုး၏နှုတ်ခမ်းကို နမ်းလိုက်သည် ။
" လက်ခံတယ် " ယောင်ကျိကျိုးက ကျေနပ်စွာ တုံ့ပြန်လာသည်။
....
နောက်တစ်နေ့မနက်တွင် မှောင်မည်းသော မိုးတိမ်များက ကောင်းကင်အပြည့်ဖုံးလွှမ်းနေပြီး မကြာခင် မိုးသက်လေပြင်းကျရောက်မည့်ပုံပင်။
ဒရိုင်ဘာက မင်လျိုရီကို အားလုံးစုံမည့်စုရပ်သို့ပို့ပေးပြီးနောက် သူမက အဖွဲ့အစည်းမှ စီစဥ်ပေးထားသော အဝေးပြေးဘတ်စ်ကားကို ပြောင်းစီးလိုက်သည် ။
မင်လျိုရီ နှင့် ယိုလင်လင်တို့က အနောက်တွင်ထိုင်ကာ နာမည်စာရင်းကို ကိုင်ထားပြီး အသေးစိတ်ကျကျ အစီစဥ်တွေကိုဆွေးနွေးနေသည်။ တစ်ခြားသော စေတနာ့ဝန်ထမ်းနှင့်အကူများက ရာသီဥတု၏သက်ရောက်ခြင်းကိုမခံရဘဲ အင်အားအပြည့်ဖြစ်နေကြသည်။ ရယ်မောနေကြသော လူအုပ်ကြီး၏အလယ်၌ လှူဒါန်းထားသော အထောက်အပံ့ပစ္စည်းများက ဘတ်စ်ကား ၊ထရပ်ကားများဖြင့် အပြည့်ပါလာသည်။
သူတို့ရောက်လာသောအခါ မိသားစုအဖွဲ့ဝင်များက အရှေ့တွင်ထွက်ကြိုနေသည်။ သူတို့က အလှူအတန်းအဖွဲ့အစည်းမှ လူများကိုမြင်သောအခါ ပိုလို့ပင် စိတ်အားထက်သန်လာကြသည်။
ထိုကဲသို့ပွဲမျိုးကို ပါဝင်ရခြင်းက မင်လျိုရီအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ၏ပတ်ပတ်လည်၌ ကြင်နာတတ်သောသူများဖြင့် ဝန်းရံနေသလို ခံစားလိုက်ရပြီး သူမ၏နှလုံးသားက နွေးထွေးသွား၏ ။
🥰